မျက်မမြင်ကြီးက ဧည့်သည်များကို ကြိုဆိုခြင်း
Vol. 169 Ch. 2410
ချင်ယိသည် မျက်မမြင်ကြီးအကြောင်းကို အရေးမစိုက်ဟန်ဖြင့် ပြောခဲ့သည်။ သို့သော် အခြားသူများက မျက်မမြင်ကြီးကို စော်ကားပြောဆိုနေသည်ကို ကြားလိုက်သောအခါ သူ၏သဘောထားသည် ချက်ချင်းပြောင်းလဲသွားလေသည်။ သူသည် မျက်မမြင်ချင်ကို လွန်စွာလေးစားသေးကြောင်း ထင်ရှားပေသည်။
ရီဖူရှင်းသည် မျက်မမြင်ချင်မည်သူမည်ဝါဖြစ်ကြောင်းနှင့် သူနှင့်ချင်ယိမည်သို့ပတ်သတ်ကြောင်းကို သိလိုနေ၏။
လင်းကလန်မှ လင်းရှီသည် ချင်ယိကို ကြည့်လိုက်သည်။ သူမသည် ချင်ယိရပ်နေသောနေရာသို့ လျှောက်သွား၏။ သူမဘေးရှိလူငယ်များသည်လည်း ရီဖူရှင်းတို့လူအုပ်ကို ကြည့်လိုက်သည်။ သူတို့သည် ရီဖူရှင်းတို့ကို ယခင်က မမြင်ဖူးခဲ့ပေ။ ထို့ကြောင့် ရီဖူရှင်းတို့သည် မဟာအလင်းမြို့တော်၏ ထိပ်သီးအင်အားစုများမှ ကျင့်ကြံသူများမဖြစ်နိုင်ဟု သူတို့တွေးမိလိုက်သည်။
မဟာကုန်းမြေဒေသတွင် မြို့တော်တစ်ခုသာရှိလေသည်။ စွမ်းအားအကြီးဆုံး အင်အားစုများသည် ထိုဒေသအတွင်း၌သာ ဖြစ်ပေသည်။ ထိုအချက်သည် အခြားကုန်းမြေဒေသများနှင့် ကွဲပြားသောအချက်ပင်။ မဟာကုန်းမြေဒေသအတွင်းရှိ အင်အားစုများမှ လူများသည် အချင်းချင်းမြင်ဖူးထားကြသည်ဖြစ်ရာ တစ်ယောက်ကိုတစ်ယောက် တွေ့လိုက်သည်နှင့် မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိနိုင်လေသည်။ သို့သော် သူတို့သည် ရီဖူရှင်းတို့လူစုကို မမှတ်မိပေ။
“ရှင်က ဘယ်သူလဲ”
လင်းရှီသည် ချင်ယိကိုသာမန်ကာလျှံကာကြည့်၍ မေးလိုက်သည်။
ချင်ယိသည် သူမကို အထက်စီးဆန်ဆန် အေးစက်စက်ကြည့်၍ ပြန်ဖြေလိုက်သည်။
“မင်းက ငါဘယ်သူဆိုတာ သိဖို့မထိုက်တန်ပါဘူး”
လင်းကလန်မှ ကျင့်ကြံသူအုပ်စု၏မျက်နှာထားများ အတန်ငယ်ပြောင်းလဲသွားကြသည်။ ရီဖူရှင်းတို့လူစုသည် သူတို့၏အရှိန်အဝါများကို မထုတ်သေးသဖြင့် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို မသိရသေးသော်လည်း သူတို့သည် ထူးခြားသောအမူအကျင့်များ ရှိကြလေသည်။ သူတို့သည် လွန်စွာစွမ်းအားကြီးပေလိမ့်မည်။ ထို့ကြောင့်သာ လင်းကလန်မှလူများသည် ရီဖူရှင်းတို့အုပ်စုကို မတိုက်ခိုက်သေးခြင်းဖြစ်သည်။
