ပုံရိပ်ယောင်၏စွမ်းပကား၊ ဓားပြများအား သတ်ဖြတ်ခြင်း။
Vol. 1 Ch. 13
လာမည့်အချိန်အတိုင်းအတာတစ်ခုအထိ မီယွင်မြို့က ကျင့်ကြံသူများ၏ ဗဟိုချက် ဖြစ်လာမည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
မည်သို့ပင်ဆိုစေ၊ မီယွင်မြို့သည် တိမ်မြူခိုးတောင်တန်းအနီး တစ်ခုတည်းသော တစ်ကိုယ်တော်ကျင့်ကြံသူများ၏ မြို့ ဖြစ်လေသည်။
တိမ်မြူခိုးတောင်တန်းအား ဖွံ့ဖိုးတိုးတက်အောင် ပြုလုပ်ရန်၊ အင်မော်တယ်ရှားဂိုဏ်းသည် ကြီးမားသော အကျိုးအမြတ်များအား ကတိပေးကာ ကျင့်ကြံသူများစွာအား ၎င်းတို့အတွက် အလုပ်လုပ်ခိုင်းစေသည်။ ယင်းတို့သည် တိမ်မြူခိုးတောင်တန်းအတွင်းမှ ယောင်သားရဲများအား ရှင်းလင်းခြင်း၊ လမ်းများဖောက်လုပ်ခြင်း၊ စသည်တို့ ဖြစ်လေသည်။
ထိုသို့ဖြင့် မီယွင်မြို့ထဲရှိ ဆေးလုံးများ၊ အဆောင်များ၊ ဝိညာဉ်ဆေးများ၊ အစားအသောက်များနှင့် မှော်အသုံးအဆောင်ပစ္စည်းများ စသည်တို့၏ ဈေးနှုန်းများက မြှင့်တက်လာမည် ဖြစ်သည်။
မီယွင်မြို့သည် ယခင်ကဲ့သို့ လုံခြုံတော့မည် မဟုတ်တော့ပဲ အန္တရာယ်များသော နေရာတစ်ခု ဖြစ်လာတော့ပေမည်။
“ဒီအတိုင်းသာဆိုရင် ဝိညာဉ်ဝိုင်ရဲ့ ဈေးနှန်းကလည်း တက်လာမှာပဲ၊ ဒါဆို ငါတို့ ပိုက်ဆံများများ ပိုရှာနိုင်တော့မှာပေါ့။”
ကျိုးစွေ့က မေးစေ့အား ပွတ်လိုက်သည်။
ဤသည်အား တွေးမိသောအခါ သူ ထပ်မံတုံ့ဆိုင်းမနေတော့ပေ။ ဆေးပင်၏ဈေးနှုန်းက အနည်းငယ် မြင့်မားနေသော်လည်း သူဝယ်လိုက်ရေတော့သည်။
ရလဒ်အနေဖြင့် ဝိုင်ကူအား သန့်စင့်နိုင်ရန်၊ ဝိုင်မြွေမြက်နှင့် အခြားပစ္စည်းများအတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ရာခန့် သုံးစွဲလိုက်ရလေသည်။
ထို့နောက် အခြားဆိုင်များသို့ သွားကာ ဝိညာဉ်ဆန်များ၊ အသားများ စသည်တို့အား ဝယ်ယူလိုက်လေသည်။
မည်သို့ဆိုစေကာမူ ယခုအခါတွင် မိသားစု၍ လူအနည်းငယ် ပိုများလာသဖြင့် အစားအစာတချို့အား သိုလှောင်ထားရန် လိုအပ်ပေသည်။
လက်ရှိအခြေအနေများက အလွန်ရှုပ်ထွေးနေသည် ဖြစ်ရာ၊ မကြာမီကာလအတွင်း အပြင်သို့ သူ မကြာခဏ ထွက်ဖြစ်မည် မဟုတ်သောကြောင့် အစားအစာများအား ကြိုတင်သိုလှောင်ထားရန် လိုအပ်ပေသည်။
ကံကောင်းသည်မှာ သူ၏ရတနာဖြစ်သော “ကူနတ်ဘုရားပန်းကန်”သည် အတွင်း၍ သိုလှောင်ရန် နေရာလွတ်တစ်ခုပါဝင်ပြီး၊ ယင်းသည် ကုဗမီတာ တစ်ထောင်ကျော် ကျယ်ဝန်းကာ ဂိုဒေါင်ကြီးတစ်ခုကဲ့သို့ ဖြစ်သောကြောင့် အစားအစာများဖြင့် ပြည့်သွားမည်အား သူ စိုးရိမ်စရာမလိုပေ။
