← Chapters

လူငယ်လေးယောက်

Vol. 169 Ch. 2407

လူငယ်လေးယောက်

Vol. 169 Ch. 2407

ရီဖူရှင်း စီဝေ့ကောင်းကင်မှ ထွက်ခွာသွားသောအခါ ကောင်းကင်တစ်ခွင်လုံးတွင် ကြယ်အလင်းများ လှည့်ပတ်လာပေသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် အဝေးရှိ အဆုံးမဲ့အာကာပြင်ကြီးမှနေ၍ ထိုကောင်းကင်ကိုကြည့်ခဲ့ပါက ကောင်းကင်တစ်ခွင်လုံးသည် ကြယ်အလင်းများတောက်ပနေသည်ကို မြင်ရပေလိမ့်မည်။

လွန်ခဲ့သည် နှစ်များစွာက စီဝေ့ကောင်းကင်သည် ကျောက်တုံးတစ်တုံးအတွင်း၌ ချိပ်ပိတ်ခြင်းခံထားခဲ့ရသည်။ ချိပ်ပိတ်ထားခြင်း ပျက်ဆီးသွားသောအခါ ထိုကောင်းကင်ထွက်ပေါ်လာလေသည်။

ရီဖူရှင်းသည် မထွက်ခွာခင်တွင် အရှင်စီဝေ့၏စွမ်းအားကို အသုံးပြု၍ စီဝေ့ကောင်းကင်ကို တံဆိပ်တော်ဖြင့် ထပ်မံချိပ်ပိတ်ထားခဲ့ပြီး ထိုတံဆိပ်တော် အလွယ်တကူမကျိုးပြတ်သွားစေရန် ကောင်းကင်ထဲတွင် သူ၏အသိစိတ်ပါသည့် ကိုယ်ပွားတစ်ရုပ်ကို ယင်းတံဆိပ်တော်အား ထိန်းချုပ်ရန် ချန်ထားခဲ့ပေသည်။ အကယ်၍ ထိုတံဆိပ်တော်ကို တိုက်ခိုက်ခံခဲ့ရလျှင်လည်း ၎င်းသည် တောင်တစ်လုံးကဲ့သို့ ကြံ့ကြံ့ခံနေမည်ဖြစ်သည်။ ရီဖူရှင်းသည် ထိုသို့ပြုလုပ်ပြီးသွားသောအခါမှသာ စိတ်ချလက်ချ ထွက်သွားနိုင်ခဲ့ပေသည်။

မူလဘုံတွင် ဖြစ်ပျက်နေသောကိစ္စများသည် သူနှင့်မသတ်ဆိုင်သကဲ့သို့ပေ။ ထိုအခိုက်တွင် သူသည် ယင်းကိစ္စများတွင် မပါဝင်မပတ်သတ်သော အပြင်လူသာဖြစ်သည်။

ရှန်ချင်းကုန်းမြေရှိ လေးမျက်နှာရွာသည် ထိုကုန်းမြေတွင် စည်ပင်ဝပြောသော မြင့်မြတ်သည့်ရွာတစ်ရွာဖြစ်လာပေပြီ။ တချို့လူများသည် လေးမျက်နှာမြို့၏ ဆန်းကြယ်သောရွာထဲတွင် မဟာအင်ပါယာတစ်ပါးနေသည်ဟု ပြောကြ၏။ ထိုမဟာအင်ပါယာကား လေးမျက်နှာရွာ၏ ဆရာသခင်ဟု ဆိုကြသည်။

ထိုကောလဟာလပျံ့နှံ့သွားသောအခါ ရှန်ချင်းကုန်းမြေတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ၎င်း၏သက်ရောက်မှုသည် ကောင်းကင်ဒေသတစ်ခွင်လုံး ပျံ့နှံ့သွားပေသည်။ မရေမတွက်နိုင်အောင်များပြားသော ကျင့်ကြံသူများသည် ဆရာသခင်ထံမှ လမ်းညွှန်ပြသမှုရရန် ထိုရွာသို့ ရောက်လာခဲ့ကြသည်။ သူတို့သည် ရွာအတွင်းသို့ ဝင်လိုခဲ့ကြသည်။