သို့သော် သူတို့လင်းကလန်သည် မဟာအလင်းမြို့တော်၏ ထိပ်သီးအင်အားစုတစ်ခုဖြစ်သည်။ သို့တစေ ထိုလူသည် အထက်စီးဆန်သော ဟန်ပန်ဖြင့် အခြားသူများကို အထင်သေးနေပေသည်။ သူသည် လွန်စွာစိတ်ကြီးဝင်နေခြင်း မဟုတ်ပေလော။
လင်းကလန်မှ အတန်ငယ်အသက်ပိုကြီးပုံရသော လူငယ်တစ်ဦးသည် သူ့နဖူးပေါ်ရှိဆံပင်ကို ခါလိုက်သည်။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် မဟာလမ်းစဉ်၏အရှိန်အဝါ လှည့်ပတ်နေသည်။ သူသည် အမှန်တွင် ရန်ဟောင်အဆင့်ခြောက်၏ အလယ်အလတ်အဆင့်ရှိသူဖြစ်သည်။ သူ၏အရှိန်အဝါသည် အံ့အားသင့်ဖွယ်ကောင်းပေသည်။ အားကောင်းသောအရှိန်အဝါသည် လေထဲတွင်ပျံ့နှံ့သွားပြီး ရီဖူရှင်းတို့လူစုထံသို့ ရောက်ရှိသွားသည်။
သူပြောလိုက်သည်။
“မဟာအလင်းမြို့တော်မှာ လင်းကလန်က ကျင့်ကြံသူတွေသိထားရလောက်အောင် အစွမ်းအစရှိတဲ့သူ တစ်ယောက်မှ မရှိသေးဘူး”
သူထိုသို့ပြောပြီးသောအခါ သူ့ခန္ဓာကိုယ်မှနေ၍ စွမ်းအားကြီးသော မဟာလမ်းစဉ်အရှိန်အဝါ ထွက်လာလေသည်။ လေထဲတွင် မမြင်ရသော ဓားဝိညာဉ်စွမ်းအား လှည့်ပတ်နေပြီး ပတ်ဝန်းကျင်တွင် သတ်ဖြတ်လိုသောအငွေ့အသက်တစ်ခုကို ပျံ့နှံ့နေစေလေသည်။ ပုံစံမဲ့ဓားဝိညာဉ်စွမ်းအားသည် နေရာအနှံ့တွင် ရှိနေသည်။ ရီဖူရှင်းတို့လူစုသည် ထိုအရာကို ရှင်းရှင်းလင်းလင်းအာရုံခံနိုင်ပေသည်။ သူတို့နှစ်ဖွဲ့သည် လွန်စွာနီးကပ်နေရာ ထိုကျင့်ကြံသူသည် သူတို့ကို အတွေးတစ်ချက်အတွင်းမှာပင် တိုက်ခိုက်နိုင်လေသည်။
“မင်း မတိုက်ခိုက်တာကောင်းမယ်”
ချင်ယိသည် ထိုလူငယ်ကိုကြည့်၍ သတိပေးလိုက်သည်။ သူသည် သူ၏မဟာလမ်းစဉ်အရှိန်အဝါကို မထုတ်ပြရသေးပေ။ သူသည် ထိုလင်းကလန်မှ ကျင့်ကြံသူကို အထင်သေးသောမျက်ဝန်းများဖြင့် အထက်စီးကကြည့်လိုက်သည်။
သူသည် ထိုကျင့်ကြံသူကို အရေးမစိုက်သည့်ဟန်ပင်။
ချင်ယိ၏အပြုအမူကြောင့် လင်းကလန်မှ ကျင့်ကြံသူ၏ မဟာလမ်းစဉ်အရှိန်အဝါသည် ပို၍အားကောင်းလာလေသည်။ ပုံစံမဲ့ ဓားဝိညာဉ်စွမ်အားသည် စက္ကန့်မရွေးပေါက်ကွဲသွားတော့မလို ကျယ်လောင်စွာမြည်ဟည်းနေသည်။ ထိုကျင့်ကြံသူသည် ချင်ယိကိုကြည့်၍ သူ၏လက်ဝါးကို ရှေ့သို့အတန်ငယ်ဆန့်ထုတ်လိုက်သည်။ သူသည် တိုက်ခိုက်လိုသော်လည်း လွန်စွာယုံကြည်မှုရှိနေဟန်ရှိသော ချင်ယိကို အနည်းငယ်ကြောက်နေလေသည်။