“ဘာတွေ ဖြစ်နေတာလဲ။”
ဤအရာများအား လုပ်ဆောင်ပြီးသည့်နောက်၊ သူ့အား ပတ်ပတ်လည်မှ ချောင်းမြောင်းစောင့်ကြည့်နေသူများ ရှိနေသည်အား ကျိုးစွေ့ ပြင်းထန်စွာ သတိပြုမိလိုက်သည်။ ဤသည်က အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အာရုံနှင့် နှိုင်းယှဉ်နိုင်သော ပတ်ဝန်းကျင်အား အာရုံခံနိုင်သည့် “အိပ်မက်ဝိညာဉ်ကူ”၏ စွမ်းအား ဖြစ်သည်။
ထိုသူတို့က အလွန်ပင် သတိထားကာ လျှို့ဝှက်စောင့်ကြည့်နေသော်ငြား ကျိုးစွေ့ အာရုံခံမိနေဆဲ ဖြစ်၏။
“ငါ့ကို စောင့်ကြည့်နေတဲ့ ကျင့်ကြံသူ သုံးယောက်ရှိတယ်။”
“တစ်ယောက်က ချီသန့်စင်ခြင်း အဆင့်(၅)၊ နှစ်ယောက်က ချီသန့်စင်ခြင်း အဆင့်(၄) တွေပဲ။”
“အခု မီယွင်မြို့က ဒီလောက်တောင် ပရမ်းပတာ ဖြစ်နေပြီလား..? မြို့ထဲမှာ နေ့ခင်းကြောင်တောင် တောင် တိုက်ခိုက်ရဲနေကြပြီလား..?”
ကျိုးစွေ့ ရုတ်တရက် လန့်သွားသည်။ တစ်ချိန်က အလွန် လုံခြုံသော မီယွင်မြို့သည် နယ်ခြားကျင့်ကြံသူများ အလုံးအရင်း ဝင်ရောက်လာခြင်းကြောင့် ဤကဲ့သို့ ပရမ်းပတာ ဖြစ်လာမည်အား သူမမျှော်လင့်ခဲ့ချေ။ ယခင်ကဲ့သို့ လုံခြုံမှု မရှိတော့ပေ။
ထိုနယ်ခြားကျင့်ကြံသူများသည် အခြားနေရာများတွင် မဆင်မခြင် ပြုမူနေကျ ဖြစ်ရာ နေရာတိုင်းတွင် မီးရှို့၊သတ်ဖြတ်၊လုယက်ကြလေသည်။ မီယွင်မြို့သို့ ရောက်နေသည်တိုင်အောင် သူတို့၏စရိုက်များက မပြောင်းလဲကြပေ။
သူကဲ့သို့ ချီသန့်စင်ခြင်း အဆင့်(၂)သာ ရှိသော ကျင့်ကြံသူတစ်ဦးအား နယ်ခြားကျင့်ကြံသူများက ပစ်မှတ်ထားခြင်းဆိုသည်မှာ သာမန်သာ ဖြစ်လေသည်။
ကံကောင်းသည်မှာ သူသည် အိပ်မက်ဝိညာဉ်ကူအား သန့်စင်နေပြီး ဖြစ်လေသည်။ သူသည် ချီသန့်စင်ခြင်း အဆင့်(၂)သာ ရှိနေသေးသော်လည်း၊ သူ၏ဝိညာဉ်စွမ်းအားမှာ အလွန်ပင် အားကောင်ကာ ချီသန်စင့်ခြင်း နှောင်းပိုင်းတစ်ဦးနှင့်ပင် ယှဉ်နိုင်ပေသည်။
အိပ်မက်ဝိညာဉ်ကူ၏ အစွမ်းနှင့် ပေါင်းစပ်လိုက်လျှင် ချီသန့်စင်ခြင်း အဆင့်(၅)၊ အဆင့်(၆) ရှိ ကျင့်ကြံသူများအား ရင်ဆိုင်ရန် ပြဿနာရှိမည် မဟုတ်ပေ။ ထို့ကြောင့်ပင် သူ အများကြီး ပူပန်မနေခြင်းပင်။
“မြန်မြန်ဆန်ဆန် ရှင်းရမယ်”
ဤသို့တွေးကာ ကျိုးစွေ့က မှောင်မိုက်သောလမ်းကြား တစ်ခုထဲသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားလိုက်သည်။
…
ထိုအချိန်တွင် ကျင့်ကြံသူသုံးဦးက ကျိုးစွေ့အား မလှမ်းမကမ်းမှ လျှို့ဝှက်စွာ စောင့်ကြည့်နေကြ၏။ ၎င်းတို့သည် မီယွင်မြို့ခံ ကျင့်ကြံသူများ မဟုတ်ဘဲ အခြားနေရာများမှ တစ်ကိုယ်တော် ကျင့်ကြံသူများ ဖြစ်သည်။
