ဒုတိယမြောက် ကူပိုးကောင်၊ အိပ်မက်ဝိညာဉ်ကူ
Vol. 1 Ch. 9
“အို.. စကားမစပ်၊ ယောက်ျား။ ဒီမှာ စစ်မှန်ယွမ်ဆေးလုံး သုံးပုလင်းနဲ့ ဟွမ်းလုံဆေးလုံး သုံးပုလင်း။ ဒါတွေက ရှင့်ရဲ့ကျင့်ကြံမှုအတွက် အရမ်းသင့်တော်တယ်။”
“ဒီဆေးလုံးတွေနဲ့ဆိုရင် ငါ့ယောက်ျား မကြာခင် ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်ကို ရောက်နိုင်မယ်လို့ ငါယုံတယ်။”
ကျိပင်းယွီက သိုလှောင်အိတ်ထဲမှ ဆေးပုလင်းများစွားအား ထုတ်ကာ ကျိုးစွေ့အား ပေးလိုက်သည်။
“ဒါက!”
ထိုဆေးလုံးများအား မြင်ရသောအခါ ကျိုးစွေ့၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။ အဘယ်ကြောင့်ဆိုသော် စစ်မှန်ယွမ်ဆေးလုံးများသည် အစောပိုင်း ချီသန့်စင်ခြင်းအဆင့်အတွက် ယေဘူယျ အသုံးပြုလေ့ရှိသော ဆေးလုံး ဖြစ်ကာ၊ တစ်ပုလင်းလျှင် အဆင့်နိမ် ဝိညာဉ်ကျောက်တုံး တစ်ရာကျော် တန်ပေသည်။
ထို့အပြင် ဟွမ်းလုံဆေးလုံးသည် ချီသန့်စင်ခြင်း နောက်ပိုင်းများအတွက်ပင် ပိုသင့်တော်သော ဆေးဝါးဖြစ်ကာ၊ ဟွမ်းလုံဆေးတစ်ပုလင်းလျှင် အဆင့်နိမ် ဝိညာဉ်ကျောက်တုံး ငါးရာခန့် တန်ဖိုးရှိ၏။
ထိုဆေးဝါးများသည် သွားလေသူမိဘများပင် ဝယ်ယူဖို့ရန် လက်တွန့်ရသော အဖိုးတန်ပစ္စည်းများ ဖြစ်သည်။
သို့သော် ယခုတွင် ကျိပင်းယွီက တစ်ကြိမ်တည်းဖြင့် ပုလင်းပေါင်းများစွာ ထုတ်လိုက်သည်ဖြစ်ရာ၊ ယင်းကား သူမ မည်မျှ ချမ်းသာသည်အား ပေါ်လွင်စေ၏။
သူမက အမှန်တကယ် ချမ်းသာသော အမျိုးသမီး ဖြစ်ပေသည်။
ဤအမျိုးသမီးအား လက်ထပ်ပြီးသည့်နောက်၊ သူသည် အိပ်ရာနွေးအောင် ပြုလုပ်ပေးမည့် ခြေတံရှည် မမလှလှတစ်ဦး ရရုံသာမက၊ ချမ်းသာသောအမျိုးသမီး၏ အထောက်အပံကိုပါ ရရှိနေလေသည်။ ထို့ကြောင့် သူသည် သူ၏ အစောပိုင်း ကျင့်ကြံမှု အရင်းအမြစ်များအတွက် ပူပန်စရာ လိုမည့်ပုံ မပေါ်တော့ပေ။
ချီသန့်စင်ခြင်း အဆင့်(၉)တစ်ဦးအနေဖြင့် သူမက အရမ်းပင် ချမ်းသာသည်ဟုသာ ဆိုရပေလိမ့်မည်။
