← Chapters

တပည့်လက်ခံရန် သူ့ရည်ရွယ်ချက်

Vol. 148 Ch. 2109

တပည့်လက်ခံရန် သူ့ရည်ရွယ်ချက်

Vol. 148 Ch. 2109

ရီဖူရှင်းက မျက်လုံးများကို ဖွင့်လိုက်ကာ လေဟာနယ်အား ဖြတ်ကာ ကြည့်လိုက်၏။ နတ်ဘုရားနည်းစနစ်က ခုနစ်ခုရှိသည်။ ယခု ရှောင်လင်းကိုပါ ထည့်ပေါင်းလိုက်လျှင် လေးမျက်နှာကျေးရွာသည် နတ်ဘုရားနည်းစနစ်ငါးခုကို ပိုင်ဆိုင်ပြီး ဖြစ်၏။ သူတို့မှာ မုယွင်မိသားစု၊ ထျယ်မိသားစု၊ ရှီမိသားစု၊ ကုမိသားစုနှင့် ရှောင်လင်းတို့ ဖြစ်သည်။

ဖန်းချွင့်နှင့် ထိုကောင်လေး ပိုင်ဆိုင်ရမည့် နည်းစနစ်နှစ်ခုကို ထည့်ပေါင်းလိုက်လျှင် နတ်ဘုရားနည်းစနစ် ခုနစ်ပါးလုံး စုံလင်သွားပြီ ဖြစ်၏။ သူတို့က ရွာတွင် တစ်ချိန်တည်း ပေါ်ပေါက်လာခဲ့ပြီ ​ဖြစ်သည်။

"ကျုပ် ရွာထဲ လျှောက်သွားကြည့်လိုက်ဦးမယ်။" ရီဖူရှင်းက ခပ်တိုးတိုး ပြောလိုက်ပြီးနောက် သူက လမ်းလျှောက်ထွက်သွားခဲ့သည်။ အခြားလူများက ရှေးဟောင်းသစ်ပင်အောက်၌ ရပ်နေဆဲဖြစ်ကာ လမ်းစဥ်ကို နားလည်သဘောပေါက်ကာ ကျင့်ကြံနိုင်ရန် ကြိုးစားနေကြသည်။ လူတိုင်းက ကျင့်ကြံခြင်း၌ ကံကောင်းခြင်းအချို့ ရှိကြသည်။ သို့သော်လည်း မည်သူကမှ နတ်ဘုရားနည်းစနစ်အား အာရုံခံမိခြင်း မရှိကြပေ။

"ဆရာရီ။"

ထိုအချိန်၌ ပုံရိပ်တစ်ခုက ရီဖူရှင်း ရှေ့၌ ပေါ်ပေါက်လာသည်။

ရီဖူရှင်းက သူ့လမ်းကို ပိတ်ဆို့လာသည့် ထိုပုံရိပ်အား ကြည့်လိုက်သည်။ ထိုသူမှာ ဖန်းမိသားစုမှ ဖန်းကိုင့်ဖြစ်သည်။ ယခင်က သူသည် လေးမျက်နှာကျေးရွာကို ဦးဆောင်သူများထဲမှ တစ်ယောက် ဖြစ်ခဲ့သည်။ မကြာသေးခင်က သူသည် ရီဖူရှင်းတို့အား ရွာမှ နှင်ထုတ်ချင်နေသည့် မုယွင်လုံကို ဆန့်ကျင်ကာ သူတို့ကို ကူညီခဲ့သည်။

ဖန်းကိုင့်သည် ရီဖူရှင်းက ထူးခြားသော လူဖြစ်ကြောင်း အစောဆုံး ခန့်မှန်းနိုင်ခဲ့သူ ဖြစ်သည်။ သူသည် ယခင်က ရီဖူရှင်းအကြောင်း ရှောင်လင်းကို မေးမြန်းခဲ့ဖူးသည်။

"ဖန်းမိသားစုခေါင်းဆောင်။" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်နှုတ်ဆက်လိုက်သည်။

ဖန်းချွင့်က ဖန်းကိုင့်၏ ဘေး၌ ရပ်နေသည်။ ဖန်းချွင့်သည် သူ့ခေါင်းကို မော့ကာ ရီဖူရှင်းအား စူးစမ်းလိုဟန်နှင့် ကြည့်လိုက်၏။

