ချစ်တူလေး၊ ဒီမိန်းမကို မင်း မထိန်းချုပ်နိုင်ဘူး
Vol. 1 Ch. 6
နောက်တစ်နေ့တွင် ကျိုးစွေ့သည် အိမ်နီးနားချင်းများဆီသို့ မင်္ဂလာဆောင် ဖိတ်စာများ ပေးပို့တော့သည်။
အိမ်နီးနားချင်းတချို့သည် သူ့အား သိသည်မှာ ဆယ်နှစ် သို့မဟုတ် အနှစ်နှစ်ဆယ်ခန့် ရှိပြီးဖြစ်ရာ၊ အရမ်းမရင်းနှီးလှသော်လည်း အသိအကျွမ်းများ ဖြစ်နေသောကြောင့် မင်္ဂလာပွဲသို့ ဖိတ်ကြားနိုင်ခဲ့သည်။
ထို့အပြင် အိမ်နီးနားချင်းများသည် သူ့အား ဆယ်စုနှစ်တစ်ခုစာ သိရှိထားပြီးဖြစ်ရာ ကောင်းမွန်သော ဆက်ဆံရေးအား ထိန်းသိမ်းထားနိုင်ရန် ၎င်းတို့အားလုံး မင်္ဂလာပွဲသို့ တက်ရောက်လာကြ၏။
သူ့မိဘများ၏ မိတ်ဆွေဟောင်း ဖြစ်သော လျိုတုန်ပင် ဖိတ်ကြားခံရသည်။
မည်သို့ပင်ဖြစ်စေ လျိုတုန်နှင့် သူသည် ကိစ္စမပြီးပြတ်သေးရာ၊ ဤမိဘများ၏ မိတ်ဆွေဟောင်းအား သူ မေ့ချန်ခဲ့မည် မဟုတ်ပေ။
အမှန်တကယ် အရေးကြီးသည့် အချက်သည် ဤ အခွင့်အရေးအား အသုံးချကာ ကျိုးစွေ့က သတိပေးချက်တစ်ခု ပေးပို့လိုခြင်း ဖြစ်၏။
လျိုတုန်အား သူ၏နောက်တွင် ချီသန့်စင်ခြင်း အဆင့်(၉)ကျင့်ကြံသူရှိကြောင်း သိစေချင်ပြီး၊ သူ့အား လာမရှုပ်တော့ဘဲ မကောင်းသောအတွေးများအား မြန်မြန်စွန့်ပစ်ရန် တိုက်တွန်းလိုသည်။
“တူလေး၊ အမှန်တကယ် ဘာတွေ ဖြစ်ကုန်တာလဲ? ဘယ်လိုလုပ် ဒီလောက်မြန်မြန် တာအိုလက်တွဲဖော် ရှာတွေ့သွားတာလဲ? ပြီးတော့ ချီသန့်စင်ခြင်း အဆင့်(၉) ကျင့်ကြံသူအမျိုးသမီးတဲ့လား?” ဤသတင်းအား ကြားသည်နှင့် မိုးကြိုးပစ်ခံလိုက်ရသည့်အလား လျိုတုန် ဆွံအသွားသည်။
သူမည်မျှပင် ကြိုးစားတွေးတောသည်ဖြစ်စေ၊ သူ၏တူက ထိုသို့သော ချီသန့်စင်ခြင်း အဆင့်(၉)ရှိ ချောမောလှပသော အမျိုးသမီး ကျင့်ကြံသူအား မည်သို့ ရှာဖွေတွေ့ရှိခဲ့သည်အား နားလည်နိုင်စွမ်း မရှိချေ။ ဖြစ်နိုင်စရာ မရှိသည်မှာ ရှင်းလှပေသည်။
