← Chapters

အဆင့်တူမှာ ပြိုင်ဘက်ကင်း

Vol. 1 Ch. 15

အဆင့်တူမှာ ပြိုင်ဘက်ကင်း

Vol. 1 Ch. 15

"အထင်လွဲတာဆိုရင်လည်း ပြန်သွားနိုင်ပါတယ်"

ချင်ချွမ်းက ဂရုမစိုက်စွာ ပြောလိုက်သည်။

သူပြောနိုင်တာကတော့ ဒီလူသည် မိသားစုတစ်ခုမှ အစောင့်တစ်ယောက်ဖြစ်ပြီး သူ့တာဝန်ကိုသာ လုပ်နေခြင်းပင်။ ထို့ကြောင့် သူ့ကို အခက်တွေ့အောင် လုပ်ရန် မလိုအပ်ပေ။

"ကျေးဇူးတင်ပါတယ် လူကြီးမင်း! ကျေးဇူးတင်ပါတယ် လူကြီးမင်း!"

သက်လတ်ပိုင်းအရွယ်အမျိုးသားက သက်ပြင်းချလိုက်ပေသည်။ ချင်ချွမ်းက ဒီလောက်အထိ စိတ်သဘောထားပြည့်ဝလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူ့နှလုံးသားထဲ၌ ကျေးဇူးတင်စိတ်များ လွှမ်းမိုးသွားခဲ့၏။

အင်အားကြီးသူများကို မစော်ကားသင့်ပေ။

သူ၏ ရိုးရိုးတန်းတန်း မူလဒန်အဆင့် သိုင်းပညာနှင့်သာဆိုလျှင် သန့်စင်သောယန်အဆင့်ကျွမ်းကျင်သူအား စော်ကားမိပါက အသတ်ခံရခြင်းသည် သာမန်ဖြစ်ရပ်ပင်။

သို့သော်ငြား ဤကျွမ်းကျင်သူက အလွန်စိတ်သဘောထားပြည့်ဝသည်။

သူ ခဏတာမျှ စဉ်းစား၍ ကြင်နာစွာ သတိပေးလိုက်၏။

"လူကြီးမင်း လူကြီးမင်းက သန့်စင်သောယန်အဆင့် ကျွမ်းကျင်သူ ဆိုပေမယ့် ခင်ဗျားရဲ့သားက ဒီတစ်ခါမှာ ချန်မိသားစုရဲ့ အဖိုးတန်သမီးလေးကို သတိလစ်သွားအောင် လုပ်ခဲ့တယ်၊ ဒါက ကိစ္စကြီးတစ်ခုပဲ၊ ကျွန်တော် အကြံပေးချင်တာက…ခင်ဗျားတို့ မင်ဟောက်မြို့ထဲကနေ အမြန်ထွက်သွားဖို့ပါပဲ"

ထိုသို့ပြောပြီးနောက် သူ တစ်ဖက်ကို လှည့်ကာ အမြန်ထွက်သွားခဲ့သည်။

ချင်ချွမ်းသည် ထိုစကားကိုကြားသောအခါ အနည်းငယ် မျက်မှောင်ကြုတ်သွားရ၏။

ချန်မိသားစုလား။

သူ သိသလောက်ဆိုလျှင် မင်ဟောက်မြို့ထဲ၌ ထိပ်တန်းအဆင့်အတန်းရှိသည့် မိသားစုသုံးခုရှိသည်။ မိသားစုတစ်ခုစီတိုင်းက အသစ်တစ်ဖန်မွေးဖွားခြင်းအဆင့် ကျွမ်းကျင်သူများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး နက်ရှိုင်းသော အခြေခံအုတ်မြစ်များ ရှိ၏။

ထိုမိသားစုသုံးခုမှာ ချန်မိသားစု၊ ရွှီမိသားစု နှင့် ကောင်းမိသားစုတို့ ဖြစ်သည်။

ထိုထဲ၌ ချန်မိသားစုသည် မကြာသေးခင်က နှစ်များအတွင်း အအောင်မြင်ဆုံးဖြစ်ခဲ့၏။ အကြောင်းမှာ ချန်မိသားစု၌ အသစ်တစ်ဖန်မွေးဖွားခြင်းအဆင့် သားမက်တစ်ယောက်ရှိသည်။

