← Chapters

အရက်ကူအား သန့်စင့်ခြင်း၊ ပရမ်းပတာ ဖြစ်လာသော မီယွင်မြို့

Vol. 1 Ch. 12

အရက်ကူအား သန့်စင့်ခြင်း၊ ပရမ်းပတာ ဖြစ်လာသော မီယွင်မြို့

Vol. 1 Ch. 12

“မတော်တဆ…၊ ခင်ဗျားသာ မတော်တဆဖြစ်မှာ။ ကိုယ့်အိမ်မှာကိုယ်နေရင်း ကျုပ်က ဘာမတော်တဆ ဖြစ်ရမှာလဲ။” ကျိုးစွေ့ စိတ်တိုစွာ ပြန်ပြောလိုက်သည်။

“အဟွတ်..အဟွတ်၊ နားလည်မှုလွဲတာပါ.. တကယ်ကို နားလည်မှုလွဲတာပါ။ ငါ့ဒီပါးစပ်ကိုကြည့်လေ၊ ငါက အပြောအဆိုမတတ်လို့ပါ။ စိတ်မဆိုးပါနဲ့။” ကျန်းချန်က အကြိမ်ကြိမ်ပင် တောင်းပန်လိုက်သည်။

“ဒါနဲ့ ဒီနေ့ အပြင်ထွက်လာတာဆိုတော့ ဘာလုပ်ချင်လို့လဲ။”

သူသည် စကားမှားပြောမိသွားသောကြောင့် မျက်နှာတွင် ရှက်ရွံ့နေဟန် ပေါ်နေသည်။

“တချို့ဟာလေးတွေ သွားဝယ်မလို့။” ကျိုးစွေ့က အဓိပ္ပါယ်မရှိသည်များအား ပြောနေရသည်ကို ပျင်းနေပြီဖြစ်၍ တိုက်ရိုက်ပင် ထွက်သွားတော့သည်။

ကျိုးစွေ့ လမ်းထဲက ထွက်သွားသည်နှင့်၊ ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းအားလုံး ထွက်လာကြကာ၊ ထွက်ခွာသွားသော ကျိုးစွေ့၏နောက်ကျောအား သံသယမျက်လုံးများဖြင့် ကြည့်နေကြတော့သည်။

“မဖြစ်နိုင်တာ၊ ကျိုးစွေ့က မသေသေးဘူးလား။ အဲ့ဒီ နတ်ဆိုးမက သူ့ကို ရိတ်သိမ်းမသွားသေးဘူးလား?”

လူတချို့က လွန်စွာ အံ့အားသင့်နေကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့၏ခန့်မှန်းထားချက်အရ ကျိုးစွေ့သည် ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားသင့်ပြီဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည်ကား သူတို့ မျှော်မှန်းမထားသော လန်းဆန်းတက်ကြွမှုအပြည့်နှင့် ဖြစ်နေသောကြောင့်ပင်။

သူတို့၏ မျက်စိနှင့် ကိုယ်တိုင် မြင်ရခြင်း မရှိလျှင် ယုံနိုင်မည် မဟုတ်ပေ။

“တကယ်ပဲ နည်းနည်းတော့ ထူးဆန်းတယ်။ အဲ့ဒီ အမျိုးသမီးကျင့်ကြံသူက သူ့ကို ရိတ်သိမ်းချင်တာ မဟုတ်ပဲ တကယ်ပဲ သူ့ရဲ့ တာအိုလက်တွဲဖော် ဖြစ်ချင်တာများလား?”

“မဖြစ်နိုင်တာ၊ ဒီကောင်လေးရဲ့ ကျင့်ကြံမှုက နိမ့်တယ်၊ လှပပြီး စွမ်းအားကောင်းတဲ့ ကျင့်ကြံသူမိန်းမက ဘယ်လိုလုပ် သဘောကျမှာလဲ? ပေါက်ကရ‌တွေ ပြောမနေနဲ့။”

“ငါလည်း မယုံပါဘူး ဒါပေမယ့် ပြဿနာက စကားလုံးတွေထက် အချက်အလက်တွေက ပိုစကားပြောနေတာပဲ။ ဒီကောင်လေးက လုံးဝအဆင်ပြေနေရုံတင်မကဘူး၊ သူ့ရဲ့ ကျင့်ကြံမှုတောင် တိုးတက်လာသေးတယ်လေ။”

