← Chapters

မျက်မမြင်ချန်

Vol. 169 Ch. 2409

မျက်မမြင်ချန်

Vol. 169 Ch. 2409

မဟာအလင်းမြို့တော်၏ အရှေ့ဘက်ခြမ်းတွင် အပျက်အစီးများရှိနေသော နေရာတစ်ခုရှိလေသည်။ ထိုနေရာသည် အတော်အတန်ကြီးမားပြီး လူများသည် ထိုအပျက်အစီများကို မကြာခဏလာမွှေနှောက်ကြသည်။

အပျက်အစီးများ၏တစ်ဖက်စွန်းတွင် တံခါးတစ်ချပ်ရှိလေသည်။ ထိုတံခါး၏အခြားတစ်ဖက်တွင် အလင်းများရှိကြောင်းကို အက်ကြောင်းများမှ လှမ်းမြင်ရသည်။ ထိုအက်ကြောင်းများမှ ထွက်လာသောအလင်းများသည် အပျက်အစီးများကို အလင်းပေးနေသည်။

ထိုတံခါးသည် အတော်လေးစိတ်ဝင်စားစရာကောင်း၏။ ထိုတံခါးသည် သဘာဝအတိုင်းဖောက်၍မြင်နေရသော်လည်း ထိုတံခါး၏အနောက်တွင် အပျက်အစီးများ မျာစွာထပ်ရှိနေပုံပေါ်လေသည်။ တံခါး၏အနောက်တွင် လောကအသေးလေးတစ်ခု ရှိနေသကဲ့သို့ပင်။

ယခင်က လူတချို့သည် ထိုတံခါးကို ဖြတ်သွားဖူးကြသည်။ သို့သော် ထိုတံခါးကိုဖြတ်သွားသူအများစုသည် အတွင်းရှိ အလင်းများကြောင့် မျက်လုံးကန်းသွားကြသည်ချည်းသာဖြစ်သည်။ တချို့သည် တံခါးကို ဖျက်ဆီးပစ်ရန် ကြိုးစားခဲ့ကြသော်လည်း မလုပ်နိုင်ခဲ့ကြပေ။ ထိုကဲ့သို့ကြိုးစားခဲ့ကြသူတချို့သည် လွန်စွာစွမ်းအားကြီးသူများဖြစ်သည်။ သို့သော် သူတို့အားလုံး ကျရှုံးခဲ့လေသည်။

ထိုတံခါး၏ဆန်းကြယ်မှုကြောင့် လူများသည် ထိုအပျက်အစီးများမှာ ယခင်က အလင်းဘုံကျောင်းတည်ရှိရာ နေရာဖြစ်သည်ဟု ထင်မြင်ခဲ့ကြခြင်းဖြစ်နိုင်ပေသည်။

ဒဏ္ဍာရီများအရ ထိုတံခါးသည် အလင်းဝင်ပေါက်တံခါးဟုခေါ်ကြောင်း သိရပေသည်။

အလင်းဘုံကျောင်းသို့ ဝင်လိုသူများသည် ထိုတံခါးကိုဖြတ်၍ အလင်းသန့်စင်ခြင်းကို ခံရသည်ဟု ပြောကြသည်။ ထိုမှသာ အလင်းဘုံကျောင်း၏ ဘုံကျောင်းဝင်ဖြစ်လာနိုင်ပေသည်။

ထိုအပျက်အစီးနယ်မြေပတ်ပတ်လည်တွင် ကျင့်ကြံသူအများအပြား စုဝေးနေကြသည်။ သို့သော် နှစ်ပေါင်းများစွာအတွင်းတွင် ထိုအပျက်အစီးများကို တစ်နေရာမကျန် အကြိမ်ကြိမ် ရှာဖွေခဲ့ပြီးပြီဖြစ်ရာ ယခင်ကရတနာများရှိခဲ့လျှင်လည်း ထိုရတနာများကို လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက အခြားသူများရသွားလောက်ပြီးဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။

ထိုတံခါးကြောင့်သာမဟုတ်လျှင် ထိုအပျက်အစီးနယ်မြေသည် အလင်းဘုံကျောင်းတည်ရှိခဲ့သောနေရာဟု မည်သူမှထင်မည်မဟုတ်ချေ။