လေးမျက်နှာမြို့တော်အတွင်းရှိ စားသောက်ဆိုင်တစ်ခုထဲတွင် ကျင့်ကြံသူအများအပြား ရှိနေသည်။ စားသောက်ဆိုင်အပေါ်ဆုံးထပ်တွင် ကျင့်ကြံသူ လူငယ်လေးဦးသည် ကြော့ရှင်းသော ကျောက်စားပွဲတွင်ထိုင်ကာ စကားပြောနေကြသည်။ သူတို့ လေးဦးစလုံးသည် ထူးခြားသော အငွေ့အသက်များကို ထုတ်လွှတ်နေလေသည်။ သူတို့အောက်တွင် လူအများအပြားသည် လေးလေးစားစား ရပ်နေကြသည်။ ထိုလူများကြားထဲတွင် ထိုလူငယ်လေးယောက်ထက် ကျင့်ကြံခြင်းအဆင့်မြင့်သော လူများ အများအပြားရှိလေသည်။

ထိုလူငယ်လေးယောက်ထဲမှ ဆံပင်တိုနှင့်လူငယ်သည် စကားပြောလိုက်သည်။

“ခင်ဗျားတို့ ကျုပ်တို့ဆီလာပြီး အချိန်ဖြုန်းမနေပါနဲ့‌တော့။ ဆရာသခင်က တပည့်ထပ်လက်ခံမှာမဟုတ်တော့ဘူး။ ဒါပေမဲ့ လောကထဲမှာ လေးမျက်နှာရွာထွက်ပေါ်လာပြီဆိုတော့ ခင်ဗျားတို့သာ ရွာသူ၊ ရွာသားတွေဖြစ်လာချင်ပြီး ကျင့်ကြံခြင်းကိုပဲအာရုံစိုက်မယ်ဆိုရင်တော့ ခင်ဗျားတို့ရဲ့ စွမ်းဆောင်ရည်က တခြားသူတွေထက် ချွန်ထွက်နေရင် တစ်နေ့နေ့မှာ ဆရာသခင်နဲ့ တွေ့နိုင်မယ့် အခွင့်အရေး ရကောင်းရလာမှာပါ”

သူသည် ထိုသို့ပြောပြီးနောက် ရင်ထဲတွင် သက်ပြင်းလေးလေးတစ်ချက်ချလိုက်သည်။ နှစ်တိုင်း သူတို့ရွာထဲမှ ထွက်လာလျှင် ထိုသို့ဖြစ်သည်ချည်းသာ။

‘ဒီလူတွေက စည်းကမ်းအတိုင်းကျ မလိုက်နာချင်ဘဲ ရွာရဲ့ ပြင်ပအင်အားစုတွေဖြစ်လာတယ်... ဒါကိုတောင် လမ်းညွှန်ပြသမှုရှာဖို့ ဆရာသခင်နဲ့တွေ့ချင်သေးတယ်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ’

“ညီလေးသုံး... သူတို့ကို ပြန်ဖြေနေစရာမလိုပါဘူး”

လွန်စွာခံ့ညားသော ဆံပင်ရှည်နှင့် လူငယ်လေးက ပြောလိုက်သည်။ သူသည် သူ၏ခွက်ကိုယူလိုက်ပြီး အရက်တစ်ငုံသောက်လိုက်သည်။ သူသည် အရက်ကို အရသာခံနေလေသည်။ သူဘေးရှိသူများကို ကြည့်လိုက်သော သူ၏အကြည့်အတွင်းရှိ ခနဲ့တဲ့တဲ့အရိပ်အယောင်သည် ထင်ရှားပေသည်။ ထိုလူများအားလုံးသည် ဆရာသခင်ထံမှ လမ်းညွှန်ပြသမှုကို အသည်းအသန်လိုချင်နေသူများဖြစ်ကြောင်း သူသိပေသည်။ သူသည် ထိုလူများကို အရေးစိုက်မနေပေ။

“အင်း... ဒီနှစ်တွေထဲမှာ ဆရာက ကျွန်မတို့ကိုပဲ သင်ကြားပေးခဲ့တာ။ သူတို့ကို ဆရာက တပည့်အဖြစ်လက်ခံရ‌အောင် သူတို့မှာဘာအခွင့်အရေးရှိလို့လဲ”

