အဖိုးအထိုက်ဆုံး ကူနတ်ဘုရားပန်းကန်
Vol. 1 Ch. 2
နေအိမ်အတွင်း၌။
ကျိုးစွေ့၏ မျက်နှာအမူအရာက လေးနက်လာ၏။ အပြင်ဘက်မှ လျိုတုန်နှင့် သက်လတ်ပိုင်းကျင့်ကြံသူတို့၏ စကားများအား သူ မကြားရသော်လည်း သူ့မိဘများ၏ မိတ်ဆွေဟောင်းထံမှ မကောင်းသောစိတ်အား သိရှိပေသည်။
ကူးပြောင်းလာခြင်းကြောင့်လော မသိ၊ သူ၏ဝိညာဉ်စွမ်းအားက ထူးခြားစွာ သန်မာသည်။ ထို့ကြောင့် သူ့အားဆက်ဆံသူ၏ ကောင်းခြင်း၊ဆိုးခြင်းအား သူ အာရုံခံစားနိုင်သည်။
သူနှင့်ဆက်ဆံသူတွင် ဖုံးကွယ်ထားသော မကောင်းသောစိတ် အနည်းငယ်သာ ရှိသည်ဆိုလျှင်တောင်မှ ထိုအရာအား သူရှာဖွေသိရှိမည်သာ ဖြစ်သည်။
ထို့ကြောင့် အစမှအဆုံးထိ လျိုတုန်အား အနည်းငယ်မျှပင် သူယုံကြည်ခြင်းမရှိပေ။
သို့သော် ချီသန့်စင်ခြင်း အဆင့်(၇) ကျင့်ကြံသူတစ်ယောက်က လွန်စွာ ကြောက်မက်ဖွယ် ကောင်းဆဲဖြစ်ကာ သူ့အတွက် နောက်ကျောတွင် စိုက်နေသော ဆူးတစ်ချောင်းအလား ဖြစ်စေသည်။
ဝန်ခံရလျှင်၊ မီယွင်မြို့သည် ကျင့်ကြံသူများအား မြို့အတွင်း၌ တိုက်ခိုက်ခွင့် ပြုမထားချေ။ သို့သော်ငြား အရဲစွန့်သော ကျင့်ကြံသူများက တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာမြဲပင်။
“ဓားမြှောင်ထက်ထက်တစ်ချောင်းရှိခြင်းက သတ်ဖြတ်လိုစိတ်အား ဖိတ်ခေါ်ပေးသည်” ဟူသော စကားပုံအတိုင်း
အခြားတစ်ဖက်က စိတ်ထိန်းမထားနိုင်တော့လျှင် သနားစရာ သူ့အသက်ကလေး ကိစ္စပြတ်ရချေမည်။
သူ၏ယခင်ကမ္ဘာပေါ်ရှိ၊ ပြည့်သူ့လုံခြုံရေး အလွန်ကောင်းမွန်သော နိုင်ငံများတွင်ပင် လူသတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည် မဟုတ်ပါလော။
ထို့ကြောင့် သူ၏ မျော်လင့်ချက်များအား အခြားသူများ၏ အတွေးအမြင်များပေါ်တွင်သာ မှီခိုမထားနိုင်သည်မှာ သဘာဝပင်။
“ပါဝင်ပစ္စည်းတွေ အသင့်ဖြစ်တော့မယ်။ ကူသန့်စင်ဖို့ အချိန်ကျပြီ။”
ထိုအခိုက်အတန့်တွင် ကျိုးစွေ့က လက်အား လှုပ်ခတ်လိုက်ရာ နက်ရွှေရောင်ပန်းကန်တစ်လုံးက သူလက်ပေါ်တွင် ရုတ်တရက်ပေါ်လာသည်။ ၎င်းအပေါ်တွင် သိပ်သည်းလှသော အမှတ်အသားများ မျောလွင့်နေကာ နက်နဲသော စွမ်းအင်အငွေ့အသက်တစ်ခုအား ပိုင်ဆိုင်ထားလေသည်။
ဤသည်မှာ သူ၏အကြီးမားဆုံးသော လျှို့ဝှက်ချက်၊ ရတနာ ဖြစ်သည့် ကူနတ်ဘုရား ပန်းကန် ဖြစ်၏။
