ကျိပင်းယွီ၏ဇစ်မြစ်၊ တစ်ချိန်က ရွှေအမြုတေမိသားစု
Vol. 1 Ch. 8
တစ်ညတာ ကုန်လွန်၍ တိမ်များကင်းကာ၊ မိုးများ ရပ်တန့်သွားသည်။
“သင်နှင့် သင်၏တာအိုလက်တွဲဖော်သည် မနေ့ညတွင် ရှစ်ကြိမ် ကျင့်ကြံခဲ့သည်။ သင်တို့၏ နှလုံးသားများ ချိတ်ဆက်ကာ သင်တို့၏ အချစ်အား ပို၍ ခိုင်မာစေခဲ့သည်။”
“သင်သည် ဓားတာအို အတွေ့အကြုံ ပမာဏတချို့အား ရရှိခဲ့ပြီး၊ သင်၏ စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်ပါရမီသည် အတိုင်းအတာတစ်ခုသို့ တိုးမြှင့်သွားပြီ ဖြစ်သည်။”
“သင်သည် တစ်ဘက်သူ၏ အစစ်အမှန် အဆီအနှစ်အား ရရှိခဲ့ပြီး သင်၏ကျင့်ကြံမှုအား အတိုင်းအတာတစ်ခုထိ တိုးတက်စေခဲ့သည်။”
ထိုအချိန်တွင်၊ ကျိုးစွေ့၏ အသိစိတ်ပင်လယ်၏ အနက်ပိုင်းမှ သတင်းစကားတစ်ခု ရောက်လာသည်။ တစ်ညတာ တူနှစ်ကိုယ်ကျင့်ကြံပြီးနောက် သူ့ကိုယ်အတွင်းရှိ အစစ်အမှန်အဆီအနှစ်သည် သိသိသာသာ တိုးတက်လာကြောင်း သူခံစားမိသည်။
များပြားလှသော အစစ်အမှန် အဆီအနှစ်များက သူ၏ မရီဒန်များမှတစ်ဆင့် စမ်းချောင်းသဖွယ် စီးဆင်နေ၏။
သူ ကြိုးစားကျင့်ကြံလျှင်တောင်မှ သူ၏ အစစ်အမှန်အဆီအနှစ်အား အနည်းငယ်တိုးတက်စေရန် လပေါင်းများစွာ အားထုတ်ရမည် ဖြစ်သည်။
အခုအခါတွင်မူ၊ တစ်ညတာ အားထုတ်ရုံဖြင့် သူ၏ကျင့်ကြံမှု တိုးတက်လာခဲ့သည်။
ဤသို့သာ ဆက်သွားပါက၊ မကြာမီအချိန်အတွင်း ချီသန့်စင်ခြင်း အဆင့်(၃)သို့ သူရောက်ရှိနိုင်တော့မည် ဖြစ်၏။
ထိုသို့ လျင်မြန်စွာ တိုးတက်ရခြင်း၏ အကြောင်းပြချက်က ကျိပင်းယွီကြောင့်ပင် ဖြစ်သည်။
သူမသည် ချီသန့်စင်ခြင်း အဆင့်(၉) ကျင့်ကြံသူဖြစ်သဖြင့်၊ သူမကိုယ်တွင်းရှိ အစစ်အမှန် အဆီအနှစ်သည် သူနှင့်ယှဉ်လျှင် မတိုင်းတာနိုင်လောက်အောင် ကြီးမားလွန်းသောကြောင့် ဖြစ်သည်။ အနည်းငယ်မျှကပင် သူ့အတွက် များစွာသော အကျိုးကျေးဇူးအား ရရှိစေနိုင်သည်။