ထိုကျင့်ကြံသူလေးဦးထဲမှ တစ်ဦးတည်းသော မိန်းမပျိုလေးက နူးညံ့စွာမေးလိုက်သည်။ သူမသည် သိမ်မွေ့တောက်ပနေပြီး သူမ၏ကိုယ်ရောင်ကိုယ်ဝါသည်လည်း ထူးခြားလေသည်။

အနက်ရောင်ဆံပင်တိုနှင့် လူငယ်ကျင့်ကြံသူလေးသာ တိတ်တဆိတ်ထိုင်နေပေသည်။ သူသည် တိတ်တဆိတ်နေတတ်သူ ဖြစ်ပုံရ၏။

“သူက ဘယ်သူလဲ”

ထိုအခိုက်တွင် ဆံပင်ရှည်နှင့်လူငယ်ကျင့်ကြံသူသည် ရုတ်တရက်လှည့်၍ အဝေးသို့ကြည့်လိုက်သည်။ သူမျက်ဝန်းများထဲတွင် ရွှေရောင်ကောင်းကင်အလင်းတန်းတစ်ခု ဖြတ်သန်းသွားသည်။ ထို့နောက် သူတို့လေးဦး၏အရှေ့တွင် လူတစ်ယောက်ပေါ်လာလေသည်။

ထိုလေးဦးသည် ချက်ချင်းထရပ်လိုက်သဖြင့် စားသောက်ဆိုင်အတွင်းရှိ ကျင့်ကြံသူများအားလုံး အံ့အားသင့်သွားသည်။ ထိုသူသည် မည်သူနည်း။

“သူက မျက်မမြင်ထျယ်ပဲ”

တစ်စုံတစ်ယောက်က လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။

မျက်မမြင်ထျယ်သည် ယခင်က လွန်စွာကျော်ကြားခဲ့သူတစ်ဦးဖြစ်သည်။ ယခု သူပြန်လည်ထွက်ပေါ်လာချိန်တွင်လည်း သူ၏ကိုယ်ရောင်ကိုယ်ဝါသည် အားကောင်းနေဆဲဖြစ်သည်။

“အဖေ”

“ညီလေးသုံး”ဟု အခေါ်ခံရသူ ဆံပင်တိုနှင့်လူငယ်လေးသည် အံ့အားသင့်စွာပြောလိုက်သည်။ သူသည် မျက်မမြင်ထျယ်၏ သား ထျယ်ထိုဖြစ်သည်။ သူသည် ယခင်က လင်ကလေးနောက်သို့ လိုက်ခဲ့သော ကောင်လေးဖြစ်သည်။

ဆံပင်ရှည်နှင့် ခံ့ညားသောလူငယ်သည် ဖန်းစွင်ဖြစ်ပြီး မိန်းမပျိုလေးသည် လင်ကလေးဖြစ်လေသည်။ တိတ်တဆိတ်နေတတ်သည့် ဆံပင်တိုနှင့်လူငယ်သည် ရွာထဲတွင် မထင်မရှားတစ်ယောက်ဖြစ်သော သောယွီဖြစ်ပေသည်။

ယခုတွင် သူတို့အကုန်လုံး အရွယ်ရောက်လာပြီဖြစ်သည်။

“ဦးလေးထျယ်”

ဖန်းစွင်နှင့် လင်ကလေးတို့သည် အံ့အားသင့်နေသော မျက်နှာထားဖြင့် ထရပ်လိုက်ကြသည်။ သောယွီတစ်ဦးသာ တိတ်တဆိတ်ဆက်ထိုင်နေသည်။

“ငါနဲ့လိုက်ခဲ့ကြ”

မျက်မမြင်ထျယ်သည် ပြောပြောဆိုဆိုဖြင့် လေထဲသို့ ပျံတက်သွားလိုက်သည်။ ထိုလူငယ်ကျင့်ကြံသူလေးဦးသည် ကောင်းကင်ပေါ်သို့ ပျံတက်ကာ သူ့နောက်သို့လိုက်သွားကြသည်။

မကြာမီတွင် သူတို့သည် ရှေ့တွင်စောင့်နေသော လူလေးဦးကို တွေ့လိုက်ရသည်။ အလယ်မှလူ၏ ငွေဖြူရောင်ဆံနွယ်များသည် လေထဲတွင်ဝဲလွင့်နေသည်။

လူငယ်ကျင့်ကြံသူလေးဦး၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသောအရိပ်အယောင်များ ပေါ်လာလေသည်။ သူတို့သည် အရှိန်မြှင့်လိုက်ပြီး ရီဖူရှင်းထံသို့ ပျံသန်းသွားကြသည်။ ဖန်းစွင်နှင့် လင်ကလေးသည် အလျင်အမြန်သွားလိုက်ကြပြီး ပြုံးရွှင်ကာ လှမ်းအော်လိုက်သည်။

“ဆရာ... ဆရာပြန်လာပြီလား”

“ဆရာ...”