ပုံမှန်အားဖြင့် ချီသန့်စင်ခြင်း အဆင့်(၉)ရှိ အမျိုးသမီး ကျင့်ကြံသူတစ်ဦးသည် ချီသန့်စင်ခြင်း အဆင့်(၁) ရှိ ကျင့်ကြံသူလေးအား စောင်းငဲ့၍ပင် ကြည့်မည် မဟုတ်ပေ။ ၎င်းတို့အကြား ကွာခြားချက်က တိုင်းတာ၍ မရလုနီးပါး ကြီးမားလွန်းသည်မှာ မြင်သာပေသည်။
ဤသတင်းအား ပထမဆုံးအကြိမ် ကြားတုံးက သူသည် ဟာသတစ်ခုဟုသာ မှတ်ယူခဲ့သည်။
“ဦးလေးလျို၊ ဒါတွေအားလုံးက ကံကြမ္မာပါပဲ။ တစ်နေ့တုံးက သူမ ငါ့ဆီ အခန်းဌားဖို့ လာခဲ့တယ်လေ။ မျော်လင့်မထားတာက ငါတို့က သုံးဘဝစာ ရေစက်ရှိခဲ့တဲ့အလား မြင်မြင်ချင်း ချစ်မိသွားကြတယ်။ အဲ့တာကြောင့် တာအိုလက်တွဲဖော်တွေ ဖြစ်လာကြဖို့ ဆုံးဖြတ်လိုက်ကြတာပဲ။ လောကကြီးရဲ့ ဆန်းကြယ်မှုတွေက ပြောမပြတတ်အောင်ပါပဲ၊ ဒါကလည်း ဥပမာတစ်ခုပေါ့လေ။”
ကျိုးစွေ့က ခံစားချက်အပြည့်နှင့် ပြောသည်။
“တူလေး၊ မင်း နောက်တစ်ကြိမ် ထပ်စဉ်းစားအုံးနော်။”
လျိုတုန်က ကြိတ်ကာ အကြံပေး၏။ “ ဒီမိန်းမက ချီသန့်စင်ခြင်း အဆင့်(၉)ထိ ကျင့်ကြံထားနိုင်တယ် ဆိုတော့ မင်းမိဘတွေထက်တောင် အသက်ကြီးနေနိုင်တယ်။ ဒီမိန်းမက နွားအို မြက်နုစားနေတာကွ။”
“မင်းလို တောက်ပတဲ့အနာဂတ်နဲ့ လူငယ်တစ်ယောက်က ဘယ်လိုလုပ်ပြီး အဲ့လို အသက်ကြီးကြီး မိန်းမလက်ထဲ ကျရောက်သွားလို့ ဖြစ်မှာတုံး။ မင်း အဲ့လို အသက်ကြီးကြီးမိန်းမကို မထိန်းချုပ်နိုင်ဘူး။ သူက မင်းလို လူငယ်တစ်ယောက် ကိုင်တွယ်နိုင်တဲ့သူမျိုး မဟုတ်ဘူးနော်။”
“ဒါ့အပြင် မင်းတို့က အခုမှ တွေ့ဖူးတာကို ဒီမိန်းမက မင်းကို လက်ထပ်ချင်တယ်တဲ့။ သူမအကွက်ရွေ့တာ အရမ်းမြန်လွန်းတယ်။ သေချာပေါက် သူ့မှာ မကောင်းတဲ့အတွေးတွေ ရှိလိမ့်မယ်။ ဝံပုလွေကို အိမ်ထဲ ခေါ်မသွင်းမိစေနဲ့။”
လျိုတုန်ကား စိုးရိမ်ပူပန်မှုများဖြင့် လောင်မြိုက်နေချေသည်။
အဆုံးသတ်၌ ကျိုးစွေ့သာ ယင်း အမျိုးသမီး ကျင့်ကြံသူအား တကယ် လက်ထပ်လိုက်ပါက၊ သူ့အတွက် မည်သည့်အခွင့်အရေးမှ ကျန်တော့မည် မဟုတ်ပေ။ ချီသန့်စင်ခြင်း အဆင့်(၉) အား ရင်ဆိုင်အနိုင်ယူနိုင်ရန် သူ့တွင် မည်သည့်အခွင့်အရေးမှ မရှိချေ။
