← Chapters

ရှာဖွေခြင်း

Vol. 148 Ch. 2108

ရှာဖွေခြင်း

Vol. 148 Ch. 2108

မုယွင်လုံ၏ အမူအရာက သိပ်မကောင်းလှပေ။ ဆရာသခင်က မည်သူ့ဘက်မှ မပါခဲ့သော်လည်း သူသည် လတ်တလော ပြောင်းလဲလာသော ဖြစ်ရပ်များကြောင့် မကောင်းသည့် နိမိတ်ကို ခံစားနေရသည်။

အရာအားလုံးက ဆရာသခင် မျှော်မှန်းထားသကဲ့သို့ ဖြစ်နေသည်ဆိုလျှင် သူ့အတွေးများအပါအဝင် မည်သည့်အရာမှ ဆရာသခင်၏ ကောင်းစွာ သိမြင်နိုင်သော မျက်လုံးများမှ လွတ်မြောက်နိုင်စွမ်းရှိမည် မဟုတ်ပေ။ သူက နတ်ဘုရားတစ်ပါးကဲ့သို့ပင် လေးမျက်နှာကျေးရွာ၏ အရာအားလုံးက သူ့စောင့်ကြည့် ထိန်းချုပ်မှုအောက်၌ ရှိနေသလို ထင်မှတ်ရသည်။

မုယွင်လုံ၏ လက်ရှိ ကျင့်ကြံဆင့်နှင့် ရွာအတွင်းရောအပြင်၌ပါ မုယွင်မိသားစု ပိုင်ဆိုင်ထားသော အဆင့်အတန်းကြောင့် သူ့အထက်တွင် နောက်ထပ် နတ်ဘုရားကဲ့သို့သော တည်ရှိမှုမျိုး မရှိသင့်ဟူသော အတွေးက သူ့စိတ်ထဲ၌ ဖြတ်ပြေးသွား၏။ သူက ကြိုးစားနိုင်သမျှ ကြိုးစားကြည့်ချင်သည်။

သူ၏ ပထမဆုံးခြေလှမ်းက လေးမျက်နှာကျေးရွာကို ဖွင့်လှစ်ကာလောကအတွင်း သေးငယ်သော နေရာလေးတွင်သာ ကန့်သတ်မထားတော့ဘဲ အတွင်းဘက်နယ်မြေကို လွှမ်းမိုးပြီးနောက် ဤနေရာ၏ အရှင်သခင် ဖြစ်လာချင်သည်။

လေးမျက်နှာကျေးရွာသည် အလွန် ဝေးလံခေါင်သီသော ကုန်းမြေ၌ တည်ရှိပြီး သူမြင်ဖူးသည့် အခြားကုန်းမြေများနှင့် ကွဲပြားခြားနား၏။ အဆင့်​မြင့်ကောင်းကင်ကိုးလွှာအတွင်းတွင် အလွန် ကျော်ကြားသော ထိုကုန်းမြေများနှင့် ယှဥ်လျှင် လေးမျက်နှာကျေးရွာက မတည်ရှိသလိုပင် ထင်မှတ်ရပေသည်။ သူက ဆက်သွယ်ရေးအား ဖွင့်လှစ်ပြီးနောက် အခြားသော ကျော်ကြားသည့် ပြင်ပအင်အားစုများကဲ့သို့ ဤကုန်းမြေကို အလွန် အောင်မြင်ဖြစ်ထွန်းသော နေရာတစ်ခုအဖြစ် ​ပြောင်းလဲပစ်ချင်သည်။ လေးမျက်နှာကျေးရွာသည် ကျင့်ကြံသူအားလုံး၏ လေးစားကြည်ညိုမှု ရရှိနိုင်ရန် ပြုလုပ်ချင်သည်။

