← Chapters

အဖေက internet trollsတွေကို ငှားနေပြီ

Vol. 1 Ch. 14

အဖေက internet trollsတွေကို ငှားနေပြီ

Vol. 1 Ch. 14

(T/N - *ဒီဘက်ခေတ်ရဲ့ ဗန်းစကားဖြစ်ပြီး အထူးသဖြင့် entertainment industry မှာ တစ်စုံတစ်ယောက်ကို ချီးကျုးချင်သည်ဖြစ်စေ၊ မကောင်းကြောင်းတွေ ရေးစေချင်သည်ဖြစ်စေ ပိုက်ဆံပေးရင် လုပ်ပေးကြတဲ့သူတွေကို ဆိုလိုပါတယ်၊ ဒီထဲမှာတော့ ချင်ချွမ်းက ဘာလုပ်မှာလဲ ဆက်ဖတ်ကြည့်လိုက်ပါနော် )

မကြာခင်မှာပင် ပိုင်ယီချန်းက မြို့စောင့်တပ်နှင့်အတူ ထွက်ခွာသွားလေသည်။ သူက တစ်လျှောက်လုံးယဉ်ကျေးစွာ ပြုမူခဲ့၏။

ထိုအရာက ချင်ချွမ်းအား လေးစားစေခဲ့သည်။

အထက်တန်းလွှာမှ သားသမီးတိုင်းက ရူးမိုက်သူများမဟုတ်ပေ။ မိသားစုကြီးများ၏ အမွေခံအများအပြားသည် ပါရမီရှိကြပြီး ပညာတတ်ကြ၏။

သူက တကယ်ကို အထက်တန်းစားပင်။

"သူ့ရဲ့သိုင်းပညာက တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်၊ မူလဒန်အဆင့်ဆိုပေမယ့် တစ်ခုခုမှားနေသလိုပဲ…"

ချင်ချွမ်းတစ်ယောက် မျက်လုံးများကို မှေးကျဥ်းမိသည်။

သို့သော် မကြာခင်မှာပင် ထိုအကြောင်းအား စဉ်းစားနေခြင်းကို သူ ရပ်လိုက်၏။ အကြောင်းမှာ သူနှင့် မသက်ဆိုင်သလို စုံစမ်းရန်လည်း ပျင်းပေသည်။

"အင်း...အဲ့ဒီကောင်လေး အစေခံ ဝယ်ဖို့ ထွက်သွားတုန်းမှာ ငါ အရေးကြီးတဲ့ ကိစ္စတချို့ကို လုပ်လို့ရတယ်"

ရုတ်တရက် သူ့နှုတ်ခမ်းပေါ်၌ အပြုံးတစ်ခုပေါ်လာလေ၏။

ထို့နောက် သူ အခန်းထဲမှ ထွက်သွားလိုက်သည်။ ခြံဝင်း၏ အနောက်တံခါးကနေ ထွက်ပြီးနောက် ထောင့်တစ်နေရာတွင် အနက်ရောင်ဝတ်ရုံခပ်ကြီးကြီးတစ်ခုကို ပြောင်းဝတ်လိုက်လေ၏။

လျှို့ဝှက်ဆန်းကြယ်သောလူတစ်ယောက် မွေးဖွားလာလေပြီ။

အပိုဆောင်းသတိထားမှုအတွက် သူ မျက်နှာဖုံးတောင်ဝတ်ဆင်ထားခဲ့သည်။

ထပ်ပြီး ရုပ်ဖျက်ရမည့်နေရာ မကျန်တော့ပေ။

ထို့နောက် ခြံဝင်း၏ အနောက်ဘက်ရှိ လမ်းပေါ်မှ လူအုပ်ကြီးနှင့် ပူးပေါင်းလိုက်လေ၏။

မင်ဟောက်မြို့သည် လူအမျိုးမျိုး ရောစပ်နေထိုင်နေကြသောနေရာဖြစ်ပြီး လူပေါင်းစုံရှိသည်။ အနက်ရောင်ဝတ်ရုံဝတ်ထားသူ အများအပြားရှိတာကြောင့် ချင်ချွမ်း၏ဝတ်စုံက အာရုံစိုက်မှု များစွာမရခဲ့ပေ။