ထိုသူက မြို့အရှင် ပိုင်ချန်။

"စနစ် ငါ့ရဲ့သားက ပြဿနာရှာလို့ ငါက အဲ့ဒီခွန်အားကြီးတဲ့သူကို ရိုက်နှက်လိုက်ပြီထားတော့၊ ဒါဆို အဲ့ဒီလူထက်ပိုပြီး ခွန်အားကြီးတဲ့လူ ထပ်ရောက်လာရင် ငါ့ရဲ့သိုင်းပညာက ဆက်ပြီးတိုးသွားမှာလား"

ချင်ချွမ်းသည် သူ့စိတ်ထဲ၌ တိတ်တဆိတ် မေးလိုက်၏။

"စနစ်က သားဖြစ်သူကြောင့် ပေါ်လာတဲ့ အင်အားကြီးရန်သူတွေကိုသာ ဖြေရှင်းပေးပါတယ်၊ ပိုပြီးအင်အားကြီးတဲ့လူက မင်းအတွက် ရောက်လာတာ သေချာနေပြီဆိုရင်တော့ အဲ့ဒီအတွက် စနစ်က တာဝန်မယူပါဘူး"

စနစ်က ရက်ရက်စက်စက်ပင် ပြန်ဖြေလာသည်။

ချက်ချင်းဆိုသလိုပင် ချင်ချွမ်း၏မျက်နှာက တင်းမာသွားခဲ့၏။

ခုနက သူ၏သိုင်းပညာက သန့်စင်သောယန်နယ်ပယ်၏ စတုတ္ထအဆင့်အထိ တိုးခဲ့သည်။ ထိုအဆင့်က ချန်မိသားစုမှ အဖိုးတန်သမီးငယ်လေး၏ ဖခင်ဆီကနေ လာတာဟု သူ ခန့်မှန်းမိ၏။

သို့သော်ငြား ချန်မိသားစုမှ မိန်းမငယ်လေး၏ဖခင်ကို သူ အနိုင်ယူပြီးနောက် သူမ၏ ဦးလေးများ သို့မဟုတ် အဘိုးကများ ပေါ်လာလျှင် ဘယ့်နှယ်လုပ်မည်နည်း။

ပိုဆိုးသည်မှာ မြို့အရှင်ပိုင်ချန်က သူကိုယ်တိုင် ပေါ်လာခဲ့လျှင် ဘယ်လိုလုပ်မည်နည်း။

လက်ရှိအချိန်၌ သူတောင်မှ သူ့သားနှင့်အတူ ပစ္စည်းများကို ထုပ်ပိုး၍ ထွက်ပြေးချင်စိတ်ဖြစ်သွားခဲ့သည်။

သို့သော်…

"ငါ ထွက်ပြေးခဲ့ရင် ငါ့သားရဲ့မျက်လုံးထဲမှာ ငါတည်ဆောက်ထားခဲ့တဲ့ ပုံရိပ်က မပြိုလဲသွားနိုင်ဘူးလား၊ ငါလုပ်ခဲ့တဲ့ ကြွားလုံးတွေ ပေါ်သွားတော့မှာ မဟုတ်ဘူးလား"

သူ့စိတ်ထဲ၌ တကယ်ကို ရုန်းရင်းဆန်ခတ် ဖြစ်နေလေ၏။

"အဖေ ဘာဖြစ်လို့လဲ"

ထိုအချိန်၌ ချင်ကျီသည် သူ့ဖခင်အား ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ကြည့်လာသည်။

အဖေက ချန်မိသားစုကို စိုးရိမ်နေတာလား။

မဖြစ်နိုင်ပေ။

အဖေက သိသာစွာပင် ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ဦးပင်။ သူ လိုချင်သရွေ့ ဘယ်အချိန်မဆို ကောင်းကင်ဘုံအဆင့် ကို ပြန်ရောက်နိုင်ပြီး ဤနယ်မြေတစ်ခုလုံးကို နှိပ်ကွပ်နိုင်ပေ၏။