သူ ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိစဉ်တွင် ထို ကူနတ်ဘုရား ပန်းကန်က သူ့ဝိညာဉ်နှင့် ချည်နှောင်ထားပြီးဖြစ်သည်။ ကြည့်ရသည်မှာ ဤလောကသို့ ကူးပြောင်းရောက်ရှိလာခြင်းက ဤရတနာ၏ ကျေးဇူးကြောင့် ဖြစ်နိုင်၏။
ဤရတနာ၏ စွမ်းရည်မှာ လွန်စွာရိုးရှင်းလှပြီး၊ ၎င်းက ပါဝင်ပစ္စည်းအမျိုးမျိုးအား အသုံးပြု၍ ကူပိုးကောင် အမျိုးမျိုးအား သန့်စင်ပေးနိုင်ခြင်း ဖြစ်၏။
ဥပမာအားဖြင့်၊ ထာဝရရှင်သန်နိုင်သော အစွမ်းရှိသည့် “ဆောင်းဦးရစ်ခွေ ကူကောင်”၊ သေရာမှ ပြန်လည်ရှင်သန်နိုင်စေသော အစွမ်းရှိသည့် “ရွှေပုစဉ်းရင်ကွဲ ကူကောင်”၊ နဂါးကဲ့သို့သန်မာသော အစွမ်းအား ပိုင်ဆိုင်သည့် “နဂါးဆင် ကူကောင်” စသည်တို့ ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီး ကူပိုးမွှားတစ်မျိုးစီက မယုံနိုင်စရာ အစွမ်းများအား ပိုင်ဆိုင်ထား၏။
သူသာ ထိုသို့သော ကူကောင်များအား သန့်စင်နိုင်ခဲ့မည် ဆိုပါက၊ အင်မော်တယ်တက်လှမ်းခြင်းနှင့် ဘိုးဘေးတစ်ဦး ဖြစ်လာရန်သည်က အသေးအဖွဲသာ ဖြစ်ပေမည်။
ပြဿနာကား ယခုချိန်တွင် သူသည် ရှားပါး ပါဝင်ပစ္စည်းများအား မတတ်နိုင်သော ငမွဲတစ်ဦးဖြစ်နေသောကြောင့်၊ ထိုထိပ်တန်း ကူကောင်များအား အသာထား၊ သာမန်ကူကောင်များကိုပင် မသန့်စင်နိုင်ချေ။
အရေးအကြီးဆုံးအချက်မှာ သာမန်ကူကောင်များက လက်ရှိအခက်အခဲအား လုံးဝ ဖြေရှင်းမပေးနိုင်ခြင်းပင်။ ဤသည်ကား ချီသန့်စင်ခြင်း အဆင့်ခုနှစ်ရှိ ကျင့်ကြံသူတစ်ဦး၏ ခြိမ်းခြောက်မှုဖြစ်ကာ၊ သာမန်ကူကောင်များက ယင်းအား မည်သို့ကိုင်တွယ်နိုင်မည်နည်း?
ထိုသည်အား စဉ်းစားမိပြီးသည့်နောက်၊ နောက်ဆုံးတွင် ကူနတ်ဘုရားပန်းကန် ဆီမှ ကူကောင်တစ်မျိုး၏ အချက်အလက်အား ရရှိခဲ့သည်။ ၎င်းသည်က “ချစ်ခြင်းမေတ္တာ ကူကောင်” ဖြစ်၏။
ထိုကူကောင်အား သန့်စင်နည်းက အလွန်ရိုးရှင်းပြီး၊ သူ့တွင် “ချစ်ခြင်းမေ့ပျောက်မြက်”၊ “ယင်ယန်ပန်း” နှင့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်ရာရှိလျှင် ထိုကူကောင်အား သန့်စင်နိုင်မည်ဖြစ်သည်။
ထို့အပြင် “ချစ်ခြင်းမေ့ပျောက်မြက်”နှင့် “ယင်ယန်ပန်း” တို့သည်လည်း ဤကမ္ဘာတွင် နေရာတိုင်း၌ ရနိုင်ကာ ရှားပါးသော ဝိညာဉ်ဆေးဝါး အမျိုးအစား မဟုတ်ချေ။ မီယွင်မြို့ရှိ ကုန်ပစ္စည်းဆိုင်မှ ဝယ်ယူရန် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး အနည်းငယ်သာ လိုပေသည်။
ယခုပင် ထိုဝိညာဉ်ဆေးဝါး နှစ်မျိုးအား ဝယ်ယူရန် အပြင်ထွက်ခဲ့ခြင်း ဖြစ်၏။