အပြင်၌ ခရီးသွားသောအခါ လူအများစုက ဤကဲ့သို့ ဝတ်စားကြ၏။

အချိန်အတော်ကြာ။

လမ်းသွားလမ်းလာအများအပြားကို မေးမြန်းပြီးနောက် နောက်ဆုံးတွင် မင်ဟောက်မြို့၏ လျှို့ဝှက်အဆန်းကြယ်ဆုံးနေရာသို့ ရောက်ရှိလာခဲ့သည်။

မြေအောက်မှောင်ခိုဈေးကွက်။

ထိုအရာသည် ကြီးမားသော မြေအောက်နေရာလွတ်ကြီးတစ်ခုဖြစ်ပြီး မသမာသော လုပ်ငန်းအမျိုးအစားများအားလုံးကို နေရာပေးထား၏။

တချို့သောမြေအောက်အဖွဲ့အစည်းများဆိုလျှင် အမြစ်တွယ်နေကြတာကြောင့် မြို့အရှင်အိမ်တော်ကတောင် သူတို့ကို တားမြစ်လို့မရဘဲ မျက်စိမှိတ်ကာ ကြည့်နေရသည်။

ထင်းယွီအဆောက်အအုံက ထိုကဲ့သို့အဖွဲ့အစည်းတစ်ခုပင်။

သူတို့၏ ဩဇာလွှမ်းမိုးမှုက နေကိုးလုံးနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားကာ နက်ရှိုင်းပြီး တိုင်းတာလို့မရသော အရင်းအမြစ်များစွာ ရှိ၏။ သူတို့၏အဓိကလုပ်ငန်းကတော့… သတင်းအချက်အလက်ပင်။

ပိုက်ဆံအလုံအလောက်သာရှိလျှင် သင်လိုချင်သော သတင်းအချက်အလက်များကို ဝယ်ယူနိုင်ပြီး အမျိုးမျိုးသောသတင်းများကိုလည်း ဖြန့်နိုင်သည်။

ဆိုလိုသည်မှာ သူတို့သည် ပါပါရာဇီများနှင့် internet trolls အများအပြားကို လေ့ကျင့်ပေးထား၏။

ပိုက်ဆံရှိသရွေ့ သတင်းအချက်အလက်နှင့် ပတ်သက်ပြီး သူတို့ မလုပ်နိုင်တာ ဘာမှမရှိပေ။

ထင်းယွီအဆောက်အအုံ၏ ဝန်ဆောင်မှုခန်းမက အတော်လေး မှောင်မိုက်နေသည်။ အပြာရောင်မီးစုန်းများ ပုံမှန်အားဖြင့် တစ္ဆေမီးဟု သိကြသော မီးများက နှစ်ဖက်စလုံးရှိ မီးခွက်များထဲတွင် လောင်ကျွမ်းနေလေ၏။

လေထုက အနည်းငယ် ကြောက်စရာကောင်းလှသည်။

ဒီကို လာရောက်သူက အတော်လေးရှိ၏။ တစ်ယောက်ချင်းစီတိုင်းကို မျက်နှာဖုံးစွပ်ထားသော အစေခံမလေးတစ်ယောက်က လျှို့ဝှက်ခန်းထဲသို့ ခေါ်ဆောင်သွားလေသည်။

"လူကြီးမင်း၊ ကျွန်မနောက်ကို လိုက်ခဲ့ပါရှင့်"

ကြောင်မျက်နှာဖုံးဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က ချင်ချွမ်းအား တည်ငြိမ်စွာ ပြောလာပြီး လျှို့ဝှက်ခန်းတစ်ခုဆီသို့ လျှောက်သွားလေ၏။

ချင်ချွမ်းလည်း အနောက်ကနေ လိုက်သွားခဲ့သည်။

သူ လျှို့ဝှက်ခန်းထဲသို့ ရောက်သောအခါ အမျိုးသမီးက ထွက်ခွာသွားပြီး တံခါးကိုလည်း ပိတ်ခဲ့၏။ အထဲ၌ လေလုံကာ လုံးဝမှောင်မိုက်သွားလေသည်။

သန့်စင်သောယန်အဆင့်၏ ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော ချင်ချွမ်းကမူ မကြောက်ပေ။ အကြောင်းမှာ မင်ဟောက်မြို့၌ သူ့ထက်ပို၍ အားကောင်းသူက အနည်းငယ်သာ ရှိသောကြောင့်ပင်။

"ခရက်! ခရက်! ခရက်!"