“အတု၊ ဒါတွေက ပုံရိပ်ယောင်တွေပဲ။ နတ်ဆိုးမရဲ့ လှည့်ကွက်တွေထဲ မဝင်မိကြစေနဲ့။ အဲ့ဒီနတ်ဆိုးမက ကျိုးစွေ့ရဲ့ ကျင့်ကြံဆင့်က နိမ့်သေးတယ်လို့ တွေးမိလို့ မသတ်ခင် သိုးကို ဝအောင် လုပ်ချင်တာပဲ ဖြစ်မယ်။”

“ဒါလည်း မဖြစ်နိုင်ဘူးမဟုတ်ဘူးပဲ။ သူက ချီသန့်စင်ခြင်း အဆင့်(၁)ပဲ ရှိသေးတော့ တကယ်တမ်း စုပ်ယူရင်တောင် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။ ကျိုးစွေ့ရဲ့ ကျင့်ကြံဆင့် မြင့်မားလာပြီးမှ စုပ်ယူလိုက်မယ်ဆိုရင် ပိုကောင်းတဲ့ အကျိုးအမြတ်များမှာပေါ့။”

လူတိုင်းက အားတက်သရော ဆွေးနွေးနေကြလေသည်။

သူတို့အားလုံးသည် ထိုလှပသော ကျင့်ကြံသူမိန်းမက ကျိုးစွေ့အား အမှန်တကယ် ချစ်ကြိုက်သွားသည်အား မယုံကြည်ကြပေ။ ထိုနတ်ဆိုးမက ကျိုးစွေ့အား ဆူဖြိုးအောင် လုပ်ပြီးမှသာ ရိတ်သိမ်းရန် ကြံရွယ်နေသည် ဟုသာ ခန့်မှန်းကြလေသည်။

ထိုသို့သာ မဟုတ်ပါက၊ ဤကိစ္စအား ရှင်းပြနိုင်စရာ ရှိတော့မည် မဟုတ်ပေ။

…

သိပ်မကြာခင်တွင် ကျိုးစွေ့သည် မီယွင်မြို့ရှိ ဒန်ဆေးစံအိမ်သို့ အေးအေးဆေးဆေး ရောက်လာသည်။ ဤဆိုင်သည် အမျိုးမျိုးသော ဆေးဝါးများအပြင်၊ အမျိုးမျိုးသော ဆေးဖက်ဝင်ပစ္စည်းများအားလည်း ရောင်းချပေသည်။

ဒန်ဆေးစံအိမ်၏ ပိုင်ရှင်ကျောက်သည် ကျိုးစွေ့၏ မိဘများနှင့် ရင်းနှီးသူတစ်ဦး ဖြစ်‌ကာ၊ သူတို့ တစ်ဦးနှင့်တစ်ဦး သိကျွမ်းခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု‌ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

“ရှောင်ကျိုးပါ့လား။ ဒီနေ့ လာတာ ဘာဆေးလုံး ဝယ်ချင်လို့လဲ?” ဆိုင်ရှင်ကျောက်က အနည်းငယ်ပြုံးပြလိုက်လေသည်။

“မဟုတ်ပါဘူး။ ကျွန်တော် ဆယ်နှစ်သက်တမ်းရှိ အရက်မြွေမြက် တို့လိုမျိုး ဝိညာဉ်ဆေးအချို့ ဝယ်ချင်လို့ပါ၊ ခင်ဗျားမှာ ရှိလားဗျ။”

ကျိုးစွေ့က တိုက်ရိုက်ပင် တောင်းဆိုလိုက်သည်။

အရက်မြွေမြက်အား သူလိုချင်သည့် အကြောင်းရင်းသည် အရက်ပိုးကောင်အား သန့်စင်ရန် အဓိက ပါဝင်ပစ္စည်း ဖြစ်သောကြောင့် ဖြစ်၏။ ၎င်းသည် သူ ဝိညာဉ်ကျောက်တုံး ရှာဖွေနိုင်ရန်အတွက် သန့်စင်လိုသော အထူးကူကောင် တစ်မျိုး ဖြစ်လေသည်။

အရက်ကူ ဆိုသည်မှာ အရက်ထဲတွင်သာ နေထိုင်သော ကူတစ်မျိုးဖြစ်ကာ ယင်း၌ မယုံကြည်နိုင်လောက်သော အစွမ်းများ ရှိလေသည်။