သို့သော် မဟာအလင်းမြို့တော်အတွင်း၌ ထိုအရာကို ယုံကြည်သူသည် တစ်စထက်တစ်စ လျော့နည်းလာလေသည်။ သို့သော်ငြား လွန်စွာအင်အားကြီးသော အင်အားစုအနည်းငယ်သည် ထိုအရာကို ပို၍ယုံကြည်လာပြီး ထိုအပျက်အစီးနယ်မြေပတ်ပတ်လည်တွင် စောင့်ကြပ်နေကြပေသည်။

ထိုမဟာအလင်းကုန်းမြေတွင် မြို့တစ်မြို့သာရှိပြီး မဟာအလင်းမြို့တော်မှ ထိပ်သီးအင်အားစုများသည် အပျက်အစီးနယ်မြေတစ်ဝိုက်တွင် ဖြန့်ကျက်ကာ နေရာရာယူထားကြသည်။ ထိုအပျက်အစီးနယ်မြေသည် မဟာအလင်းမြို့တော်၏ ဗဟိုချက်ဟုဆိုနိုင်ပေသည်။

ထိုအချိန်တွင် ကျန်ရှိနေသေးသော ၎င်းအပျက်အစီးများပေါ်တွင် ထူးခြားသော အမူအကျင့်များရှိသည့် ယောက်ျားပျိုလေးများ၊ မိန်းမပျိုလေးများ အများအပြား ရပ်နေကြပြီး အလင်းဝင်ပေါက်တံခါးကို ကြည့်နေကြလေသည်။

“ဒီတံခါးကဖြတ်သွားရင် အလင်းဆီကို တကယ်ရောက်မှာလား”

မိန်းမပျိုတစ်ဦးက တီးတိုးပြောလိုက်၏။ သူမ၏ခန္ဓာကိုယ်ကို မဟာလမ်းစဉ်အလင်းရောင်ခြည်များက လွှမ်းခြုံ‌ထားပြီး သူမသည် ရန်ဟောင်အဆင့်ရှိသူတစ်ဦးဖြစ်ကြောင်း ဖော်ပြနေပေသည်။

“ဘယ်သူသိမှာလဲ... ဒါပေမဲ့ အကြီးအကဲတွေကတော့ အမြဲအဲ့လိုပြောခဲ့တာပဲ။ အဲ့တော့ အဲ့ဒါက အမှန်ဖြစ်မှာပေါ့”

သူမ၏ဘေးရှိ လူငယ်လေးက တည်ငြိမ်စွာ ပြောလိုက်သည်။

“သူတို့မှားနေတာလည်း ဖြစ်နိုင်တာပဲ”

မိန်းမပျိုလေးသည် ခေါင်းခါယမ်းလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက မူလဘုံက တော်တော်လေးပြောင်းလဲသွားခဲ့ပြီး လောကအသီးသီးက ကျင့်ကြံသူတွေ ရောက်လာခဲ့တယ်။ ကောင်းကင်ဒေသရဲ့ ကုန်းမြေ(၁၈)ခုက မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေလည်း မူလဘုံကိုသွားခဲ့တယ်။ ကောင်းကင်နဲ့ မြေကြီးရဲ့‌ ပြောင်းလဲမှုတွေက မူလဘုံမှာစတင်တယ်လို့တောင် ပြောကြတယ်။ မဟာအလင်းမြို့တော်တစ်ခုပဲ ကောင်းကင်ဒေသကတခြားလူတွေနဲ့ သီးခြားဖြစ်နေသလိုပဲ။ မျက်မမြင်တစ်ယောက်ပြောတဲ့စကားကြောင့် ဒီအပျက်အစီးတွေကို စောင့်ကြပ်နေရတာ ဘာအဓိပ္ပာယ်ရှိမှာလဲ”

“တစ်နေ့နေ့ကျရင် ဒီနေရာမှာ အလင်းဘုံကျောင်းပြန်ပေါ်လာလိမ့်မယ်လို့ အကြီးအကဲတွေက တကယ်ယုံကြည်နေရင်တော့ မပြောတတ်ဘူးပေါ့”

“အနည်းဆုံးတော့ ချန်ဥယျာဉ်က မျက်မမြင်ကြီးကတော့ အဲ့လိုနက်နက်ရှိုင်းရှိုင်းယုံကြည်နေတာပဲ”