ကိစ္စများက ဤသို့ ဖြစ်ကုန်မည်အား သူ ဘယ်တုံးကမှ မစဉ်းစားဖူးခဲ့ပေ။
သံသယဖြစ်စရာမလို၊ ထိုမိန်းမက ဤကောင်လေးအား စိတ်ဝင်စားခြင်း မဟုတ်၊ သူကဲ့သို့ပင် နေအိမ်အား မျက်စိကျခြင်းသာ ဖြစ်ပေမည်။ ဤမိန်းမတွင် မကောင်းသောရည်ရွယ်ချက်များ ရှိရပေမည်။
ဘာ “မြင်မြင်ချင်း အချစ်” လဲ?။ သူမက မြင်မြင်ချင်း အိမ်အား မျက်စိကျသွားခြင်းသာ ဖြစ်မည် မဟုတ်လော?။
“ဦးလေးလျို၊ အစိုးရိမ်လွန်နေပါပြီ။ ငါက ဘာမှမရှိတဲ့ ကျင့်ကြံသူလေးတစ်ယောက်ပါ။ သူမကငါ့အပေါ် ဘယ်လို မကောင်းတဲ့အတွေးမျိုး ထားနိုင်မှာလဲ?”
“ဦးလေးရဲ့စိုးရိမ်မှုတွေကို သိပါတယ် ဒါပေမယ့် ကျွန်တော်တို့က နက်နက်ရှိုင်းရှိုင်း ချစ်မိသွားကြတာပါ။ ကျွန်တော်တို့ရဲ့ အချစ်ကို နေနဲ့လက သက်သေပြုလို့၊ ကောင်းကင်နဲ့မြေကြီးက အသိအမှတ်ပြုတယ်။ ဦးလေး ဘာမှ ထပ်ပြောနေစရာ မလိုတော့ဘူး။”
“ဦးလေး ဆန္ဒရှိရင်၊ ဒီမှာနေပြီး တစ်ခွက်သောက်နိုင်တယ်။ မဟုတ်ရင်တော့ ကျွန်တော် လိုက်မပို့တော့ဘူး။”
ကျိုးစွေ့က ပြုစားခံရ၍ လုံးလုံးလျားလျား အရူးအမူးစွဲလမ်းနေသည်ပုံ ပေါ်နေ၏။
“မင်း!”
ဤသည်အား ကြားလိုက်ရသည်နှင့် လျိုတုန်၏ အဆုတ်သည် ဒေါသများကြောင့် ပေါက်ကွဲတော့မည် အလား ဖြစ်သွားသည်။ သူသည် ကျွေးသောလက်အား ပြန်ကိုက်နေသကဲ့သို့၊ ကောင်းမွန်သော စေတနာအား တန်ဖိုးမထားပေ။ သူ၏ အလေးအနက် အကြံပေးချက်အား ဤသို့ ကျေးဇူးမသိတတ်စွာ ဆက်ဆံပေသည်။
သို့သော် သူ့တွင်လည်း မည်သည့်နည်းလမ်းမျှ မရှိတော့ပေ။ သူသည် ကျိုးစွေ့၏ ဖခင် မဟုတ်ရာ ဤမင်္ဂလာပွဲအား ကန့်ကွက်နိုင်ရန် တရားဝင် အကြောင်းမရှိချေ။
ဤမင်္ဂလာပွဲမှ ထွက်ခွာသွားရန်မှတပါး အခြားမရှိတော့ပေ။
“ဟီးဟီး၊ ရောင်းရင်းလျို၊ ကြည့်ရတာ မင်းရဲ့အစီအစဉ် ပျက်စီးကုန်ပြီပဲ။ လှပတဲ့ အမျိုးသမီး ကျင့်ကြံသူတစ်ယောက် ရုတ်တရက် ပေါ်လာမယ်လို့ ဘယ်သူထင်ထားမှာလဲ?”