ဤသည်က ချီအားဖြည့်ဆေးအား နေ့စဉ်သုံးစွဲရသကဲ့သို့ ဖြစ်သည့်အပြင် မည်သည့် ဆိုးကျိုးမျှလည်း မရှိပေ။
ချစ်ခြင်းမေတ္တာကူ၏ စွမ်းပကားသည် စိတ်ကူးနိုင်စွမ်းထက်ပင် ကျော်လွန်နေသည်မှာ ရှင်းလှပေသည်။ ချစ်ခြင်းမေတ္တာကူအား ရရှိပြီးနောက် ယင်းသည် မည်သည့်ကျင့်ကြံနည်းစနစ် ထက်မဆို ပို၍ အံ့ဖွယ်ကောင်းကာ၊ သူတို့၏ စွမ်းအားများအား ရောနှောစေကာ ပေါင်းစည်းပေးနိုင်၏။
ပို၍ အရေးကြီးသည်ကား၊ ကျိုးစွေ့၏ အသိစိတ်ပင်လယ် အနက်ပိုင်းထဲတွင် ဓားတာအို အသိပညာများစွာ ပေါ်ထွက်လာခြင်းပင်။ ယင်းတို့အား အပြည့်အဝ ဝါးမျိုချေဖျက်နိုင်ပါက သူသည်လည်း ဓားတာအို ဆရာသခင်တစ်ဦး ဖြစ်လာနိုင်ပေသည်။
“ယောက်ျား၊ ရှင်က အကောင်းဆုံးပဲ။”
ကျိပင်းယွီက ကျိုးစွေ့အား ချစ်မြတ်နိုးစွာ ကြည့်သည်။ သူမ၏ လှပသော မျက်လုံးများတွင် ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေချေသည်။
ဤကျင့်ကြံခြင်းသည် သူမ၏ ကျင့်ကြံဆင့်အား မတိုးတက်စေသော်လည်း၊ သူမ၏ ဝိညာဉ်အသိအမြင်အား ဆက်တိုက် တိုးတက်လာစေကြောင်း ခံစားမိသည်။ ဤသို့သာ ဆက်သွားလျှင် အခြေတည် ဝိညာဉ်အသိအမြင်အား တည်ဆောက်နိုင်ပေမည်။
၎င်းက သူမ၏ အနာဂတ် အခြေတည်အဆင့်အတွက် ကြီးစွာသော အကျိုးကျေးဇူး ရစေမည် ဖြစ်သည်။
ဤအကျိုးကျေးဇူး၏ အရင်းမြစ်က ကျိုးစွေ့၏ ကြီးမားလွန်းသော ဝိညာဉ်စွမ်းအားကြောင့် ဖြစ်၏။ သူသည် ဝိညာဉ်ကူးပြောင်းလာသောသူ ဖြစ်သည့်အတွက် ၎င်း၏ ဝိညာဉ်စွမ်းအားက သာမန်ကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍ပင် မရနိုင်အောင် လွန်စွာ စွမ်းအားကြီးပေသည်။
သူမ၏ ချစ်စိတ်များက ပို၍ ပို၍ပင် ခိုင်မာလာသည်မှာ သေမှသာ ရပ်တန့်တော့မည် ဖြစ်၏။
“ဒါနဲ့ ယွီအာ၊ ငါတို့တွေ လက်ထပ်ပြီးပြီဆိုတော့၊ မင်း ဘယ်ကလာတယ်ဆိုတာ ပြောလို့ ရပြီလား။” ကျိုးစွေ့ သိချင်စိတ်ပြင်းစွာ မေး၏။ ယခုအချိန်ထိ ကျိပင်းယွီက ဘယ်ကလာသည်အား သူမသိရသေးချေ။
