← Chapters

မင်ဟောက်မြို့အရှင်၏သားနှင့် တွေ့ဆုံခြင်း

Vol. 1 Ch. 13

မင်ဟောက်မြို့အရှင်၏သားနှင့် တွေ့ဆုံခြင်း

Vol. 1 Ch. 13

အချိန်ခဏကြာစောင့်ပြီးနောက်မှာ ချင်ချွမ်း နှင့် သူ့သားသည် ကြီးကြပ်သူ လုမင်၏ လမ်းညွှန်မှုနှင့်အတူ သူတို့ ရွေးချယ်ထားသော ခြံဝင်းကို ရောက်လာခဲ့ကြသည်။

အဓိကတံခါးကို ဖွင့်လိုက်သည်နှင့် မျက်စိထဲ ပထမဦးဆုံးရောက်လာသောအရာမှာ စက်ဝိုင်းပုံစံ ကြည်လင်သောရေကန်တစ်ခုဖြစ်ပြီး အပေါ်၌ နဂါးနှင့် ဖီးနစ်ငှက်ရုပ်ထုများ ထွင်းထားသည့် ကျောက်စိမ်းတံတားတစ်ခုရှိပေ၏။

ကျောက်စိမ်းတံတားကိုဖြတ်ပြီးနောက် ဝါးပင်များနှင့် ပန်းအမျိုးမျိုးစိုက်ထားသော ဥယျာဉ်တစ်ခုသို့ ရောက်လာပြီး ထိုထဲ၌ တဲကနားလေးများလည်းရှိနေသည်။

ဥယျာဉ်၏အဆုံးမှာတော့ ခမ်းနားသော အဆောက်အအုံကြီး တစ်ခုရှိပြီး ထိုအရာသည် သူတို့၏နေအိမ် ဖြစ်၏။

"လူကြီးမင်း ဒီခြံဝင်းအတွက် သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေကို လုပ်ဆောင်ပြီးသွားပါပြီ၊ အခုအချိန်ကစပြီး ဒီခြံဝင်းက ခင်ဗျားပိုင်သွားပါပြီ"

"ခြံဝင်းနဲ့အတူပါတဲ့ အစေခံမလေးတွေနဲ့ အစေခံယောက်ျားလေးတွေကိုတော့ ကုန်သွယ်ရေးအဖွဲ့အစည်းက မကြာခင်ပို့ပေးပါလိမ့်မယ်"

"သေချာပေါက် ခင်ဗျား စိတ်မချဘူးဆိုရင်လည်း ကျွန်ဈေးကိုသွားပြီး အစေခံအနည်းငယ်ကို ကိုယ်တိုင်ဝယ်ယူနိုင်ပါတယ်"

လုမင်က ယဉ်ကျေးစွာ ပြောလာသည်။

"ကောင်းပြီ၊ ဒါဆိုရင် အစေခံတွေကို ကိုယ်တိုင်ဝယ်လိုက်ပါ့မယ်၊ ကျေးဇူးတင်ပါတယ်"

ချင်ချွမ်းက လက်နှစ်ဖက်ကိုယှက်၍ ပြောခဲ့၏။

"အာ...လူကြီးမင်းက ကြင်နာလွန်းနေပါပြီ"

လုမင်သည် အနည်းငယ် မျက်နှာချိုသွေးစွာဖြင့် ပြောလိုက်သည်။

"တခြားညွှန်ကြားချင်တာများ မရှိတော့ရင် သွားလိုက်ပါဦးမယ်"

"သွားနိုင်ပါတယ်"

ချင်ချွမ်းလည်း ခေါင်းညိတ်လိုက်၏။

လုမင်က လေးစားစွာဖြင့် လှည့်ထွက်သွားလေသည်။

"ဝါး! ဒီခြံဝင်းက အရမ်းတန်ဖိုးကြီးတာပဲ၊ ကျွန်တော်တို့ ချင်မိသားစုမှာ နေခဲ့တုန်းက အိမ်ထက် အများကြီးပိုကောင်းတယ်!"

လုမင်ထွက်သွားသည်ကိုမြင်သောအခါ ချင်ကျီသည် မနေနိုင်စွာပင် စိတ်လှုပ်ရှားစွာဖြင့် ခုန်လာ၏။

"ဖျတ်!"