ထျယ်ထိုသည် ခေါင်းခပ်ဖွဖွကုတ်၍ ပွင့်ပွင့်လင်းလင်းပြုံးလိုက်သည်။

သောယွီတစ်ယောက်သာ မလှုပ်မရှားရှိနေသည်။ သူသည် ရီဖူရှင်းကိုဦးညွတ်၍ နှုတ်ဆက်လိုက်သည်။

“ဆရာ”

ရီဖူရှင်းသည် ထိုလေးဦးကို အသေအချာကြည့်လိုက်သောအခါမှ မှတ်မိသွားလေသည်။ ကလေးများသည် အရွယ်ရောက်လာကြပေပြီ။

လူငယ်ကျင့်ကြံသူလေးဦးသည် ရီဖူရှင်းကိုတွေ့လိုက်ရသဖြင့် အပျော်လွန်နေကြသည်။ သို့သော် သူတို့၏အပျော်ကို ဖော်ပြပုံသည် ကွဲပြားကြပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူတို့၏အကျင့်စရိုက်များကြောင့် ဖြစ်ရပေမည်။ ဖန်းစွင်သည် အဖျတ်လတ်အတက်ကြွဆုံး သူတစ်ဦးဖြစ်သည်။

ရီဖူရှင်းသည် ဖန်းစွင်၏ ခေါင်းကိုခေါက်လိုက်ပြီး လင်ကလေး၏ ခေါင်းကိုပွတ်သပ်လိုက်သည်။ ထို့နောက်သူသည် အရူးလေးတစ်ယောက်ကဲ့သို့ ပြုံးနေသော ထျယ်ထိုကို ကြည့်လိုက်သည်။ သူတို့လေးဦးသည် ကလေးဘဝတုန်းက အကျင့်စရိုက်တူသည်ဟု ထင်ခဲ့ရပေသည်။

“သောယွီ... ငါ့ကို့တွေ့ရင် အဲ့လိုလုပ်နေစရာမလိုပါဘူး”

ရီဖူရှင်းသည် သောယွီတစ်ယောက် ဦးညွှတ်နေဆဲဖြစ်ကြောင်းကိုတွေ့သဖြင့် ပြောလိုက်သည်။

သောယွီသည် ထိုလေးဦးထဲတွင် သနားစရာအကောင်းဆုံးဖြစ်သည်။ သူသည် မိဘမဲ့တစ်ဦးဖြစ်သဖြင့် ရွာထဲမှမိသားစုများ၏ ပေးစာကမ်းစာကို စားခဲ့ရသည်။ မည်သူမှ သူ့ကို ဂရုစိုက်မပေးခဲ့ကြပေ။

“ဟုတ်ကဲ့ပါ ဆရာ”

သောယွီသည် ခေါင်းညိတ်၍ ခါးပြန်မတ်လိုက်ပြီး ရီဖူရှင်းကို ကြည့်လိုက်သည်။ ရီဖူရှင်းကို ကြည့်နေသော သူ၏အကြည့်ထဲတွင် ထူးခြားသောအရိပ်အယောင်တစ်ခု ရှိနေလေသည်။ သူ၏ဘဝသည် ရီဖူရှင်းကြောင့် ပြောင်းလဲခဲ့ရခြင်း မဟုတ်ပေလော။ သူတို့နှစ်ဦးသည် အတူတကွမနေထိုင်ခဲ့ရသော်လည်း အခြားမိသားစုများ၏ ပေးစားကမ်းစာကို စားခဲ့ရသော သော်ယွီလေးသည် ယခင်က ရီဖူရှင်းပေါ်လာမှုသည် သူ့အတွက်မည်သို့အဓိပ္ပာယ်ရှိသည်ကို သူသာသိလေသည်။