သို့သော် ယခုထိတိုင် သူသည် ဆရာသခင်၏ အရိပ်အောက်တွင် ရှိနေဆဲဟု ထင်မှတ်ရပေသည်။ မကြာသေးခင်က သူသည် သူ့အတွက် ကြီးမားသော အခွင့်အရေးတစ်ခု ရလာလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ယခု ကြည့်ရသည်မှာ သူက ဆရာသခင်၏ ထိန်းချုပ်မှုအောက်၌ ရှိနေဆဲ ဖြစ်ပုံရ၏။

နတ်ဘုရားနည်းစနစ်ခုနစ်ပါးသည် တဖြေးဖြေး ပေါ်ပေါက်လာပုံရသည်။ ရီဖူရှင်း၊ အဘိုးမာနှင့် အခြားလူများက အရေးသာနေခဲ့လျှင် သူက အခြားနည်းလမ်းမရှိဘဲ ရီဖူရှင်း၏ ထုတ်ပယ်ခြင်းကို ခံရပေလိမ့်မည်။

ယခင်က သူသည် ထိုကဲ့သို့သော အရာကို မည်သည့်အခါကမှ တွေးထင်မထားခဲ့ပေ။ သို့သော် ယခု သူက ထိုသို့သော ကိစ္စမျိုးနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

ထို့အပြင် အဘိုးမာက သူ့အား ထုတ်ပယ်ရန် ဆရာသခင်အား မေးမြန်းခဲ့သောအခါ ဆရာသခင်က ထိုအကြံပြုချက်အား တိုက်ရိုက် မငြင်းပယ်ဘဲ ရှိလိမ့်မည်ဟု မည်သည့်အခါကမှ တွေးထင်ထားခဲ့ဖူးခြင်း မရှိပေ။ ထို့အပြင် သူ ပြောခဲ့သည်မှာ နတ်ဘုရားနည်းစနစ်ခုနစ်ပါး၏ ဆက်ခံသူများက ဆုံးဖြတ်လိမ့်မည်ဟု ဖြစ်သည်။ ၎င်းက ဘာကို ဆိုလိုသနည်း။

ဆရာသခင်က ထို ဖြစ်နိုင်ချေကို မငြင်းဆိုခဲ့ပေ။

မုယွင်လုံက အရာအားလုံးကို စဥ်းစားတွေးတောပြီးသောအခါ အတော်လေး စိတ်အနှောက်အယှက် ဖြစ်လာတော့သည်။

သူက ခေါင်းမော့ကာ သူ့ရှေ့တွင် ရှိနေသော နန်ဟိုင်ချင်းကို ကြည့်လိုက်သည်။ မျက်မမြင်ထျယ်က သူ့ကို လွှတ်ပေးလိုက်သော်လည်း ပြင်းထန်သည့် ဒေါသနှင့် စော်ကားခံရမှုက နန်ဟိုင်ချင်းထံ၌ ကျန်ရစ်ပေသည်။ ဒေါသက ပြင်းထန်နေဆဲ ဖြစ်သော်လည်း ပြန်မတိုက်ခိုက်ရဲသည့်အတွက် သူ့ကိုယ်သူ ဖိနှိပ်ထားရ၏။

မုယွင်မိသားစု၏ ဧည့်သည်တစ်ယောက်ဖြစ်သည့် သူက လူမြင်ကွင်း၌ အစော်ကားခံခဲ့ရသည်။

အရာအားလုံးသည် သိမ်မွေ့စွာ ပြောင်းလဲမှုအောက်တွင် ရှိနေခဲ့ပြီး လေးမျက်နှာကျေးရွာက အမှန်တကယ် ပြောင်းလဲခြင်း၏ အစွန်းတစ်ဖက်၌ ရှိ​နေခဲ့သည်။ ၎င်းက သူလိုချင်သည့်အရာ ဖြစ်ပုံရသော်ငြားလည်း....