သာမန်အရက်တစ်မျိုး ဖြစ်လျှင်တောင်မှ၊ အရက်ကူ၏အစွမ်းအောက်တွင် ဝိညာဉ်အရက်အဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။

သိထားရမည်မှာ သာမန် ပထမအဆင့် ဝိညာဉ်အရက် တစ်အိုးသည် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး လေးဆယ်မှ ငါးဆယ်အထိ တန်ဖိုးရှိပြီး သာမန်ဆေးလုံးများထက် ဈေးကြီးပေသည်။

ဤသို့ဖြစ်ရခြင်းမှာ ဝိညာဉ်အရက်သည် ဆေးလုံးများထက် ဆေးအဆိပ် ပိုမိုနည်းပါးသည့်အပြင်၊ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားကိုပင် သန့်စင်ပေးနိုင်သော သက်ရောက်မှုရှိသည့်အတွက် ကျင့်ကြံသူများအကြား လွန်စွာ ကျော်ကြားသောကြောင့် ဖြစ်လေ၏။

ကံမကောင်းသည်က ဝိညာဉ်အရက်အား ထုတ်လုပ်ရန် အလွန်ခက်ခဲသောကြောင့် ထုတ်လုပ်မှုနည်းပါးကာ၊ ဝိညာဉ်အရက်သည် အမြဲပြတ်လပ်နေတတ်ပြီး ဝိညာဉ်ကျောက်တုံး ရှိလျှင်တောင်မျှ ဝယ်ယူမရနိုင်ပေ။

အရက်ကူအား အောင်မြင်စွာ သန့်စင်နိုင်သည်နှင့်၊ ၎င်း၏အစွမ်းဖြင့် သာမာန်အရက်အား ဝိညာဉ်အရက် အဖြစ်သို့ ပြောင်းလဲနိုင်မည် ဖြစ်သည်။

ယင်းက အဖိုးမတန်သောအရက်အား အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဒါဇင်တန်သော ဝိညာဉ်အရက်အဖြစ် ပြောင်းလဲပေးခြင်းပင်။ တစ်ညတည်းနှင့် ကြီးမားသော အမြတ်အစွန်းအား ရရှိနိင်မည့် ငွေထုတ်စက်တစ်လုံး ပိုင်ဆိုင်သကဲ့သို့ ဖြစ်ပေမည်။

တကယ်တော့ ကျိုးစွေ့သည် အရက်ကူအား တတ်နိုင်သမျှ အမြန်ဆုံးသန့်စင်ကာ ဝိညာဉ်ကျောက်တုံး များစွာအား ရယူလိုသည်မှာ ကြာလှပြီ ဖြစ်သည်။

သို့သော် သူ တကယ်သာ ထိုသို့ လုပ်ခဲ့ပါက၊ မီယွင်မြို့က မည်မျှလုံခြုံသည် ဖြစ်စေ နောက်တစ်နေ့တွင် သူ၏ဝိညာဉ်ကျောက်တုံးများအား လုယက်ကြရန် အခြားကျင့်ကြံသူများ၏ လုပ်ကြံသတ်ဖြတ်ခြင်းအား ခံရမည်ကို သူသိထားပေသည်။

ကျင့်ကြံသူများ မလှုပ်ရှားကြခြင်းမှာ အကျိုးအမြတ်က မကြီးမားသောကြောင့်သာ ဖြစ်သည်။ အကယ်၍ အကျိုးအမြတ်က များပြားလှမည်ဆိုလျှင်မူ သူ့အား သတ်ဖြတ်ကာ မီယွင်မြို့မှ အချိန်မရွေး ထွက်ပြေးသွားကြမည်သာ ဖြစ်သည်။

မီယွင်မြို့ဘက်မှ လိုက်လံဖမ်းဆီးလျှင်တောင်မှ အနာဂတ်တွင် မီယွင်မြို့ဆီ မလာပဲ နေလိုက်ကြရုံပင် ဖြစ်သည် မဟုတ်လော။

ဝိညာဉ်ကျောက်တုံး များစွာပိုင်ဆိုင်ထားလျှင် ကျယ်ပြောသော ဤလောကပေါ်တွင် မသွားနိုင်တဲ့ နေရာ မရှိပေ။