“ညီ၄ ဆရာအရှေ့မှာ အဲ့လောက်ရိုရိုသေသေ နေ,နေစရာမလိုပါဘူး။ ပုံမှန်အတိုင်းပဲနေပါ”

ဖန်းစွင်သည် အနည်းငယ်ရယ်၍ ပြောလိုက်သည်။

ရီဖူရှင်းသည် သူ့ကိုကြည့်၍ ပြောလိုက်၏။

“ဒါကဘာလဲ... မင်းတို့က မင်းတို့ဘာသာ အဆင့်တွေခွဲထားကြတာလား”

“ဆရာ ကျွန်တော်တို့ အကုန်လုံးက ဆရာ့ရဲ့တပည့်တွေပါ။ ဘယ်သူက အစ်ကိုကြီး... ဘယ်သူက ညီလေးဆိုတာ သိဖို့လိုတာပေါ့။ ကျွန်တော်က အစ်ကိုကြီး၊ လင်ကလေးက ညီမနှစ်၊ ထျယ်ထိုက ညီလေးသုံး၊ သော်ယွီက အငယ်ဆုံးဆိုတော့ ညီလေးလေး”

ဖန်းစွင်ပြောလိုက်သည်။

ရီဖူရှင်းသည် သူ့ကိုကြည့်၍ ခေါင်းခါလိုက်သည်။ သို့သော် သူ၏ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရလေသည်။ ထိုအရာသည် သူ တစ်ထပ်စံအိမ်လေးတွင် ကျင့်ကြံခဲ့သောအချိန်များကို ပြန်အမှတ်ရသွားစေသည်။

သူသည် ထိုစဉ်က အငယ်ဆုံးဖြစ်သည်။ သူ၏ တစ်ထပ်စံအိမ်လေးမှ အစ်ကိုများ၊ အစ်မများသည် သူကို ဂရုအစိုက်ဆုံးဖြစ်သည်။

“ဆရာ... ဒီနတ်သမီးလေးနှစ်ပါးက ဘယ်သူလဲ”

လင်ကလေးသည် ဟွာဂျီယူနှင့် ဟွာချင်းချင်းကို တစ်ချိန်လုံး အာရုံစိုက်နေခဲ့ခြင်းပင်။ လင်ကလေးသည် သူမဆရာ၏ဘေးတွင်ကပ်နေသူ ဟွာဂျီယူကို ပို၍အာရုံစိုက်နေခဲ့သည်။ ဟွာဂျီယူသည် မည်သူဖြစ်နိုင်ကြောင်း သူမခန့်မှန်းနိုင်သော်လည်း မသေချာပေ။ အဘယ်ကြောင့်ဆိုသော ယခင်က ရီဖူရှင်းရွာသို့ပြန်လာခဲ့စဉ်က အခြားတစ်ဦးနှင့်ဖြစ်သောကြောင့် ဖြစ်သည်။

“သူကမင်းတို့ရဲ့ ဆရာကတော်ပဲ... သူကတော့ ဆရာ့ရဲ့ သူငယ်ချင်း‌ပေါ့။ သူ့နာမည်က ဟွာချင်းချင်းတဲ့”

ရီဖူရှင်း ပြုံး၍ပြောလိုက်သည်။

လင်ကလေးသည် တစ်ခဏမျှကြောင်သွားပြီးနောက် ပြုံး၍ ပြောလိုက်လေသည်။

“လင်ကလေး ဆရာကတော်နဲ့တွေ့ရတာ ဝမ်းသာပါတယ်။ ဆရာကတော်က တော်တော်လှတာပဲ.. နတ်သမီးလေးကျနေတာပဲ။ ဒေါ်လေးဟွာလည်း လှတယ်”

“မင်းဘယ်တုန်းက အခုလို စကားချိုချိုလေးတွေ ပြောတတ်သွားတာလဲ”

ရီဖူရှင်း ပြောလိုက်သည်။ ဟွာဂျီယူသည် ချီးမွမ်းခံလိုက်ရသဖြင့် သိမ်မွေ့စွာပြုံးသွားလေသည်။

“လင်ကလေးကလည်း လှပါတယ်”

“ကျေးဇူးတင်ပါတယ် ဆရာကတော်”