မီယွင်မြို့သည် တစ်ကိုယ်တော်ကျင့်ကြံသူများ၏ လွန်စွာ ကြွယ်ဝသော မြို့တစ်မြို့ ဖြစ်ကြောင်း သူတို့ ကြားသိရသောကြောင့် အင်မော်တယ်အခွင့်အလမ်းအား ရှာဖွေရန် လာရောက်ကြခြင်း ဖြစ်ပေသည်။
“ကျစ်..ကျစ်..! ဒီကလေးကို ငါစောင့်ကြည့်နေတာကြာပြီ။ အချိန်တိုလေးအတွင်း သူက ဆေးဆိုင်၊ ဝိညာဉ်ဆန်ဆိုင်နဲ့ ဝိညာဉ်အသားဆိုင်တွေကို သွားပြီးတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ရာကျော် သုံးခဲ့တယ်။ သူက သေချာပေါက် ချမ်းသာတယ်။”
“မဖြစ်နိုင်တာ၊ ချီသန့်စင်ခြင်း အဆင့်(၂) ကျင့်ကြံသူတစ်ယောက်က ဘယ်လိုလုပ် အဲ့လောက် ဝိညာဉ်ကျောက်တုံးတွေ ရှိနိုင်မှာလဲ။”
“မီယွင်မြို့က မယုံနိုင်လောက်အောင် ချမ်းသာတယ်လို့ ငါကြားဖူးတယ်။ အနောက်မှာ တိမ်မြူခိုးတောင်တန်းကြီး ရှိနေမှတော့ ငွေရှာဖို့ နည်းလမ်းတွေ အများကြီး ရှိမှာပဲ။”
“ငါတို့ ဒီကောင့်ကို သတ်လိုက်ရင်၊ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ရာဂဏန်းတော့ ရမှာပဲ။ ဒါဆို ငါတို့ ချမ်းသာပြီ။”
“ဒါပေမယ့် မီယွင်မြို့က အရမ်းတင်းကျပ်ပြီး အကြမ်းဖက်တာမျိုးတွေ ခွင့်မပြုဘူးမလား”
“ငတုံးရဲ့၊ ဒါက မီယွင်မြို့ရဲံစည်းကမ်းလေ ငါတို့စည်းကမ်းမှ မဟုတ်တာကို။ ဒီကောင့်ကို သတ်ပြီးတာနဲ့ မီယွင်မြို့ကနေ ချက်ချင်းထွက်သွားကြမယ်။ မီယွင်မြို့ကလူတွေ ငါတို့ကို ဘာလုပ်နိုင်မလဲ ကြည့်တာပေါ့။”
“အမှန်ပဲ၊ ငါတို့ အပြင်မှာ သုံးလေးငါးနှစ် ပုန်းနေပြီး အခြေအနေတွေ ငြိမ်သက်သွားမှ ပြန်လာကြတာပေါ့။ ဘယ်သူမှ ငါတို့ကို အလိုရှိစာရင်းထဲ ထည့်မှာမဟုတ်ဘူးလို့ ငါယုံတယ်။ ဒါက တန်ပါတယ်ကွာ။”
“မြန်မြန်၊ မြန်မြန်လိုက်၊ ဒီကောင် ဘေးနားက လမ်းကားထဲ ဝင်သွားပုံပဲ။”
တစ်ကိုယ်တော်ကျင့်ကြံသူ သုံးဦး၏မျက်လုံးများက ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်ထွက်နေသည်။ သူတို့သည် လုယက်ခြင်းနှင့် အသားကျနေပုံရသည်။ ၎င်းတို့သည် ဓားပြများအဖြစ်မွေးဖွားလာကသူများ ဖြစ်ကာ၊ အင်မော်တယ် ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်ပြီးနောက်တွင်ပင် သူတို့၏ လုယက်တတ်သော အကျင့်အား မပြောင်းလဲနိုင်ကြချေ။
အဆုံးသတ်တွင် ဆေးလုံးများဖော်စပ်ခြင်း၊ အဆောင်များ ပြုလုပ်ခြင်းတို့ဖြင့် ကြိုးစားပမ်းစား ငွေရှာသည့်အလျင်သည် လုယက်ခြင်းလောက် မြန်ဆန်သည် မဟုတ်ပေ။
ဝှစ်…ဝှစ်!