"ဘာမှမဖြစ်ပါဘူး…"

သူ၏ပြဿနာရှာတတ်သောသားဖြစ်သူကို ရှုပ်ထွေးနေသောပုံစံဖြင့် ကြည့်နေရင်း ချင်ချွမ်းသည် သူ့အား ရိုက်ပစ်ချင်သော စိတ်ဆန္ဒတစ်ခု ပေါ်လာခဲ့သည်။

သို့သော်ငြား သူ မြန်မြန်ဆန်ဆန်ပင် စိတ်ငြိမ်သွားခဲ့၏။

ပြဿနာရှာတတ်သောသားမှ ပြဿနာရှာခြင်းသည် သူ မျှော်လင့်ထားသည့် အတိုင်းပင်။ ဆိုမှတော့ သူ့ကို ဘယ်လိုလုပ် အပြစ်တင်နိုင်မည်နည်း။

တစ်နည်းအားဖြင့် သူ့သားက ပြဿနာရှာခဲ့လျှင် သူ ကောင်းကောင်းလုပ်ခဲ့သည်ဟု ဆိုလိုခြင်းပင်။ ချင်ချွမ်းက ထိုကိစ္စရပ်ကို မကိုင်တွယ်နိုင်ခဲ့လျှင် သူသည် အရည်အချင်းမပြည့်မီဘူးဟု ဆိုလိုနိုင်သည်။

နောက်တစ်နည်းဖြင့် ပြောရလျှင်။

ဖခင်တစ်ယောက်၏အလုပ်က သူ့သား၏အပြစ်ကို ဝင်ခံရန် မဟုတ်ပါလော။

ကိုင်တွယ်နိုင်ရင် ကိုင်တွယ်လိုက်!

မဟုတ်ရင် ခံနိုင်ရမယ်!

မခံနိုင်ရင် ခံနိုင်အောင် နည်းလမ်းရှာ!

"မင်း အစေခံသွားဝယ်တာမဟုတ်ဘူးလား၊ ဒါက ဘယ်လိုဖြစ်တာလဲ၊ ဘာတွေဖြစ်ခဲ့တာလဲ"

ချင်ချွမ်းက တည်ငြိမ်စွာ မေးလိုက်သည်။

"အဖေ ကျွန်တော်လည်း အစေခံသွားဝယ်ခဲ့တာပါ၊ အရမ်းကိုထူးဆန်းတဲ့ ကောင်မလေးတစ်ယောက်ကို သဘောကျလို့ ဝယ်ဖို့တောင် အစီအစဉ်ရှိခဲ့တယ်"

"ဒါပေမဲ့ ကျွန်တော် ပိုက်ဆံပေးပြီးတော့ ကောင်မလေးကို ခေါ်သွားဖို့ ပြင်တုန်းမှာ မောက်မာတဲ့သခင်မလေးတစ်ယောက်က ရုတ်တရက်ပေါ်လာတယ်"

"အဲ့ဒီကောင်မလေးက ဘာမှမပြောဘဲ ကျွန်တော်ဝယ်ထားတဲ့ အစေခံမလေးကို ခေါ်သွားချင်ခဲ့တယ်၊ သူမက မောက်မာပြီး ဆင်ခြင်တုံတရားမရှိဘူး၊ ပြီးတော့ သူမက ကျွန်တော့်ကို ငွေနဲ့ စော်ကားခဲ့တယ်!"