"ဒီကောင်လေးကို အမြဲ ထိန်းမနိုင်ဘူး။ အခု ကျုပ် ဆရာရီရဲ့ နာမည်ကျော်ကြားမှုကို သိလိုက်ရတော့ ဆရာရီကများ ဒီငဆိုးကောင်လေးကို တပည့်အဖြစ် ခေါ်ယူပြီး သွန်သင်ဆုံးမပေးနိုင်ဖို့ ကျုပ်ကို ကူညီနိုင်မလားလို့ မေးကြည့်ပါရစေ။" ဖန်းကိုင့်က ရီဖူရှင်းကို မေးလိုက်သည်။ သူသည် ဖန်းချွင့်အား ရီဖူရှင်း၏ တပည့် အမှန်တကယ် ဖြစ်စေချင်သည်။

ဤသည်မှာ ရီဖူရှင်းအား ထူးဆန်းသလို ခံစားရ၏။ သူက ​ပြောလိုက်၏။ "ကလေးတွေကို လေးမျက်နှာကျေးရွာရဲ့ ဆရာသခင်က သင်ကြားပေးနေတာမလား။"

ဖန်းကိုင့်က ဆက်ပြောလိုက်သည်။ "ဆရာသခင်က သူတို့ကို သင်ကြားပြသပေးနေပြီး ဆရာလို့ ခေါ်နိုင်ပေမယ့် သူက သူတို့ကို ကိုယ်ပိုင်တပည့်အဖြစ် မခေါ်ယူဘူး။ အခု ဒီကောင်လေးရဲ့ ကျင့်ကြံရေးခရီးစဥ်က စတင်တော့မှာဆိုတော့ ဆရာရီရဲ့အုပ်ထိန်းမှုအောက်မှာ တပည့်တစ်ယောက် ဖြစ်လာနိုင်ရင် သူ့ရဲ့ အနာဂတ်မှာ သူ့ကို စောင့်ရှောက်ပေးမယ့် တစ်စုံတစ်ယောက် ရှိလာနိုင်လိမ့်မယ်။"

လူအများက ဖန်းချွင့်ကို ကြည့်လိုက်ကြသည်။ မုယွင်လုံ၏ မျက်နှာထက်၌ ရန်လိုသော အကြည့်တို့ ဖြစ်ပေါ်လာသည်။ ဤမြေခွေးအိုက ရီဖူရှင်း၌ အစွမ်းထက်သော ကံကောင်းခြင်းကို ပိုင်ဆိုင်ထားသည်အား မြင်သောအခါ ဖန်းချွင့်ကို ရီဖူရှင်း၏ အုပ်ထိန်းမှုအောက်သို့ ပို့ချင်နေသည်။ သူက ရည်မှန်းချက်ကြီးပြီး ဖန်းချွင့်အား ရီဖူရှင်း၏ သင်ကြားမှုအောက်၌ ကျင့်ကြံစေချင်နေသည်။

"တကယ်တော့ ဖန်းချွင့်က ထူးချွန်တဲ့ ပါရမီနဲ့ မွေးလာတာပါ။ လေးမျက်နှာကျေးရွာရဲ့ စည်းမျဥ်းတွေက လက်ရှိမှာ ပြောင်းလဲသွားပြီဆိုတော့ အချိန်ကြာလာတာနဲ့အမျှ သူက ကြီးမားတဲ့ အခွင့်အလမ်းတွေ ရရှိနိုင်ပြီး ထူးချွန်ထက်မြက်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာပါ။ ဒါကြောင့် သူက ကျုပ်တပည့် ဖြစ်လာစရာမလိုပါဘူး။" ရီဖူရှင်းက ပြောလိုက်သည်။ သူက ဖန်းကိုင့်၏ ဆန္ဒကို မလိုက်လျောနိုင်ပေ။

ယခင်က ဖန်းကိုင့်မှ ရီဖူရှင်းကို ကူညီခဲ့သော်လည်း ရီဖူရှင်းက သူ့အား ကောင်းကောင်းမသိချေ။ သူသည် ဖန်းကိုင့် ထိုသို့ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်းသာ ခန့်မှန်းနိုင်သည်။ သူက တပည့်များကို ထိုမျှ လွယ်ကူစွာ လက်ခံလိမ့်မည် မဟုတ်ပေ။