ချင်ချွမ်းကမူ သူ့ခေါင်းကို ရိုက်၍ ဂရုမထားဟန် ပြောလိုက်သည်။

"သတိရှိစမ်းပါ၊ ဒါက သန့်စင်သောယန်အဆင့်မှာရှိတဲ့ သိုင်းပညာရှင်တစ်ယောက်အတွက် ခြံဝင်းတစ်ခုလေးပဲ"

"အနာဂတ်မှာ မင်းသိလာလိမ့်မယ်၊ တကယ့်အင်အားကြီးပုဂ္ဂိုလ်တွေက နတ်ဘုံနန်းတွေမှာ နေကြတယ်ဆိုတာကို၊ ဒီထက်..."

ဒီထက် ဘာဖြစ်လဲ။

မပြောတော့ပေ။

ရင်ဖိုစရာဖြစ်အောင် ထားလိုက်မည်။

ရင်ဖိုစဖွယ် ရှိစေခြင်းကသာ အကောင်းဆုံးပုံစံကို ရနိုင်လေ၏။

"အိုး!"

ချင်ကျီမှာ ရေအေးဖြင့် လောင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး စိတ်ငြိမ်သွားလေသည်။ သူ့အဖေကိုလည်း ယခင်ကထက် ပို၍လေးစားသွားခဲ့၏။

သူ့အဖေကတော့ တကယ်ကို ဒီလောကကြီးအား ပိုင်ဆိုင်သော လူတစ်ယောက်ပင်။ ဘယ်လိုအခြေအနေမျိုးကိုမှ သူ ဂရုမစိုက်ပေ။

"သွားကြရအောင်...အရင်ဆုံး အိမ်အသစ်ကိုကြည့်ပြီး မင်း ဘယ်အခန်းမှာ နေချင်လဲဆိုတာကို အရင်ရွေးနိုင်တယ်၊ အဖေက… ဘယ်အခန်းဖြစ်ဖြစ် အဆင်ပြေတယ်"

ချင်ချွမ်း၏အသံက အနည်းငယ်နူးညံ့နေသည်။

အပေါစားသားလေးက သူတာဝန်ယူခဲ့ရသော အရာဖြစ်ပေ၏။ သွေးသား မတော်စပ်သော်လည်း သူ၏ အကျိုးစီးပွားကို မထိခိုက်သရွေ့ အပေါစားသားလေးကို အနည်းငယ် အလိုလိုက်ပေးရန် ဆန္ဒရှိပေသည်။

လူသားများသည် သစ်ပင်များ မဟုတ်ပေ။ ဘယ်သူက စိတ်ခံစားချက်မရှိဘဲ နေနိုင်မည်နည်း။

ခြံဝင်း၏အပြင်အဆင်ကို ရင်းနှီးရန်အတွက် သားအဖနှစ်ယောက်စလုံး အချိန်အတော်ကြာ ယူခဲ့ရ၏။

ဒီနေရာ၌ ဘယ်သူကမှ အကြာကြီးမနေခဲ့သော်လည်း ညစ်ပတ်နေခြင်းမရှိပေ။ အကြောင်းမှာ ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်းသည် လတိုင်း လူပို့၍ သန့်ရှင်းရေးကို ပုံမှန်လုပ်ပေးသောကြောင့်ပင်။

ကျယ်ဝန်းကာ တောက်ပသည့် ခန်းမအတွင်း၌။

ချင်ချွမ်း ပြောလိုက်သည်။

"အခု အိမ်မှာ အစေခံတစ်ယောက်မှမရှိဘူး၊ ပြီးတော့ ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့အစေခံတွေကို သုံးရမှာလည်း အဆင်မပြေဘူး"

"အထူးသဖြင့် မင်းမှာ လျှို့ဝှက်ချက်တွေရှိနေတာကြောင့်ပဲ၊ ဒါက ကိစ္စကြီးကြီးမားမားမဟုတ်ပေမယ့် ပေါ်သွားရင် မင်းအတွက် မကောင်းဘူး…"

"ဒါကြောင့် မင်းကိုယ်တိုင် အစေခံအနည်းငယ်သွားဝယ်တာက ပိုကောင်းတယ်"

ထိုစကားကို ကြားသောအခါ ချင်ကျီ၏မျက်လုံးများက တောက်ပသွားလေသည်။

"တကယ်လား"