ချင်ကျီက ဒေါသတကြီးဖြင့် ပြောလာ၏။

"အဖေ ပြောပါဦး...အဖေ့ရဲ့သားတစ်ယောက်အနေနဲ့ ဒီလိုစော်ကားမှုမျိုးကို ကျွန်တော်က သည်းခံရမလား"

"အဲ့ဒီအချိန်မှာ ကျွန်တော်စဉ်းစားလိုက်တယ်၊ ကျွန်တော့်ရဲ့ဂုဏ်သိက္ခာကျဆင်းတာက အရေးမကြီးဘူး၊ ဒါပေမဲ့ အဖေ့ဂုဏ်သိက္ခာ ကျဆင်းအောင်တော့ ကျွန်တော် မလုပ်နိုင်ဘူး! ဒါကြောင့်… ကျွန်တော် သူမကို သတိလစ်သွားအောင် ရိုက်ပစ်လိုက်တယ်"

ချင်ချွမ်းမှာ ခေတ္တ တိတ်ဆိတ်သွားရသည်။

ထို့နောက် ပြဿနာရှာတတ်သောသားလေး၏ ခေါင်းကို ပုတ်ကာ အားဖျော့စွာ သက်ပြင်းချ၍ ပြောလိုက်၏။

"သင်ကြားပေးဖို့လွယ်တဲ့ ကလေးတစ်ယောက်ပဲ…"

ဒီလောက်အထိ သတ္တိရှိလာပြီ။

ပြဿနာရှာတတ်သောသားသည် သူ၏ မျှော်လင့်ချက်များကို စိတ်ပျက်စေခြင်း မရှိခဲ့ပေ။ "ပြိုင်ဘက်ကင်းကျွမ်းကျင်သူ" ဆိုသော ဂုဏ်ပုဒ်သည် သားဖြစ်သူထံ၌ နက်ရှိုင်းစွာ နေရာယူနေလေပြီ။

ယခင်က ချင်ကျီသည် ပြဿနာများနှင့် ရင်ဆိုင်ရသောအခါ သည်းခံခြင်းက စိတ်ငြိမ်သက်စေနိုင်သည်ဟု တွေးခဲ့၏။

သို့သော် အခုအချိန်မှာတော့ သူ ဘာလို့ သည်းခံရမှာလဲဟု တွေးနေလေပြီ။ နောက်ဆုံးမှာ သူ့ထံ၌ ပြန်လည်တိုက်ခိုက်ရန် တရားမျှတသော အကြောင်းပြချက်တစ်ခုရှိလာလေပြီ။

အရင်ဆုံး ရိုက်ပြီးမှ စကားပြောခြင်း!

ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက်၏သားက ထိုမျှအထိ ဆန္ဒရှိရမည်။

ပြဿနာကို မရှာသော်ငြား ပြဿနာကိုလည်း မကြောက်ပေ။

ဒါက ဘာကိုဆိုလိုသနည်း။

ဆိုလိုသည်မှာ အသင့်ကို ကျုပ်ဘက်က စပြီး မလှုံ့ဆော်ပေ။ သို့သော်ငြား အသင့်ဘက်က စထိလာရန် ကျုပ် စောင့်ရပေလိမ့်မည်။ ဒါမှသာ အသင့်ကို ပြင်းပြင်းထန်ထန်ကိုင်တွယ်နိုင်လိမ့်မည်။

"မင်း မိမစစ်ဖမစစ်ကောင်! လာပြီး သေစမ်း!"

ရုတ်တရက်ပင် မိုးခြိမ်းသံကဲ့သို့ အသံတစ်ခုက ပဲ့တင်သံထပ်လာသည်။ ထို့နောက် ကောင်းကင်တစ်လျှောက်၌ သွေးရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေ၏။

ထိုအရာက မီးလျှံဓားတစ်ချောင်းပင်။

"ဗုန်း!"

နောက်တစ်ခဏတွင် ဓားသည် ခြံဝင်းထဲသို့ ဥက္ကာပျံတစ်ခုအလား ကျဆင်းလာသည်။ မြေပြင်က ပြင်းထန်စွာ တုန်ခါသွားပြီး မီးလျှံများနှင့် ကျောက်တုံးကျောက်ခဲများအားလုံးသည် လမ်းကြောင်းအမျိုးမျိုးဆီ လွင့်ထွက်ကာ လမ်းရှင်းသွားလေ၏။

ချင်ချွမ်းလည်း သူ့သားကို သူ့အနောက်သို့ အလိုအလျောက် ဆွဲလိုက်မိသည်။

"ဝှစ် ဝှစ် ဝှစ်!!"