လင်ကလေးသည် ချိုသာစွာပြုံး၍ ပြန်ပြောလိုက်သည်။

“တပည့်ဖန်းစွင် ဆရာကတော်ကိုတွေ့ရတာ ဝမ်းသာပါတယ်”

“တပည့်ထျယ်ထို ဆရာကတော်ကိုတွေ့ရတာ ဝမ်းသာပါတယ်”

“တပည့်သောယွီ ဆရာကတော်ကိုတွေ့ရတာ ဝမ်းသာပါတယ်”

ကျန်သုံးဦးသည်လည်း ဟွာဂျီယူကို နှုတ်ဆက်လိုက်ကြသည်။ သူတို့သည် ရီဖူရှင်းကိုတွေ့လိုက်စဉ်ကထက် ပို၍လေးနက်နေကြလေသည်။

“အရိုအသေပေးနေစရာမလိုပါဘူး။ ဒေါ်‌လေးကိုလည်း မင်းတို့ရဲ့ ဆရာကိုဆက်ဆံသလိုပဲ ဆက်ဆံကြပါ”

ဟွာဂျီယူပြုံး၍ ပြောလိုက်သည်။ သူမသည် ထိုလူငယ်လေးများ ရီဖူရှင်းအပေါ်ထားသော လေးစားမှုကို ခံစားမိလိုက်သည်။

“ဆရာကတော်ပြောတာ မှန်တယ်။ အရမ်း ရိုရိုသေသေ ဆက်ဆံနေစရာမလိုပါဘူး”

ရီဖူရှင်းပြောလိုက်သည်။

“ရွာကို သွားကြတာပေါ့”

“ဟုတ်ကဲ့”

အားလုံး ခေါင်းညိတ်လိုက်ကြပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားကြလေတော့သည်။ မကြာမီတွင် သူတို့သည် လေးမျက်နှာရွာကို ရောက်လာလေသည်။

ရွာသူ၊ ရွာသားများသည် ရီဖူရှင်းပြန်လာသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။ သူတို့ ရွာထဲသို့ဝင်လိုက်သောအခါ လင်ကလေးကမေးလိုက်သည်။

“ဆရာ... အဘိုးက ဘာလို့ပြန်မလာသေးတာလဲ”

“အဘိုးက မင်းတို့ကို ဆရာကစောင့်ရှောက်ပေးနေရင် စိတ်ချတယ်တဲ့။ အဲ့ဒါကြောင့် သူက ဟိုမှာပဲဆက်နေပြီး အနာဂတ်မှာ မင်းတို့ကိုကာကွယ်ပေးနိုင်ဖို့ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကြိုးစားပြီး တိုးမြှင့်နေတယ်”

ရီဖူရှင်းသည် ပြန်ဖြေ၍ ပြုံးလိုက်သည်။ လင်ကလေးသည် နှုတ်ခမ်းစူ၍ ပြန်ပြောလိုက်၏။

“ဆရာ... သမီးက ကလေးလေးမဟုတ်တော့ပါဘူး။ သမီးက အခု ရန်ဟောင်အဆင့်တောင်ရောက်နေပြီ”

အသက်သုံးဆယ်အရွယ်နှင့် ရန်ဟောင်အဆင့်အထိ တက်လှမ်းနိုင်ခြင်းသည် အမှန်ပင် အထင်ကြီးစရာကောင်းပေသည်။

ထိုလူငယ်ကျင့်ကြံသူလေးဦးစလုံး၏ ရန်ဟောင်အဆင့်သည် အစစ်အမှန်ရန်ဟောင်အဆင့်ဖြစ်သည်။

သို့သော် သူတို့၏ကျင့်ကြံခြင်းဖြစ်စဉ်သည် ထူးခြားပေသည်။ သူတို့သည် မွေးရာပါလမ်းစဉ်များနှင့် မွေးဖွားလာသူများဖြစ်ကြပြီး မဟာလမ်းစဉ်၏ပျိုး‌ထောင်မှုကိုခံရပြီး ငယ်ရွယ်စဉ်ကတည်းက ဆရာသခင်၏ သင်ကြားပြသမှုကို ခံခဲ့ရသူများဖြစ်သည်။ သူတို့ကလေးဘဝအရွယ်ကတည်းက သူတို့၏ကျင့်ကြံခြင်းတွင် လမ်းစဉ်၏သဘာဝဝိညာဉ်စွမ်းအားများ ပါဝင်နေခဲ့သည်။ ထို့ကြောင့် သူတို့၏ကျင့်ကြံခြင်းအဆင့်တက်မှုသည် လွန်စွာလျင်မြန်ခဲ့ပြီး ယနေ့အဆင့်သို့ ရောက်လာခြင်းဖြစ်သည်။