ကျိုးစွေ့ ထွက်ပြေးသွားမည်ကို စိုးရိမ်ကာ တစ်ကိုယ်တော် ကျင့်ကြံသူ သုံးဦးက ချက်ချင်းပင် ပြေးလိုက်သွားကြသည်။
ဘုန်း…
သို့သော်ငြား မှောင်မိုက်သော လမ်းကြားထဲသို့ သူတို့ ခြေချလိုက်သည့် အခိုက်အတန့်တွင် မမြင်နိုင်သော ပုံရိပ်ယောင်စွမ်းအား တစ်ခုက သူတို့အား လွှမ်းခြုံသွားလေသည်။ ကြိုတင် ပြင်ဆင်ထားခြင်း မရှိသောကြောင့် လုံးဝ အငိုက်မိသွားလေသည်။
တဒင်္ဂအတွင်း ပုံရိပ်ယောင်ထဲသို့ ကျရောက်သွားကာ မည်သို့မျှ မတုံ့ပြန်နိုင်တော့ပဲ ကျောက်ရုပ်လို ရပ်သွားတော့သည်။
“သတ်!”
ကျိုးစွေ့က အမှောင်ထဲမှ လမ်းလျောက်ထွက်လာကာ အတွေးတစ်ချက်ဖြင့်ပင်၊ မမြင်နိုင်သော စိတ်ဝိညာဉ်လှိုင်းတစ်ခုသည် ထက်မြသော ဓားသွားတစ်ခုကဲ့သို့ ပြောင်းလဲသွားကာ တစ်ကိုယ်တော် ကျင့်ကြံသူ သုံးဦး၏ ဝိညာဉ်များအား ချက်ချင်းပင် ခြေမွပစ်လိုက်လေသည်။
ဘုတ်၊ဘုတ်၊ဘုတ် ဟူသော အသံများနှင့်အတူ ၎င်းးတို့၏ ခန္ဓာကိုယ်များ လဲကျသွားကာ ကြမ်းပြင်တစ်ခုလုံး ဖုန်များ တစ်ထောင်းထောင်း ထသွားလေသည်။
၎င်းတို့၏ နှခေါင်း၊ပါးစပ်နှင့် မျက်လုံးများမှ သွေးများ ယိုစိးထွက်နေ၏။ သို့သော် သူတို့၏မျက်နှာများတွင် မည်သည့် ကြောက်လန့်မှုမှ မပေါ်သည့်အပြင်၊ လှပသော အိပ်မက်တစ်ခု မက်ခဲ့သည့်အလား အပြုံးပန်းများ ဝေဆာလျှက် ရှိနေပေသည်။
“အံ့ဩစရာပဲ..။ ဒါက အိပ်မက်ဝိညာဉ်ကူရဲံ အစွမ်းပေါ့..” ကျိုးစွေ့ အလွန် အံ့ဩသွားလေသည်။
အိပ်မက်ဝိညာဉ်ကူ၏ အစွမ်းသည် တွေးဆမရနိုင်လောက်အောင် အလွန်အားကောင်းသည်အား သူသိထားသည်မှာ ကြာပြီဖြစ်သော်လည်း၊ ချီသန့်စင်ခြင်း အဆင့်(၄)၊အဆင့်(၅) ရှိ တစ်ကိုယ်တော် ကျင့်ကြံသူ သုံးဦးအား လုပ်ကြံရန်မှာမူ ဤမျှ လွယ်ကူလိမ့်မည်ဟု သူ မျှော်လင့် မထားမိခဲ့ပေ။
၎င်းတို့နှင့် သူသည် ထိပ်တိုက်ရင်ဆိုင်မည် ဆိုပါက သူက ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်ပေ။ သို့သော်လည်း အိပ်မက်ဝိညာဉ်ကူ၏ စွမ်းအားဖြင့် အမှောင်ထဲတွင် တိတ်တဆိတ် သတ်ဖြတ်နိုင်ခဲ့ပြီ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ချီသန့်စင်ခြင်း အဆင့်တွင် ကျင့်ကြံသူအနည်းငယ်မျှသာလျှင် ဝိညာဉ်တိုက်ခိုက်မှုများအား ကျွမ်းကျင်ပေသည်။ ယင်းက ဧရိယာလွှမ်းခြုံနိုင်သော တိုက်ကွက်တစ်ခု ဖြစ်သည်မှာ ရှင်းလှသည်။ ရန်သူက တုံ့ပြန်လိုလျှင်ပင် တုံ့ပြန်နိုင်မည် မဟုတ်ပေ။