တန်ခိုးရှင်များက ဤနေရာသို့ လာနေကြပြီး မည်သူကမှ စိတ်လိုက်မာန်ပါ မပြုမူကြပေ။ သူတို့က ရှောင်လင်းနှင့် သစ်ပင်ကို ကြည့်​နေကြပြီး သစ်ပင်နှင့် ပတ်သတ်၍ မည်သည်က ထူးဆန်းနေသည်အား မရေမရာ ဖြစ်နေကြ၏။

ထိုအချိန်တွင် နတ်အလင်းတန်းများက ရှောင်လင်း၏ ခန္ဓာကိုယ်ပေါ် သွန်းလောင်း​နေခဲ့သည်။ သူမက လှုပ်ရှားလာပြီး မျက်လုံးများကို ဖွင့်ကာ မျက်တောင်ခတ်လိုက်၏။ သူမက ရီဖူရှင်းအား မော့ကြည့်ကာ ပြောလိုက်၏။ "ဦးလေးရီ.. ကြည့်ရတာ ကျွန်မ ကျင့်ကြံနိုင်သွားတဲ့ပုံပဲ။"

"ဟုတ်တယ်.. မင်း ကျင့်ကြံနိုင်ပြီ။" ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။

"ဒါပေမယ့် ဆရာသခင်ပြောတော့ ကျွန်မက မကျင့်ကြံနိုင်ဘူးတဲ့။ အဲဒီတော့ ကျွန်မက ကျင့်ကြံလို့ ရတာလား မရတာလား။" ရှောင်လင်းက ဆရာသခင်ပေးခဲ့သော ညွှန်ကြားချက်ကို ပြန်တွေးနေပုံရသည်။ ရွာအတွင်းတွင် ဆရာသခင်က မကျင့်ကြံနိုင်ဟု ဆုံးဖြတ်လိုက်လျှင် ၎င်းက ကိစ္စပြတ်သွားပြီ ဖြစ်သည်။

"အောက်မေ့တမ်းတခြင်း အခမ်းအနားနေ့မှာ နိုးထဖို့ အခွင့်အရေး ရှိတာကို မေ့နေတာလား။ ရှောင်လင်းက ကံကောင်းလိုက်တာ။ မင်း အရင်တုန်းက မကျင့်ကြံနိုင်ပေမယ့် နိုးထခြင်းကို တွေ့ကြုံပြီးတော့ အခုကစပြီး ကျင့်ကြံနိုင်စွမ်း ရှိသွားပြီလေ။" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။

"အဲဒီလိုလား။" ရှောင်လင်းက မျက်တောင်ခတ်လိုက်သည်။ သူမသည် ရီဖူရှင်း၏ စကားများကို နှလုံးသားထဲမှ ယုံကြည်နေပြီး ဖြစ်သည်။ သူမက သူ့ဘေးတွင် ရပ်နေသော အဘိုးမာနှင့် မျက်မမြင်ထျယ်ကို ကြည့်လိုက်သည်။ အဘိုးမာက ပျော်ရွှင်စွာ ပြောလိုက်၏။ "ဦးလေးရီ ပြောတာ မှန်တာပေါ့။ မြေးက အခု နိုးထခြင်းကို တွေ့ကြုံခဲ့ပြီမို့ အနာဂတ်မှာ ကျင့်ကြံနိုင်သွားပြီ။ ဒီနေရာမှာ မနိုးထခဲ့ရင်တောင် ရွာက အရင်ကနဲ့ မတူတော့ဘူးလို့ ဆရာသခင် ပြောခဲ့တာ မြေး မေ့သွားပြီလား။ လူတိုင်း ကျင့်ကြံနိုင်ပြီလေ။"

"အင်း။" ရှောင်လင်းက သူမ၏ ခေါင်းလေးကို ကုတ်လိုက်ရင်း ခပ်တုံးတုံး အပြုံးတစ်ခု ပြုံးပြလိုက်သည်။

"ရှောင်လင်း ငါတို့ အခု အတူတူ ကျင့်ကြံလို့ရပြီ။" သူမဘေးမှ ထျယ်ထိုက ပြုံးရွှင်စွာ ပြောလိုက်သည်။