ထို့ကြောင့် သူ အရက်ကူအား မသန့်စင်ရဲခဲ့ခြင်း ဖြစ်လေသည်။ သို့သော် ယခုတွင်တော့ အခြေအနေက မတူတော့ချေ။ သူ့တွင် ချီသန့်စင်ခြင်း အဆင့်(၉)ရှိ တာအိုလက်တွဲဖော်တစ်ဦးအား ကျောထောက်နောက်ခံအဖြစ် ပိုင်ဆိုင်ထားလေပြီ။ ဝိညာဉ်ကျောက်တုံး များစွာ ပိုင်ဆိုင်ခဲ့လျှင်တောင်မှ ထိုကြီးမားသော ကံကြမ္မာအား အလွယ်တကူ ထိန်းသိမ်းထားနိုင်ပြီး အခြားသူများ လိုချင်တက်မက်ကြမည်အား စိုးရိမ်နေစရာ မလိုတော့ပေ။

“အရက်မြွေမြက်လား… ငါတို့မှာ ရှိတာပေါ့။ ဒါက ဝိညာဉ်အရက် ထုတ်လုပ်ဖို့ ပါဝင်ပစ္စည်းတစ်ခုပဲလေ။ ဒါပေမဲ့ အရက်မြွေမြက် တစ်ဖုံစာက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာကျတယ်။ မင်း ဝယ်ချင်လို့လား?” ဆိုင်ရှင်ကျောက်က ပြောသည်။

“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာတောင်လား..။ ဘာလို့ အဲ့လောက် ဈေးကြီးရတာလဲ..? ပြီးခဲ့တဲ့လတုံးကတောင် အဲ့ဒါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ခုနှစ်ဆယ်ပဲ ရှိတာမလား..?”

ကျိုးစွေ့ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် အရူးတစ်ယောက် မဟုတ်ပေ။ ဈေးအလွန်တင်ထားသော ဆေးဖက်ဝင်ပစ္စည်းများအား ဝယ်မည် မဟုတ်ချေ။

ဤဆိုင်ရှင်ကျောက်သည် သူ့အား အလွယ်တကူ နှပ်ချနိုင်သည်ဟု ယူဆကာ အခွင့်ကောင်းယူ၍ ဈေးတင်နေခြင်းလော..။

“ကောင်လေးကျိုး ငါမင့်းကို လှည့်စားနေတာ မဟုတ်ဘူး”

ဆိုင်ရှင်ကျောက်က ရှင်းပြသည်။ “ မင်းမသိသေးလောက်ဘူး။ မကြာသေးမီက မီယွင်မြို့ထဲမှာ ဆေးလုံးတွေ၊ အဆောင်တွေနဲ့ ဝိညာဉ်ဆေးတွေရဲ့ ဈေးတွေက် တက်လာတာ။ အချိန်တစ်ခုကြာရင် ဈေးနှုန်းတွေ ပိုတောင် တက်လာနိုင်သေးတယ်။”

“ဘာကို ဆိုလိုတာလဲဗျ”

ဒါကို ကြားသော် ကျိုးစွေ့ အံ့အားသင့်သွားလေသည်။ အဘယ်ကြောင့် ဆိုသော် မီယွင်မြို့၌ ဈေးနှုန်းများသည် အမြဲတစေ တည်ငြိမ်နေကာ ကြီးကြီးမားမား ပြောင်းလဲမှုဆိုသည်မှာ ရှားပါးလွန်းလှသောကြောင့် ဖြစ်သည်။

သို့သော် ယခုတွင်မူ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့ချေပြီ။ မီယွင်မြို့တွင် တစ်စုံတစ်ရာ ဖြစ်ပွားခဲ့သည်လော?။

“မင်းမသိသေးဘူးလား..? ဒီကိစ္စ ပျံ့နေတာဖြင့် ကြာလှပြီ။”

ဆိုင်ရှင်ကျောက်က ဂရုတစိုက်ဖြင့် “သိပ်မကြာသေးခင်က၊ အင်မော်တယ်ရှားဂိုဏ်းက တိမ်မြူတောင်တန်းအတွင်းမှာ ရွှေနီကြောနဲ့ ဝိညာဉ်ကျောက်ကြောတစ်ခုကို ရှာတွေ့ခဲ့တယ်တဲ့။ ထွက်ရှိနှုန်းက တန်ချိန် တစ်သိန်းကျော်တယ်တဲ့။ အခု အင်မော်တယ်ရှားဂိုဏ်းတစ်ခုစလုံး အရူးအမူး ဖြစ်နေကြတယ်။”