နံရံကနေ စက်သံတစ်ခု ထွက်လာပြီး မှိန်ဖျော့ဖျော့အလင်းရောင်ထွက်ပေါ်နေသော အက်ကွဲကြောင်း သေးသေးလေးတစ်ခု ပေါ်လာ၏။

"မေးပါရစေ...ဝယ်ယူချင်တာလား ဒါမှမဟုတ် ဖြန့်ချင်တာလား"

အက်ကွဲကြောင်းလေးကနေ အိုမင်းကာ နားဝင်မချိုသော အသံတစ်သံ ထွက်ပေါ်လာသည်။

ဝယ်ယူခြင်းဆိုသည်မှာ သတင်းအချက်အလက်ဝယ်ယူခြင်းဖြစ်ပြီး ဖြန့်ချိခြင်းဆိုတာက ကောလာဟလဖြန့်ခြင်းပင်။

"ဖြန့်ချင်ပါတယ်"

ချင်ချွမ်းလည်း မတွန့်မဆုတ်ပင် ပြောလိုက်၏။

"ဘာဖြန့်ချင်တာလဲ၊ ရေးချလိုက်ပါ"

အိုမင်းနေသောအသံက မေးလာပြီး စက္ကူနှင့် မင်တုံးပါသည့် စုတ်တံတစ်ချောင်းကို အက်ကွဲကြောင်းလေးကနေ ထုတ်ပေးလာသည်။

ချင်ချွမ်းကလည်း စုတ်တံကို ယူလိုက်ပြီးနောက် ရေးရန် အသင့်ဖြစ်နေလေပြီ။

သို့သော် သူ စဉ်းစားမိသွားလေ၏။

သက်သေအထောက်အထား ချန်ခဲ့မိရင်ရော။

ထို့ကြောင့် သူ ညာလက်နှင့် ရေးမည့်အစား ဘယ်လက်နှင့် ရေးရန် ပြောင်းလိုက်သည်။

သို့သော် သူ ပြန်စဉ်းစားလိုက်ပြန်၏။

အန္တရာယ်ကင်းရန် မလုံလောက်သေးပေ။

ထိုကြောင့် သူ အက်ကွဲကြောင်းလေးအား တလေးတနက် ကြည့်ကာ ပြောလိုက်သည်။

"စိတ်မရှိပါနဲ့ ကျေးဇူးပြုပြီး အနောက်ကို လှည့်ပေးလို့ရမလား"

အက်ကွဲကြောင်းအနောက်မှ အဘိုးအိုက ခဏတာမျှ ကြောင်အသွားတာ သိသာလှ၏။ သို့သော်ငြား ဘာလို့လဲဆိုတာကို မမေးဘဲ အက်ကွဲကြောင်းလေးကို ပိတ်လိုက်လေသည်။

မည်သို့ပင်ဆိုစေကာမူ ဖောက်သည်က ဘုရင်ပင်။

မြေအောက်မှောင်ခိုဈေးကွက်မှာတောင် လုပ်ငန်းတစ်ခု၏ ဂုဏ်သတင်းက ထပ်တူညီစွာ အရေးကြီး၏။

အက်ကွဲကြောင်းပိတ်သွားသောအခါ ချင်ချွမ်းသည် သူ၏ ဘယ်ဘက်ဖိနပ်ကို ချွတ်လိုက်သည်။ ထို့နောက် သူ့ခြေချောင်းများကို သုံး၍ စုတ်တံကို ကိုင်ကာ စတင်ရေးလိုက်၏။

ခြေထောက်နှင့်ရေးခြင်းက ရှုပ်ပွနေပြီးသားပင်။ ဘယ်ဘက်ခြေထောက်နှင့်ဆိုလျှင် ပိုတောင်ဆိုးသေးသည်။ တစ်ယောက်ယောက်ကသာ ဤအရာက သူ့လက်ရေးဖြစ်ကြောင်းကို မှတ်မိနိုင်လျှင် အံ့ဖွယ်ရာဖြစ်နေလိမ့်မည်။

အချိန်အတော်ကြာပြီးနောက် အဓိပ္ပာယ်မရှိသော စာသားတစ်ခုကို သူ ရေးလို့ပြီးသွားခဲ့၏။ ထိုစကားလုံးများက ရုပ်ဆိုးလှသော်လည်း သေချာကြည့်လျှင်တော့ ဖတ်နိုင်ပါသေးသည်။

"ခရက်! ခရက်! ခရက်!"