ရီဖူရှင်း သဘောမတူသည်ကို ကြည့်ကာ ဖန်းကိုင့်က ချက်ချင်းပင် ဖန်းချွင့်၏ ခေါင်းအား ရိုက်လိုက်သည်။ သူက ဖန်းချွင့်ကို ဆူပူလိုက်၏။ "ကောင်စုတ်လေး။ မင်းအမြဲ ဆိုးသွမ်းနေဖို့ပဲ သိတာ။ အခု ဆရာရီကတောင် မင်းက တန်ဖိုးရှိလား မမြင်တော့ဘူး။ မင်း ကြိုးကြိုးစားစား လေ့လာရမယ့်အစား နေ့တိုင်း အချိန်ဖြုန်းဖို့ပဲ သိတယ်။"

ဖန်းချွင့်က သူ့အဘိုးအား ဇဝေဇဝါနှင့် မော့ကြည့်ပြီး လက်နှင့် ခေါင်းကို ပွတ်လိုက်၏။ 'ဘာတွေဖြစ်နေတာလဲ။'

ရီဖူရှင်းကသာ သူ့ကို တပည့်အဖြစ် လက်မခံချင်ခဲ့သူဖြစ်သော်လည်း မည်သည့်အတွက်ကြောင့် သူ့အမှား ဖြစ်သွားရသနည်း။

သူ့အဘိုးက အတော်လေးကို ကျိုးကြောင်းမဆီလျော်ပေ။

"ဖန်းမိသားစုမှာ မင်းလို မလိမ္မာတဲ့ ကလေးမျိုးမရှိဘူး။ မင်း ကံကြမ္မာအခွင့်အလမ်းကောင်းတွေ မတွေ့လာဘူးဆိုရင် နောက်ကျ အိမ်ပြန်လာဖို့ လုံးဝ မစဥ်းစားနဲ့။" ဖန်းချွင့်က ဆူပူလိုက်သည်။ ထို့နောက် သူက ရီဖူရှင်းအား တောင်းပန်သလို ပြောလိုက်၏။ "ဒီကလေးက စည်းကမ်းမဲ့နေတာ။ ဆရာရီကို ဒီလိုပုံစံမြင်စေမိတာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။"

"ဒါက စီနီယာတို့ မိသားစုရဲ့ ပြဿနာပါ။" ရီဖူရှင်းက ရှေ့သို့ ဆက်လျှောက်သွားရင်း ပြောလိုက်သည်။ ဖန်းကိုင့်က ဖန်းချွင့်၏ ခေါင်းကို နောက်တစ်ကြိမ်ရိုက်လိုက်ပြန်၏။ ဖန်းချွင့်၏ ပုံရိပ်က ရီဖူရှင်း ဦးတည်နေသော ဘက်သို့ ယိုင်သွားခဲ့သည်။ သူ့ကိုယ်သူ ပြန်လည်ထိန်းညှိပြီးနောက် ဖန်းချွင့်က သူ့အဘိုးအား ကြည့်လိုက်သည်။ သူ့အဘိုးကလည်း သူ့အား စိုက်ကြည့်နေခဲ့၏။ ဖန်းချွင့်က နာနာခံခံနှင့် ရီဖူရှင်းနောက်သို့ လိုက်သွားရန်သာ တတ်နိုင်ပေသည်။

အဘိုးမာနှင့် မျက်မမြင်ထျယ်က ရှောင်လင်းနှင့် ထျယ်ထိုကို စောင့်ကြည့်နေကြသည်။ ရီဖူရှင်းက ရွာကို ဖြတ်ကာ တစ်ယောက်တည်း လျှောက်သွား၏။ ဖန်းချွင့်က သူ့နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာသည်ကို သတိပြုမိသည့်အခါ ရီဖူရှင်းက ဆွံ့အသွားခဲ့သည်။ ဤဖန်းကိုင့်က အတော်လေးကို.......

ရီဖူရှင်းက ကျောက်တုံးတံတားသို့ ရောက်လာခဲ့သည်။ ထို့နောက် သူက ထိုနေရာ၌ ဆောင့်​ကြောင့်ထိုင်ချကာ အောက်ဘက်ရှိ လူငယ်လေး ကစားနေသည်ကို ကြည့်နေခဲ့သည်။ လူငယ်လေးက သူ့ကို သတိပြုမိပုံရ၏။ သူက ရီဖူရှင်းအား မော့ကြည့်ပြီးနောက် ရီဖူရှင်း၏ အကြည့်များကို ရှောင်ရှားရန် ကြိုးစားလိုက်သည်။ သူက သူစိမ်းများကို ​ကြောက်ပုံရသည်။