သူတို့ဘေးရှိ သူတို့ထက်အနည်းငယ်ကြီးသော ကျင့်ကြံသူတစ်ဦးက ထပ်ဖြည့်ပြောလိုက်၏။

သူသည် အသက်(၃၀)ပတ်ချာလည်လောက် ရှိပုံရလေသည်။ သူ၏မျက်ဝန်းများအတွင်းတွင် ကောင်းကင်မိုးသောက်အလင်းတစ်ခု ပုန်းကွယ်နေပေသည်။

“မျက်မမြင်ချန်ရဲ့ စကားတွေက ယုံရလို့လား”

မိန်းမပျိုသည် နားမလည်နိုင်ဖြစ်သွား၏။

“မဟာအလင်းမြို့တော်ထဲက လူတိုင်းကတော့ပြောကြတာပဲ.. မျက်မမြင်ချန်က ကန်းနေပေမယ့် အလင်းကိုမြင်နိုင်တယ်တဲ့။ သူ့ရဲ့ထူးခြားချက်က သူပြောတာကို လူတော်တော်များများ ယုံကြည်ကြတာပဲ။ မျက်မမြင်တစ်ယောက်က တကယ်ပဲအလင်းကိုမြင်နိုင်လို့လား”

“မြင်ချင်မြင်နိုင်မှာပေါ့။ အနည်းဆုံးတော့ ဒီနှစ်တွေအတွင်းမှာ မဟာအလင်းမြို့တော်ထဲက ဘယ်သူမှ မျက်မမြင်ချန်ကို ရန်မရှာခဲ့ဘူး... သူတို့က မျက်မမြင်ချန်ကို လေးစားကြတယ်။ ဘာလို့လည်းတော့ ငါမသိဘူး..ဒါပေမဲ့ အဲ့ကျင့်ကြံသူတွေမှာလည်း သူတို့အကြောင်းပြချက်နဲ့ သူတို့ရှိမှာပါ”

သူမဘေးမှလူက ဝင်ပြောလိုက်သည်။

မိန်းမပျို၏မျက်ဝန်းများထဲတွင် မနှစ်မြို့သည့်အရိပ်အယောင်တစ်ချက် လက်သွားလေသည်။ သူမ၏ မျက်နှာပေါ်တွင်လည်း ဝင့်ဝါသောအရိပ်အယောင်တချို့ရှိနေသည်။

“မူလဘုံဆိုတာ ကောင်းကင်နဲ့ မြေကြီးရဲ့ ပြောင်းလဲခြင်းတွေ စတင်ရာပဲ.. ဒါပေမဲ့ အကြီးအကဲတွေက အဲ့ဒါကို နည်းနည်းလေးတောင် အရေးမစိုက်ဘူး။ မျက်မမြင်ချန်ရဲ့ စကားတစ်ခွန်းကြောင့်နဲ့ မဟာအလင်းမြို့တော်တစ်ခုလုံး ဒီအပျက်အစီးတွေနဲ့အတူ ပျက်စီးသွားတော့မှာပဲ”

မိန်းမပျိုလေး၏ လေသံတွင် ခနဲ့တဲ့တဲ့အရိပ်ယောင်များ ပါနေလေသည်။ သူမသည် အလင်းဝင်ပေါက်တံခါးကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။

“အကြီးအကဲတွေက မမေးဘူးဆိုတော့လည်း သူ့စကားတွေက အမှန်တွေ ဟုတ်၊ မဟုတ်ဆိုတာ ငါကိုယ်တိုင် မျက်မမြင်ချန်ကို မေးမယ်”

ထိုအခါ လူများသည် သူမကို ကြည့်လိုက်ကြ၏။ သူမ၏မျက်နှာပေါ်တွင် ဝံ့ကြွားသောအရိပ်အယောင်တစ်ခု ရှိနေကြောင်း သူတို့တွေ့လိုက်ရသည်။ ထိုမိန်းမပျိုလေးသည် လောကများအတွင်းမှ ထိပ်သီးများသည် မူလဘုံသို့သွားနေကြကြောင်း ကြားခဲ့ရသဖြင့် မူလဘုံကိုသွားလိုနေကြောင်း  သူတို့အားလုံးသိလေသည်။ ကောင်းကင်ဒေသ၏ ကုန်းမြေ(၁၈)ခုမှ ကျင့်ကြံသူများနှင့် အခြားလောကများမှ ကျင့်ကြံသူများသည် မူလဘုံတွင် အမွေအနှစ်များစွာကို ရှာတွေ့ခဲ့သည်။ ထိုအဖြစ်အပျက်များသည် သူမမြင်လိုနေသော အဖြစ်အပျက်များဖြစ်ပေသည်။

