← Chapters

ချန်ယိ၏လျှို့ဝှက်ချက်

Vol. 169 Ch. 2408

ချန်ယိ၏လျှို့ဝှက်ချက်

Vol. 169 Ch. 2408

ကောင်းကင်ဒေသသည် အကန့်အသတ်မဲ့ပြီး ကျယ်ပြောလှကာ ကုန်းမြေထုကြီးများ မြောက်မြားစွာရှိလေသည်။

မဟာအလင်းကုန်းမြေသည် ကောင်းကင်ဒေသတွင် အင်ပါယာမြို့တော်မှလွဲ၍ အခြားကုန်းမြေများထက် မြင့်မားလေသည်။ ထိုကုန်းမြေသည် ကောင်းကင်ဒေသ၏ အရှေ့ဘက်ခြမ်းတွင်ရှိပြီး ကုန်းမြေ(၁၈)ခုထဲတွင် တစ်နည်းတစ်ဖုံဆန်းကြယ်သော ကုန်းမြေဖြစ်သည်။ မဟာအလင်းကုန်းမြေသည် ဆန်းကြယ်သောသမိုင်းကြောင်းများရှိ၍ ကျင့်ကြံသူအများအပြားတို့၏ လေ့လာရာနေရာတစ်ခုလည်းဖြစ်လေသည်။

ထို့ပြင် ကောင်းကင်ဒေသအတွင်းရှိ အခြားကုန်းမြေများနှင့် နှိုင်းဆာလျှင် ယနေ့ခေတ်မဟာအလင်းကုန်းမြေ၏ အဓိကနယ်နမိတ်ကြီးတစ်ခုသည် ပတ်ဝန်းကျင်မှကုန်းမြေများ၏ ပိုင်းခြားထားခြင်းကိုခံခဲ့ရသဖြင့် လူသူအရောက်အပေါက်အနည်းဆုံး ကုန်းမြေတစ်ခုလည်းဖြစ်လေသည်။ ထိုနယ်နမိတ်သည် ယနေ့ခေတ် မဟာအလင်းကုန်းမြေအတွင်း၌ မပါဝင်တော့ပေ။ တချို့သည် မဟာအလင်းကုန်းမြေမှာ မည်သည့်အခါကမှ မတည်ရှိခဲ့သင့်သည့် ကုန်းမြေတစ်ခုဟု ဆိုကြသည်။

ထို့ကြောင့် နှစ်ပေါင်းများစွာကြာပြီးနောက် မဟာအလင်းကုန်းမြေသည် တိုက်ကြီးတစ်တိုက်အဖြစ် ထီးတည်းတည်ရှိနေခဲ့သည်။ ထိုကျန်ရှိနေခဲ့သော တိုက်ကြီးကို ယနေ့ခေတ်တွင် မဟာအလင်းကုန်းမြေဟု ခေါ်ကြခြင်းဖြစ်ပြီး မဟာအလင်းမြို့တော်ဟုလည်း ခေါ်ပေသည်။

ထိုကုန်းမြေသည် မြို့တစ်မြို့လည်းဖြစ်ပေသည်။

ထို့ကြောင့် ထိုမြို့သည် ကြီးမားကျယ်ပြန့်ပြီး ဆန်းကြယ်မှုများ ရောယှက်နေလေသည်။

ဒဏ္ဍာရီများအရ မဟာအလင်းကုန်းမြေသည် အမှန်တွင် အလင်းဘုံကျောင်းဖြစ်ပြီး မြို့တော်တစ်ခုလုံးသည် အလင်းဘုံကျောင်း၏ ပရိဝုဏ်ဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့်သာ နှစ်ပေါင်းများစွာကြာပြီးနောက် မဟာအလင်းမြို့တော်သည် အလင်းများဖြင့် ဖုံးလွှမ်းနေပြီး အလင်းစွမ်းအားများ ရှိနေခြင်းဖြစ်သည်ဟု ဆိုကြသည်။

သို့သော် အလင်းသည် နေရာအနှံ့တွင် ရှိပေသည်။ လူအများစုသည် သူတို့မွေးဖွားခဲ့သည့်နေ့မှစ၍ အလင်းနှင့်ထိတွေ့ခဲ့ရသည်။ အလင်းသည် ထိုသို့နေရာအနှံ့တွင်ရှိနေသည်ဖြစ်ရာ အလင်းကိုဖမ်းချုပ်ရန်နှင့် နးလည်အောင်လုပ်ရန် ပို၍ခက်ခဲပေသည်။ ကမ္ဘာကြီးအတွင်းရှိ ကျင့်ကြံသူအများစုသည် ထိုသို့မွေးကတည်းက အလင်းဖြင့်ထိတွေ့ခဲ့ရသဖြင့် မဟာအလင်းလမ်းစဉ်ကို မရရှိနိုင်ကြပေ။ ထို့ကြောင့် နားလည်နိုင်ရန် ပို၍ပင်မဖြစ်နိုင်တော့ချေ။