အပူလှိုင်းများက အလွှာလိုက်ပြန့်သွားရင်း သွေးနီရောင် ဧရာမဓားတစ်ချောင်းက ပေါ်လာလေ၏။ ဓား၏ဘေးမှာတော့ ခန္ဓာကိုယ်ထွားကြိုင်းသော ပုဂ္ဂိုလ်တစ်ဦး ထွက်ပေါ်လာသည်။

သူက နီညိုရောင်အရေပြားရှိသော ကြမ်းတမ်းသည့် အမျိုးသားတစ်ယောက်ပင်။

ဝှစ်!

သူက သူ၏ညာဘက်လက်ဖြင့် ဧရာမဓားကို ဆွဲထုတ်ကာ ချင်ကျီကို ချိန်၍ ကြမ်းတမ်းစွာ ပြောလိုက်၏။

"ငါ့သမီးကို နာကျင်အောင်လုပ်တာ မင်းလား၊ ဒီကိုလာပြီးသေစမ်း!"

ချင်ကျီ၏လည်ပင်းက နောက်ရို့သွားလေသည်။ ထိုအဆင့်မှာရှိသော သူရဲကောင်းတစ်ယောက်က သူ့အတွက် တော်တော်လေး ကြောက်စရာကောင်းပေ၏။ တိုက်ပွဲ၏လေတစ်ချက်အဝေ့ကတောင် သူ့ကို ရိုက်ခတ်ပြီး သေဆုံးစေနိုင်သည်။

ချင်ချွမ်းသည် အရှေ့ကို ခြေတစ်လှမ်းတိုး၍ ပြောလိုက်၏။

"လူငယ်တွေကြားမှာဖြစ်တဲ့ ပဋိပက္ခတွေကို အသက်ကြီးတဲ့လူတွေက ဝင်ရောက်စွက်ဖက်တာ မသင့်လျော်ဘူး"

"အိုး! မင်းက သူ့အဖေလား"

ချန်ရှန်းသည် သူ့မျက်လုံးများကို ကျဥ်းမြောင်း၍ ချင်ချွမ်းဘက်သို့ မှေးကြည့်လာသည်။

"ဟုတ်တယ်"

ချင်ချွမ်းလည်း ပြန်ဖြေလိုက်၏။

"ဒီလိုဆိုရင် တိုက်ပွဲတစ်ခု လုပ်ကြရအောင်! ဒါဆို အင်အားကြီးသူက အားနည်းသူကို အနိုင်ကျင့်တာမျိုး ဖြစ်တော့မှာမဟုတ်ဘူး၊ ဟုတ်တယ်မလား"

ချန်ရှန်းက ပြင်းထန်လှသောအကြည့်မျိုးဖြင့် ချင်ချွမ်းကို ကြည့်နေသည်။

"ခင်ဗျား ရှုံးနိမ့်သွားခဲ့ရင် ခင်ဗျားရဲ့ညီအစ်ကို၊ ခင်ဗျားရဲ့အဖေ ဒါမှမဟုတ်… ခင်ဗျားညီမရဲ့ ယောကျ်ားကို ခေါ်မှာလား"

ချင်ချွမ်းသည် သူ့ကိုကြည့်၍ အရင်မေးလိုက်၏။

"ဟားဟား ငါ ချန်ရှန်းက အဲ့ဒီလိုကိစ္စမျိုးလုပ်တာကို မလိုလားဘူး! ဒီနေ့ မင်းသာ ငါ့ကို အနိုင်ယူနိုင်ခဲ့ရင် ဒီနေ့ရဲ့ကိစ္စက ဒီမှာပဲ ပြီးဆုံးသွားလိမ့်မယ်!"

ချန်ရှန်းက ကြမ်းတမ်းရက်စက်စွာ ပြောလေသည်။

"ဒါဆို… လာခဲ့လေ"

ချင်ချွမ်းလည်း သူ၏ညာဘက်ခြေထောက်ကို နင်းလိုက်၏။ သူ့ခန္ဓာကိုယ်က ဥက္ကာပျံတစ်ခုကဲ့သို့ ကောင်းကင်ယံထက် မြင့်တက်သွားကာ ကြောက်စရာကောင်းသော ဖိအားတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ဝုန်း!