“ငါ ပြောခဲ့ပါတယ် မြန်မြန်လှုပ်ရှားဖို့ကို၊ မင်းက အီလေးဆွဲနေတာကိုး၊ အခုတော့ အခြားလူက ဖြတ်ခုတ်သွားပြီမလား?”
သက်လတ်ပိုင်းလူတစ်ဦး လျိုတုန်အနီးတွင် ပေါ်လာသည်။ သူတို့သည် မိတ်ဆွေကောင်းများဖြစ်ကာ အတူတကွ အကြံအစည် ချကြသောကြောင့် လျိုတုန်၏ အခက်ခဲအား အလိုအလျောက် သိရှိလေသည်။ ထို့ကြောင့် ချက်ချင်းပင် စတင် သရော်လိုက်သည်။
“ငတုံး! အဲ့သောက်ကလေးက တကယ့်ကို ငတုံးပဲ!”
လျိုတုန်က သေလုမတတ် ဒေါသများထွက်နေပြီး ကျယ်လောင်စွာပင် ကျိန်ဆဲနေတော့သည်။ “ချီသန့်စင်ခြင်း အဆင့်(၉) မိန်းမလှလေးက သူ့ကို စိတ်ဝင်စားတယ် ဆိုတာနဲ့ အဲ့အရူးက ဘာမှ သေချာ မစဉ်းစားတော့ဘူး။ သူ့ကိုယ်သူ တကယ် ဆွဲဆောင်နိုင်တယ် ထင်နေပြီးတော့ ‘နက်ရှိုင်းတဲ့ အချစ်’ နက်ရှိုင်းတဲ့အချစ်’ ဆိုတာပဲ ပြောနေတာ ဘယ်လောက် ရယ်စရာကောင်းလိုက်သလဲ? အဲ့ဒီမိန်းမက အဖိုးတန်တဲ့အိမ်ကိုပဲ မျက်စိကျနေတာ သေချာတယ်။”
“ငါ မရေမတွက်နိုင်အောင် သတိပေးတာတောင်မှ သောက်ခွေးကောင်လေးက တုတ်တုတ်မှမလှုပ်၊ သေချာပေါက် အလှည့်စားခံနေရပြီပဲ။ အဲ့ဒီမိန်းမ ဗိုက်ပေါ်မှာ သောက်ခွေးကောင်လေး သေသွားဖို့ ကြာမှာမဟုတ်ဘူး။!”
ယခုတွင် သူသည် နောင်တတရားများဖြင့် စိမ်းဖန်နေချေသည်။ မိန်းမတစ်ဦး ဝင်ရှုပ်မည်အား သူကြိုတင်သာ သိမည်ဆိုလျှင်၊ ကျိုးစွေ့အား သူ အစောကြီးကတည်းက ကိုင်တွယ် ဖြေရှင်းခဲ့မည် ဖြစ်သည်။
ကံဆိုးသည်မှာ ယခုအချိန်၌ အရာအားလုံး နောက်ကျသွားပြီ ဖြစ်၏။
ထိုအမျိုးသမီးကျင့်ကြံသူ၏ စောင့်ကြည့်မှုအောက်တွင် သူဘာမှ လုပ်နိုင်တော့မည် မဟုတ်ပေ။
“ဒီမိန်းမက တကယ့်ကို ရက်စက်တယ်။ ပန်းလေးလိုလှပြီး ကျင့်ကြံမှုက သာမန်မဟုတ်တာတောင်မှ သူ့ကိုယ်သူ နှိမ့်ချပြီး အဲ့လိုကောင်လေးကို လက်ထပ်လိုသေးတယ်။ သူ့မှာ သေချာပေါက် နက်နဲတဲ့ အကြံအစည်တွေ ရှိရမယ်။” သက်လတ်ပိုင်းလူက ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။
ဝန်ခံရလျှင် သတို့သမီးအား သူမြင်ခဲ့သည်။ သူမသည် ချောမွတ်သောအသားအရေ၊ လှပသော ခြေတံရှည်ရှည်လေးများနှင့် ထိပ်တန်း အလှပဂေးတစ်ဦး ဖြစ်၏။