ထိုမျှသာ ဖြစ်သော်ငြား၊
မိဘများက ကွယ်လွန်သွားကြပြီ ဖြစ်သဖြင့် မိသားစုတွင် ဝိညာဉ်ကျောက်တုံး များစွာမကျန်ရှိတော့။ ဤဝိညာဉ်ကျောက်တုံးများအား အသုံးပြုလိုက်လျှင် များမကြာမီ ဆန်ဝယ်ရန်ပင် ကျန်တော့မည် မဟုတ်ပေ။
ထို့ကြောင့် ဤကိစ္စသည် ကျဆုံးလို့မဖြစ်ပဲ၊ အောင်မြင်မှ ရပေမည်။
“စလိုက်တာပေါ့”
၎င်းတို့အား တွေးတောရင်း ကျိုးစွေ့ တွန့်ဆုတ်မနေတော့ပဲ၊ သူ့ကိုယ်ထဲမှ ကြိုတင်ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများအား ထုတ်ယူကာ ချက်ချင်းပင် ကူနတ်ဘုရား ပန်းကန်ထဲသို့ ပစ်ထည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးတစ်ရာအား ရင်းနှီးလိုက်၏။
ဝူးရှ်…
တဒင်္ဂအတွင်း၊ ဆန်းကြယ်သော ပရမ်းပတာလေစီးကြောင်းတစ်ခု ပေါ်ထွက်လာပြီး၊ ထိုပါဝင်ပစ္စည်းများအား ချက်ချင်းပင် လုံးလုံးလျားလျား သန့်စင်လိုက်ကာ၊ ဝိညာဉ်ကျောက်တုံး အမြောက်အများ လောင်ကျွမ်းသွားလေသည်။
ချက်ချင်းပင် မရေမတွက်နိုင်သော စွမ်းအင်များက အတူတကွ ပျော်ဝင်သွားကြပြီး၊ ကူနတ်ဘုရား ပန်းကန်ထဲ၌ အဖြူနှင့် အနက်ရောင်ရှိ ကူပိုးကောင်တစ်ကောင် ရုတ်တရက် ပေါ်လာ၏။
သိသာစွာပင်၊ “ချစ်ခြင်းမေတ္တာ ကူ”အား အောင်မြင်စွာ သန့်စင်လိုက်ပြီ ဖြစ်၏။
နောက်တစ်စက္ကန့်၌ ကူကောင်က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်သွားပြီး နှလုံးထဲသို့ဝင်ရောက်သွားကာ ၎င်းက သူ့နှလုံးသားနှင့် ပေါင်းစည်းသွားသကဲ့သို ရှိသည်။
ထို့နောက် များပြားသောအချက်အလက်များက ကျိုးစွေ့၏အသိစိတ်ပင်လယ် အနက်ပိုင်းထဲသို့ ချက်ချင်း ဝင်ရောက်သွားလေသညါ။
“ချစ်ခြင်းမေတ္တာကူ၊ ကောင်းကင်နဲ့မြေကြီးရဲ့ အံဖွယ်ထဲက တစ်ခု၊ ခန္ဓာကိုယ်မှာ ယင်နဲ့ယန်စွမ်းအားကို ပိုင်ဆိုင်ထားပြီး ကူခွဲများစွာ မွေးဖွားနိုင်တယ်။ အဲ့ဒီကူခွဲက ဆန့်ကျင့်ဘက်လိင်ရဲ့ ကိုယ်ထဲကို ဝင်သွားရင်၊ သူတို့က ဆန့်ကျင့်ဘက်လိင်ကို မင်းကို ချစ်ကြိုက်သွားအောင် လုပ်ပေးလိမ့်မယ်။ မသေမချင်း အချိန်ကြာလေ ပိုချစ်လာလေဖြစ်စေမယ်။”
[ဖော်ပြချက် - ချစ်ခြင်းမေတ္တာ၏စွမ်းအားက အကြီးမြတ်ဆုံး ဖြစ်၏။ ၎င်းက အံ့ဖွယ်များအား ဖန်တီးပေးနိုင်သော စွမ်းအား ဖြစ်၏။ သင်၏တာအိုလက်တွဲဖော်အား နက်ရှိုင်းစွာ ချစ်မြတ်နိုးပါ၊ ယင်းက အနှိုင်းမဲ့စွမ်းအားဖြစ်ကြောင်း သင်တွေ့ရလိမ့်မည်။]
… … …
… … …
“အောင်မြင်ပြီ”