ကောင်းကင်ယံ၌ သွေးနီရောင်မီးလှိုင်းများ ပေါ်လာပြီး ချော်ရည်များကဲ့သို့ လည်နေလေ၏။ ထိုတစ်ကွက်ဖြင့် ရာသီဥတုအခြေအနေကို လုံးဝပြောင်းလဲပစ်လိုက်သည်။

"ဟားဟား! စိတ်ဝင်စားဖို့ကောင်းတယ်! တကယ်ကို စိတ်လှုပ်ရှားစရာပဲ! ငါ လာပြီ!"

တိုက်ခိုက်လိုစိတ်က ချန်ရှန်း၏ မျက်လုံးများထဲ၌ ပြည့်နှက်နေခဲ့၏။ သူသည် ဧရာမဓားဖြင့် သွေးနီရောင်ကောင်းကင်ယံသို့ ပြေးဝင်သွားခဲ့ကာ ချင်ချွမ်း ဆီသို့ တိုက်ရိုက်ဦးတည်သွားခဲ့သည်။

သန့်စင်သောယန်အဆင့်ကျွမ်းကျင်သူတစ်ဦးဖြစ်၍ ပျံသန်းနိုင်စွမ်းရှိ၏။

ထိုအရာက ကောင်းကင်ထက်မှ တိုက်ပွဲတစ်ခုပင်။

"ဗုန်း! ဗုန်း! ဗုန်း!"

တိုက်ခိုက်သံများက ပဲ့တင်သံထွက်လာသည်။ အစုလိုက်အပြုံလိုက် ပေါက်ကွဲနေသော မီးလျှံများနှင့်အတူ ကောင်းကင်တစ်ခုလုံးက သွေးနီရောင်တိမ်များဖြင့် ပြည့်နေလေ၏။

မင်ဟောက်မြို့ရှိ လူအများအပြားသည် မေးရိုးများအောက်ကျလျက် ထိုမြင်ကွင်းကို ကြည့်နေကြသည်။

အခုလိုတိုက်ပွဲမျိုးအား ရှားရှားပါးပါး မြင်ရခြင်းဖြစ်၏။

အကြောင်းမှာ သန့်စင်သောယန်အဆင့် ကျွမ်းကျင်သူများကြားတွင် သေးငယ်သော ကိစ္စများကြောင့် ကြီးမားသည့် တိုက်ပွဲများ ဖြစ်လာရန်မှာ အလွန်ရှားပေသည်။ တစ်ယောက်က ပိုပြီးအားကောင်းလေလေ၊ သူတို့ တိုက်ခိုက်ခြင်းက ပိုနည်းလေဖြစ်၏။

"ဒုန်း!"

ခပ်အုပ်အုပ်အသံထွက်လာပြီး ခန္ဓာကိုယ်ထွားကြိုင်းသောပုဂ္ဂိုလ်တစ်ယောက်က မီတာရာနှင့်ချီ၍ လွင့်စင်သွားသော်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီးနောက် ပြန်ပြေးဝင်လာသည်။

"လာပြီ!"

"ဒုန်း!"

"ထပ်လာစမ်း!"

"ဒုန်း!"

…

ချန်ရှန်း၏ခန္ဓာကိုယ်မှာ အမြဲတမ်း နောက်ပြန်အရိုက်ခံနေရ၏။ သို့သော် သူက ပိုပြီးတော့ ခွန်အားပြင်းပြင်းဖြင့် ထပ်တိုက်ခိုက်လာပြီး သူ့မျက်လုံးများက ပိုပိုပြီးတောက်ပလာလေသည်။

နောက်ဆုံးမှာ သူတို့နှစ်ယောက် ထပ်ပြီး တိုက်ခိုက်လိုက်ကြ၏။

"ဘုန်း!!"