သူ အက်ကွဲကြောင်းလေးကို ခေါက်လိုက်တော့ အက်ကွဲကြောင်းက နောက်တစ်ကြိမ် ပွင့်လာ၏။

"ဒီကောလာဟလတွေကို မင်ဟောက်မြို့တစ်ခုလုံးမှာ သုံးရက်အတွင်း ဖြန့်ပေးပါ"

ချင်ချွမ်းသည် စာရေးကိရိယာများကိုလည်း ပြန်ပေးလိုက်သည်။

အက်ကွဲကြောင်းလေးအနောက်မှ အဘိုးအိုက ခေတ္တ ရပ်သွားပြီးနောက် ထူးဆန်းသောအသံဖြင့် ပြောလိုက်၏။

"ကျုပ်တို့က ကောလာဟလရဲ့အကျိုးသက်ရောက်မှု၊ ပစ်မှတ်ထားတဲ့လူရဲ့အခြေအနေနဲ့ ဖြန့်ချိတဲ့နယ်ပယ်ပေါ်မှာ မူတည်ပြီး အခကြေးငွေယူပါတယ်"

"နားလည်ပါတယ်"

ချင်ချွမ်းလည်း တည်ငြိမ်စွာ ပြောလိုက်သည်။

"လူကြီးမင်း မှာထားတဲ့ ကောလာဟလအတွက် ကျုပ်တို့ရဲ့ အခကြေးငွေက… စိတ်ဝိညာဥ်ကျောက်တုံးတစ်သိန်းပါ"

အဘိုးအိုက နက်ရှိုင်းသော အသံဖြင့် ပြော၏။

"ကောင်းပြီ"

ချင်ချွမ်း ခေါင်းညိတ်လိုက်သည်။ ထိုပမာဏက သူ့ဘတ်ဂျက်ထဲမှာ ရှိသေး၏။ ထို့ကြောင့် ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်း၏ ရွှေကတ်ကိုသုံးကာ စိတ်ဝိညာဥ်ကျောက်တုံးတစ်သိန်းကို လွှဲလိုက်သည်။

ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်းတွင် ဘဏ်များရှိပြီး အလွန်ဂုဏ်သိက္ခာရှိတာကြောင့် သူတို့၏ ရွှေကတ်များအား နေကိုးလုံးနယ်မြေတစ်ခုလုံးမှာ အသုံးပြုနိုင်၏။

"တခြားဘာများလိုသေးလဲ"

အဘိုးအိုက မေးသည်။

"မလိုတော့ပါဘူး၊ ကျေးဇူးတင်ပါတယ်"

"ဒါဆို ဒီလမ်းကနေ ထွက်သွားလို့ရပါတယ်"

အဘိုးအိုက ယဉ်ကျေးစွာ ပြောလာသည်။ ယန္တရားတစ်ခုကို အသက်သွင်းလိုက်ပုံရကာ ညာဘက်နံရံမှာ ကွဲထွက်သွားပြီး လျှို့ဝှက်လမ်းကြောင်းတစ်ခု ပေါ်လာ၏။

"နှုတ်ဆက်ပါတယ်"

လျှို့ဝှက်လမ်းကြောင်းထဲသို့ ချင်ချွမ်း ဝင်သွားလိုက်သည်။

လမ်းကြောင်းက ရှည်လျားပြီး အေးစက်ကာ မှောင်မိုက်နေ၏။ အချိန်အတော်ကြာ လျှောက်ပြီးနောက် အဆုံးကို ရောက်လာပြီး လမ်း၏ ထောင့်တစ်နေရာကို ရောက်သွားလေသည်။

"ခရက်! ခရက်! ခရက်!"

နောက်ပြန်လှည့်ကြည့်လိုက်တော့ လျှို့ဝှက်လမ်းကြောင်း၏အဖွင့်က စက်အစိတ်အပိုင်းများ၏ အသံနှင့်အတူ ပြန်ပိတ်နေသည်ကို သူ မြင်လိုက်ရ၏။

"အိမ်ပြန်ရတော့မယ်၊ ငါ့ရဲ့ပြဿနာရှာတတ်တဲ့သားက ပြန်မရောက်သေးဘူးလို့ မျှော်လင့်မိတယ်၊ မဟုတ်ရင် ငါ နောက်ထပ် ဆင်ခြေတစ်ခု ရှာရဦးမယ်"

သူ ပြုံး၍ ခေါင်းခါယမ်းမိသည်။ ထို့နောက် သူ လမ်းထောင့်ကနေ ထွက်လာခဲ့ပြီး လမ်းညွှန်များကို မေးပြီးနောက် ခြံဝင်းသို့ အမြန် ပြန်သွားခဲ့၏။