ချန်ယိသည် ထိုနှစ်များအတွင်း ရီဖူရှင်းမြင်ဖူးသည့် အလင်းလမ်းစဉ်ကို ကျွမ်းကျင်သော တစ်ဦးတည်းသောပညာရှင်ဖြစ်လေသည်။

ကောင်းကင်ဒေသတွင် အလင်းလမ်းစဉ်ကို ကျင့်ကြံသူအများစုသည် မဟာအလင်းမြို့တော်မှ ဖြစ်ပေသည်။ ထိုမြို့တော်သည် အလင်းစွမ်းအားကိုကျင့်ကြံရာတွင် အသင့်တော်ဆုံးနေရာဖြစ်သည်။ သို့သော် ထိုနေရာသည် အခြားမဟာလမ်းစဉ်များကို ကျင့်ကြံသူများအတွက် မသင့်တော်ဆုံးနေရာလည်းဖြစ်ပေသည်။

ထိုအချိန်တွင် မဟာအလင်းကုန်းမြေအပြင်ရှိ ဟင်းလင်းပြင်ထဲတွင် လူတစ်စုသည် တိမ်များနှင့် မြူခိုးများအကြားရှိ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနေကြသည်။ ထိုလူစုထဲတွင် လူကိုးယောက်ရှိလေသည်။ သူတို့သည် ရွှေရောင်အလင်းတောက်ပနေသော သင်္ဘောပျံတစ်စင်းကို စီးနင်းလာခြင်းပင်။ ၎င်းတွင် မဟာလမ်းစဉ်၏ အကွာအဝေးစွမ်းအားများပါဝင်သည်။ ၎င်းသည် ထိုလူစုကို တင်ဆောင်ကာ ဟင်းလင်းပြင်ကို အရှိန်မပြတ်ဖြတ်သန်းနေကာ တိမ်များ၊ မြူခိုးများကိုဖြတ်၍ ‌ရွေ့လျားနေသည်။

ထိုလူကိုးယောက်သည် ရီဖူရှင်းနှင့် သူ၏လူစုဖြစ်လေသည်။

ရီဖူရှင်း၊ ဟွာဂျီယူ၊ ဟွာချင်းချင်း၊ ချန်ယိ၊ အဘိုးအိုထျယ်နှင့် ဖန်းစွင်အပါအဝင် လူငယ်လေးဦးတို့ဖြစ်ပေသည်။

“ရောက်ခါနီးပြီ”

ထိုအချိန်တွင် သင်္ဘောပျံပေါ်မှ ချန်ယိသည် အဝေးသို့ကြည့်၍ ပြောလိုက်သည်။ သူသည် အမြဲလိုလို နောက်ပြောင်တတ်သူဖြစ်သည်။ သို့သော် ယခုတွင် သူသည် အဝေးရှိ ကောင်းကင်ပေါ်မှ ကျဆင်းနေသော ခံ့ညားတောက်ပသည့်အလင်းများကိုကြည့်၍ တည်ကြည်လေးနက်နေပုံပေါ်လေသည်။

“အဲ့ကုန်းမြေကို မဟာအလင်းကုန်းမြေလို့ခေါ်တာ အံ့ဩစရာမရှိတော့ပါဘူး”

ရီဖူရှင်း တီးတိုးပြောလိုက်သည်။ ကောင်းကင်ထက်မှနေ၍ အလင်းများကျဆင်းနေပြီး ထိုအလင်းများကို သာမန်မျက်လုံးဖြင့်ပင် မြင်နိုင်ပေသည်။ ထိုအလင်းများသည် လွန်စွာမှော်ဆန်လေသည်။ ထိုအလင်းများနှင့်ပင် ထိုကုန်းမြေကို အခြားကုန်းမြေများနှင့် ခွဲခြားရန် လုံလောက်ပြီဖြစ်သည်။ ထိုကုန်းမြေသည် အမှီအခိုကင်းကင်း ထီးတည်းတည်ရှိနေသော လောကတစ်ခုကဲ့သို့ပင်။ ထိုကဲ့သို့သောမြင်ကွင်းကို မည်သည့်စွမ်းအားမျိုးက ဖြစ်ပေါ်စေသည်ကို မည်သူမှမသိပေ။

“မင်းက အဲ့ကုန်းမြေကလား”

ရီဖူရှင်းသည် သူ့‌ဘေးရှိ ချန်ယိကိုမေးလိုက်သည်။

“အင်း...”