သို့သော် မျက်မမြင်ချန် လွန်ခဲ့သည့်နှစ်(၂၀)ကပြောခဲ့သည့်စကားကြောင့် မဟာအလင်းမြို့တော်မှလူများသည် ချီတုံချတုံဖြစ်ကုန်ကြပြီး မည်သူမှ ထိုနေရာက မထွက်ခွာဝံ့‌တော့ပေ။ လူတိုင်းသည် အပျက်အစီးများကို ကြည့်ရှုစောင့်ကြပ်နေကြလေသည်။

မည်သူမှ သူ၏စကားများကို မေးခွန်းမထုတ်ခဲ့ကြပေ။ သို့သော် ယနေ့တွင် သူမသည် သူ့ကိုမေးကြည့်လိုနေသည်။

မျက်မမြင်တစ်ဦးသည် အလင်းကို အဘယ်သို့မြင်ရသနည်း။

“အလျင်မလိုပါနဲ့”

သူမဘေးရှိလူက ထပြောလိုက်သည်။

“တကယ်လို့ အကြီးအကဲတွေသာ မေးနိုင်ရင် သူတို့ အရင်ကတည်းက မေးခဲ့မှာပေါ့။ မဟာအလင်းမြို့တော်ကလူတိုင်း ယုံကြည်ကြတယ်ဆိုတော့ အကြောင်းတစ်ခုခုတော့ရှိမှာပါ”

“ဒီတော့ အလင်းကျဆင်းလာပြီး ကောင်းကင်အမွေအနှစ်ပေါ်လာမှာပေါ့ဟုတ်လား”

မိန်းမပျိုသည် ရွှဲ့တဲ့တဲ့ပြုံး၍ မကျေမနပ်ဟန်ဖြင့် မေးလိုက်သည်။ လွန်ခဲ့သည် နှစ်(၂၀)က မျက်မမြင်ချန်ပြောခဲ့သည့်စကားကြောင့် မဟာအလင်းကုန်းမြေမှ ကျင့်ကြံသူများသည် ထိုနေရာတွင် ဆယ်စုနှစ်နှစ်ခုကြ‌အောင် စောင့်ဆိုင်းနေကြခြင်းပင်။ ထိုသို့စောင့်ဆိုင်းနေသူများထဲတွင် သူမ၏မိသားစုလည်းပါဝင်ပေသည်။ ထို့ကြောင့် သူမတို့သည် မူလဘုံတွင်ဖြစ်သွားခဲ့သည့် ကိစ္စကြီးနှင့်လွဲချော်ခဲ့ရသည်။

ထိုအချိန်တွင် ထိုနေရာနှင့် သိပ်မဝေးသည့် ဟင်းလင်းပြင်ထဲတွင် သင်္ဘောပျံတစ်စင်းသည် မည်သူ့ကိုမှ အနှောင့်အယှက်မပေးဘဲ တိတ်တဆိတ်ပျံသန်းလာလေသည်။

ရီဖူရှင်းနှင့်အခြားသူများသည် သင်္ဘောပျံထိပ်တွင်ရပ်ကာ အဝေးရှိ အပျက်အစီးများကို ကြည့်နေကြသည်။ ထို့နောက် သူသည် သင်္ဘောပျံကိရိယာကို သိမ်းလိုက်လေသည်။

‘ဒီအပျက်အစီးတွေက ချန်ယိပြောတဲ့ မဟာအလင်းဘုံကျောင်းရဲ့ အပျက်အဆီးတွေဖြစ်ရမယ်’

ရီဖူရှင်း တိတ်တဆိတ်တွေးလိုက်၏။ ထိုနေရာသည် ထိုမျှပျက်ဆီးနေကာ တံခါးတစ်ချပ်သာကျန်တော့လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

သို့သော် ထိုတံခါးအနောက်မှနေ၍ အလင်းများထွက်နေရာ ၎င်းသည် အတန်ငယ်စိတ်ဝင်စားဖွယ်ကောင်းပေသည် ထိုတံခါးအနောက်တွင် လျှို့ဝှက်လောကတစ်ခုရှိသည်ဟု ဆိုနေသကဲ့သို့ပင်။