သူ့ကို နောက်တစ်ကြိမ်သွားခိုင်းတာလား။

မတိုင်ခင်က အိမ်ဝယ်သည့်တာဝန်ကို သူ ကျရှုံးခဲ့လေ၏။ အခု အဖေက အစေခံများကို သွားဝယ်ရန် ခွင့်ပြုနေသေးသည်။

အဖေက ငါ့ကို ဒီလောက်တောင် ယုံကြည်တာလား။

"ဟုတ်တယ်၊ အဖေကတော့ ကိစ္စမရှိဘူး၊ အရေးကြီးတာက မင်းအနေနဲ့ ဘယ်လိုအစေခံမျိုးကိုကြိုက်လဲဆိုတာပဲ၊ ဒါကြောင့် မင်းကိုယ်တိုင်ရွေးချယ်တာက မင်းအတွက် ပိုပြီးအဆင်ပြေစေလိမ့်မယ်"

ချင်ချွမ်း ပြောလိုက်၏။

ချက်ချင်းဆိုသလိုပင် ချင်ကျီ၏ မျက်နှာပေါ်၌ စိတ်ခံစားမှုတစ်ခုပေါ်လာသည်။ သူ့အဖေက သူ့အတွက်စဉ်းစားပေးနေသည်ဆိုတာကို သူသဘောပေါက်သွားခဲ့၏။

သူ ခပ်ပြင်းပြင်း အသက်ရှူလိုက်သည်။ သူ့လက်သီးအား ယုံကြည်မှုအပြည့်ဖြင့် ဆုပ်ကာ ပြောလိုက်၏။

"အဖေ စိတ်ချပါ၊ ကျွန်တော် သေချာပေါက် စကားနားထောင်တဲ့အစေခံအနည်းငယ်ကို ခေါ်လာခဲ့မှာပါ!"

ထိုသို့ပြောပြီးနောက် သူ ထွက်သွားလေသည်။

သူက ပြောသည့်အတိုင်း လုပ်လိမ့်မည်။

ချင်ချွမ်းကတော့ အပေါစားသားလေး၏ နောက်ကျောကိုကြည့်ကာ သူ့မျက်နှာပေါ်၌ နွေးထွေးသောအပြုံးတစ်ခု ပေါ်လာ၏။

ဒီတစ်ခါမှာတော့ သူ့သားကို လှည့်စားရန် သူ့ထံ၌ အစီအစဉ်မရှိပေ။

အကြောင်းမှာ ကံကြမ္မာသားတော်သည် အပြင်ထွက်တိုင်း ပြဿနာတက်လိမ့်မည် မဟုတ်ပါလော။

ယေဘုယျအားဖြင့်ပြောရလျှင်။

ကံကြမ္မာသားတော်တစ်ယောက်သည် လျှောက်သွားနေရင်း လမ်းဘေးဆိုင်တစ်ဆိုင်၌ ပျက်စီးနေသော ရှေးဟောင်းပစ္စည်းတစ်ခုခုကို တွေ့နိုင်သည်။

သို့မဟုတ် ထူးခြားသည့်သွေးမျိုးဆက် သို့မဟုတ် ထူးခြားသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော ညစ်ပတ်နေသည့် မိန်းကလေးငယ်လေးအား ကောက်ယူပြီး အိမ်ပြန်ခေါ်လာခဲ့ရာ သန့်ရှင်းရေးလုပ်ပေးပြီးနောက် သူမက အလွန်လှပနေသည်ကို တွေ့ရလိမ့်မည်။

ရှင်းရှင်း ပြောရလျှင်။

ထိုအရာက အပေါစားသား၏ အခွင့်အရေးပင်။

သူသည် သားဖြစ်သူ၏ အခွင့်အရေးကို ယူရန် မရည်ရွယ်ထားပေ။ သူ့ထံ၌ စည်းမျဥ်းများ ရှိသောကြောင့်လည်း ဖြစ်သလို မလိုအပ်သောကြောင့်လည်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သားဖြစ်သူက ပိုပြီးအားကောင်းလေလေ၊ ပြဿနာရှာနိုင်သော သူ့စွမ်းရည်ကလည်း ပိုပြီးကြီးမားလာလေလေဖြစ်ပြီး သူကိုယ်တိုင်ကလည်း ပိုပြီး အားကောင်းလာမှာပင်။