ကျင့်ကြံခြင်းခရီးတွင် ဖြတ်လမ်းမရှိပေ။ သို့သော် ကမ္ဘာပေါ်တွင် ထူးခြားသောပါရမီရှင်များ အမှန်ပင်ရှိပေသည်။

သူတို့ထဲတွင် လေးမျက်နှာရွာ၏ မုယုံမိသားစုမှ မုယုံရှု မပါသည်ကို တွေ့နိုင်ပေသည်။ ယခင်က မုယုံရှုသည် ရွာရှိကလေးများ၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။

မတော်တဆမှုဖြစ်ပျက်ပြီးနောက် အခြေခံဗဟုသုတများကို သင်ကြားပေးနေသည့်ဆရာတစ်ဦးဖြစ်သော ဆရာသခင်သည် လင်ကလေးနှင့် ကျန်သုံးဦးကို ကျင့်ကြံခြင်းနည်းလမ်းများ စတင်သင်ပေးခဲ့သည်။

“ဆရာသခင်က တကယ်ကို တစ်သက်မှာတစ်ခါပဲ တွေ့နိုင်တဲ့ လူတစ်ယောက်ပဲ”

ရီဖူရှင်း ရင်ထဲတွင် သက်ပြင်းချလိုက်၏။ သူတို့လူစုသည် ကိုယ်ပိုင်ကျောင်းသို့ ‌ရောက်လာပြီဖြစ်သည်။

“ဆရာသခင်” ရီဖူရှင်း အတန်ငယ် ဦးညွှတ်လိုက်သည်။

“ဝင်ခဲ့”

အတွင်းမှနေ၍ အသံတစ်သံထွက်ပေါ်လာသည်။

သူတို့လူစုသည် ကျောင်းခြံဝန်းထဲသို့ ဝင်လိုက်ကြသည်။ ဆရာသခင်သည် ခြံဝန်းထဲတွင် တိတ်တဆိတ်ထိုင်နေသည်။ သူ၏အကြည့်သည် ရီဖူရှင်း၊ ဟွာဂျီယူ၊ ဟွာချင်းချင်းနှင့် ချန်ယိတို့အပေါ် ကျရောက်သွားသည်။

“မင်းတို့အကုန်လုံးက မရိုးရှင်းကြဘူးပဲ”

သူ နူးညံ့စွာပြောလိုက်သည်။

ရီဖူရှင်းသည် သူ့ဘေးရှိ ဂျီယူ၊ ချန်ယိနှင့် ဟွာချင်းချင်းတို့ကို ကြည့်လိုက်သည်။

‘မရိုးရှင်းဘူး ဟုတ်လား။ ဂျီယူက မဟာအင်ပါယာရဲ့ အမွေအနှစ်ကို ပိုင်ဆိုင်ထားတယ်။ ဟွားချင်းချင်းရဲ့ ဇစ်မြစ်က တကယ်ကို မရိုးရှင်းဘူး။ ချန်ယိကလည်း လျှို့ဝှက်ချက်တချို့ကို ဖုံးကွယ်ထားတယ်။ ဆရာက အဲ့ဒါတွေအကုန်လုံးကို သိသွားပြီလား’

“မင်း ဒီတစ်ခေါက် ရွာကိုပြန်လာတာ တစ်ခုခုလုပ်စရာရှိလို့လား”

ဆရာသခင်သည် ရီဖူရှင်းကို မေးလိုက်သည်။

“ဆရာ ကျွန်တော်တို့က နှုတ်ဆက်ဖို့လာတာပါ။ ပြီးတော့ ကလေးတွေကိုလည်း တွေ့ရအောင်လို့ပါ”