ထိုအခိုက်တွင် လေထုထဲ၌ အားကောင်းသောဖိအားများပေါ်လာ၏။
လင်းကလန်မှ အခြားကျင့်ကြံသူတချို့သည်လည်း သူတို့၏ဝိညာဉ်စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။ သူတို့သည် သူတို့ရှေ့ရှိလူစုကို စူးစိုက်ကြည့်လိုက်ကြသည်။ ချင်ယိသည် စကားအများကြီးမပြောသော်လည်း သူ၏အပြုအမူသည် စိတ်ကြီးဝင်နေဟန်ရှိလေသည်။ သူသည် လင်းကလန်ကို အမှန်ပင် အရေးမစိုက်ချေ။
ထိုလူငယ် တိုက်ခိုက်ရန်ချီတုံချတုံဖြစ်နေခြင်းမှာ ချင်ယိကြောင့်သာမဟုတ်ပေ။ ချင်ယိဘေးရှိ ငွေဖြူရောင်ဆံပင်နှင့်လူငယ်သည်လည်း လွန်စွာတည်ငြိမ်နေပေသည်။ ထိုတည်ငြိမ်မှုသည် မယိမ်းယိုင်သောယုံကြည်မှုမှလာခြင်းဖြစ်သည်။ သူတို့နောက်တွင်ရပ်နေသော မျက်မမြင်လည်းရှိပေသေးသည်။ သူသည် ထိုနေရာတွင် တိတ်တဆိတ်ရပ်နေသော်လည်း သူ၏အရှိန်အဝါတစ်ခုတည်းဖြင့်ပင် အခြားသူများကို ဖိနှိပ်ထားနိုင်ပေသည်။
ထိုလူစုသည် အခြားဒေသမှ စွမ်းအားကြီးသောကျင့်ကြံသူများဖြစ်နိုင်ပေသည်။ ထိုလူစုသည် သူတို့၏မဟာလမ်းစဉ်အရှိန်အဝါများကို မထုတ်လွှတ်သဖြင့် လူငယ်သည် သူတို့၏ကျင့်ကြံခြင်းအဆင့်ကို မသိနိုင်ချေ။
ဝှစ်...
ထိုအခိုက်တွင် အဝေးတစ်နေရာမှနေ၍ အလင်းတန်းတစ်ခု ကောင်းကင်ပေါ်သို့ထိုးတက်သွား၏။ ထိုအလင်းတန်းသည် ကောင်းကင်နှင့် မြေကြီးရှိ အခြားအလင်းများထက်များစွာ တောက်ပပေသည်။ ထိုအလင်းတန်းသည် ကောင်းကင်ကိုပင်အလင်းပေးနိုင်သော အလင်းနှင့်တူပေသည်။
ယင်းမြင်ကွင်းကြောင့် ထိုနေရာရှိကျင့်ကြံသူများသည် အံ့အားသင့်သွားကြသည်။ သူတို့အားလုံးသည် ထိုနေရာသို့ ကြည့်လိုက်ကြသည်။
“အဲ့ဒါက လမ်းအိုကပဲ”
တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
“အဲ့ဒါ မျက်မမြင်ချင်နေတဲ့နေရာမလား”
အခြားတစ်ယောက်က တီးတိုးပြောလိုက်သည်။ မည်သည့်အရာများ ဖြစ်ပျက်နေသနည်း။