"မင်းနာမည် ဘယ်လိုခေါ်လဲ။" ရီဖူရှင်းက မေးလိုက်သည်။

လူငယ်လေးက ပြန်ဖြေရန် တွန့်ဆုတ်နေပြီး ခေါင်းကိုသာ တွင်တွင်ငုံ့ထားလေသည်။ သူက အလွန် စိုးရိမ်ကာ စိတ်လှုပ်ရှားနေပုံရ၏။

"ဆရာရီက မင်းကို မေးနေတယ်လေ။ မင်းက ဘာလို့ တုံ့ဆိုင်းနေတာလဲ။" ဖန်းချွင့်က လူငယ်လေးကို ပြောလိုက်သည်။ တစ်ဖက်လူက ဖန်းချွင့်အား မော့ကြည့်လိုက်ပြီးနောက် သူ့ခေါင်းကို ငုံ့ကာ အသံသေးသေးလေးနှင့် ပြန်ဖြေလိုက်သည်။ "ကျွန်တော့်နာမည် သော်ယွီပါ။"

"သော်ယွီလား။" ရီဖူရှင်း ထူးဆန်းသွားသော အကြည့်တစ်ခုနှင့်အတူ ရေရွတ်လိုက်သည်။

"အင်း" လူငယ်လေးက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။ "ရွာကလူတွေက ကျွန်တော့်ကို အဲဒီလို ခေါ်တာပါ။"

"ဒီကိုလာခဲ့။" ဖန်းချွင့်က ပြောလိုက်သည်။ သော်ယွီက ဖန်းချွင့်အား ကြောက်နေပုံရ၏။ သူက ရှေ့သို့ တွန့်ဆုတ် တွန့်ဆုတ်နှင့် လျှောက်လာခဲ့ပြီး သတ္တိအား စုစည်းကာ ဖန်းချွင့်ကို ကြည့်လိုက်သည်။ ဖန်းချွင့်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်၏။ "မင်းက ယောက်ျားလေးဖြစ်ပြီးတော့ ဘာလို့ မိန်းကလေးတစ်ယောက်လို ပြုမူနေရတာလဲ။ မင်း နေ့တိုင်းပဲ အားလုံးရဲ့ အဝေးမှာ ပုန်းအောင်းနေတာ။ မင်းက ကိုယ့်ကိုယ်ကိုယ် တကယ် အသုံးမဝင်ဘူးလို့ ဆုံးဖြတ်ထားတာလား။"

လူငယ်လေးက သူ့ခေါင်းကို ထပ်ငုံ့လိုက်ပြန်သည်။ သူက အမှန်တကယ်ကို အသုံးမဝင်သောသူဖြစ်ပေသည်။

"ဆရာရီ သူက အမြဲ အဲဒီလိုပဲ။ အရမ်းရှက်ကြောက်တတ်တာ။ သူ့ကို စိတ်မရှိပါနဲ့။" ဖန်းချွင့်က ပြောလိုက်သည်။

ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။ ဖန်းချွင့်က အနည်းငယ် စကား​ပြောရိုင်းပြီး ခေါင်းမာသော်လည်း စိတ်ကောင်းရှိသည်။ သူက မုယွင်ရှုနှင့် လုံးဝကွဲပြားသည်။ ဖန်းချွင့်က ပထမဆုံးအကြိမ် ရီဖူရှင်းနှင့် တွေ့ဆုံခဲ့စဥ်က ရှောင်လင်းအား တားဆီး၍ ရီဖူရှင်းအကြောင်း ဆိုးရွာသည့်အရာများ ပြောဆိုခဲ့သည်။ ဖန်းချွင့်နှင့် ပတ်သတ်၍ သူ့တွင် ကောင်းမွန်သော အမြင်မရှိပေ။ သို့သော် သူက ဖန်းချွင့်နှင့် အကြိမ်ရေအနည်းငယ် တွေ့ပြီးနောက် ဖန်းချွင့်အပေါ် သူ့အမြင်က ပြောင်းလဲသွားလေသည်။

"မင်း ဘာတွေ တွေးနေပြန်တာလဲ။ ဆရာရီကို နှုတ်ဆက်လေ။" သော်ယွီက ထိုနေရာ၌ ကြောင်တောင်တောင် ရပ်နေသည်အား မြင်သောအခါ ဖန်းချွင့်သည် အနည်းငယ် ဒေါသထွက်သွားကာ သော်ယွီ ဘေးသို့ ခုန်ဆင်းသွားပြီး ခေါင်းအား ရိုက်လိုက်တော့သည်။

