ဤသည်က အမတလောက ဖြစ်သည်
Vol. 1 Ch. 1
“ကျွန်မက အသက်၁၈နှစ်၊ အရပ် ၁၆၅စင်တီမီတာ၊ ကျန်းဟူ က အမျိုးသမီးသူရဲကောင်းတစ်ဦးပါ။ အင်မော်တယ်ကျင့်ကြံသူ ခင်ပွန်းလာရှာတာပါ။”
“ရင့်ကျက်တဲ့ အသက်၃၀အရွယ် အမျိုးသမီးကျင့်ကြံသူပါရှင့်၊ အသက်လေးရလာလို့ ရင့်ကျက်တဲ့ အမျိုးသား ကျင့်ကြံသူတစ်ဦးနဲ့ လက်ကျန်ဘဝကို အတူကုန်ဆုံးလိုပါတယ်။”
“စွမ်းအားကြီး အင်မော်တယ်ကျင့်ကြံသူတွေ ထိန်းချုပ်ခံရတာ ကြိုက်တဲ့ ကျင့်ကြံသူ မိန်းမငယ်လေးပါရှင့်။”
“အင်မော်တယ်ကျင့်ကြံသူတွေက စွမ်းအား ကြီးတယ်လို့ ကြားဖူးလို့ပါ။ ဒီနှိမ့်ချတတ်တဲ့ကျွန်မက ထုံးတမ်းစဉ်လာတွေကို နားလည်ပြီး အငယ်အနှောင်း ဖြစ်ပေးနိုင်ပါတယ်ရှင့်”
“အင်မော်တယ်ကျင့်ကြံသူ အစ်ကိုကြီး၊ ကျွန်မက နှစ်ပေါင်းများစွာ စီးပွားရေးတွေ လုပ်ခဲ့ပြီးတော့ အရမ်းကို ချမ်းသာကြွယ်ဝတဲ့ မိသားစုကပါ။ သားသားမီးမီး အပြည့်နဲ့ ပျော်ရွှင်စရာ အိမ်ထောင်တစ်ခု တောင့်တနေတာပါ။”
မီယွင်မြို့ရှိ ပိုင်ဟွာအပျော်ဂေဟာ အပြင်ဘက်။
လှလှပပဝတ်စားထားသော ဆွဲဆောင်မှုရှိသော အမျိုးသမီးများက ဒုတိယထပ်ပေါ်တွင် ရပ်နေကြပြီး ဖြတ်သွားဖြတ်လာ အင်မော်တယ်ကျင့်ကြံသူများအား တစ်ယောက်တစ်လှည့် မျက်စိ၊မျက်ဆံပစ်ကာ အရိပ်အမြွက်ပြနေကြ၏။ ထိုသို့ပြုလုပ်ခြင်းကြောင့် ဖြတ်သွားဖြတ်လာ ကျင့်ကြံသူများမှာ မကြာခဏ လည်ပြန်လှည့်ကြည့်မိကြသည်။
ဤသည်မှာ အင်မော်တယ် ကျင့်ကြံခြင်းကမ္ဘာတစ်ခု ဖြစ်သည်။
အင်မော်တယ် ကျင့်ကြံသူတစ်ဦး ဖြစ်လာသည်နှင့် ၎င်းတို့သည် လူဘုံလောကမှ ကောင်းကင်သို့ ခြေတစ်လှမ်းဖြင့် တက်လှမ်းနိုင်သော မသေမျိုးတစ်ဦး ဖြစ်လာမည် ဖြစ်ပြီး၊ သာမန် အင်မော်တယ်ကျင့်ကြံသူများပင်လျှင် နှစ်တစ်ရာခန့် အသက်ရှည်ကာ များစွာသော ချမ်းသာကြွယ်ဝမှုများအား ပိုင်ဆိုင်နိုင်ကြ၏။
အင်မော်တယ် ကျင့်ကြံသူ တစ်ဦး ဖြစ်လာခြင်းက အလိုအလျောက် ရွေးချယ်ရန် သင့်တော်သော ခင်ပွန်းဂုဏ်ပုဒ် ရစေကာ၊ မရေမတွက်နိုင်သော သေမျိုးလောကမှ အမျိုးသမီးများအား မီးကို တိုးသော ပိုးဖလံများကဲ့သို့ ဖြစ်စေနိုင်လောက်အောင် ဆွဲဆောင်နိုင်ပေသည်။
“ဟမ့်၊ ငါ့တာအိုနှလုံးသားကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ နတ်ဆိုးမတစ်သိုက်ပဲ!”