ချန်ယိခေါင်းညိတ်လိုက်သည်။

“ငါ ကလေးဘဝတုန်းက အဲ့မှာကြီးပြင်းခဲ့တာပဲ။ ကောင်းကင်ပေါ်ကကျနေတဲ့အလင်းတွေက လူတွေကို အလင်းရဲ့စွမ်းအားကို ပိုပြီး ရှင်းရှင်းလင်းလင်း သိမြင်နိုင်စေတယ်။ ငါက ကလေးဘဝကတည်းက အလင်းတည်ရှိမှုကို သိမြင်နိုင်ခဲ့တယ်..ပြီးတော့ ဒီလိုအလင်းမျိုးက ငါ့ရဲ့ခန္ဓာကိုယ်ကို အားဖြည့်ပေးတယ်”

“အဲ့ဒါကြောင့် မင်းက မဟာလမ်းစဉ်အလင်းခန္ဓာကို ပိုင်ဆိုင်ထားတာကိုး”

ရီဖူရှင်းသည် ချန်ယိကိုကြည့်၍ ဆက်ပြောလိုက်သည်။

“ဒီတော့ မင်းကဘယ်သူလဲ”

ချန်ယိသည် သာမန်လူတစ်ယောက်မဟုတ်ကြောင်း ထင်ရှားပေသည်။

“ငါဘယ်သူလဲ...”

ချန်ယိပြုံးလိုက်သည်။

“အဲ့မျက်မမြင်ကြီးပြောတာတော့ ငါက သာမန်ထက်သာလွန်ထူးကဲဖို့ မွေးဖွားလာတာတဲ့... ဒါပေမဲ့ ငါ့ကိုယ်ငါတော့ အဲ့လိုမျိုးနဲ့ဆင်တူတာတောင် တစ်ခါမှ မခံစားမိပါဘူး။ ငါက နှစ်‌ပေါင်းများစွာ တစ်ယောက်တည်းနေခဲ့တာဆိုတော့ တစ်ယောက်တည်းနေရတာ နေသားကျနေပါပြီ။ ငါက ဘာမှမထူးခြားပါဘူး”

ချန်ယိ၏ပြောပြမှုကြောင့် ရီဖူရှင်း အများကြီးတွေးမိသွားသည်။ ချန်ယိသည် ရာဇဝင်နှင့်သူတစ်ယောက် ဖြစ်ရပေမည်။

“အဲ့လိုဆို မင်းကဘာလို့ တုန်းဟွာကုန်းမြေကို သွားခဲ့တာလဲ”

ရီဖူရှင်းသည် သိလိုစိတ်ဖြင့် မေးလိုက်သည်။ မဟာအလင်းကုန်းမြေနှင့် တုန်းဟွာကုန်းမြေသည် အတော်လေးဝေးကွာလေသည်။ ချန်ယိသည် အကြောင်းတချို့ကြောင့် ရန်ဟောင်အဆင့်ရောက်ရန် ကျင့်ကြံနေစဉ်မှာပင် တုန်းဟွာကုန်းမြေသို့ သွားခဲ့ခြင်းဖြစ်သည်။

“ဘာလို့ဆို ငါ့ကို တစ်ယောက်ယောက်က သွားခိုင်းလို့ပဲ”

ချန်ယိသည် ကောင်းကင်ပေါ်မှ တလက်လက်ကျဆင်းလာသော တောက်ပသည့်အလင်းများကိုကြည့်ရင်း ပြုံး၍ပြောလိုက်သည်။

ရီဖူရှင်းသည် သူ မည်သည်ကိုဆိုလိုသည်ကို သိပ်နားမလည်ပေ။

‘တစ်ယောက်ယောက်က သူ့ကိုသွားခိုင်းတာ ဟုတ်လား’

‘ဘယ်သူက ချန်ယိကို တုန်းဟွာကုန်းမြေကို သွားခိုင်းတာလဲ။ သူက တုန်းဟွာကုန်းမြေမှာ ဘာကြီးကြီးမားမားမှလည်း ရခဲ့တာလည်းမဟုတ်ပါဘူး... ပြီးတော့ နောက်ဆုံးကျ သူကငါနဲ့အတူထွက်ပြေးပြီး ဒီအထိရောက်လာခဲ့တာပဲ’