"အင်း။" ရှောင်လင်းက ခေါင်းညိတ်လိုက်၏။

"အခုကစပြီး ငါတို့အားလုံး ဆရာသခင်ဆီကနေ သင်ယူလေ့လာလို့ ရပြီ။" ထျယ်ထိုက ပြောလိုက်သည်။ ရှောင်လင်းက ရီဖူရှင်းအား ကျေနပ်အားရမှုတို့ ပြည့်နေသော တောက်ပသည့် အပြုံးနှင့် ကြည့်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဦးလေးရီ။" ရှောင်လင်းက ပြောလိုက်သည်။

ရီဖူရှင်းက သူမခေါင်းလေးကို ပွတ်ကာ ပြုံးလိုက်သော်လည်း သူ့စိတ်များက လွင့်နေခဲ့သည်။ သူသည် ဆရာသခင်သာလျှင် လေးမျက်နှာကျေးရွာ၏ အပြောင်းအလဲ နောက်ကွယ်မှ အမှန်တကယ် သိရှိမည်ဟု တွေးထင်ထားသည်။ သူတို့နှစ်ယောက်သာလျှင် နတ်ဘုရားနည်းစနစ်ခုနစ်ပါးက တဖြေးဖြေး ထွက်ပေါ်လာမည်ကို သိရှိသူများ ဖြစ်ကြသည်။

ယခု ရှောင်လင်းက နတ်ဘုရားနည်းစနစ်ကို ဆက်ခံနိုင်ခဲ့ပြီး နောက်ထပ် နတ်ဘုရားနည်းစနစ်ဆက်ခံသူအား ရှာဖွေနိုင်ရန်လည်း လမ်းစပေါ်နေပြီ ဖြစ်သည်။

ထိုအချိန်တွင် လူအများက သစ်ပင်ဆီသို့ ရောက်လာကြသည်။ ရှောင်လင်း ကျင့်ကြံ၍ ပြီးသွားသည့်နောက် ထိုနေရာကို ချဥ်းကပ်လာခြင်းအား တားဆီးမည့်သူ မရှိတော့ပေ။

လုချီရှင်းက လူကောင် အနည်းငယ်သေးကာ သွက်လက်သော်လည်း လူကြီးလူကောင်းဆန်သည့် ဟန်ရှိသည်။ သူက သစ်ပင်ကို လှမ်းကြည့်လိုက်ပြီး သစ်ပင်က ထူးခြားသလို ခံစားရပေမယ့် ဖမ်းဆုပ်ရန် ခက်ခဲကြောင်း ခံစားမိသည်။ သူက ရီဖူရှင်းအား ကြည့်ကာ အရိုအသေပေးလိုက်၍ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။ "ရှန်ချင်းနယ်မြေက လုချီရှင်းပါ။"

"ရီဖူရှင်း။" ရီဖူရှင်းက တုံ့ပြန်လိုက်သည်။ လုချီရှင်းက ယဥ်ကျေးပြနေသည့်အတွက် သူက အလကားသက်သက် မောက်မာနေရန် မလိုပေ။

"အင်ပါယာရီက ဒီနတ်သစ်ပင်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို နားလည်သဘောပေါက်လားလို့ မေးချင်တယ်။" လုချီရှင်းက မေးလိုက်၏။

"ဒီသစ်ပင်က ထူးခြားပြီး ဒီလေဟာနယ်နဲ့ ဆက်သွယ်ထားပေမယ့် အဲဒီလျှို့ဝှက်ချက်ကိုတော့ သေချာနားမလည်ပါဘူး။" ရီဖူရှင်းက အပြုံးနှင့် တုံ့ပြန်လိုက်သည်။ သိသာစွာပင် ထိုစကားက အမှန်မဟုတ်ပေ။ သို့သော် သူက သူစိမ်းတစ်ယောက်ကို မည်သို့ဖြစ်၍ အရာအားလုံး ပြောပြနိုင်မည်နည်း။