“သေမျိုးမိန်းမတွေကများ “ငန်းသားစားချင်တဲ့ ဖားပြုတ်” လို လုပ်နေကြတယ်”
“အမှန်ပဲ၊ ငါတို့လို စိတ်ဝိညာဉ်အမြစ်ရှိတဲ့ အင်မော်တယ်ကျင့်ကြံသူတွေဆိုတာ ထာဝရအသက်ရှည်ခြင်းရဲ့ မဟာတာအိုကို လိုက်စားကြသူတွေပဲ၊ ဒီလိုကိစ္စတွေနဲ့ ဘာလို့ နစ်မြုပ်နေနိုင်မှာလဲ?”
“စိတ်နှလုံးသားထဲမှာ ဘယ်မိန်းမမှ မရှိစေဘဲ တာအိုကို ကျင့်ကြံခြင်းက နတ်ဘုရားအဖြစ်ကို အလွယ်တကူ ရနိုင်လိမ့်မယ်။”
များစွာသော ဖြတ်သွားဖြတ်လာ အင်မော်တယ် ကျင့်ကြံသူ အမျိုးသားများက အံများကြိတ်ကာ လှုပ်ရှားနေသာစိတ်နှလုံးအား ဖိနှိပ်၍ ပိုင်ဟွာအပျော်ဂေဟာအဝေးသို့ အလျင်အမြန် ထွက်ခွာသွားကြ၏။
မဟုတ်ပါက သမာဓိပျက်ကာ ထိုနတ်ဆိုးမများ၏ ထောင်ချောက်ထဲသို့ သက်ဆင်းသွားနိုင်ပေသည်။ ထို့သို့ ဖြစ်ပါက ထိုအမျိုးသမီးများကြောင့် ပျက်စီးခြင်းသို့သာ ရောက်ရပေမည်။
မနီးမဝေး၌ ထိုမြင်ကွင်းအား ကြည့်ရှုနေသော ၁၈နှစ်ခန့်အရွယ် လူငယ်တစ်ဦးရှိကာ သူ့မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာရှိနေသည်။ သူ့အတွက် အရာရာတိုင်းက မယုံနိုင်စရာကောင်းအောင် အသစ်အဆန်းများ ဖြစ်နေပေသည်။
သူ့အမည်က ကျိုးစွေ့ ဖြစ်ပြီး ကူးပြောင်းလာသူ တစ်ဦး ဖြစ်၏။
အစတုံးက သူသည် ဘဝဟောင်း၌ အိမ်နှင့်ကား ပိုင်ဆိုင်သော သက်တောင့်သက်သာ ဘဝအား ဖြတ်သန်းနေသည့် အိုတာကုတစ်ဦး ဖြစ်၏။ သို့သော် တစ်နေ့၌ တောင်တက်နေစဉ် ရုတ်တရက် ခြေချော်ကာ ချောက်ထဲကျသွားမည်ဟု မည်သူ ထင်ထားမည်နည်း။
ရလဒ်အနေဖြင့် ဤအင်မော်တယ် ကျင့်ကြံခြင်းလောကသို့ ကူးပြောင်းရောက်ရှိလာပြီး သူနှင့် နာမည်တူ အသက်၁၈အရွယ် လူငယ်တစ်ဦး ဖြစ်လာခဲ့သည်။
အရေးအကြီးဆုံးအချက်မှာ သူ၏ ယခင်မိဘများက ချီသန်စင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း၊ ရှေးဟောင်း အမွေအနှစ်တစ်ခုအား စူးစမ်းရှာဖွေစဉ်အတွင်း သေဆုံးသွားခဲ့ကြကာ သူ့အား တစ်ကိုယ်တော် ထားရစ်ခဲ့ခြင်းပင်။
ထို့အပြင် သူသည် နဝမအဆင့်ရှိ စိတ်ဝိညာဉ်အမြစ် ကျင့်ကြံသူတစ်ဦးသာ ဖြစ်ပြီး၊ ယနေ့ထိတိုင် သူ၏ကျင့်ကြံမှုက ချီသန့်စင်ခြင်း အဆင့်(၁)သို့သာ ရောက်ရှိထားပေသည်။
ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများဖြင့် စည်းကားသော ဤမီယွင်မြို့တွင် နေထိုင်ရန်မှာ လွယ်ကူလှသည်မဟုတ်ပေ။
အဆုံးသတ်၌ ဤသည်ကား အားကြီးသူက အားနည်းသူများအား စားသုံးကာ စွမ်းအားကိုသာ ကိုးကွယ်ကြသော ဥဒေမဲ့ကျင့်ကြံသူများ၏ လောကဖြစ်လေသည်။ စွမ်းအားမရှိပါက အခြားသူများ၏ သတ်ဖြတ်ခြင်းကို ခံရသည့်တိုင် မည်သူကမှ ကယ်တင်ပေးနိုင်မည် မဟုတ်ချေ။
ကံကောင်းထောက်မစွာ သူ၏မိဘများသည် ယခင်က မီယွင်မြို့တွင် နေထိုင်ရန် နေအိမ်တစ်လုံးဝယ်ယူခဲ့ပြီး သူနေထိုင်ရန် ပေးခဲ့သည်။ သို့မဟုတ်ပါက သူ၏ကျင့်ကြံမှုအဆင့်ဖြင့် မီယွင်မြို့မှာ မောင်းထုတ်ခံရမည်မှာ သေချာပြီး အိမ်ယာမဲ့ဘဝ ရောက်ရပေမည်။
ထို့ကြောင့် လှပကာ ဆွဲဆောင်မှုရှိသော ထိုမိန်းမငယ်လေးများအား မြင်တွေ့နေရသော်လည်း မငတ်ရုံတမည် မွဲတေနေသော မိသားစုကြောင့် သူတို့နှင့် ပျော်ပါးနိုင်ခြင်း မရှိပေ။
ဤအကြောင်းအား တွေးတောရင်း ကျိုးစွေ့သည်လည်း ခြေလှမ်းသွက်သွက်ဖြင့် ပိုင်ဟွာအပျော်ဂေဟာမှ အလျင်အမြန်ထွက်ခွာကာ နေအိမ်သို့သာ ပြန်ခဲ့တော့သည်။
“အိုး၊ ချစ်တူလေး ပြန်လာပြီလား။ ငါ အရင်က ပြောတဲ့ကိစ္စ မင်း ဘယ်လိုထင်တုံး?”
ထိုအချိန်တွင် နှုတ်ခမ်းချွန်ချွန်၊ မျောက်မျက်နှာကျနှင့် သက်လတ်ပိုင်း လူတစ်ဦးက လျှောက်လာကာ ကျိုးစွေ့အား ကြင်နာစွာ စကားဆိုသည်။
“ဦးလေးလျို၊ အဲ့ကိစ္စကို မေ့လိုက်ရအောင်ပါ။ ဒီအိမ်က ကျွန်တော့်အတွက် မိဘတွေ ချန်ရစ်ခဲ့တဲ့အရာ၊ ကျွန်တော် မရောင်းချင်သေးဘူး”
ကျိုးစွေ့ ထိုသက်လတ်ပိုင်းအမျိုးသားအား ချက်ချင်းပင် မှတ်မိသည်။ သူ၏အမည်မှာ လျိုတုန် ဖြစ်ပြီး၊ သူ့မိဘများ၏ ကာလရှည်ကြာ ရင်းနှီးခဲ့သော မိတ်ဆွေတစ်ဦး ဖြစ်သည်။
သို့သော်၊ သူ့မိဘများ ဆုံးပါးသွားသည့်နောက်ပိုင်းတွင် သူ၏သဘောထားများက ပြောင်းလဲသွားကာ ဤနေအိမ်အား ရောင်းချရန် သူ့အား သွေးဆောင်ဖျောင်းဖျတော့သည်။ ၎င်း၌ အဆက်အသွယ် အများအပြားရှိပြီး၊ အင်မော်တယ်ရှားဂိုဏ်း၏ ကြီးကြပ်ရေးမှုးအား လာဘ်ထိုးကာ သူ့အား အပြင်စည်းတပည့်တစ်ဦး ဖြစ်လာအောင် လုပ်ပေးနိုင်ကြောင်း အခိုင်အမာ ပြောဆိုထားလေသည်။