“သိုသိုသိပ်သိပ်နေရမယ်… ငါတို့ သိုသိုသိပ်သိပ် နေဖို့ လိုသေးတယ်။ မီယွင်မြို့က မကြာသေးခင်ကစပြီး ပိုပိုပြီး ပရမ်းပတာ ဖြစ်လာနေပြီ။”
“ဒီကာလအတွင်း အပြင်မထွက်တာ ပိုကောင်းတယ်။ အိမ်မှာပဲနေပြီး ကိုယ့်ကျင့်ကြံမှုကို မြှင့်တင်ရမယ်”
မြန်ဆန်စွာပင် ကျိုးစွေ့ စိတ်တည်ငြိမ်သွားသည်။
သူ၏ လက်ရှိကျင့်ကြံဆင့်က လွန်စွာ နိမ့်ကျနေသေး၏။ သူသည် ချီသန့်စင်ခြင်း အဆင့်(၂)တွင်သာ ရှိသေးသည် ဖြစ်ရာ၊ အောက်ဆုံးအဆင့်များထဲမှ အောက်ဆုံးဟုပင် ဆိုရပေမည်။ ထောင်လွှားနေစရာ အကြောင်းမရှိပေ။
ငါသာ အားကောင်းတဲ့ ကျင့်ကြံသူတစ်ဦးနဲ့ တွေ့ရင်၊ ငါ့ကို တိုက်ခိုက်ဖို့ အခွင့်အရေးတောင် မပေးပဲ ချက်ချင်း တစ်ချက်တည်း သတ်ပစ်မှာကိုတောင် စိုးရသေးတယ်။
ဒီတော့ ဘာမှ ဂုဏ်ယူနေဖို့ အချိန် မရှိဘူး။ အများဆုံး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်း နည်းနည်း ရှိလာတယ်လို့ပဲ ယူဆရမယ်။
ငါ အိမ်ကို မြန်မြန်ပြန်ပြီးတော့ ငါ့ကျင့်ကြံဆင့်ကို တတ်နိုင်သမျှ မြန်မြန် ချီသန့်စင်ခြင်း အဆင့်(၃)ကို ရောက်အောင် မြှင့်တင်ရမယ်။
အရေးအကြီးဆုံးအချက်သည် တိမ်မြူတောင်တန်းတွင် ရွှေနီသတ္တုကြောနှင့် ဝိညာဉ်ကျောက်ကြောများ ရှာဖွေတွေ့ရှိခြင်းနှင့် အင်မော်တယ်ရှားဂိုဏ်း၏ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပတ်သက်လာမှုကြောင့် ကျင့်ကြံသူမိသားစု အများအပြား ပြောင်းရွှေ့လာကြခြင်း ဖြစ်၏။
ဒီကို အင်အားကြီးတဲ့ ကျင့်ကြံသူ အများအပြား သေချာပေါက် ရောက်လာကြမှာဆိုတော့ ဒီနေရာက အန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်လာမှာကို ငါစိုးရွံ့မိတယ်။
သူ၏လက်ရှိ အစွမ်းအစက ဘာမျှ မဟုတ်သေးပေ။
သူသာ သတိမထားပါက၊ အခြားသော ကျင့်ကြံသူများ၏ သတ်ဖြတ်မှုအား ခံရပြီးနောက် အပြီးအပိုင် ပျောက်ကွယ်သွားရပေမည်။
ဝှစ်..!
ဤသည်အား တွေးလိုက်ရင်း ကျိုးစွေ့က တစ်ကိုယ်တော် ကျင့်ကြံသူ သုံးဦး၏ သိုလှောင်အိမ်များအား ယူကာ အနီးကပ်ကြည့်ရှုလိုက်သည်။ ယင်းတို့ကား အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးရာခန့် တန်ဖိုးရှိရာ ကံကောင်းမှု အနည်းငယ်ဟု မှတ်ယူနိုင်ပေသည်။
ထို့နောက် သူသည် နေအိမ်သို့ လျင်မြန်စွာ ပြန်လာခဲ့တော့သည်။