သူမသည်သာ ဂိုဏ်းတစ်ခုခုမှ ဆင်းသက်သူဖြစ်လျှင် နတ်သမီးတစ်ဦး၊ သူတော်စင်မ တစ်ဦး ဖြစ်ပေမည်။
ယခုတွင်မူ လူငယ်တစ်ဦးအား လက်ထပ်ရန် သူမကိုယ်သူမ အနိမ့်ကျခံလိုသည်တဲ့။ ယင်းက လုံးဝ မယုံနိုင်စရာပင်။
ထိုမိန်းမတွင် မကောင်းသောရည်ရွယ်ချက်များရှိကာ လူငယ်၏ နေအိမ်အား ကြံရွယ်နေသည်အား သူသိသော်လည်း၊ ထိုသို့ လှပသော မိန်းမအား ရရှိသွားသည့် ကျိုးစွေ့အား သူ အလွန် မနာလို ဖြစ်မိသည်။ မမျှတသည်မှာ ရှင်းနေ၏။
ကောင်းကင်သည် အမှန်ပင် တရားမျှတမှုမရှိပေ။ အိမ်တစ်လုံးရှိခြင်းကြောင့် ကျင့်ကြံသူမိန်းမလှလေး၏ မျက်နှာသာပေးမှု ရနိုင်သည်တဲ့လား?!
“အဟတ်၊ ဒီမိန်းမက ဒီလိုကျင့်ကြံဆင့်ကို ရောက်နေနိုင်တဲ့ အကြောင်းပြချက်က ဒါမျိုးကိစ္စတွေ မရေတွက်နိုင်အောင် လုပ်ခဲ့တာပဲ ဖြစ်ရမယ်။ အလှအပကို ဗန်းပြ၊ အမျိုးသားကျင့်ကြံသူတွေကို ဆွဲဆောင်ပြီး သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့တာပဲ ဖြစ်ရမယ်။”
“သူမလိုမျိုး ‘ပင့်ကူမ’တွေ အရမ်းများတယ်”
[T.L Note – ပင့်ကူအမများက အထီးအား ပြန်စား၏။]
“ကျင့်ကြံရေး ရင်းမြစ်နည်းနည်းလောက် ရဖို့ဆိုရင်ကို အဲဒီပင့်ကူမတွေက ရက်စက်တတ်ပြီး ဘာနဲ့မှ ရပ်တန့်လို့ မရတော့ဘူး”
လျိုတုန်သည်လည်း ကျိပင်းယွီအား အလွန်ပင် သတိထားလေသည်။
သူသည်လည်း ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတစ်ဦး ဖြစ်၍ ထိုသို့သော မိန်းမများအား တွေ့ဖူးလေသည်။
ထိုမိန်းမများအားလုံးက ရက်စက်ကြပြီး၊ ၎င်းတို့၏ အလှအပနှင့် ကိုယ်ခန္ဓာအား အသုံးချ၍ ရင်းမြစ်များ ရယူရာတွင် အလွန်ကျွမ်းကျင်ကြသည်။ အမျိုးသားကျင့်ကြံသူ မည်မျှ ၎င်းတို့၏ လက်အတွင်း ကျရောက်ခဲ့သည်အား မည်သူသိနိုင်မည်နည်း။
ထိုသို့သော ဖြစ်ရပ်များစွာအား တွေ့မြင်ဖူးခြင်းကြောင့် အလိုအလျောက် အလှအပဒဏ်အား ကြာမြင့်စွာကတည်းက သူခံနိုင်ရည် ရှိခဲ့ပြီး ဖြစ်သည်။ ထာဝရအသက်၏ မဟာတာအိုကြောင့် မဟုတ်လျှင်တောင်မှ မည်သည့်မိန်းမကမှ သူ၏ တာအိုနှလုံးသားအား လှုပ်ခတ်နိုင်စေမည် မဟုတ်ပေ။
“ကျွတ်..ကျွတ်! ဒီလိုဆိုမှတော့ မင်းတူတော့ ကိစ္စချောပြီ၊ မနှေးအမြန် သူတော့ လုံးပါးပါးမှာပဲ။ ဒီတော့ မင်း ဘာဆက်လုပ်မလဲ?”