တစ်ကယ်တော့ သူတို့သားအဖနှစ်ယောက်သည် ဆက်နွယ်မှုတစ်ခုကို မျှဝေခံစားနေကြခြင်းပင်။ တစ်ယောက်၏ဂုဏ်ကျက်သရေက တခြားတစ်ယောက်၏ဂုဏ်ကျက်သရေဖြစ်ပြီး တစ်ယောက်၏ကံဆိုးမှုက တခြားတစ်ယောက်၏ကံဆိုးမှုပင်။

တစ်နေ့မှာ အပေါစားသားက တကယ်ပင် သေသွားခဲ့လျှင်တောင် သူက…အင်း...သူက ထပ်ပြီး မျိုးပွားနိုင်သေး၏။

ပိုပြီးတောင် အများကြီးရနိုင်သည်။

သို့သော် သူ ထိုကဲ့သို့ မလုပ်ချင်ပေ။ အကြောင်းမှာ သူ့ကလေးအား ဖခင်ဖြစ်သူအတွက် အသုံးချပစ္စည်းအဖြစ် ဒီလောကထဲသို့ မဝင်ရောက်စေချင်ပေ။

အချစ်အတွက်သာ မဟုတ်ဘူးဆိုလျှင်...

ဘာလို့ ကလေးတစ်ယောက်အား မွေးဖွားရမည်နည်း။

သူ ပေါ့ပေါ့တန်တန်ဖြင့် ကလေးမယူနိုင်ပေ။

ထို့အပြင် အခု သူ့ကို အဖေဟု ခေါ်နေသော အပေါစားသားလေးကိုလည်း သူ တကယ်ထိခိုက်အောင် မလုပ်ချင်ပေ။ သင့်လျော်သော နည်းလမ်းနှင့်သာ သူ အသုံးချနေခြင်းပင်။

ထို့အပြင် သူ့ထံ၌လည်း သူ့ကို အသုံးချရန်မှတပါး ရွေးချယ်စရာမရှိပေ။

အကြောင်းမှာ ဤကဲ့သို့လောကမျိုး၌ ခွန်အားမရှိပါက ဘာမှမရှိပေ။

ဒီနေ့ သူသာ နူးညံ့သွားပြီး စိတ်ခံစားမှုဖြစ်သွားခဲ့လျှင်၊ သူ့သားကို လှည့်စားရန် တွန့်ဆုတ်နေခဲ့လျှင် နောက်အနာဂတ်၌ အပေါစားသားလေးသည် စိတ်ပျက်အားငယ်ရခြင်း၊ ဇနီးသည်နှင့်လမ်းခွဲရခြင်း၊ ဆရာ၏စတေးခံရခြင်း၊ မိတ်ဆွေများအား ရက်ရက်စက်စက်သတ်ပစ်ခြင်းများနှင့် ရင်ဆိုင်ရသောအခါ သူ ဘာလုပ်နိုင်မည်နည်း။

သူသည် ထိုကဲ့သို့ အရေးကြီးသောအချိန်၌ အင်အားမရှိသောလူတစ်ယောက်၊ အရေးမပါသောလူတစ်ယောက် မဖြစ်ချင်ပေ။ ထို့ကြောင့် သူ အင်အားကြီးမားအောင် လုပ်ရမည်။

စနစ်က သူ၏တစ်ခုတည်းသော အခွင့်အရေးပင်။

စနစ်မရှိဘဲ သူက ဘယ်လိုလုပ် ကောင်းကင်ကိုပြောင်းပြန်လှန်နိုင်မည်နည်း။

နယ်ကျော်လာသူတစ်ယောက်၏ မှတ်ဉာဏ်များက သူ့ကို ဘာအကူအညီမှ မပေးနိုင်ပေ။ ထို့အပြင် ဒီကမ္ဘာ၌ စက္ကူထုတ်လုပ်ခြင်း၊ အရက်ချက်ခြင်း၊ ကဗျာရေးခြင်း သို့မဟုတ် သင်္ချာနှင့်ရူပဗေဒမှာ ကျွမ်းကျင်ခြင်းများက တိုးတက်လာနိုင်သော နေရာ မဟုတ်ပေ။

ဤကမ္ဘာမှာ နေရာရန်အတွက် စနစ်ကို အပြည့်အဝအသုံးချရမည်။

"မြို့အရှင်ရဲ့အိမ်တော်မှ တမန်က အကြီးအကဲချင်ကို တွေ့ခွင့်တောင်းပါတယ်!"