မကြာမီတွင် အလင်းတန်းတစ်ခုသည် သူတို့ရှိနေသောနေရာထံသို့ ပျံသန်းလာ၏။ ၎င်းသည် လမ်းအိုမှနေ၍ ထိုနေရာအထိဆန့်တန်းနေသော အလင်းဖြင့်ပြုလုပ်ထားသည့် တံတားတစ်စင်းသဖွယ်ပင်။ မြေပြင်ပေါ်တွင် အလင်းတောက်ပနေ၏။ သူတို့ရှိနေသည့်နေရာအပြင် အခြားနေရာများတွင်လည်း ထိုကဲ့သို့အလင်းများ တောက်ပနေပုံရလေသည်။
ထိုအခိုက်တွင် မဟာအလင်းမြို့တော်မှ ကျင့်ကြံသူများသည် ခေါင်းမော့၍ အလင်းများတောက်ပနေသောနေရာများကို ကြည့်လိုက်ကြသည်။ သူတို့သည် သူတို့၏ဝိညာဉ်စွမ်းအားများကို ဖြန့်ကျက်၍ အာရုံခံလိုက်ရာ မကြာမီမှာပင် အလင်းတန်းများထွက်ပေါ်လာရာနေရာကို သိသွားလေတော့သည်။
မျက်မမြင်ကြီးသည် ဧည့်သည်တစ်ဦးကို ကြိုဆိုနေခြင်းပင်။
တစ်နေရာတွင် အသက်လတ်ပိုင်းကျင့်ကြံသူတစ်ဦးသည် အသံဩဩဖြင့် အမိန့်ပေးလိုက်၏။
“မျက်မမြင်ချင် ကြိုဆိုနေတဲ့ဧည့်သည့်က ဘယ်သူလဲဆိုတာ သွားပြီး ကြည့်ခဲ့ကျ”
မဟာအလင်းမြို့တော်၏ နေရာအနှံ့မှနေ၍ ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး ကောင်းကင်ပေါ်သို့ ပျံတက်သွားကြသည်။ သူတို့သည် တစ်နေရာတည်းသို့ ဦးတည်ပျံသန်းနေသည်။
အပျက်အစီးများအပေါ်တွင် ချင်ယိသည် အလင်းတန်းလာရာနေရာသို့ကြည့်၍ တီးတိုးရေရွတ်လိုက်သည်။
“အဲ့ဒါက မျက်မမြင်ချင်ပဲ”
သူသည်ထိုသို့ပြောပြီးနောက် လင်းကလန်မှကျင့်ကြံသူများကို လျစ်လျူရှုလိုက်ပြီး ချက်ချင်းထွက်ခွာသွားလိုက်သည်။ သူသည် ကောင်းကင်ကိုဖြတ်သန်း၍ ထိုအလင်းတန်းလာရာဆီသို့ ပျံသန်းသွားလိုက်သည်။ ရီဖူရှင်းတို့လူစုသည်လည်း ချင်ယိနောက်သို့ လိုက်သွားလေသည်။ လင်းကလန်မှကျင့်ကြံသူများသည် သူတို့ထွက်ခွာသွားသည်ကို ကြည့်နေပြီး မတိုက်ခိုက်လိုက်ကြပေ။
“ငါတို့ကလန်အဖွဲ့ဝင်တွေလည်း အဲ့မှာရှိနေလောက်တယ်။ သွားပြီး ကြည့်ကြတာပေါ့”
ထိုလူစု၏ခေါင်းဆောင်က ပြောလိုက်သည်။ လင်းရှီသည် ရီဖူရှင်းတို့လူစုထွက်ခွာသွားသောဘက်ကို အေးစက်စက်မျက်ဝန်းများဖြင့် ကြည့်နေလေသည်။
*****
မဟာအလင်းမြို့တော်၏ လမ်းအိုသည် ကျဉ်းမြောင်းသောလမ်းကြားလေးတစ်ခုဖြစ်သည်။ ထိုလမ်းအိုတွင် အိုဟောင်းနေသောစံအိမ်ကြီးတစ်အိမ်ရှိပေသည်။ ထိုစံအိမ်သည် အတန်ငယ်ယိုယွင်းနေပုံပေါ်သော်လည်း အတော်လေး သပ်ရပ်၊ ရှင်းလင်းသေးပေသည်။