“ကျေးဇူး ယွီအာ၊ ငါရဲ့ကျင့်ကြံမှု ပြည့်စုံသွားလို့ အခြေတည်အဆင့် ဒါမှမဟုတ် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာတဲ့အခါ၊ သေချာပေါက် မင်းအတွက် လက်စားချေပြီး အိုးရန်မိသားစုကို အပြီးတိုင် ဖျက်ဆီးပေးမယ်။”
ကျိုးစွေ့က ဆေးလုံးမိားအား ယူလိုက်ပြီး၊ ချက်ချင်းပင် တည်ကြည်သောပုံစံဖမ်းကာ မျက်နှာပြောင်ပြောင်ဖြင့် ပြောလိုက်သည်။
ဤသို့သော ကိစ္စများအား သူရင်းနှီးပြီး ဖြစ်၏။ တကယ်တမ်း သူ ရွှေအမြုတေ ကျင်ကြံသူတစ်ဦး ဖြစ်လာသည့်အချိန်၌ အိုးရန်မိသားစုက မည်သို့ဖြစ်နေမည်အား မည်သူသိမည်နည်း။ အခြားမိသားစုများ လက်ချက်ဖြင့် ပျောက်ကွယ်ပြီး ဖြစ်ကောင်းဖြစ်နေနိုင်သည်မလား။
ဤစကားများအား ကြားရသော်၊ ချက်ချင်းပင် ကျိပင်းယွီ၏ မျက်ဝန်းများက စိုစွတ်လာကာ သူမ၏နှလုံးသား လှုပ်ခတ်သွားပြီး အနွေးစီးကြောင်းတစ်ခုက သူမတစ်ကိုယ်လုံး ဖြတ်သန်းသွား၏။
သူမရွေးချယ်ခဲ့သောသူ ပီသစွာပင် သူသည် သူမအား သူ့နှလုံးသားထဲ အမြဲပင် ထည့်ထားချေသည်။
သူသည် ချီသန့်စင်ခြင်း အဆင့်(၂) ကျင့်ကြံသူတစ်ဦးသာ ဖြစ်သော်လည်း သူမအတွက် လက်စားချေပေးရန်အလို့ငှာ၊ ရွှေအမြုတေမိသားစုနှင့် ထိပ်တိုက်ရင်ဆိုင်ရန်ပင် စဉ်းစားနေချေပြီ ဖြစ်၏။
သူသည် ဤလောကပေါ်ရှိ အကောင်းဆုံးယောက်ျားပင် ဖြစ်သည်။
ထိုကဲ့သို့သော တာအိုလက်တွဲဖော်အတွက် သူမ၏နှလုံးသားနှင့် စိတ်ဝိညာဉ်အား ပေးအပ်ရန် ဆန္ဒရှိလေ၏။
“ယောက်ျား၊ ရှင်က ကျွန်မအပေါ် အရမ်းကောင်းတာပဲ။”
“ဒါက ကျွန်မရဲ့ သိုလှောင်အိတ်၊ အဲ့ဒီထဲမှာ ကျွန်မ နှစ်ပေါင်းများစွာ စုဆောင်းခဲ့တာတွေအပြင်၊ အတိတ်တုံးက ကျိမိသားစု ချန်ရစ်ခဲ့တဲ့ ရတနာတွေကောပဲ။ အခု စိတ်ချရအောင် ရှင့်ဆီပဲ အပ်ထားလိုက်တော့မယ်နော် ယောက်ျား။”
“ကျွန်မတို့မိသားစုရဲ့ ဓလေ့စည်းကမ်းအရ၊ ဇနီးတစ်ယောက်က သူပိုင်ဆိုင်သမျှကို လင်ယောက်ျား စီမံဖို့ အပ်နှံရတယ်။ ဇနီးတစ်ယောက်အနေနဲ့ စားသောက်ဖို့ လုံလောက်တဲ့ပမာဏကိုပဲ လိုအပ်တယ်လေ။”
ဘာရယ်!