ကျိုးစွေ့သည် ချက်ချင်းဆိုသလို အလွန်ဝမ်းမြောက်သွားပြီး သူ့စိတ်ထဲတွင် လွန်စွာစိတ်လှုပ်ရှားနေမိသည်။ သူ့နှလုံးထဲမှ “ချစ်ခြင်းမေတ္တာကူ”၏ စွမ်းအားအား ခံစားမိကာ၊ ၎င်းက သူ့ခန္ဓာကိုယ်အား သိမ့်မွေ့စွာ ပြောင်းလဲပေးနေပုံ ရလေသည်။
သိသာစွာပင်၊ သူသည် ဝိညာဉ်ကျောက်တုံး များစွာ သုံးစွဲခဲ့သော်လည်း ချစ်ခြင်းမေတ္တာကူအား အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီ ဖြစ်သည်။
ဤသည်ကား သူ၏အခက်အခဲအား ပြောင်းလဲရန်အတွက် ပထမဆုံး ခြေလှမ်း ဖြစ်၏။
“ချစ်ခြင်းမေတ္တာကူနဲ့ဆိုရင် ငါ တာအိုလက်တွဲဖော် တစ်ယောက် ရှာလို့ရပြီ။ ပိုင်ဟွာအပျော်ဂေဟာရဲ့ မန်နေဂျာ သခင်မဟူ၊ ကျန်းပေါင်စံအိမ်တော်က သခင်မကျောက်၊ ဒါမှမဟုတ် ဒန်ဆေးစံအိမ်တော်က သခင်မချန်၊ ပိုင်ဖူဆိုင်က သခင်မချန်း တို့နဲ့တောင် ဖြစ်ကောင်း ဖြစ်နိုင်တယ်။”
“ပြောကြတာတော့ သူတို့အားလုံးက အချစ်ကို စောင့်မျှော်နေကြတဲ့ အပျိုဟိုင်းကြီးတွေတဲ့”
ကျိုးစွေ့က မေးစေ့အား ပွတ်လိုက်သည်။
သူတွေးထားသော ထိုကျင့်ကြံသူအမျိုးသမီးကြီးများက အသက်၄၀၊ ၅၀ခန့် ရှိကာ သူတို့၏ကျင့်ကြံမှုမှာလည်း ချီသန့်စင်ခြင်း အဆင့်၉သို့ ရောက်ရှိပြီးသူများ ဖြစ်ပြီး အခြေတည်အဆင့်သို့ ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည်။
သူတို့က အနည်းငယ်အသက်ကြီးသော်ငြား ကောင်းမွန်စွာ ထိန်းသိမ်းထားကြသူများဖြစ်ကြသည်။ ၎င်းတို့၏အသွင်အပြင်က အသက်၁၇၊၁၈ခန့် မိန်းမပျိုများအတိုင်း ဖြစ်ကာ ဆွဲဆောင်မှုရှိသည်မှာလည်း သာမန်မိန်းမပျိုများ ယှဉ်နိုင်မည်မဟုတ်ပေ။
စကားပုံတစ်ခု ရှိ၏။
“သုံးနှစ်ကြီးသော အမျိုးသမီးက ရွှေအုတ်ခဲများ ယူဆောင်လာမည်။ နှစ်သုံးဆယ်ကြီးသော အမျိုးသမီးက နိုင်ငံတစ်ခု ပေးအပ်လိမ့်မည်။ နှစ်သုံးရာ ကြီးသော အမျိုးသမီးက အင်မော်တယ်ဆေးလုံး ပေးအပ်၏။ နှစ်သုံးထောင် ကြီးသောအမျိုးသမီးက အင်မော်တယ်နယ်ပယ်အဆင့် ဇယားတွင် စာရင်းသွင်းနိုင်ရန် အမိန့်ပေးနိုင်၏။” ဟု ဆိုသည်။
ဤသည်မှာ ကျင့်ကြံခြင်းလောက၏ အမှန်တရားဖြစ်သည်။ စွမ်းအားကြီး အမျိုးသမီးကျင့်ကြံသူများအား နေရာတိုင်းတွင် တွေ့နိုင်၏။
သိထားရမည်မှာ အမျိုးသမီးများက စွမ်းအားကြီး ကျင့်ကြံသူအမျိုးသားများ၏ ကိုယ်ပေါ်သို့တက်ကာ အမှီအခိုယူ၍ ကံဇာတာအား ပြောင်းလဲကာ ဖီးနစ်ဌက်ဖြစ်လာနိုင်သကဲ့သို့ အမျိုးသားများလည်း ထိုနည်းတူ ပြုလုပ်နိုင်သည်။