မဟာအလင်းမြို့တော်မှ အတော်အသင့်ကျော်ကြားသူတစ်ဦးသည် ထိုစံအိမ်တွင်နေထိုင်၏။ သူ၏ကျင့်ကြံခြင်းအဆင့်ကို မည်သူမှမသိပေ။ သို့သော် သူသည် နှစ်ပေါင်းများစွာနေထိုင်လာခဲ့သူတစ်ဦးဖြစ်ကြောင်း ကောလဟာလများ ရှိလေသည်။ ထို့ကြောင့် အခြားသူများသည် သူနှင့် သိပ်၍အရောတဝင်မနေကြပေ။
မဟာအလင်းမြို့တော်မှ စွမ်းအားကြီးသောသူများသည် မျက်မမြင်ချင်ကို လေးစားကြသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ရုပ်သွင်သည် နှစ်ပေါင်းများစွာကြာသော်လည်း မပြောင်းလဲသောကြောင့်ဖြစ်သည်။ ထိုစွမ်းအားကြီးသူများ ငယ်ရွယ်စဉ်တုန်းကလည်း မျက်မမြင်ချင်သည် ထိုပုံအတိုင်းသာဖြစ်သည်။ သူတို့အရွယ်ရောက်လာသောအခါတွင်လည်း မျက်မမြင်ချင်သည် ထိုပုံအတိုင်းသာရှိနေသေးသည်။
မျက်မမြင်ချင်သည် စွမ်းအားကြီးသော နက္ခတ်ဗေဒင်ပညာရှင်တစ်ဦးဖြစ်သည်ဟူသော ကောလဟာလများလည်းရှိပေသည်။ သူသည် ရှေ့ဖြစ်ဟောနိုင်ပြီး အတိတ်နှင့်အနာဂတ်ကို သိမြင်နိုင်သည်ဟု ဆိုကြသည်။
သို့သော် ထိုကောလဟာလများကို အတည်မပြုရသေးပေ။ ထိုကောလဟာလများသည် မှန်သလော၊ မှားသလော မည်သူမှမသိချေ။ အဘယ့်ကြောင့်ဆိုသော် မျက်မမြင်ချင်သည် မည်သူ့ကိုမှ ရှေ့ဖြစ်ဟောမပေးဖူးသောကြောင့် ဖြစ်လေသည်။ ထိုနှစ်များအတွင်းတွင် လူများစွာသည် မျက်မမြင်ချင်ကို သူတို့အတွက်ရှေ့ဖြစ်ဟောပေးရန် တောင်းဆိုရန်ကြိုးစားခဲ့သော်လည်း သူသည် ထိုလူများကိုတွေ့ရန်ပင် ငြင်းဆန်ခဲ့လေသည်။ သူသည် စောစောသေမည်ကိုကြောက်သဖြင့် ဘုရားသခင်၏အလိုတော်ကို မဖော်ထုတ်ပြရဲခြင်းဟု တချို့လူများက ဆိုကြသည်။
သို့သော် လွန်ခဲ့သည့်နှစ်(၂၀)ကျော်က မျက်မမြင်ချင်သည် အလင်းများသည် သူတို့အပေါ်သို့ ကျဆင်းလာမည်ဖြစ်ပြီး ကောင်းကင်အမွေအနှစ်သည် နောက်တစ်ကြိမ်ထပ်မံပေါ်ပေါက်လာမည်ဟု ပြောခဲ့ပေသည်။