သူ၏တာအိုလက်တွဲဖော် တစ်ဦးအနေဖြင့် တစ်ဘက်လူ၏ အကြောင်းအရာ အားလုံးအား သိရှိထားသင့်ပေသည်။
“ငါက ဂျင်တိုင်းပြည်ရဲ့ တစ်ချိန်တုံးက ရွှေအမြုတေမိသားစု ဖြစ်ဖူးတဲ့ ကျိမိသားစုကပါ။”
ကျိပင်းယွီက ရှင်းပြသည်။ “ကံဆိုးစွာနဲ့၊ ငါတို့ရဲ့ ကျိဘိုးဘေး သက်တမ်းကုန်လို့ သေဆုံးတဲ့အချိန်မှာ၊ အချိန်တိုအတွင်း နောက်ထပ် ရွှေအမြုတေ တစ်ယောက် မပေါ်ထွန်းနိုင်ခဲ့တော့ ပြင်ပအင်အားစုတွေက ကျိမိသားစုကို မျက်စိကျလာစေတော့တာပေါ့။”
“နောက်ဆုံးတော့၊ မှောင်မဲပြီး လေထန်တဲ့ တစ်ညမှာ၊ အခြား ရွှေအမြုတေမိသားစု တစ်ခုဖြစ်တဲ့ အိုးရန်မိသားစုရဲ့ တိုက်ခိုက်မှုကို ခံရပြီး မိသားစုတစ်ခုလုံး ဖျက်စီးခံလိုက်ရတယ်လေ။”
“ကံကောင်းတာက ဒါတွေကို ကျိမိသားစုက ကြိုမြင်ထားတော့၊ အစောကြီးကတည်းက မိသားစုဝင်တွေကို အနယ်နယ် အရပ်ရပ်ကို ဖြန့်ကျက်ပို့ဆောင်ထားခဲ့တယ်။ တိုက်ရိုက်မျိုးဆက်ဖြစ်တဲ့ ငါလည်း မိဘတွေနဲ့အတူ ထွက်ပြေးခဲ့ရတာပေါ့။”
“နှမြောဖို့ကောင်းတာက အဲဒီအိုးရန်မိသားစုက ငါတို့ကို အလွတ်မပေးပဲ၊ ကျင့်ကြံသူတွေ ဆက်တိုက်စေလွှတ်ပြီး လုံက်လံသတ်ဖြတ်ခဲ့တယ်။ အဲ့လိုနဲ့ ငါ့မိဘတွေအပါအဝင် မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ရပြီး၊ နောက်ဆုံးမှာ ငါ ကျိပင်းယွီတစ်ယောက်ပဲ ကျန်ခဲ့တော့တာပဲ။”
“အိုးရန်မိသားစုရဲ့ လက်ကလွတ်အောင် ငါ မိုင်ပေါင်းများစွာ ခရီးဆက်ပြီး ဂျင်တိုင်းပြည်ကနေ ထွက်ခွာခဲ့တယ်။ လမ်းခရီးတလျောက်၊ အနေအစား ဆင်းဆင်းရဲရဲနဲ့ ဒုက္ခပေါင်းစုံ၊ ကံဆိုးမှုပေါင်းစုံကို ကြုံတွေ့ခဲရတယ်။ စွန့်စားခန်းအမျိုးမျိုးကို ဖြတ်ကျော်ပြီးနောက်မှာမှ ငါ့ရဲ့ ကျင့်ကြံမှုက ချီသန့်စင်ခြင်း အဆင့်(၉)ကို ရောက်ရှိနိုင်ခဲ့တယ်။”
သူမက သူမ၏ဇာတ်ကြောင်းအား အတိုချုပ်ရှင်းပြလိုက်သည်။
“ဒါက!”