“ဒီသတ္တုတွင်းကို တိုးတက်အောင် လုပ်ဖို့အတွက် အင်မော်တယ်ရှားဂိုဏ်းက တိမ်မြူတောင်တန်းဆီကို လူအင်အား အများအပြား စေလွှတ်ခဲ့တယ်။ ကျင့်ကြံသူ မိသားစုအများကြီးကလည်း အင်မော်တယ်ရှားဂိုဏ်း‌ကြောင့် အစုလိုက် အပြုံလိုက် ရောက်လာကြတယ်။”

“ဘာပဲဖြစ်ဖြစ် တိမ်မြူခိုးတောင်တန်းက မြေမျက်နှာသွင်ပြင် ရှုပ်ထွေးတယ်၊ တစ်နေ့လုံး မြူတွေ ဖုံးလွှမ်းနေတဲ့အပြင် ယောင်သားရဲတွေလည်း အများကြီး ရှိတော့ ဖွံဖြိုးတိုးတက်ဖို့ အရမ်းခက်တယ်လေ။ အဲ့ဒါကြောင့် အင်မော်တယ်ရှားဂိုဏ်းက ကျင့်ကြံသူအများအပြားကို အတူတူ ဖွံဖြိုးတိုးတက်အောင် လုပ်ဖို့ ဖိတ်ခေါ်လိုက်တယ်လေ။”

“ဒီလိုနဲ့ပဲ ဒီကာလအတွင်း နယ်ခြားကျင့်ကြံသူ အများအပြား ငါတို့ရဲ့ မီယွင်မြို့ထဲကို ဝင်ရောက်လာကြတောပေါ့။ မြို့ထဲမှာ လုံခြုံရေး ပိုပိုဆိုးလာနေတာ မင်းသတိမထားမိဘူးလား..? လူသတ်မှု၊ လုယက်မှုတွေ မကြာခဏကို ဖြစ်နေတော့တာပဲ။”

“အရင်တုံးက မီယွင်မြို့မှာ ဒီလိုမျိုးတွေ ဘယ်တုံးကမှ မဖြစ်ဖူးခဲ့ဘူး။ ဒါပေမဲ့ နယ်ခြားကျင့်ကြံသူတွေ အရမ်းများလာတော့ မီယွင်မြို့ရဲ့ တရားစီရင်ရေးကလည်း အားလုံးကို မထိန်းချုပ်နိုင်တော့ဘူးပေါ့။”

“အင်းပေါ့၊ တရားစီရင်ရေးအဖွဲ့က တကယ်လုပ်ချင်ရင်တောင် ဘာမှ မလုပ်နိုင်ဘူးလေ။ ဘာလို့လဲဆိုတော့ ဒီနယ်ခြားကျင့်ကြံသူတွေ အကုန်က ဆိုးသွမ်းပြီး ရက်စက်ကြမ်းကြုတ်ကြတဲ့အပြင်၊ တချို့မှာ အခြေတည်အဆင့် မိသားစု ကျောထောက်နောက်ခံတွေ ရှိကြတယ်လေ။ အဲ့ဒီတော့ တရားစီရင်ရေးအဖွဲ့ကလည်း ဒီတရားမဝင် လုပ်ဆောင်မှုတွေကို မျက်ကွယ်ပြုနေရုံပဲ တတ်နိုင်တော့တာပေါ့။”

ဘာရယ်..။

ဒါကိုကြားလျှင် ကျိုးစွေ့ အလွန် အံ့အားသင့်သွားသည်။ တစ်လအတွင်း မီယွင်မြို့က ဤသို့ ပြောင်းလဲမှုများ ဖြစ်လာမည်ဟု သူ မျှော်လင့်မထားမိပေ။

သူသည် တစ်လလုံးလုံး အိမ်ထဲတွင်သာ သာယာနေခဲ့ကာ အပြင်လောကမှ အဖြစ်အပျက်များအား ဂရုမထားခဲ့ပေ။ တစ်လမျှသာနှင့် မီယွင်မြို့သည် ဤသို့ ပရမ်းပတာ အခြေအနေဖြစ်လာမည်အား သူမထင်ထားခဲ့ပေ။

လမ်းမများပေါ်တွင် ကျင့်ကြံသူများ ပိုမိုများပြားလာသကဲ့သို့၊ တစ်ယောက်ချင်းဆီတွင် ကြမ်းကြုတ်သော အော်ရာများ ထွက်ပေါ်နေသည်ဟု သူခံစားရသည်မှာ အံ့သြစရာမဟုတ်တော့ပေ။

All Chapters