သို့သော် ချန်ယိသည် ထိုအကြောင်းကို ဆက်၍ပြောချင်ပုံမရပေ။ သူသည် အဝေးသို့ကြည့်နေရင်းမှ ရုတ်တရက်မေးလိုက်သည်။

“မင်း ကံကြမ္မာကို ယုံကြည်လား”

ရီဖူရှင်းသည် ချန်ယိ၏မေးခွန်းကို ကြားလိုက်သောအခါ အတွေးနက်သွားသည်။

ကံကြမ္မာ...

ချန်ယိသည် အဘယ်ကြောင့် သူ့ကို ထိုမေးခွန်းမေးရသနည်း။

“အတိုင်းအတာတစ်ခုထိတော့ ယုံကြည်ပါတယ်”

ရီဖူရှင်း ခေါင်းညိတ်၍ ဆက်ပြောလိုက်သည်။

“ငါ ဆယ်ကျော်သက်အရွယ်တုန်းက အနာဂတ်ကို နည်းနည်းပါးပါးမြင်နိုင်တဲ့ နက္ခတ်ဗေဒင်ဆရာကို သိခဲ့တယ်”

“ငါကတော့ မယုံကြည်ဘူး...”

ချန်ယိပြောလိုက်သည်။ သူ၏မျက်လုံးများရွေ့လျားသွားပြီး ရီဖူရှင်းကို ကြည့်လိုက်သည်။ သူပြုံးလိုက်၏။

“ဒါပေမဲ့ ငါမယုံကြည်ဘူးဆိုရင်‌တောင် ငါစမ်းကြည့်ချင်နေတုန်းပဲ”

“ငါနားမလည်ဘူး”

ရီဖူရှင်းပြောလိုက်သည်။

သူသည် ချန်ယိမည်သည်ကို ဆိုလိုသည်ကို အမှန်ပင်နားမလည်ချေ။

“မကြာခင် မင်းနားလည်လာလောက်မှာပါ”

ချန်ယိပြုံး၍ ပြောလိုက်သည်။

“အခုလောလောဆယ်တော့ ငါမင်းကို ပြောမပြနိုင်သေးဘူး”

ရီဖူရှင်း အတန်ငယ် နားမလည်နိုင်ဟန်ဖြစ်နေ၏။ ယနေ့တွင် ချန်ယိသည် ပ‌ဟေဠိများနှင့် ပြောနေသည်ဟု သူခံစားလိုက်ရသည်။ သူ၏စကားလုံးများသည် ရှင်းရှင်းလင်းလင်းမရှိပေ။

ချန်ယိသည် မည်ကဲ့သို့ လျှို့ဝှက်ချက်မျိုးကို ဖုံးကွယ်ထားသနည်း။

သူမည်သည့်အရာကို ပြောလိုနေသနည်း။

သင်္ဘောပျံသည် ဟင်းလင်းပြင်ကိုဖြတ်သန်း၍ ရှေ့သို့ပျံသန်းနေဆဲပင်။ သူတို့သည် အဝေးမှအလင်းများကို လှမ်းမြင်နေရသော်လည်း ထိုနေရာနှင့် အတော်လေးလှမ်းသေးပေသည်။ အလင်းများသည် ကောင်းကင်မှကျဆင်းကာ မဟာအလင်းကုန်းမြေကို လွှမ်းခြုံထားပြီး ထိုကုန်းမြေကို သူတို့ထင်ထားသည်ထက် များစွာပိုမိုတောက်ပနေစေလေသည်။ ထို့ကြောင့် သူတို့သည် ထိုကုန်းမြေကို လှမ်းမြင်နေရသော်လည်း ထိုနေရာသို့ရောက်ရန် အတော်လေးဝေးသေးပေသည်။

အချိန်အတော်ကြာ ကြာပြီးနောက် သင်္ဘောပျံသည် တိမ်များနှင့် မြူခိုးများကို ဖြတ်သန်း၍ နောက်ဆုံးတွင် မဟာအလင်းကုန်းမြေသို့ ရောက်ရှိလာလေတော့သည်။

ထိုကုန်းမြေအနီးရှိ ဟင်းလင်းပြင်ထဲတွင် မည်သည့်တိမ်များ၊ မြူးခိုးများမှ မရှိပေ။ အနန္တအရင်းအမြစ်မှ တောက်ပနေသော အလင်များသာရှိပေသည်။