ကျိုးစွေ့ မျက်လုံးပြူးသွား၏။ ကျိပင်းယွီ၏နောက်ခံက သာမန်မဟုတ်သည်အား သူ အစောကတည်းက သိထားပြီး ဖြစ်သော်လည်း၊ သူမသည် ရွှေအမြုတေမိသားစု မျိုးဆက် ဖြစ်ကာ၊ မိသားစု၏ ကျဆုံးမှုကြောင့် မီယွင်မြို့သို့ လာရောက်တိမ်းရှောင်ရန် ဖိအားပေးခံခဲ့ရသည်ကိုကား မျှော်လင့်မထားချေ။
သူနှင့် နှိုင်းယှဉ်လျှင် ကျိပင်းယွီ၏ ဘဝအတွေ့အကြုံက တကယ့်ကို ထူးခြားလှသည်။
သူမ၏ရန်သူများသည်လည်း တကယ့်ကို ကြောက်မက်ဖွယ် ကောင်း၏။ ရွှေအမြုတေအဆင့်များ ပိုင်ဆိုင်သော မိသားစု ဆိုသည်မှာ မိုင်ထောင်ချီ လွှမ်းမိုးနိုင်သော အင်မော်တယ်ရှားဂိုဏ်းကဲ့သို့ စွမ်းအားကြီးမားနိုင်လောက်သည်။ ဤသည်က ကိစ္စကြီးပင် ဖြစ်သည်။
အိုးရန်မိသားစုမှ တစ်စုံတစ်ဦးသာ ကျိပင်းယွီအား သတိထားမိသွားပါက တစ်ယောက်ပြီးတစ်ယောက် လိုက်လံဖမ်းဆီးကြပေမည်။
“စိတ်မပူပါနဲ့ ယောက်ျားရဲ့။ ကျိမိသားစုမှာတုံးက ငါက အိုးရန်မိသားစုရဲ့ မျက်လုံးထဲ ထည့်လောက်စရာမရှိတဲ့ အသေးအဖွဲ ပမွှားလေးပါပဲ။ ပြီးတော့ ကျိမိသားစု ဖျက်ဆီးခံရတာ အနှစ်နှစ်ဆယ် ရှိပြီဆိုတော့ သူတို့ ငါ့ကို မေ့သွားလောက်ပါပြီ။”
သူမသည် ယခုတွင်မှ အသက်သုံးဆယ့်ငါးနှစ်သာ ရှိသေးရာ၊ သူ၏မိသားစု အဖျက်ဆီးခံရချိန်တွင် သူမ၏ အသက်ဆယ့်ငါးနှစ်ဝန်းကျင်သာ ရှိပေဦးမည်။
“မင်း လက်စားမချေချင်ဘူးလား?”
ကျိုးစွေ့က မေးလိုက်၏။
“သေချာပေါက် သိပ်ကိုချေချင်တာပေါ့၊ ဒါပေမဲ့ ငါ့အခြေအနေကို ငါနားလည်တယ်။ မျက်ကန်းလက်စားချေတယ်ဆိုတာ ကိုယ့်သေတွင်းကိုယ်တူးတာပဲလေ။ ငါ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖြစ်မလာသေးသရွေ့ အဲ့ဒီအမုန်းတရားတွေကို မေ့ထားရမှာပဲ၊ တစ်သက်လုံးလည်း ဖြစ်ရင် ဖြစ်သွားမှာပေါ့လေ”
ကျိပင်းယွီက အလွန်ပင် အမြင်ကျယ်လေ၏။
အနှစ်နှစ်ဆယ်ကြာအောင် ထွက်ပြေးနေရပြီးနောက် အိုးရန်မိသားစုအား မုန်းတီးသော်လည်း သူမငယ်စဉ်တုံးကကဲ့သို့ သွေးဆူမလွယ်တော့ပေ။
သေချာမှုအပြည့်အဝ မရှိသေးသရွေ့၊ ဂျင်တိုင်းပြည်သို့ သူမ ပြန်မည် မဟုတ်ပေ။
“ဒါဆို ဘာလို့ အင်မော်တယ်ရှားဂိုဏ်းကို မဝင်ရတာလဲ? ယွီအာရဲ့ အရည်အချင်းနဲ့ဆို အဲလိုဂိုဏ်းတွေကို ဝင်ရောက်ဖို့ဆိုတာ အလွယ်လေးပဲ ဖြစ်မှာ။” ကျိပင်းယွီ၏ အရည်အချင်းက ပေါ့သေးသေး မဟုတ်ကြောင်း ကျိုးစွေ့သိထားသည်။ သူမက ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ် ဖြစ်ကာ၊ အလယ်လတ်တန်းစား စိတ်ဝိညာဉ်အမြစ် ဖြစ်၏။