လုချီရှင်းက ရီဖူရှင်း သူ့ကို ပြောသည့်စကားအား လုံးဝ မယုံကြည်ပါချေ။ သူက ရီဖူရှင်း ထိုသစ်ပင်၏ လျှို့ဝှက်ဆန်းကြယ်မှုအချို့ကို နားလည်သဘောပေါက်လိမ့်မည်ဟု သံသယရှိသည်။ မဟုတ်လျှင် သူက ရှောင်လင်းကို ဤနေရာ၌ ကျင့်ကြံရန် ခေါ်ဆောင်လာမည် မဟုတ်ပေ။ သို့သော် သူက ထိုကိစ္စအား ထုတ်ဖော်ပြောလိမ့်မည် မဟုတ်ချေ။

"အစ်ကိုရီကို ကြည့်ရတာ အရမ်းကံကောင်းတဲ့လူ ဖြစ်မယ်ထင်တယ်။" လုချီရှင်းက မှတ်ချက်ချလိုက်သည်။ လူအများသည် သူ့ကံကောင်းခြင်းက ပြိုင်ဘက်ကင်းဟု ပြောကြပြီး သူတို့သည် ရွာသို့ စဝင်ချင်းနေ့မှ သဘာဝဖြစ်စဥ် မြင်ကွင်းက သူ့ကြောင့် ဖြစ်ပေါ်ခဲ့သည်ဟု ပြောကြသည်။ သို့သော် ယခုတွင် ထိုအချင်းအရာက သူ့ကြောင့်ဖြစ်ပွားခဲ့ခြင်း ဟုတ်ပုံမရချေ။

ရီဖူရှင်းသည် သူနှင့် တစ်ချိန်တည်းလိုလို ရွာသို့ ဝင်ရောက်လာခြင်း ဖြစ်ပြီး သူတို့က လျှောက်လမ်းအား အတူတူ ဖြတ်သန်းခဲ့ကြသည်။

သို့ဆိုလျှင် ထိုမြင်ကွင်းက ရီဖူရှင်းကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်သလား။

ထို့အပြင် သံသယဖြစ်နေခဲ့ခြင်းက သူတစ်ယောက်တည်းသာ မဟုတ်ပေ။ လူအများသည်လည်း တူညီသောအရာကို တွေးနေခဲ့ကြသည်။ အဆုံးမှာတော့ ကံကောင်းခြင်းနှင့် အခွင့်အလမ်းဟူသည်က ဒွန်တွဲနေပေသည်။ ရီဖူရှင်းက ရှောင်လင်းအား မည်သည့်အခါကမှ ထွက်ပေါ်လာဖူးခြင်း မရှိသော နတ်ဘုရားနည်းစနစ် နိုးထလာစေရန် ကူညီပေးခဲ့သည်။ ထိုသို့သော အခွင့်အရေးက ကြီးမားသည့် ကံအခွင့်အလမ်းကြောင့် ဖြစ်နိုင်သည်။

ရီဖူရှင်း ရွာသို့ ဝင်လာသည့်အခါ ရှောင်လင်းက သူ့ကို ရွေးချယ်ခဲ့သူ ဖြစ်၏။

"ရီဖူရှင်း"