ရီဖူရှင်းပြောလိုက်သည်။

“ကျွန်တော်တို့က အနောက်လောကကို ခရီးသွားမလို့ပါ။ အဲ့ကိုမသွားခင် မဟာအလင်းကုန်းမြေကို အရင်သွားပါဦးမယ်”

“ကောင်းတယ်”

ဆရာသခင် ခေါင်းညိတ်ပြလိုက်သည်။

“မူလဘုံမှာပဲ ပိတ်မိနေတာထက်စာရင် အရာအားလုံးကို လွှတ်ချပြီး အဝေး..အ‌ဝေးကြီးမှာရှိတဲ့ အပြင်လောကကိုသွားပြီး အတွေ့အကြုံရှာတာ ကောင်းတယ်။ မင်းတို့က ဝေးတဲ့နေရာ နည်းနည်းကိုပဲသွားဖူးတာဆိုတော့ အနောက်လောကက တကယ်ကောင်းတဲ့ ရွေးချယ်မှုပဲ”

“ဆရာ... ကျွန်တော်တို့လည်းသွားချင်တယ်”

ဖန်းစွင် ပြောလိုက်သည်။

“ဟုတ်တယ်”

လင်ကလေးနှင့် ထျယ်ထိုတို့ကလည်း ခေါင်းညိတ်လိုက်ကြသည်။ သော်ယွီသည်လည်း ရီဖူရှင်းကို ကြည့်လိုက်၏။ သူလည်း လိုက်ချင်နေပုံရပေသည်။

ရီဖူရှင်းသည် သူတို့လေးဦးကို ကြည့်လိုက်၏။ သူသည် ထိုလေးဦးကို ငြင်းရန် ဟန်ပြင်လိုက်စဉ်တွင် ဆရာသခင်က ဝင်ပြောလိုက်သည်။

“ဒီလူငယ်လေး လေးယောက်က သူတို့သင်ယူစရာရှိတာတွေကို သင်ယူပြီးပါပြီ။ ဒါပေမဲ့ လေးမျက်နှာရွာကနေပြီး တခြားကို တစ်ခါမှမသွားဖူးသေးဘူး။ အခု သူတို့အပြင်လောကကို သွားရမယ့်အချိန်ရောက်လာပြီ။ မင်း သူတို့ကို ခေါ်သွားသင့်တယ်”

ထိုလေးဦးသည် ရန်ဟောင်အဆင့်ကျင့်ကြံသူများ ဖြစ်သော်လည်း အတွေ့အကြုံနုကာ ရိုးသားကြလေသည်။ သူတို့၏နှလုံးသားသည် ဖြူစင်၍ သူတို့၏အကျင့်စရိုက်များသည် စာရွက်အလွတ်တစ်ရွက်ကဲ့သို့ သန့်ရှင်းပေသည်။ သို့သော် ထိုအချက်များကြောင့်သာ သူတို့သည် တိုးတက်လာနိုင်ခြင်းဖြစ်ပြီး ယနေ့အဆင့်အထိ ရောက်လာခြင်းဖြစ်သည်။

ယခုတွင် ဆရာသခင်သည် သူတို့ အပြင်လောကသို့သွားရန် အချိန်ကျပြီဟု ယူဆပေသည်။

ရီဖူရှင်းသည် ဆရာသခင်ပြောသည့်စကားကို ကြားသောအခါ ချီတုံချတုံဖြစ်သွား၏။ ထို့နောက် သူသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ”

ထိုလေးဦးစလုံးသည် ရန်ဟောင်အဆင့်ကျင့်ကြံသူများဖြစ်သည်။ သူတို့သည် အပြင်လောကတွင် အစွမ်းကြီးသောကျင့်ကြံသူများဟု ယူဆနိုင်ပေသည်။ ထို့ကြောင့် ရီဖူရှင်းသည် ထိုအတွက် များစွာပူပန်ရန်မလိုချေ။ မျက်မမြင်ထျယ်လည်း သူတို့နှင့်ပါလာမည်ဖြစ်ရာ သူသည် ထိုလေးဦးကို ကာကွယ်ပေးနိုင်ပေသည်။ ထိုလေးဦးကို လောကအတွေ့အကြုံများရရန် အပြင်လောကသို့ခေါ်သွားခြင်းသည် ဆိုးသည့်အကြံမဟုတ်နိုင်ပေ။

All Chapters