သူတို့နှစ်ယောက်ဆီမှ မီးတောက်လောင်နေသော အနီရောင်အလင်းက စက်ဝိုင်းအပြင်ဘက်သို့ ထွက်သွားပြီး ခမ်းနားသောမြင်ကွင်းတစ်ခုကို ဖန်တီးလိုက်လေသည်။

ထို့အပြင် ချန်ရှန်း၏အလင်းတိုင်က တစ်ခုမြင့်တက်တက်လာပြီး သူ့အရှိန်ကို နောက်ထပ် အဆင့်တစ်ခုအထိ မြှင့်တင်လိုက်လေ၏။

"ဟားဟားဟား နောက်ဆုံးတော့ ငါ တိုးတက်မှုတစ်ခု ရခဲ့ပြီ!"

ချန်ရှန်းသည် ကောင်းကင်ထက်သို့ ရူးသွပ်စွာ ရယ်မောလိုက်သည်။ သူ စိတ်ငြိမ်ရန်အတွက်ပင် အချိန်အကြာကြီးယူခဲ့ရ၏။

သူ ချင်ချွမ်းကို ကြည့်လိုက်ရာ သူ့အမူအရာက အနည်းငယ်တော့ ရှက်နေလေသည်။

"ကောင်းပြီ၊ ဒီနေ့… ဒါကို သရေလို့ သတ်မှတ်လိုက်၊ နောက်တစ်ခါကျရင် မင်းနဲ့ ထပ်ပြိုင်ဖို့ ငါ လာရှာမယ်!"

ထိုသို့ပြောပြီးနောက် သူ အဝေးကို ပျံသန်းသွားလိုက်၏။ ချင်ချွမ်းကမူ သူ၏ ထွက်ခွာသွားသောပုံရိပ်ကို ကြည့်နေရင်း သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ရှိနေလေသည်။ ကိစ္စက နောက်ဆုံးမှာတော့ ဖြေရှင်းပြီးသွားလေပြီ။

မြေပြင်ပေါ်တွင် ချင်ကျီသည် ကောင်းကင်ထက်သို့ ကြောင်တောင်တောင်ဖြင့် ငေးကြည့်ကာ သူ့စိတ်ထဲ၌ မေးမိသည်။

"သခင်မ၊ အဲ့ဒီလူက ကျွန်တော့်အဖေနဲ့ အဆင့်တူ တိုက်ခိုက်နိုင်ခဲ့တာလား"

"ဟင်း~ မင်းအဖေက အလျှော့ပေးထားတာ"

ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီး၏ အသံက ထွက်ပေါ်လာပြီး အနည်းငယ်သော လေးစားမှုပါ ပါဝင်နေလေ၏။

"မင်းအဖေက အရမ်းအားကောင်းတယ်၊ မယုံနိုင်စရာလောက်အောင် အားကောင်းတယ်… အဆင့်တူမှာ သူ့ကို ဘယ်သူမှ အနိုင်ယူနိုင်မယ်လို့ ငါမထင်ဘူး"

"သူက သူ့အဆင့်ထက် ကျော်လွန်ပြီး စိန်ခေါ်နိုင်တာလား"

ချင်ကျီလည်း မျှော်လင့်တကြီး မေးလိုက်မိသည်။

"ဒါက သူ့အဆင့်ထက် ကျော်လွန်ပြီး စိန်ခေါ်နိုင်တာထက် ပိုတယ်… နေကိုးလုံးနယ်မြေလိုမျိုး နေရာသေးသေးလေးမှာ မင်းအဖေက ပြိုင်ဘက်ကင်းပဲ"

"ပြီးတော့ ဒါက ကိုယ်ခံပညာ ဒါမှမဟုတ် တခြားနည်းလမ်းတွေ မပါသေးဘူး၊ မင်းအဖေလိုမျိုး အင်အားကြီးတဲ့လူတစ်ယောက်ဆီမှာ တခြားနည်းလမ်းတွေ အများကြီးရှိနေမှာ သေချာတယ်"

ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီး၏အသံထဲ၌ နွေးထွေးမှု အနည်းငယ် ပါဝင်နေလေသည်။ ထိုအရာသည် စစ်မှန်သော ကြည်ညိုလေးစားမှုကနေ ဆင်းသက်လာခြင်းဖြစ်၏။

*******************

All Chapters