ဤသည်အား ကြားရသောအခါ သူ၏ကတိကဝတ်စကားက မယုံကြည်နိုင်လောက်အောင် အကျိုးသက်ရောက်မှု ကောင်းမွန်သွားကြောင်း ကျိုးစွေ့ သိလိုက်ရသည်။ ကျေးဇူးသိတတ်စွာဖြင့် ထိုချမ်းသာသောမိန်းမသည် သူမ၏ပိုင်ဆိုင်မှုအား စတင်ပေးအပ်နေလေ၏။
ဤအကြောင်းအား တွေးကြည့်ကာ ကျိုးစွေ့ နှလုံးခုန်မြန်သွားသည်။ အဆုံးသတ်၌ ဤသည်က ချီသန့်စင်ခြင်း အဆင့်(၉) ကျင့်ကြံသူ၏ သိုလှောင်အိတ်ဖြစ်သည်။ သူမက ရှားပါးရတနာ မည်မျှပင် စုဆောင်းထားမည်အား မည်သူသိနိုင်မည်နည်း။
သူ့အတွက် ကူများ သန့်စင်နိုင်စေသော သင့်တော်သည့် ပါဝင်ပစ္စည်းများပင် ပါဝင်နေနိုင်သေးသည်။
အဆုံးသတ်၌ သူသည် ယခုအချိန်အထိ ချစ်ခြင်းမေတ္တာကူကိုသာ သန့်စင်နိုင်ခဲ့သေးပြီး၊ ယင်းက အများဆုံးအနေဖြင့် အထောက်အပံအမျိုးအစား ကူကောင်ဟုသာ သတ်မှတ်နိုင်သည်။ ၎င်းတွင် ကိုယ်ပိုင် တိုက်ခိုက်ရေးစွမ်းအား မရှိသောကြောင့်၊ သူသည် ကူများ ဆက်လက် သန့်စင်ရန် လိုအပ်နေသေးသည်။
ယခုတွင် ကျိပင်းယွီက သူ့အား ကာကွယ်ပေးနေသော်လည်း သူ့ကိုယ်ပိုင် စွမ်းအားမြင့် တိုက်ခိုက်ရေးအစွမ်းအား လိုအပ်သေးသည်။ သို့မဟုတ်ပါက လုံခြုံသည့် ခံစားချက်အား သူမည်သို့မျှ ခံစားနိုင်မည်မဟုတ်ပေ။
“အဟမ်း! မစိုးရိမ်ပါနဲ့ မိန်းမ။ သိုလှောင်အိတ်ကို မင်းဘာသာပဲ စီမံသင့်တယ်။ ငါ့ကျင့်ကြံမှုက နိမ့်သေးတော့ ငွေများများ မလိုပါဘူး။ ဒါပေမယ့် တချို့ လိုအပ်တဲ့ ရှားပါးပစ္စည်းလေးတွေ ရှိတော့ တစ်ချက်တော့ အရင် ကြည့်လိုက်မယ်လေ”
“ငါလိုတာပါရင်တော့ ယူလိုက်တာပေါ့”
ကျိုးစွေ့က မျက်နှာပြောင်စွာ ပြော၏။
“ကောင်းပါပြီ ယောက်ျား။”
ကျိပင်းယွီက ကျိုးစွေ့အား မြတ်နိုးစွာကြည့်ကာ၊ သူ့မနှလုံးသားက ပို၍ပင် လှုပ်ရှားမိလေ၏။ သာမန်ယောက်ျားတစ်ဦးသာ ဆိုလျှင် များပြားသော ငွေများအား မြင်သည်နှင့် ပျော်ပျော်ကြီးပင် ချင်ချင်း အိတ်ထဲ ကောက်ထည့်မည်သာ ဖြစ်သည်။
သို့သော် သူ၏လင်ယောက်ျားသည်က ခြားနားလေ၏။ သူသည် ငွေအား ဖုန်မှုန့်အလားသာ သဘောထားသည်။ သေချာပေါက်ပင် သူမ၏ယောက်ျားသည် သူမအား အလွန်ပင် ချစ်မြတ်နိုးလေ၏။
“ပစ္စည်းတွေ အဲ့ဒီလောက်တောင် များတယ်လား?”
သိုလှောင်အိတ်ထဲမှ များပြားလှသော ပစ္စည်းများအား မြင်လျှင် ကျိုးစွေ့ မျက်လုံးပြူးသွားသည်။ ယင်းတို့သည် နှစ်ပေါင်းများစွာ ဆိုးသွမ်းကျင့်ကြံသူများအား သတ်ဖြတ်ကာ ကျိပင်းယွီ စုဆောင်းခဲ့သည်များနှင့်၊ အတိတ်တွင် ကျိမိသားစု စုဆောင်းခဲ့သည့် အရာများ ဖြစ်၏။
ဤပစ္စည်းများကိုသာ ရောင်းချလိုက်ပါက ချမ်းသာကြွယ်ဝသော အနာဂတ်က စောင့်နေမည် သေချာ၏။
ဤသိုလှောင်အိတ် တစ်ခုထဲတွင်ပင် ပါဝင်သော တန်ဖိုးသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သောင်းဂဏန်းအောက် လျော့မည် မဟုတ်ပေ။
သိထားရမည်မှာ၊ လက်ရှိခန္ဓာ၏ မိဘများသည် ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့်များ ဖြစ်ကြသော်လည်း၊ သူတို့၏ပိုင်ဆိုင်မှုသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ထောင်စွန်းစွန်းသာ ရှိပေ၏။
ဤအချက်မှ ကျိပင်းယွီ၏ သာမန်မဟုတ်သော ကြွယ်ဝမှုအား မြင်နိုင်ပေ၏။ သာမန်အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ ပိုင်ဆိုင်မှုသည်ပင် ဤမျှလောက်သာ ရှိသည်။
ဘီ!