သိထားရမည်မှာ၊ အင်မော်တယ်ရှားဂိုဏ်း ဆိုသည်ကား လီတစ်သောင်း ဧရိယာ ပတ်ပတ်လည်အား လွှမ်းမိုးထားနိုင်သော ဂိုဏ်းကြီးတစ်ခုဖြစ်ပြီး၊ ဂိုဏ်းခေါင်ဆောင်သည် နက်ရှိုင်းသော စွမ်းအားများ ရှိသည့် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ တစ်စုံတစ်ဦးက အမှန်တကယ် အင်မော်တယ်ရှားဂိုဏ်းတပည့် ဖြစ်လာနိုင်မည်ဆိုလျှင်၊ အပြင်စည်းတပည့် ဖြစ်စေကာမူ ယင်းက ခြေတစ်လှမ်းနှင့် ကောင်းကင်သို့ တက်လှမ်းသည် ဟုသာ ဆိုရပေမည်။
သို့သော် ဘဝနှစ်ခု နေထိုင်ဖြတ်သန်းဖူးသူ ကျိုးစွေ့က လျိုတုန်၏ရည်ရွယ်ချက်များအား မည်သို့ မမြင်ပဲ နေမည်နည်း?။ အင်မော်တယ်ရှားဂိုဏ်းသို့ ဝင်ရောက်ရန် ထိုမျှလွယ်ကူနေပါက ဟိုးယခင်တည်းက လျိုတုန် ဝင်ရောက်ပြီး ဖြစ်ကာ သူ့အတွက် အလှည့်ပင် ကျမည် မဟုတ်ပေ။
ထိုအဘိုးကြီးက ဤသို့သော စကားများအား ပြောဆိုနေခြင်း၏ အကြောင်းရင်းသည် သူ၏နေအိမ်အား မျက်စိကျနေခြင်းကြောင့်သာ ဖြစ်၏။ သူသာ အမှန်တကယ် ဤနေအိမ်အား ရောင်းချလိုက်ပါက၊ ရရှိမည့် ဝိညာဉ်ကျောက်တုံးများက ထိုအဘိုးကြီးလက်သို့သာ ကျရောက်မည်ကား သေချာပေသည်။
ထိုအချိန်၌ သူသေမည်၊ ရှင်မည်က မသေချာပေ။
ထိုကြောင့် မည်ကဲ့သို့သော မိုက်မဲမှုဖြင့် တစ်ပါးသူ၏လှည့်ကွက်အတွင်းသို့ ဝင်ရောက်ရမည်နည်း?။
“အိုက်ယား…ချစ်တူလေး၊ မင်းသေချာ ပြန်စဉ်းစားသင့်တယ်နော်။ ဒီအခွင့်အရေးကို လွဲချော်သွားရင် မင်း နောက်တစ်ခေါက် ပြန်မရနိုင်ဘူးနော်၊ ဒါက ငါ ခက်ခက်ခဲခဲနဲ့မှ ရခဲ့တဲ့ အခွင့်အရေးကြီးပဲ။”
လျိုတုန်က ဆက်လက်၍ အကောင်းဆုံးကြိုးစားကာ ဖျောင်းဖျနေဆဲ ဖြစ်သည်။ “မင်းရဲ့စိတ်ဝိညာဉ်အမြစ်ရဲ့ ပါရမီနဲ့ တစ်ယောက်တည်းပဲ ကျင့်ကြံနေမယ်ဆိုရင် မင်းတစ်သက်လုံး အခြေတည်အဆင့်ကို ရောက်နိုင်ဖို့ လမ်းမမြင်ဘူး။ ဒါပေမယ့် မင်းသာ အင်မော်တယ်ရှားဂိုဏ်းကို ဝင်လိုက်မယ်ဆိုရင်တော့၊ ထာဝရအသက်ရဲ့ မဟာတာအိုကို ထိတွေ့နိုင်မယ့် မျှော်လင့်ချက်ရေးရေး ရနိုင်လိမ့်မယ်။”