ထိုသို့သော ပါရမီက အင်မော်တယ်ရှားဂိုဏ်းတွင်ပင် ပါရမီရှင်တပည့်အဖြစ် သတ်မှတ်ခံရပေမည်။
သူမသည်သာ သူမ၏ပါရမီအား ထုတ်ဖော်ပါက အင်မော်တယ်ရှားဂိုဏ်းသို့ ဝင်ရောက်ရန် ကျိပင်းယွီအတွက် အလွယ်လေးပင် ဖြစ်၏။
“ထားလိုက်ပါ။ ငါမှာ အမွေအနှစ်မရှားပါဘူး။ ကျိမိသားစုမှာ ရွှေအမြုတေအမွေအနှစ် တစ်ခု ရှိပါတယ်။ အင်မော်တယ်ရှားဂိုဏ်းကို ဝင်ရင် ငါ့စွမ်းရည်တွေနဲ့၊ ငါ့နောက်ကြောင်းတောင် ပေါ်သွားနိုင်တယ်။”
“ပြီးတော့ အင်မော်တယ်ရှားဂိုဏ်းအတွက် ဂျင်တိုင်းပြည်ဆိုတာ မိုင်သောင်းချီ ဝေးတယ်ဆိုပေမယ့် လက်လှမ်းမှီတဲ့ အနေထားအတွင်းမှာပဲ ရှိတယ်။ ငါ့ရဲ့ ကျိမိသားစုရဲ့ တည်ရှိမှုကို သိနေနိုင်တဲ့ တစ်ယောက်ယောက် ရှိနေနိုင်တယ်လေ။ အဲ့ဒီတော့ မစွန့်စားတာ အကောင်းဆုံးပဲ။”
“တစ်ကိုယ်တော်ကျင့်ကြံသူတွေက နည်းနည်းတော့ ခက်ခဲပေမယ့် အရမ်းလွတ်လပ်ပါတယ်။”
ကျပင်းယွီက ရှင်းပြ၏။
“ငါနားလည်ပြီ။ မင်းရဲ့ညီမနှစ်ယောက်အကြောင်းကကော၊ သူတို့နဲ့ မင်း ဘယ်လိုဆုံခဲ့ကြတာလဲ။”
ကျိုးစွေ့က စူးစမ်းလိုက်သည်။
“အင်း ဒါကတော့ နောက်ထပ်ဇာတ်လမ်းတစ်ခုပေါ့။”
ကျိပင်းယွီက အနည်းငယ် ပြုံးလိုက်ကာ “ဒီအကြောင်း ယောက်ျားကို ငါပြောပြချင်ပေမယ့်၊ ဒါက ငါ့ညီမနှစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာ ဖြစ်နေတယ်။ အနာဂတ်မှာ အခွင့်အရေးရှိရင် သူတို့ကိုယ်တိုင် ပြောပြကောင်း ပြောပြပါလိမ့်မယ်။ အခုတော့ အချိန်တစ်ခုတိုင်အောင် ငါ လျှို့ဝှက်ထားရလိမ့်မယ်။”
အဆုံးသတ်တွင် ယင်းက ညီမနှစ်ဦး၏ ကိုယ်ရေးကိုယ်တာ ဖြစ်သဖြင့် တစ်ပါးသူအား ပြောပြရန် မသင့်တော်ပေ။
“ဟုတ်ပါပြီ။”
ကျိုးစွေ့ခေါင်းညိတ်လိုက်သည်။ အနည်းငယ် ဝမ်းနည်းသလို ခံစားလိုက်ရသော်လည်း သူနားလည်ပေသည်။
လျှို့ဝှက်ချက် မရှိသောသူ ဟူ၍ မည်သူ ရှိမည်နည်း။ အရာအားလုံးအား အောက်ခြေထိတိုင် တူးဖော်ရန် မလိုအပ်ချေ။
ချစ်ခြင်းမေတ္တာကူ၏ ကူခွဲ နောက်တစ်ကြိမ် မွေးဖွားသည့်အခါတွင်တော့ အခြားမိန်းမနှစ်ဦး၏ လျှို့ဝှက်ချက်များအား သူသိကောင်း သိနိုင်ပေလိမ့်မည်။