ဤအခိုက်အတန့်တွင် အထွတ်အမြတ်ရတနာ ကူနတ်ဘုရားပန်းကန် ထံမှ အသိပေးချက်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
“ကူကောင်တစ်မျိုး သန့်စင်ရန် ကိုက်ညီသော ပါဝင်ပစ္စည်း၊ ‘အငြိုးအတေး ဝိညာဉ်ပန်း’ ကို တွေ့ရှိသည်။ ပိုင်ရှင် သန့်စင်ခြင်း စတင်လိုပါသလား?”
“ကူကောင်တစ်မျိုး သန့်စင်ရန် သင့်တော်တဲ့ ပါဝင်ပစ္စည်းတစ်မျိုး၊ အငြိုးအတေး ဝိညာဉ်ပန်းတဲ့လား?”
“အဲ့ဒီတော့ ဒါက ‘အိပ်မက်ဝိညာဉ်ကူ’ သန့်စင်ဖို့ ကိုက်ညီတဲ့ အဓိက ပါဝင်ပစ္စည်းမလား?”
ထိုအသိပေးချက်အား ကြားလိုက်ရသည်နှင့် သိုလှောင်အိတ်ထဲရှိ အနက်ရောင် ပန်းတစ်ပွင့်အား ကျိုးစွေ့ သတိပြုမိလိုက်သည်။ ယင်းက မကောင်းသော စွမ်းအင်များဖြင့် ပြည့်နှက်နေပြီး၊ မရေမတွက်နိုင်သော အငြိုးအတေး ဝိညာဉ်များ ဝန်းရံနေသကဲ့သို့ရှိကာ၊ ကြီးမားသော ဝိညာဉ်စွမ်းအင်အား ပိုင်ဆိုင်ထားလေသည်။
ဤအနက်ရောင်ပန်းက လုံးဝပင်သာမန်မဟုတ်၊ သေချာပေါက် ဝိညာဉ်ဆေးဝါးတစ်မျိုး ဖြစ်သည်မှာ ရှင်းလင်းလှသည်။
သူ၏နှလုံးသားက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွား၏။
ဝန်ခံရလျှင်၊ ‘အိပ်မက်ဝိညာဉ်ကူ’သည် သူအမြဲပင် သန့်စင်လိုခဲ့သော ကူများထဲမှ တစ်ကောင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤကူ၏ စွမ်းအားသည် ထူးခြားသောကြောင့် ဖြစ်သည်။
၎င်းသည် ပုံရိပ်ယောင်များ ဖန်တီးခြင်း၊ ဝိညာဉ်တိုက်ခိုက်မှု၊ ဧရိယာအာရုံခံခြင်း၊ အများကြားမှ ရန်သူများ၏ဝိညာဉ်အား ရှာဖွေခြင်း အစရှိသော စွမ်းရည်များအား ပိုင်ဆိုင်ထားသည်။
အိပ်မက်ဝိညာဉ်ကူ၏ စွမ်းရည်များက ဘက်စုံပြည့်စုံသည်ဟုပင် ပြောနိုင်သည်။
ဤကူကောင်အား သူသန့်စင်နိုင်မည် ဆိုပါက၊ သူ၏လုံခြုံရေးအား ကောင်းမွန်စွာ အာမခံနိုင်ပေမည်။ စွမ်းအားမြင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်တိုးလျှင်ပင် သူ့ကိုယ်သူ အတိုင်းတာတစ်ခုအထိ ကာကွယ်နိုင်စွမ်း ရှိမည် ဖြစ်သည်။
အရေးအကြီးဆုံး အချက်သည်ကား၊ သူ၏ကိုယ်ပိုင် စိတ်ဝိညာဉ်စွမ်းအားသည် နဂိုကတည်းက အလွန်ပင် သန်မာ၏။ အိပ်မက်ဝိညာဉ်၏ အစွမ်းနှင့် ပေါင်းစပ်လိုက်ပါက၊ ယင်းက သန်မာသော ပေါင်းစည်းမှုတစ်ခုဖြစ်လာပြီး အံ့မခန်းအစွမ်းအား မုချ ထုတ်လွှတ်နိုင်ပေမည်။
ပြဿနာက ထိုအငြိုးအတေးဝိညာဉ်ပန်းသည် အထူးစိတ်ဝိညာဉ်ဆေးဝါးဖြစ်ရာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ထောင်ကျော် တန်၏။
ယခင်က သူသည် မွဲတေနေကာ ဝယ်ယူနိုင်စွမ်းမရှိသကဲ့သို့၊ မီယွင်မြို့တွင်လည်း ဤကဲ့သို့ စိတ်ဝိညာဉ်ဆေးဝါးအား မရောင်းချပေ။
၎င်းအား သူသည် ကျိပင်းယွီထံတွင် တွေ့ရှိနိုင်မည်ဟု မည်သူထင်မည်နည်း။
ယင်းက စိုင်ကော်၍ ခြုံပေါ်ရောက်ခြင်းပင်။
“ယွီအာ၊ ငါ ဒီဝိညာဉ်ဆေးဝါးနဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးရာလိုတယ်။”
ကျိုးစွေ့က တဲ့တိုးသာ ပြောလိုက်သည်။
“ကိစ္စမရှိဘူး။ ဒါပေမယ့် ငါ့ယောက်ျားက ဒီအငြိုးအတေးဝိညာဉ်ပန်းကို ဘာအတွက် လိုချင်တာလဲ?”