"ဆရာရီ။" သော်ယွီက ရီဖူရှင်းကို နှုတ်ဆက်လိုက်၏။

ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူက ဖန်းချွင့်ကို ကြည့်လိုက်သည့်အခါ ဖန်းချွင့်က သူ့အား ပြုံးပြနေသည်ကို မြင်လိုက်ရသည်။ ရီဖူရှင်းသည် ဤကလေးက သူ့အဘိုးကဲ့သို့ ထက်မြက်သည်ဟု တွေးလိုက်မိ၏။ ရီဖူရှင်းက သော်ယွီအား လာရှာသည်ကို ကြည့်ပြီး ဖန်းချွင့်က တစ်ခုခုကို သတိထားမိသွားသဖြင့် ယခုလို ပြုမူနေခြင်း ဖြစ်နိုင်သည်။

"သူက အမြဲ အဲဒီလိုပဲ တုံးအပြီး ယဥ်ကျေးမှု နားမလည်တာလား။" ရီဖူရှင်းက ခံစားချက်မဲ့သော မျက်နှာထားနှင့် မေးလိုက်သည်။ သူသည် တစ်ခုခုကို မပျော်မရွှင် ဖြစ်သွားသကဲ့သို့ ဟန်ဆောင်ကာ ထိုစကားများကို ထုတ်ပြောလိုက်သည်။

ဖန်းချွင့်က ရီဖူရှင်း မျက်နှာထက်မှ အကြည့်ကို မြင်သည့်အခါ အလျင်အမြန် ထပ်ပြောလိုက်သည်။ "မဟုတ်ဘူး.... မဟုတ်ဘူး..။ ဆရာရီ အထင်မလွဲပါနဲ့။ သော်ယွီက အတော်လေး ကံမကောင်းခဲ့တဲ့သူပါ။ သူက ငယ်ငယ်လေးကတည်းက မိဘမဲ့ ဖြစ်ခဲ့ပြီးတော့ ရွာသားတွေနဲ့အတူ ကြီးပြင်းလာတာ။ သူက လူတွေနဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတာ တကယ်မသိဘူး။ လူကြီးတွေရဲ့ တချို့ကိစ္စတွေကြောင့် ရွာက လူအများစုက သူ့ကို မျက်စိမှိတ် မုန်းတီးပြီး သော်ယွီ(အလိုမရှိ) ဆိုတဲ့ နာမည်ကို ပေးခဲ့ကြတာ။ နောက်ပိုင်းကျတော့ လူတွေက သူ့ကို အဲဒီလိုခေါ်ရတာ အသားကျလာကြတယ်လေ။ ဒီကလေးက ငယ်ငယ်လေးကတည်းက လူကြောက်တတ်ပြီး စကားအများကြီး မပြောတတ်ဘူး။ ဒါပေမယ့် သူက ရည်ရွယ်ချက်ရှိရှိ မယဥ်မကျေးလုပ်တာ လုံးဝ မဟုတ်ရပါဘူး။ သူက အမြဲ ရွာထဲမှာ အကူအညီပေးတတ်ပြီး ရွာထဲက လူကြီးတွေကိုလည်း သူ့ရဲ့ လူကြီးမိဘတွေလို ဆက်ဆံတတ်တယ်။ အခု တစ်ရွာလုံးနီးပါး သူ့ကို သဘောကျကြတယ်။ သူ့နာမည်ကသာ နှုတ်ကျိုးသွားလို့ မပြောင်းရသေးတာပါ။"

သော်ယွီက ခေါင်းငုံ့ထားဆဲဖြစ်ပြီး မည်သည့်စကားမှမဆိုပေ။ ဖန်းချွင့်ကသာ တစ်ချိန်လုံး ပြောနေခဲ့ခြင်း ဖြစ်သည်။ သူက ထိုဆန့်ကျင်ဘက်စရိုက်နှင့် ကောင်လေးနှစ်ယောက်ကို ကြည့်ရင်း ပြုံးလိုက်၏။