ထိုအချိန်တွင် လှပသော အမျိုးသမီးတစ်ယောက်က ရီဖူရှင်း ရှေ့သို့ လျှောက်လာသည်။ သူမ၏ မျက်လုံးများက သူ့ထံ၌ ကပ်ငြိနေခဲ့ပြီး တီးတိုးရေရွတ်လိုက်သည်။ "ကောင်းကင်ပြက္ခဒိန် ၁၀၀၅၁ ခုနှစ်တုန်းက တုန်းဟွာနယ်မြေသခင် ကျင်းပတဲ့ တုန်းဟွာအခမ်းအနားကို တန်ခိုးရှင်တွေအားလုံး တက်ရောက်ခဲ့တယ်။ တုန်းဟွာအခမ်းအနားမှာ လုံးဝ မရှုံးနိမ့်တဲ့ ပြိုင်ဘက်ကင်းတစ်ယောက် ထွက်ပေါ်ခဲ့ပြီး သူ့ရဲ့ ဂုဏ်သတင်းက လောကတစ်ခွင်ကို ပျံ့နှံ့ခဲ့တယ်။ အဲဒီလူက ကိုယ့်ကိုယ်ကိုယ် ရီလျှို့နျန်လို့ ခေါ်ပေမယ့် နောက်ပိုင်းကျတော့ သူ့နာမည်အစစ်က ရီဖူရှင်းလို့ ခေါ်တယ်ဆိုပြီး ကောလာဟလတွေ ရှိခဲ့တယ်။"

ရှန်ချင်းနယ်မြေမှ အစွမ်းထက်ပုဂ္ဂိုလ်များအနေဖြင့် တုန်းဟွာအခမ်းအနားနှင့် ပတ်သတ်သည့်အကြောင်းကို ကြားဖူးကြမည်မှာ သေချာသည်။ သို့သော် နှစ်များစွာ ကြာပြီးနောက်ပင် အန်းရော့ဆုသည် ထိုအချိန်က တုန်းဟွာအခမ်းအနား၌ ထွက်ပေါ်လာသည့် သူကို သတိရနေသေးသည်။ ယုံကြည်ရသော သတင်းရင်းမြစ်များအရ ထိုလူ၏ ပါရမီက တုန်းဟွာနယ်မြေ၏ နံပါတ်တစ်ပါရမီရှင် နင်ဟွာနှင့်ပင် ယှဥ်နိုင်သည်ဟု ဆို၏။

အန်းရော့ဆုသည် ကျင့်ကြံခြင်းလောက၌ ဖြစ်ပျက်သမျှ အရာအားလုံးကို အလွန် စိတ်ဝင်စားတတ်ပြီး သူမက နေရာအနှံ့မှ ထိပ်တန်းအဆင့် ကျင့်ကြံသူများကို အာရုံစိုက်ထားသည်။ သူမက သူမ၏ စိတ်ဝင်စားမှုကို ရှန်ချင်းနယ်မြေတစ်ခုတည်း၌သာ ကန့်သတ်မထားဘဲ အခြားနယ်မြေ၏ ထိပ်သီးတန်ခိုးရှင်များထံပါ ဖြန့်ကျက်ထားသည်။ ထိုသည်ကပင် သူမက ရီဖူရှင်း အမည်ကို မည်သို့ကြားဖူးသည်ဆိုခြင်း ဖြစ်ပေသည်။

သူမ အသံထွက်ပေါ်လာသည်နှင့် အားလုံးသော မျက်လုံးများက ရီဖူရှင်းပေါ်သို့ ကျရောက်လာသည်။ တချို့က ရီဖူရှင်းသည် တုန်းဟွာနယ်မြေ၏ နယ်မြေသခင်အိမ်တော်မှ လာခြင်းဖြစ်နိုင်သလားဟု ခန့်မှန်းနေကြသည်။ ယခု ကြည့်ရသည်မှာ သူက တုန်းဟွာနယ်မြေသခင်အိမ်တော်မှ ရွေးချယ်ခံတစ်စုံတစ်ယောက် ဖြစ်နိုင်သည်။