ထိုအချိန်၌ ရှင်းလင်းပြတ်သားသော အသံတစ်သံက ခြံဝင်းအပြင်ဘက်ကနေ ထွက်ပေါ်လာသည်။

"ဝင်လာခဲ့ပါ"

ချင်ချွမ်းလည်း တည်ငြိမ်စွာ ပြောလိုက်၏။

သန့်စင်သောယန်အဆင့်မှ ကျွမ်းကျင်သူတစ်ယောက်၏ နှလုံးခုန်နှုန်းများသည် မိုးခြိမ်းသံများကဲ့သို့ပင်။ ထို့ကြောင့် သူ့အသံက တိုးလှသော်လည်း အဝေးကို ပျံ့နှံ့သွားလေသည်။

မကြာခင်မှာပင် ငွေရောင်သံချပ်ကာဝတ်ထားသော မြို့စောင့်တပ် တပ်သားအုပ်စုတစ်ခုက အတွင်းသို့ ပြေးဝင်လာပြီး အိမ်အပြင်ဘက်၌ အတန်းနှစ်တန်း တန်းစီကာ ကြိုဆိုသည့်ပုံစံကို ဖန်တီးလိုက်လေ၏။

အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ခန့်ညားသည့် လူငယ်လေးတစ်ယောက်က အတွင်းကို လမ်းလျှောက်ဝင်လာသည်။ ကျော့ရှင်းကာ ဆွဲဆောင်မှုရှိလှပြီး သူ့မျက်နှာပေါ်တွင်လည်း နွေးထွေးသော အပြုံးတစ်ခုရှိပေ၏။

"မြို့အရှင်အိမ်တော်က ပိုင်ယီချန်းက အကြီးအကဲချင် ကို တွေ့ဆုံဖို့ လာခဲ့ပါတယ်"

အဖြူရောင်ဝတ်စုံဝတ်ထားသော လူငယ်လေးက ခေါင်းအနည်းငယ်ငုံ့၍ ယဉ်ကျေးစွာ ပြောလာသည်။

"မြို့အရှင့်ရဲ့သားက လာရောက်တွေ့ဆုံတာပါလား၊ အဝေးကတည်းက မကြိုဆိုနိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်"

ချင်ချွမ်းလည်း အနည်းငယ် အံ့အားသင့်သွားလေ၏။ သူ့အရှေ့မှာရှိသည့် ယဉ်ကျေးသော လူငယ်လေးသည် မင်ဟောက်မြို့မှ မြို့အရှင်၏သား ပိုင်ယီချန်း ဖြစ်သည်။

ချင်ချွမ်းသည် မင်ဟောက်မြို့နှင့် ပတ်သက်၍ အနည်းငယ် သိထား၏။ မင်ဟောက်မြို့က ရွှင်းယန်မြို့ထက် သာလွန်သော ပင်မမြို့တော်ကြီး ဖြစ်ပြီး အနည်းဆုံးတော့ ယေဘုယျအချက်များကို သူ သိထားသည်။

"အကြီးအကဲချင်က ကြင်နာလွန်းနေပါပြီ၊ အကြီးအကဲချင်က မင်ဟောက်မြို့ကိုရောက်လာတယ်ဆိုပြီး ကျွန်တော် ကြားခဲ့လို့ လာရောက်လည်ပတ်ရုံပါပဲ"

ပိုင်ယီချန်းက ပြုံး၍ ပြောလာ၏။

"ဟားဟား! ကျုပ်က အရေးကြီးပုဂ္ဂိုလ်မဟုတ်ပါဘူး၊ မြို့အရှင်ရဲ့သားအနေနဲ့ ဒီလောက်အထိ ယဉ်ကျေးနေတာက ကျုပ်ကို အထင်ကြီစေပါတယ်"

ချင်ချွမ်းက ရယ်မော၍ ခေါင်းခါယမ်းလိုက်သည်။ ထို့နောက် သူ တောင်းပန်လိုက်ပေ၏။

"အခုမှ အိမ်ပြောင်းလာတာမို့လို့ အိမ်ထဲမှာလက်ဖက်ရည်မရှိဘူး၊ ကြိုဆိုရေးမှာ အားနည်းသွားတဲ့အတွက် စိတ်မရှိပါနဲ့"

"ပြဿနာမရှိပါဘူး"