“ကျွန်တော့်မှာ ထာဝရအသက်ရဲ့ မဟာတာအိုနဲ့ ပတ်သက်ပြီး ကြီးကြီးမားမား ရည်ရွယ်ချက် မရှိပါဘူးဗျာ။ လက်ရှိမှာ ကျွန်တော်က ကျိုးမိသားစုရဲ့ တစ်ဦးတည်းသော ယောက်ျားလေးမျိုးဆက်၊ မျိုးဆက်ကိုးဆက်စလုံးရဲ့ တစ်ဦးတည်းသော ဆက်ခံသူ။ ကျွန်တော့်ရဲ့ မိဘတွေက ကျွန်တော့်ကို အေးအေးချမ်းချမ်း နေထိုင်ပြီး မျိုးဆက်ပြန့်ပွားစေချင်တဲ့ ဆန္ဒပဲ ရှိတယ်။ ကျင့်ကြံရေးကတော့ ကံပေးသလောက်ပဲပေါ့။”
ကျိုးစွေ့က လက်ဝှေ့ရမ်းလိုက်သည်။ တစ်ဘက်လူအား များစွာ ပြောမနေတော့ပဲ နေအိမ်အတွင်းသို့ ချက်ချင်းဝင်လိုက်တော့သည်။
ဝန်ခံရလျှင်မူ လျိုတုန်က သူ့အား တိုက်ခိုက်မည်အား သူ မကြောက်လန့်ပေ။
အဆုံးသတ်၌ မီယွင်မြို့သည် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ၏ နာမည်ကြီးမြို့တော်တစ်ခုဖြစ်ကာ၊ နှစ်ပေါင်းတစ်ရာ့နှစ်ဆယ်တိုင် တည်ရှိခဲ့သော မြို့ဖြစ်ပြီး စွမ်းအားကြီး အခြေတည်အဆင့် ကျင့်ကြံသူဆရာကြီး တစ်ဦးမှ ကျောက်ထောက်နောက်ခံ ပြုထားခြင်းဖြစ်သည်။
ဤနေရာတွင် များစွာလှသော ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများ နေထိုင်ကြပြီး စဉ်းမျဉ်းများအား ချုပ်ကိုင်ထားကြ၏။ တစ်စုံတစ်ဦးက မြို့အတွင်းနဲ့ တစ်စုံတစ်ရာ လှုပ်ရှားပါက ၎င်းတို့က သေချာပေါက် သိရှိမည်ဖြစ်ကာ၊ ထိုကျူးလွန်သူက သေချာပေါက် သေဆုံးရမည်သာ ဖြစ်သည်။
“ဒါ..”
လျိုတုန်၏ မျက်နှာအမူအရာက ခန့်မှန်းရခက်သော အမူအရာ ဖြစ်သွားသော်လည်း မည်သည်ကိုမှ လှုပ်ရှားရဲခြင်းမရှိကာ၊ နေအိမ်ထဲသို့ ဝင်ရောက်သွားသော ကျိုးစွေ့ကိုသာ ကူကယ်ရာမဲ့ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
“ဟဟ လျိုတုန်၊ ကြည့်ရတာ မင်းတူတော်မောင်က မင်းကို သိပ်အယုံအကြည် မရှိပုံပဲ။ ငါ မင်းကို ကူညီပေးဖို့ လိုသေးလား?။”
ထိုအချိန်တွင် အခြားသော သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦးက အရိပ်ထဲမှ ထွက်ပေါ်လာသည်။ သူ၏မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်း၍ အသတ်အဖြတ်အငွေ့အသက်များ ဖြာထွက်နေသည်။ ၎င်းက မျက်တောင်တစ်ချက်မခတ် သတ်ဖြတ်တတ်သော ဆိုးသွမ်းကျင့်ကြံသူတစ်ဦး ဖြစ်သည်မှာ ရှင်းလင်းနေသည်။