ကျိပင်းယွီက စူးစမ်းစွာ မေးသည်။ သူမက ဤစိတ်ဝိညာဉ်ဆေးဝါး မည်မျှတန်သည်အား ဂရုမစိုက်ပေ။ သူမအရှေ့ရှိ ယောက်ျားအား အရာရာ ပေးအပ်နိုင်သည်ဖြစ်ရာ၊ စိတ်ဝိညာဉ်ဆေးဝါးတစ်ခုဆိုသည်ကား ဘာမျှ မဟုတ်ချေ။
သူမ၏လင်တော်မောင်မှ ဤစိတ်ဝိညာဉ်ဆေးဝါးအား မည်သည်အတွက်ကြောင့် ရယူလိုသည်ကိုသာ စူးစမ်းလိုခြင်း ဖြစ်၏။
“အင်း၊ အဓိက က ငါ့ရဲ့ ကျင့်ကြံခြင်း နည်းစနစ်က ထူးခြားတော့ ဒီလိုအမျိုးအစား စိတ်ဝိညာဉ်ဆေးဝါးမျိုးကို ကျင့်ကြံဖို့အတွက် လိုတယ်။”
ကျိုးစွေ့က ရှင်းပြလိုက်သည်။
“ကောင်းပြီလေ”
ကျိပင်းယွီ ခေါင်းညိတ်လိုက်သည်။
နဂိုက သူမသည် သူမ၏ခင်ပွန်းအား ကျိမိသားစု၏ ကျင့်ကြံမှုနည်းစနစ်ဖြစ်သော သတ္တုဒြပ်စင် ဓားစနစ်အား ပေးချင်ခဲ့သည်။ ၎င်းသည် ရွှေအမြုတေ ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်ရာ တန်ဖိုးမဖြတ်နိုင်ပေ။ ယင်းကိုသာ ရောင်းချလိုက်ပါက ကြီးမားသော မုန်တိုင်းအား ဖြစ်ပေါ်စေပေမည်။
သို့သော် သူမ၏ခင်ပွန်းသည် ထိုကဲ့သို့သော ရည်ရွယ်ချက်ရှိပုံမရပေ။
ကျိမိသားစု၏ ကျင့်ကြံနည်းစနစ်အား စိတ်ဝင်စားခြင်း မရှိ ဆိုသည်ကား၊ သူမ၏ခင်ပွန်းသည် ရွှေအမြုတေကျင့်ကြံနည်းစနစ်ထက် ပိုကောင်းသော နည်းစနစ်အား ပိုင်ဆိုင်ထားခြင်း ဖြစ်ပေမည်။
အမှန်ပင် သူမ၏ခင်ပွန်းသည်လည်း ကြီးမားသော ကံကောင်းမှုတစ်ခုအား တွေ့ခဲ့ခြင်း ဖြစ်ပေမည်။
သူမသည် သူမ၏ခင်ပွန်း ပိုင်ဆိုင်ထားသော လျှို့ဝှက်ချက်များအား စုံစမ်းရန် ရည်ရွယ်ချက်မရှိပေ။ ဆန့်ကျင့်ဘက်အားဖြင့်၊ သူမ၏ခင်ပွန်း ပိုမိုထူးချွန်လာလေလေ၊ ပျော်ရွှင်လေသာ ဖြစ်သည်။ မိမိ၏ခင်ပွန်းအား နဂါးတစ်ကောင် မဖြစ်စေချင်သော ဇနီးမယား မည်တွင် ရှိမည်နည်း။