သူတို့က အန်းရော့ဆု ဆက်ပြောသည်ကို စောင့်ဆိုင်းနေပုံရတာကြောင့် သူမက ဆက်ပြောလိုက်၏။ "ဒါပေမယ့် အဲဒီအရည်အချင်းရှိ ပါရမီရှင်က နယ်မြေသခင်အိမ်တော် အပါအဝင် တခြားအဓိကအင်အားစုတွေ အားလုံးကို ဆန့်ကျင်ခဲ့ပြီး အလိုရှိနေတဲ့ဝရမ်းပြေးတစ်ယောက် ဖြစ်လာတယ်။ အဲဒီအချိန်တုန်းက တုန်းဟွာနယ်မြေမှာ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ပြီးတော့ ဆေးအင်ပါယာက စောင့်ကြည့်မျှော်စင်ကို ကျောမှာလွယ်ပြီး နယ်​မြေသခင်နဲ့ တခြား ဆရာသခင်အဆင့် ကျွမ်းကျင်သူနှစ်ယောက်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်။"

လူအများသည် သူမ၏ စကားများကို ကြားလိုက်ရပြီးနောက် တုန်ယင်သွားကြသည်။

သူက အဓိကအင်အားစုများကြားမှ စစ်ပွဲကို စတင်စေခဲ့သည်လား။

"ကျုပ်လည်း အဲဒီအကြောင်းကို ကြားဖူးတယ်။ တုန်းဟွာအခမ်းအနားရဲ့ အဲဒီအဓိကလူက ဒီရှန်ချင်းနယ်​မြေရဲ့ လေးမျက်နှာကျေးရွာမှာ ထွက်ပေါ်လာလိမ့်မယ်လို့ ထင်မထားမိဘူး။" ရှန်ချင်းနယ်မြေ၏ ထိပ်တန်းတန်ခိုးရှင်ဖြစ်သော လူငယ်လေးတစ်​ယောက်က ပြောလိုက်သည်။ သူက ထိုကြီးမားသော တိုက်ပွဲအကြောင်း ကြားဖူးသည်။

သို့သော် သူသည် တစ်နေ့မှာ သူတို့နှင့် တွေ့ဆုံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ကြည့်ရသည်မှာ ဤလူက အမှန်တကယ် ထိုနေ့မှ မြင်ကွင်းကို ဖြစ်ပေါ်စေခဲ့သူ ဖြစ်ပုံရလေသည်။

ရွာသားများက စကား​ပြောဆိုနေကြသည်။ သူတို့သည် ဤလူထံ၌ ထိုမျှ ကျော်ကြားသော သမိုင်းကြောင်း ရှိမည်ဟု ထင်မှတ်မထားကြပေ။ အဘိုးမာက ကြီးမားသော ကံကောင်းခြင်းနှင့် တစ်စုံတစ်ယောက်ကို အမြော်အမြင်ရှိရှိ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရီဖူရှင်းက ပြုံးရုံမျှ ပြုံးလိုက်သည်။ "ကျုပ်က လေးမျက်နှာကျေးရွာကို အခွင့်အလမ်းတချို့ ရှာဖို့ လာခဲ့တာပါ။ တခြားကိစ္စတွေကတော့ အရေးကြီးတာမျိုး မဟုတ်ပါဘူး။"

သူက စကားပြောရင်း အန်းရော့ဆုအား ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ရှောင်လင်းနှင့် ထျယ်ထိုအား ညွှန်ကြားလိုက်၏။ "ဒီသစ်ပင်က ထူးခြားတယ်။ ဒီသစ်ပင်အောက်မှာ ဂရုတစိုက်နဲ့ နားလည်သဘောပေါက်အောင် ကြိုးစားကြည့်ပြီး အဲဒီကနေ တစ်ခုခု ထပ်မြင်နိုင်မလား ကြိုးစားကြည့်။"

"အင်း။" ထျယ်ထိုနှင့် ရှောင်လင်းက နာခံစွာ ခေါင်းညိတ်ကာ ထိုင်ချလိုက်ကြသည်။ ရီဖူရှင်းကလည်း သူတို့နှင့်အတူ ထိုင်ချလိုက်ပြီး အနားယူနေလိုက်၏။