ပိုင်ယီချန်းက သူ့လက်ကို ဝှေ့ယမ်း၍ ပြောလာသည်။

"တကယ်တော့ ကျွန်တော် လာရောက်လည်ပတ်တဲ့အဓိက ရည်ရွယ်ချက်ကတော့ အကြီးအကဲချင်အနေနဲ့ မြို့စောင့်တပ်ထဲကို ဝင်ဖို့ စိတ်ဝင်စားမှုရှိမရှိ မေးဖို့ပါ၊ မြို့အရှင်အိမ်တော်က အကြီးအကဲချင်ကို ပဉ္စမတပ်မှူး ရာထူး ပေးဖို့ ဆန္ဒရှိပါတယ်"

"ဒါက တပ်သားစုဆောင်းတာလား"

ချင်ချွမ်း အပြုံးဖြင့် မေးလိုက်၏။

"အကြီးအကဲချင် ပြောတာ လွန်ပါတယ်ဗျာ၊ ကျွန်တော်တို့အားလုံးက တော်ဝင်မိသားစုကို အမှုထမ်းနေကြတာပါ၊ တပ်သားစုဆောင်းတာမျိုး တစ်ကယ် မဟုတ်ရပါဘူး"

ပိုင်ယီချန်းက ကျိုးနွံစွာ ပြန်ဖြေလာသည်။

"ကျုပ်က တော်ဝင်မိသားစုကို အမှုမထမ်းချင်ရင်ရော"

ချင်ချွမ်း မေးလိုက်၏။

ပိုင်ယီချန်းက ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် ခါးသက်စွာ ပြုံး၍ သက်ပြင်းချသည်။

"ဒီလိုဖြစ်မယ်ဆိုတာ ကျွန်တော် သိပါတယ်…"

ထိုသို့ပြောပြီးနောက် သူ၏ သိုလှောင်လက်စွပ်ထဲကနေ လှပသော သေတ္တာအရှည်တစ်လုံးကို ထုတ်ယူ၍ ချင်ချွမ်းအား လက်နှစ်ဖက်ဖြင့် ပေးလာ၏။

"ကျွန်တော့်အဖေက ပြောလိုက်ပါတယ်၊ အကြီးအကဲချင်အနေနဲ့ မြို့အရှင်အိမ်တော်ကို ဝင်ရောက်ဖို့ တကယ်ဆန္ဒမရှိရင်တောင်မှ ဒီ သန့်စင်သောယန် စိတ်ဝိညာဥ်ဓားကို မိတ်ဆွေအဖြစ် အမှတ်တရလက်ဆောင်အနေနဲ့ လက်ခံပေးပါ"

ထိုသေတ္တာကို ချင်ချွမ်း ကြည့်လိုက်ကာ ခဏတာ စဉ်းစားပြီးနောက် မေးလိုက်သည်။

"ဒါက ကျုပ် အတွက်ပဲလား၊ ဒါမှမဟုတ် မင်ဟောက်မြို့ကို လာတဲ့ သန့်စင်သောယန်အဆင့်က ပုဂ္ဂိုလ်တွေအားလုံးအတွက်လား"

ပိုင်ယီချန်းက ချင်ချွမ်းကိုကြည့်၍ ပြုံး၏။

"အားလုံးအတွက်ပါ"

ထိုစကားကိုကြားသောအခါ ချင်ချွမ်းလည်း ချက်ချင်းပင် နားလည်သွားခဲ့သည်။

ဒီဓားကို သူယူထားသည်က ပိုကောင်း၏။ အကြောင်းမှာ မယူလိုက်ခြင်းက အဓိပ္ပာယ်မရှိသလို၊ ထိုကဲ့သို့ မယူလိုက်လျှင်လည်း နိမိတ်ပြနေပေသည်။

ဆိုလိုသည်မှာ မင်ဟောက်မြို့ကို ရောက်လာလျှင် မြို့အရှင်အိမ်တော်ကို ဝင်ရန် မလိုအပ်ပေ။ သို့သော် ပြဿနာမရှာလေနှင့်။

ဒီနေ့ သူသာ ပိုင်ယီချန်းပေးသည့် ဓားကို မယူခဲ့လျှင် ထိုအရာက ဆုံးရှုံးမှုတစ်ခု ဖြစ်သွားလိမ့်မည်။ ထို့အပြင် ငြင်းဆန်တာကလည်း ပညာရှိရာ မရောက်ပေ။

********************

All Chapters