ရွာအတွင်းတွင် မုယွင်ရှုကဲ့သို့ လူမျိုးများ ရှိသော်လည်း အများစုက ရိုးသားနေဆဲ ဖြစ်သည်။ ဖန်းချွင့်နှင့် ယခု သူ့ရှေ့မှ ကောင်လေးလို လူများက ထိုကဲ့သို့ လူမျိုး ဖြစ်သည်။ မုယွင်ရှုက ထျယ်ထိုနှင့် ​ရှောင်လင်းတို့ နိုးထသည်ကို မြင်သောအခါ သူက ကျင့်ကြံခြင်းကို တားဆီးရန် ဝင်ရောက်နှောက်ယှက်ချင်ခဲ့သည်။ သို့ပေမယ့် ဖန်းချွင့်က အလေးအနက်မထားဘဲ မောက်မာတတ်သော ကောင်ဆိုးလေး​ဖြစ်သော်လည်း ရီဖူရှင်းက သော်ယွီအား မည်သည့်အတွက် လာရှာသည်ကို ရိပ်မိလျှင်ပင် သော်ယွီအတွက် စကားကောင်းကူပြောပေးနေဆဲ ဖြစ်သည်။ ထိုမှတဆင့် ရီဖူရှင်းသည် မုယွင်ရှုနှင့် ဖန်းချွင့်တို့ မည်မျှ ကွာခြားသည်ကို မြင်တွေ့နိုင်ပေသည်။

"သူ့ကို ခေါ်လာခဲ့။" ရီဖူရှင်းက ပြောလိုက်သည်။

"ဟုတ်ကဲ့။" ဖန်းချွင့်က ပြုံးရယ်ကာ အဖြေပြန်ပေးလိုက်သည်။ ထို့နောက် သူက သော်ယွီကို ပုတ်၍ ပြောလိုက်၏။ "မင်း အခုထိ ဆရာရီကို ကျေးဇူးမတင်သေးဘူးလား။"

သော်ယွီက မည်သည့်အတွက် သူ ထိုသို့လုပ်ရမည်ကို နားမလည်သော်လည်း ရီဖူရှင်းအား ပြောလိုက်သေး၏။ "ကျေးဇူးတင်ပါတယ် ဆရာရီ။"

ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီးနောက် သူက ပြန်လှည့်ကာ လျှောက်သွားခဲ့သည်။ ဖန်းချွင့်က သော်ယွီကို ဆွဲခေါ်လာ၏။ သော်ယွီက ထိတ်လန့်ကြောက်ရွံ့နေဆဲ ဖြစ်လေသည်။ သူသည် ရီဖူရှင်းက သူ့အား မည်သည့်အတွက်ကြောင့် လိုက်လာစေမှန်း မသိပေ။

ထိုအချိန်တွင် ရီဖူရှင်းသည် ဤနေရာ၌ ဆရာသခင်ကဲ့သို့ ဤရိုးရှင်းသော ကလေးများကို ကျင့်ကြံခြင်းလမ်းစဥ် သင်ကြားကြသပေးခြင်းကလည်း စိတ်ဝင်စားစရာကောင်းလိမ့်မည်ဟု တွေးမိသည်။ သူသည် အနားယူချင်လျှင် ဤနေရာက ကောင်းမွန်သော နေရာတစ်ခု ဖြစ်လိမ့်မည်။

ယခုတွင် ရီဖူရှင်းက အမှန်တကယ်ပင် တပည့်လက်ခံရန် ဆန္ဒတစ်ခု ဖြစ်တည်လာခဲ့သည်။

သူသည် ယခင်က တပည့်များ လက်ခံခဲ့သော်လည်း အလွန် လက်တွေ့ဆန်ခဲ့ပေသည်။ ဤတစ်ကြိမ်၌ သူက အများကြီး တွေးမထားပေ။ သူက ထိုကလေး လေးယောက်ကို အတော်လေး နှစ်သက်သည်။

ရှောင်လင်း၊ ထျယ်ထို၊ ဖန်းချွင့်နှင့် သော်ယွီ။ ဤကလေး လေးယောက်၌ မည်သည့် ဖုံးကွယ်ထားသော ရည်ရွယ်ချက်မှ ရှိမနေပေ။ တစ်ယောက်ချင်းစီက ကွဲပြားခြားနားသည်။ သူတို့က နတ်ဘုရားနည်းစနစ်ကို ဆက်ခံပြီးသောအခါ သူတို့၏ အနာဂတ်က မည်သို့ ဖြစ်လိမ့်မည်နည်း။

မုယွင်ရှုအတွက်တော့ လေးမျက်နှာကျေးရွာတွင် သူက အစားထိုခံရပေလိမ့်မည်။

***

All Chapters