မဟာအလင်းမြို့တော်မှ လူများသည် မျက်မမြင်ချင်၏စကားများကို ရှေ့ဖြစ်ဟောကိန်းအဖြစ် သဘောထားခဲ့ကြသည်။ ထိုအချိန်မှစ၍ မြို့တော်အတွင်းတွင် စခန်းချထားသော အရေးပါသောကလန်အသီးသီးနှင့် အင်အားစုများသည် ထိုနေရာမှ မခွာကြတော့ပေ။ မူလဘုံတွင် ကြီးမားသောအပြောင်းအလဲများနှင့် ကြုံနေရသည့်အခါ၌ပင်၊ ကောင်းကင်ဒေသအတွင်းရှိ ကျင့်ကြံသူများကို စုဝေးရန် ဆင့်ခေါ်ခံရသည့်အခါ၌ပင် သူတို့သည် ထိုနေရာတွင်သာ နေခဲ့ကြသည်။ သူတို့သည် ရှေ့ဖြစ်ဟောကိန်း အမှန်ဖြစ်လာမည့်အချိန်ကို စောင့်နေခဲ့ကြသည်။
သူတို့စောင့်နေခဲ့သည်မှာ နှစ်(၂၀)ကျော်ကြာခဲ့ပြီဖြစ်သည်။
လူတချို့သည် ရှေ့ဖြစ်ဟောကိန်းနှင့်ပတ်သတ်၍ မျက်မမြင်ချင်ကို မေးခဲ့ဖူးသော်လည်း မျက်မမြင်ချင်သည် သူတို့ကို ပြန်မဖြေခဲ့ပေ။ နှစ်ပေါင်းများစွာကြာလာပြီးနောက် ရှေ့ဖြစ်ဟောကိန်း၏ မှန်ကန်မှုကို သံသယဖြစ်လာသူများ တစ်စထက်တစ်စ များပြားလာလေတော့သည်။ ထိုသို့သံသယဝင်နေသူများထဲမှတစ်ဦးသည် လင်းကလန်မှ လင်းရှီဖြစ်သည်။ သူမသည် မျက်မမြင်ချင်ကို လုံးဝမယုံကြည်ပေ။ သူမအမြင်တွင် မျက်မမြင်ချင်သည် လူများကို အခွင့်အရေးများဖြင့် လွဲချော်သွားစေရန် အလိမ်အညာတစ်ခုဖြင့် လှည့်ဖျားထားသည်ဟု ထင်နေပေသည်။
အခွင့်အရေးများသည် မူလဘုံတွင် စောင့်ဆိုင်းနေသည်ဟု သူမယုံကြည်နေသည်။ သို့သော် ကံကောင်းမှုနှင့် ကံဆိုးမှုသည် ဒင်္ဂါးတစ်ပြား၏ မျက်နှာပြင်နှစ်ဖက်သာဖြစ်သည်။ မူလဘုံတွင် အမွေအနှစ်များကိုရရှိသွားသောသူ မည်မျှရှိသနည်း။
မဟာအလင်းမြို့တော်မှ စီနီယာများသည်လည်း သူတို့အတွေးနှင့်သူတို့ရှိပေလိမ့်မည်။
သို့ရာတွင် နှစ်ပေါင်း(၂၀)ကျော်ကြာပြီးနောက် မျက်မမြင်ချင်နေထိုင်သောစံအိမ်သည် လှုပ်ရှားမှုလက္ခဏာများပြလာခဲ့ပေပြီ။
လက်ရှိတွင် စံအိမ်အိုကြီးအတွင်းမှနေ၍ အလင်းတန်းတစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်နေလေသည်။ စံအိမ်အိုကြီး၏တံခါးများသည် ဟင်းလင်းပွင့်နေပြီဖြစ်သည်။ အလင်းတန်းများသည် အလင်းလမ်းများကိုခင်းနေသကဲ့သို့ အပြင်သို့ဖြာထွက်နေကြသည်။ မြို့တော်အရပ်မျက်နှာအနှံ့မှ ကျင့်ကြံသူများသည် အလင်းလမ်းကြောင်းများကိုလိုက်၍ စံအိမ်အိုကြီးဆီသို့ ရောက်လာကြသည်။
သူ လွန်ခဲ့သောဆယ်စုနှစ်နှစ်ခုအကျော်က ပြောခဲ့သော ရှေ့ဖြစ်ဟောကိန်းသည် မှန်ပေသလော၊ မှားပေသလော။