အိမ်ပြန်ရောက်သောအခါ သူ၏ ပြဿနာရှာတတ်သောသားက ပြန်မရောက်သေးပေ။

ထို့ကြောင့် သူ စိတ်သက်သာရာရသွားခဲ့သည်။ သူ၏ ပြဿနာရှာတတ်သောသားကို လှည့်စားရန်အတွက် အကြောင်းပြချက်ထောင်ပေါင်းများစွာက သူ့စိတ်ထဲမှာ အမြဲ ရှိနေပေမယ့်လည်း ပြဿနာကို ရှောင်ခြင်းက အကောင်းဆုံးပင်။

"ဒင်! သားဖြစ်သူက သန့်စင်သောယန်နယ်ပယ်က စတုတ္ထအဆင့်ကျွမ်းကျင်သူကို ရန်စလိုက်ပါပြီ၊ မင်းရဲ့သိုင်းပညာကို သန့်စင်သောယန်နယ်ပယ်စတုတ္ထအဆင့်ထိ မြှင့်တင်ပေးပါမယ်၊ အဆင့်တူတွေကြားမှာ မင်းအနေနဲ့ မရှုံးနိမ့်နိုင်တော့ဘူး"

ထိုအချိန်၌ စနစ်၏အသံက ပဲ့တင်သံထပ်လာခဲ့သည်။

ချင်ချွမ်းမှာ ကြောင်အသွားပြီးနောက် ဝမ်းသာသွားရ၏။

ဘာတွေဖြစ်နေတာလဲ။

ငါ့ရဲ့ပြဿနာရှာတတ်တဲ့သားက သူကိုယ်တိုင် ပြဿနာရှာတတ်ဖို့ သင်ယူလိုက်ပြီလား။

နှစ်လိုစဖွယ်ပဲ။

ချစ်စရာကောင်းချက်!

ပြဿနာရှာတတ်သောသားတစ်ယောက်ကို ပြုစုပျိုးထောင်ရန် ခက်ခဲမည်ဟု အစက ထင်ခဲ့သည်။ သို့သော်ငြား မထင်မှတ်ထားဘဲ သူ၏ ပြဿနာရှာတတ်သောသားက ဒီလောက် ပျော်ရွှင်စရာကောင်းသော အံ့အားသင့်စရာတစ်ခုကို အချိန်တိုအတွင်းမှာ ပေးခဲ့၏။

"ဒါပေါ့! ငါ ဘာကိုစိုးရိမ်နေတာလဲ၊ ကံကြမ္မာပါလာတဲ့ကလေးက ပြဿနာရှာဖို့ မွေးဖွားလာတာပဲ၊ ငါ ဘာမှမလုပ်ရင်တောင် သူက ပြဿနာလိုက်ရှာမှာပဲ!"

"အဖေ အဖေ! ကယ်ပါဦး!"

မကြာခင်မှာပင် ချင်ကျီ၏ အရေးပေါ်အသံက အပြင်ဘက်ကနေ ထွက်ပေါ်လာသည်။ စိုးရိမ်ပူပန်မှုများပါ အနည်းငယ် ပါဝင်နေပြီး သခင်အား ဆုံးရှုံးသွားသည့် ခွေးတစ်ကောင်ကဲ့သို့ပင်။

"မင်း! မိမစစ်ဖမစစ်လေး! ငါတို့ရဲ့သခင်မလေးကို ရိုက်နှက်ပြီး ပြေးချင်သေးတာလား! ဒီနေ့ မင်း အဖေကို အော်ခေါ်နေတာလည်း အကျိုးမရှိဘူး! မင်း အဘိုးကို အော်ခေါ်ရင်တောင်မှ အကျိုးမရှိဘူးကွ!"

ဒေါသထွက်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏အသံတစ်ခုပါ ထွက်ပေါ်လာ၏။ ထိုအသံကိုကြားသောအခါ ချင်ချွမ်းလည်း အမြန်ထွက်သွားလိုက်သည်။

တံခါးဝတွင် ချင်ကျီက ထိတ်လန့်တကြား ပြေးနေပြီး မူလဒန်နယ်ပယ်နဝမအဆင့်မှာရှိသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က သူ့အနောက်ကို စွမ်းအားအလုံးစုံဖြင့် လိုက်နေလေ၏။

"ဟမ် ဒီကလေးက တော်တော်မြန်တာပဲ"

ချင်ချွမ်း မျက်ခုံးပင့်လိုက်သည်။ သူ၏ ပြဿနာရှာတတ်သောသားက ယခု ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားနှင့် အမြန်နှုန်းချင်း တူနေ၏။

သူက ရတနာတစ်ခုခုကို သုံးခဲ့တာလား။

ဒါမှမဟုတ် ဘိုးဘေးတစ်ယောက်ယောက်ကများ သူ့ကို ပူးကပ်သွားတာလား။

"ဟမ့်! သေစမ်း!"