သူ၏ နတ်အာရုံက ရှေးဟောင်းသစ်ပင်နှင့် ပေါင်းစပ်သွားပြီး လေဟာနယ်အတွင်း ဖြန့်ကျက်လာပုံရလေသည်။ သူ့ စိတ်ထဲတွင် လေဟာနယ်အတွင်းရှိ အရာအားလုံးက သလင်းကဲ့သို့ ကြည်လင်နေကာ အရှိန်အဝါလှိုင်းများ၏ အတက်အကျကိုပင် ခံစားမိ၏။

ရွာအတွင်း သူတို့ထံမှ မနီးမဝေးရှိ လူများစွာက သူ့ကို ကြည့်နေကြသည်။ ရီဖူရှင်းသည် ထိုနေရာ၌ ဖန်းကိုင့်ရှိနေကြောင်း သိလိုက်၏။ သူက ရီဖူရှင်း စိတ်ထဲ၌ အနည်းငယ် အထင်ကြီးမှုကို ချန်ရစ်ထားနိုင်သည်။

ဖန်းချွင့်က ဖန်းကိုင့်ဘေး၌ ရပ်နေ၏။ လူငယ်လေးထံမှ ထွက်ပေါ်လာသော အရှိန်အဝါလှိုင်းများက ဤလေဟာနယ်နှင့် သဟဇာတဖြစ်နေသည်။

"အဲဒီတော့ ဒီလိုကိုး။" ရီဖူရှင်းက တိတ်တဆိတ် ရေရွတ်လိုက်သည်။ ဖန်းချွင့်၏ ကံကောင်းခြင်းက အလွန် အားကောင်းပြီး သူလိုအပ်​နေသည်မှာ အခွင့်အရေး တစ်ခုပင် ဖြစ်သည်။ ဖန်းကိုင့်က ထိုအကြောင်းကို သိရှိပြီး ဖြစ်နိုင်သလား။

သူက အခြားတစ်​နေရာသို့ ဆက်ကြည့်လိုက်သည်။ ထိုအချိန်တွင် သက်ဝင်လှုပ်ရှားနေသော ရွာအတွင်း၌ တံတားအောက်တွင် ဆောင့်ကြောင့်ထိုင်ကာ မြစ်ကမ်းပါးမှ ကျောက်တုံးလေးများဖြင့် ဆော့ကစားနေသော အထီးကျန်ဆန်သည့် ပုံရိပ်လေးတစ်ခုအား တွေ့လိုက်ရသည်။ ရွာ၏ သက်ဝင်လှုပ်ရှားမှုနှင့် ဆူညံနေမှုများက သူနှင့် မသက်ဆိုင်သကဲ့သို့ ထင်မှတ်ရပေသည်။

ကောင်လေးက အလွန် ငယ်ရွယ်ပြီး ရှောင်လင်းနှင့် သက်တူရွယ်တူခန့် ဖြစ်နိုင်သည်။ သူက ပေရေစုတ်ပြတ်နေသော အဝတ်များကို ဝတ်ဆင်ထား၏။ သူ့ကို စောင့်ရှောက်မည့်သူ တစ်ယောက်မှ မရှိသလိုပင်။ သူက ကျောက်တုံးတံတားအောက်၌ ဆောင့်ကြောင့်ထိုင်နေပြီး အဖော်မဲ့နေပုံရလေသည်။

သို့သော် ရီဖူရှင်းသည် သူ့ထံမှ ထွက်ပေါ်လာနေသော ထူးခြားလှသည့် အရှိန်အဝါတို့အား ခံစားမိလိုက်၏။ ထိုအခိုက်အတန့်၌ ရီဖူရှင်းသည် ဆရာသခင်က လူတစ်ယောက် ကျင့်ကြံနိုင်သည့် အလားအလာရှိမရှိကို မည်သို့ ဆုံးဖြတ်နိုင်ကြောင်း ရေးတေးတေး နားလည်သွားပေသည်။

***

All Chapters