ရီဖူရှင်းသည် သူ့လက်ကိုရှေ့သို့ဆန့်တန်းလိုက်ရာ သူ့လက်ပေါ်တွင် တောက်ပနေသည့်အလင်းများကို သူ၏သာမန်မျက်စိနှင့် မြင်နိုင်လေသည်။ ထိုနေရာသည် သူရောက်ခဲ့ဖူးသောအခြားနေရာများထက် များစွာပို၍တောက်ပသည်။ သူ၏ခန္ဓာကိုယ်‌ပေါ်သို့ တောက်ပသောအလင်းများ လွှမ်းခြုံထားစဉ်တွင် သူသည် ဆန်းကြယ်မှုတစ်ခုကို ခံစားလိုက်ရသည်။ ထိုခံစားချက်သည် ချန်ယိပြောပြသောခံစားချက်နှင့် တစ်ပုံစံထဲဖြစ်နိုင်ပေသည်။ တစ်စုံတစ်ဦးသည် ထိုကဲ့သို့ အလင်းစွမ်းအားမျိုးနှင့်‌ မွေးဖွားလာနိုင်လေသည်။

“ငါတို့ဘယ်ကိုသွားနေတာလဲ”

ရီဖူရှင်းသည် ချန်ယိကို မေးလိုက်သည်။

“ဒီမဟာအလင်းကုန်းမြေက မြို့တော်ကြီးတစ်ခုဖြစ်ခဲ့ဖူးတယ်... ဒါပေမဲ့ အဲ့ဒါကအမှန်တော့ အလင်းဘုံကျောင်းရဲ့ နယ်မြေပဲ။ အဲ့မြို့တော်ထဲမှာ အလင်းဘုံကျောင်းရဲ့ အပျက်အစီးတွေရှိတယ်တဲ့... ငါတို့သွားနေတာ အဲ့နေရာကိုပဲ”

ချန်ယိပြောလိုက်သည်။

“ဆက်သွားပါ... ငါမင်းကို လမ်းပြပါမယ်”

“အလင်းဘုံကျောင်းရဲ့ အပျက်အစီးတွေက တကယ်ရှိလို့လား”

ရီဖူရှင်းသည် သံသယတချို့နှင့် မေးလိုက်သည်။

“အဲ့လိုဆို ဒီနှစ်တွေထဲမှာ ဒီကိုလာခဲ့တဲ့လူတွေက အလင်းဘုံကျောင်းရဲ့ အပျက်အစီးတွေကို ရှာဖို့လာကြိုးစားကြတာလား”

“မင်းက ငါ့ကိုမေးနေတာလား”

ချန်ယိ ပခုံးတွန့်၍ ပြောလိုက်သည်။

“ဒါပေမဲ့ မင်းပြောတာမှန်ပါတယ်။ ဒီနှစ်တွေထဲမှာ လူအများကြီးက ဒီနေရာကိုလာပြီး အလင်းဘုံကျောင်းရဲ့ အပျက်အစီးတွေကို လာရှာကြတာပဲ။ မဟာအလင်းကုန်းမြေကို ကာကွယ်နေတဲ့ ကုန်းမြေအကြီးအကဲစံအိမ်ကိုတောင် အပျက်အစီးတွေနားမှာ ဆောက်ထားရတာ အဲ့သိသာတဲ့အကြောင်းကြောင့်ပေါ့။ ဒါပေမဲ့ ဘယ်သူမှ အပျက်အစီးတွေကို ရှာမတွေ့နိုင်တော့ အဲ့ဒါတွေ ရှိလား၊ မရှိဘူးလားဆိုတာ ဘယ်သူမှ မသိဘူးပေါ့”

“အဲ့လိုဆို မင်းက ငါ့ကို မင်းနဲ့အတူ ဒီနေရာကိုလိုက်လာခိုင်းရတာလဲ”

ရီဖူရှင်းမေးလိုက်သည်။ ထိုမေးခွန်းသည် လက်ရှိကိစ္စ၏ အဓိကအချက်ဖြစ်လေသည်။

ချန်ယိသည် သူ့ကိုကြည့်၍ ပြုံးလိုက်သည်။

“ဘာလို့ဆို တစ်ယောက်ယောက်က အဲ့ဒါတွေရှိတယ်ဆိုတာ ယုံလို့ပေါ့”

All Chapters