သက်လတ်ပိုင်းအရွယ်အမျိုးသားက အေးစက်စွာ ဟစ်ကြွေးလာပြီး ကြီးမားသော လက်ဖဝါးတစ်ခုအား မြန်ဆန်သော အရှိန်ဖြင့် ထုတ်လွှတ်လိုက်သည်။

"အဖေ! ကျွန်တော့်ကို ကယ်ပါဦး!"

ချင်ကျီမှာ နောက်တစ်ကြိမ် အော်လိုက်ရ၏။

ထိုမြင်ကွင်းကို မြင်သောအခါ ချင်ချွမ်းလည်း ဘေးကနေ ထိုင်မကြည့်နိုင်တော့ပေ။ သူ လျှပ်တစ်ပြက်ပင် ချင်ကျီ၏ အနောက်မှာ ရပ်လိုက်သည်။

"ဘုန်း!—"

အသံခပ်ကျယ်ကျယ်တစ်ခု ထွက်ပေါ်လာပြီး ကြီးမားသော လက်ဖဝါးကြီးက ပေါက်ကွဲသွားကာ အင်အားကြီးမားသော လှိုင်းဂယက်များအားလုံးကို လမ်းကြောင်းအမျိုးမျိုးသို့ ပျံ့စေခဲ့၏။

ထို့အပြင် ချင်ချွမ်းက ထိုနေရာမှာ မလှုပ်မယှက် ရပ်နေခဲ့သည်။

"ဟင်"

ချင်ကျီလည်း ကြောင်သွားပြီး ပျော်ရွှင်စွာဖြင့် အနောက်ကို လှည့်ကြည့်လိုက်လေ၏။ သူ့အရှေ့မှာ ရပ်နေသော ရင်းနှီးသည့် ပုံရိပ်ကို သူ မြင်လိုက်ရသည်။

သူ့အဖေမှလွဲ၍ ဘယ်သူဖြစ်နိုင်ဦးမည်နည်း။

"ခင်ဗျားက ဘယ်သူလဲ ပြီးတော့ ဒီမိမစစ်ဖမစစ်လေးကို ကျုပ်သတ်နေတာကို ဘာလို့ လာတားဆီးနေတာလဲ!"

သက်လတ်ပိုင်းအရွယ်အမျိုးသားသည် ချင်ချွမ်းကိုမြင်သောအခါ ချက်ချင်းပင် လေးနက်သောအမူအရာကို ပြသလာ၏။ အကြောင်းမှာ သူ၏ ပင်ကိုအသိစိတ်သည် ထိုလူက အားကောင်းသည်၊ အလွန် အားကောင်းသည်ဟု ပြောနေသောကြောင့်ပင်။

သေချာပေါက်ပင် သန့်စင်သောယန်အဆင့်ကျွမ်းကျင်သူဖြစ်ရမည်။

"ငါက သူ့အဖေ"

ချင်ချွမ်းသည် သက်လတ်ပိုင်းအရွယ်အမျိုးသားအား အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။

မိမစစ်ဖမစစ်လား။

ငါ့ရဲ့ပြဿနာရှာတတ်တဲ့သားက မိမစစ်ဖမစစ်လေးဆိုရင် ငါက ဘာလဲ။

သက်လတ်ပိုင်းအရွယ်အမျိုးသားလည်း ရုတ်ချည်းပင် အံ့အားသင့်သွားခဲ့၏။ ထို့နောက် သူ မေးခဲ့သည့် မေးခွန်းကို တွေးမိသောအခါ သူ့အမူအရာက တုန်လှုပ်သွားတော့သည်။

သူ့ပါးစပ်ကလည်း တုန်ယင်နေလေပြီ။ သူ သတိထားကာ ပြောလိုက်၏။

"လူကြီးမင်း...တကယ်တော့… ဒါက အထင်လွဲမှားမှုတစ်ခုပါ…"

********************

All Chapters