ရီဖူရှင်းသည် သူတို့ရှေ့မှ စကားပြောနေသောမိန်းမပျိုကိုကြည့်လိုက်ပြီးနောက် သူ့‌ဘေးရှိ ချန်ယိကိုကြည့်လိုက်သည်။ သို့သော် ချန်ရိသည် မျက်နှာသေနှင့် ဖြစ်နေသည်။ သူသည် ထိုမိန်းမပျိုပြောသည့် စကားများကို တစ်ခွန်းမှမကြားလိုက်သကဲ့သို့ ထင်ရပေသည်။

လမ်းတွင် ချန်ယိသည် သူက သာမန်ထက်ထူးခြားသူတစ်ဦးဖြစ်ရန် မွေးဖွားလာခြင်းဖြစ်ကြောင်း မျက်မမြင်တစ်ဦးက ပြောခဲ့ဖူးကြောင့် သူ့အားပြောခဲ့သည်ကို ရီဖူရှင်းပြန်အမှတ်ရသွား၏။ ထိုမိန်းမပျိုပြောနေသော မျက်မမြင်ချန်နှင့် ချန်ယိပြောသော မျက်မမြင်သည် တစ်ဦးတည်းပေလော သို့မဟုတ် တိုက်ဆိုင်ခြင်းပေလောဟု ရီဖူရှင်းတွေးလိုက်သည်။

‘လွန်ခဲ့တဲ့ နှစ်(၂၀)တုန်းက’

ရီဖူရှင်းတွေးလိုက်သည်။ သူသည် လွန်ခဲ့သောနှစ်(၂၀)ခန့်က ချန်ယိနှင့် တုန်းဟွာကုန်းမြေတွင် တွေ့ခဲ့ခြင်းဖြစ်သည်။

“ဒီမျက်မမြင်ကြီးက အရင်ကအတိုင်းပဲ... ပေါက်ကရတွေပြောရတာကို ကြိုက်တုန်းပဲ”

ချန်ယိသည် အေးစက်စက်မျက်လုံးများဖြင့် တီးတိုးပြောလိုက်သည်။ သူသည် သူပြောနေသည့် ထိုမျက်မမြင်ကြီးဆိုသူကို အတော်လေးမကျေမနပ်ဖြစ်နေဟန်ရှိလေသည်။

သူပြေလိုက်သည်ကို သူတို့အရှေ့မှလူများက ကြားသွားသဖြင့် နောက်လှည့်ကြည့်လိုက်ကြသည်။ ရီဖူရှင်းနှင့် သူ့လူများသည် သာမန်မဟုတ်ကြောင်း သူတို့ခံစားလိုက်ရသည်။ မိန်းမပျိုသည် ပြုံး၍ပြောလိုက်သည်။

“အဲ့မျက်မမြင်ကြီးက ပေါက်ကရတွေပြောနေတာလို့ ရှင်လည်းထင်တယ်ပေါ့”

ချန်ယိသည် မိန်းမပျိုလေးကို ကြည့်၍ မေးလိုက်သည်။

“မင်းက ဘယ်သူလဲ”

“လင်းမိသားစုက လင်းရှီ”

မိန်းမပျိုလေးက ပြောလိုက်သည်။

“လင်းမိသားစု ဟုတ်လား”

ချန်ယိသည် မိန်းမပျိုလေးကို အရေးမထားသည့်မျက်ဝန်းများနှင့်ကြည့်ကာ ပြောလိုက်သည်။

“ငါက မျက်မမြင်ကြီးကို အပြစ်တင်နိုင်တယ်..ဒါပေမဲ့ မင်းကဘယ်သူမို့လို့လဲ”

“ရှင်...”

မိန်းမပျိုလေး၏မျက်နှာထား အနည်းငယ်ပြောင်းလဲသွားပြီး သူမ၏မျက်ဝန်းအတွင်းမှ အေးစက်စက်အငွေ့အသက်များ ထွက်ပေါ်လာလေတော့သည်။ ရီဖူရှင်းသည်လည်း အံ့အားသင့်သွား၏။ ချန်ယိပြောလိုက်ပုံသည် သူထင်ထားသည်နှင့် ကွဲပြားနေပေသည်။

All Chapters