ချီသန့်စင်ခြင်း အဆင့်(၇) ကျင့်ကြံသူတစ်ဦးအား ဖြေရှင်းလိုပါက သူ၏ပင်ကိုယ်စွမ်းရည်၊ သူ၏ကျင့်ကြံမှုအဆင့်ဖြင့် ကာလတိုအတွင်း မည်သို့မှ အလုပ်ဖြစ်နိုင်မည်မဟုတ်ပေ။
သူ့တွင် ကျင့်ကြံနေနိုင်ရန်လည်း အချိန်များစွာမရှိပေ။ လျိုတုန်က ဘယ်ချိန်တွင် ထတိုက်ခိုက်မည်အား မည်သူသိမည်နည်း။ လျိုတုန်၏သက်ညှာမှုအပေါ်တွင် သူ့မျော်လင့်ချက်အားလုံး ပုံအောရန် သူမလိုလားချေ။
ထိုသည်အား တွေးမိသည့်နောက်၊
ကျိုးစွေ့၏ စိတ်ကူးက ချီသန့်စင်ခြင်း အဆင့်(၉)ရှိ တာအိုလက်တွဲဖော်အား ရှာနိုင်ပါက လျိုတုန်အား မိနစ်ပိုင်းအတွင်း ဖြေရှင်းနိုင်မည် မဟုတ်ပါလော?။ ထို့သို့ဖြင့် သူ၏လုံခြုံရေးကိုပါ သေချာစေမည်ဖြစ်သည်။
ဝန်ခံရလျှင် ဤသည်မှာ သူစဉ်းစားနိုင်သော တစ်ခုတည်းသော ဖြေရှင်းနည်းသာ ဖြစ်လေသည်။
လျိုတုန်အား သူအနိုင်မယူနိုင်သော်လည်း ၎င်းအား အနိုင်ယူနိုင်သူများက နေရာတိုင်းတွင် ရှိပေသည်။
မှန်ပေသည်။ သာမန်အခြေအနေ၌ ထိုအမျိုးသမီးများက အပျိုဟိုင်းကြီးများ ဖြစ်နေလျှင်တောင်မှ သူ့အား အဖက်လုပ်ကြမည်မဟုတ်။ သူကား နဝမအဆင့် စိတ်ဝိညာဉ်အမြစ်သာရှိသော ချီသန့်စင်ခြင်း အဆင့်(၁)ကျင့်ကြံသူတစ်ဦးသာဖြစ်၍ လူသစ်များကြားမှ လူသစ်တစ်ဦးသာ ဖြစ်ပေသည်။
ထိုသို့သော စွမ်းအားကြီး အမျိုးသမီး ကျင့်ကြံသူများ၏ မျက်နှာသာပေးမှုအား တောင့်တခြင်းက အရူးအိပ်မက်သာ ဖြစ်နေသည် မဟုတ်လော?
နောက်ဆုံးသည်ကား ဤလောက၌ လူချောလေးများက နေရာတိုင်းတွင်ရှိကာ ကြာမြင့်စွာကတည်းက သူတို့ ကျင့်သားရသွားပြီး ဖြစ်သည်။
သို့သော် ယခုတွင် အခြေအနေက ကွဲပြားသွားချေပြီ။ ချစ်ခြင်းမေတ္တာကူ၏ စွမ်းအားဖြင့် သူ၏ယိုယွင်းနေသောအခြေအနေအား မှော်ဆန်ဆန် ပြောင်းလဲကာ ထို အမျိုးသမီးကျင့်ကြံသူများအား သူအား ချစ်မြတ်နိုးစေနိုင်ပြီ ဖြစ်သည်။ ထိုအချိန်ရောက်လျှင်၊ မိန်းမထမီနားခိုစား၍ အေးရာအေးကြောင်း နေနိုင်မည် ဖြစ်သည်။
“ဒါပေမယ့် လက်တွေ့မှာ ကူအခွဲတစ်ကောင်ပဲ မွေးမြူနိုင်တယ်။ အဲ့ဒီ ကျင့်ကြံသူအမျိုးသမီးကြီးတွေနဲ့ ထိတွေ့နိုင်မယ့် အခွင့်အရေးကို ရှာဖို့လိုတယ်။ မဟုတ်ရင် ချစ်ခြင်းမေတ္တာကူ ထည့်သွင်းနိုင်မယ့် အခွင့်အရေး ရှိမှာ မဟုတ်ဘူး”
ကျိုးစွေ့က အစီအစဉ်၏ နောက်တစ်ဆင့်အား စဉ်းစားနေလိုက်သည်။
ထိုလုပ်ရပ်က အနည်းငယ် ယုတ်ညံ့သော်လည်း သူ့အသက်အား ကယ်တင်နိုင်ရန် ဤနည်းဗျူဟာကိုသာ အသုံးပြုနိုင်ပေသည်။