“ပါးစပ်ပိတ်ထားစမ်း၊ မီယွင်မြို့ထဲမှာ မင်းလှုပ်ရှားရဲလို့လား?” ထိုသည်အား ကြားသည်နှင့် လျိုတုန်က အေးစက်စက် နှာခေါင်းရှုံသည်။
“ဒါက”
သက်လတ်ပိုင်းလူမှာ စကားမဆက်နိုင်တော့။ ဝန်ခံရလျှင် သူ ပါဝင်မလှုပ်ရှားရဲပေ။ အဆုံးသတ်၌ သူ စောစော မသေချင်သေး၊ သူ၏အနာဂတ်တွင် အခြေတည်အဆင့်သို့ ရောက်ရှိနိုင်မည့် မျှော်လင့်ချက် ရှိသေး၏။
ဤနေရာတွင် အမှန်တကယ် သူ လှုပ်ရှားလိုက်ပါက၊ ဘာမဟုတ်သော ခွေးကောင်လေးအတွက်နှင့် ပျက်ဆီးရမည် ဖြစ်သည်။ သူထိုမျှ မမိုက်မဲချေ။
“သူက ချီသန့်စင်ခြင်း အဆင့်(၁)သာရှိတဲ့ ခွေးကောင်လေးပါကွာ၊ ငါတို့ ဘာတွေတွက်နေစရာလိုလဲ? ဒါ့အပြင် သူ့မှာ နဝမအဆင့် စိတ်ဝိညာဉ်အမြစ်ပဲ ရှိတယ်။ အသက်ငါးဆယ်မတိုင်ခင် ချီသန့်စင်ခြင်း အဆင့်(၆)ကို ရောက်ရင်တောင် ကံကောင်း၊ အချိန်တိုအတွင်း ငါတို့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး။”
လျိုတုန်က နှာခေါင်းရှုံလိုက်ကာ “ငါတို့ အရမ်းစိုးရိမ်နေစရာမလိုဘူး။ ငါတို့ ဖြည်းဖြည်းချင်းပဲ ဆက်သွားရမယ်၊ ဒီနေအိမ်က ဝိညာဉ်ကျောက်တုံး ထောင်ချီတန်တယ်။ ငါသာ ဒီအိမ်ကို ရရင် ချီသန့်စင်ခြင်း အဆင့်(၈)၊ ဒါမှမဟုတ် အဆင့်(၉) ကိုတောင် အချိန်တိုအတွင်း တိုးတက်သွားနိုင်တယ်။”
သူ့မျက်လုံးထဲတွင် ပြင်းပြသော ဆန္ဒအရိပ်အယောင်များ ရှိနေ၏။
“ဟီးဟီး၊ မင်းက အဲ့လောက်ရက်စက်လိမ့်မယ်လို့ ငါထင်မထားဘူး။ မင်းက သူ့မိဘတွေရဲ့ မိတ်ဆွေ မဟုတ်ဘူးလား?။” ထိုသက်လတ်ပိုင်း ကျင့်ကြံသူက ကြောက်မက်ဖွယ်ရယ်သည်။
“အဟတ်၊ ငါတို့က ဒီတိုင်း မေးထူးခေါ်ပြောပါပဲ။ ငါတို့က မိတ်ဆွေတွေ ဆိုရင်တောင် ဘာဖြစ်လဲ? ထာဝရအသက်ရဲ့ မဟာတာအိုအတွက် ဇနီး၊သားသမီးတွေကို စွန့်လွတ်ခဲ့ကြတဲ့သူတွေတောင် ရှိသေးတယ်။ ငါက ဘာမို့လို့လဲ?”
လျိုတုန်က ယင်းအား အမှုမထားတော့ပဲ “ငါတို့ မီယွင်မြို့ထဲမှာ လှုပ်ရှားဖို့ မဖြစ်နိုင်ဘူး။ အဲ့ကလေးကို မီယွင်မြို့အပြင်ထွက်အောင် ဆွဲဆောင်နိုင်မယ့် အကြောင်းပြချက်တစ်ခုခုကို ရှာရမယ်။ အဲ့ဒါဆိုရင် ဘယ်သူမှ မသိအောင် ငါတို့ကိုင်တွယ်လို့ ရပြီ။”
စကားပြောဆိုပြီးနောက် ထိုလူနှစ်ဦးက အလျင်အမြန်ထွက်ခွာသွားကြတော့သည်။