သက်လတ်ပိုင်းလူက စုတ်သပ်ကာ ပြောလိုက်သည်။
“လက်လျော့ရုံပဲ ရှိတော့တာပေါ့ကွာ။ တစ်ဘက်လူက ချီသန့်စင်ခြင်း အဆင့်(၉) ကျင့်ကြံသူကွ။ ငါသူ့ကို ရန်စလို့ မဖြစ်ဘူး။”
လျိုတုန်သည် ကူကယ်ရာမဲ့နေ၏။
သူ၏ ချီသန့်စင်ခြင်း အဆင့်(၇) ကျင့်ကြံဆင့်အား ကြည့်၍ ချီသန့်စင်ခြင်း အဆင့်(၉) နှင့် အဆင့်သေး နှစ်ခုသာ ကွာသည်ဟု မြင်၍မရပေ။ လက်တွေ့တွင် ယင်းက ကမ္ဘာတစ်ခု ကွာခြားပေသည်။ တစ်ဘက်လူက သူ့အား အကြိမ်ဆယ်ခါမက အနိုင်ယူနိုင်လေသည်။ စွမ်းအား ကွာခြားချက်က လွန်စွာကြီးမားပေသည်။
တောထဲတွင် သူတို့ ဆုံတွေ့မိပါက၊ တစ်ချက်တည်းဖြင့် ရိုက်သတ်ခံရနိုင်ပေသည်။
“မင်း တကယ်ကြီး လက်လျော့လိုက်တော့မှာလား?” သက်လတ်ပိုင်းလူ အနည်းငယ် အံ့အားသင့်သွားသည်။
“ဟားဟား၊ လက်ရှောင့်သင့်တဲ့အချိန်မှာ လက်ရှောင်တတ်ဖို့ လိုတယ်၊ မဟုတ်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို ခံရလိမ့်မယ်။ ငါ ဒီလောက် သက်ဆိုးရှည်ရှည် ရှင်သန်နိုင်ပြီး၊ သတ္တမအဆင့် စိတ်ဝိညာဉ်အမြစ်နဲ့ ဒီကျင့်ကြံမှုအဆင့်ကို ရောက်လာတယ်ဆိုတာ သတိထားမှုကို ဦးစားပေးလို့ပဲ။ အဲ့လိုမျိုး စွမ်းအားကြီး ကျင့်ကြံသူနဲ့ အသေခံတိုက်နေစရာလား၊ အခြားအခွင့်အရေးတွေ လိုက်ရှာရုံပေါ့။”
လျိုတုန်တစ်ယောက် ကူကယ်ရဲာမဲ့နေလေသည်။ သူသည်ကား အားနည်းသူကိုသာ အနိုင်ကျင့်ရဲ၍ အားကြီးသူအား ကြောက်ရွံ့သောသူ တစ်ဦးသာ ဖြစ်သည်။ ပိုမိုစွမ်းအားကြီးသော ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်တွေ့သည်နှင့် နဂိုဗီဇအတိုင်း လိပ်တစ်ကောင်လို ခေါင်းဝှက်သွားလေ့ ရှိသည်။