ချီသန့်စင်ခြင်း အဆင့်(၃)သို့ တိုးမြှင့်ခြင်း၊ ဝိညာဉ်အရက်ချက်လုပ်ခြင်း
Vol. 1 Ch. 14
နေအိမ်သို့ အပြေးပြန်ရောက်ရှိမှသာ ကျိုးစွေ့ သက်ပြင်းချနိုင်တော့သည်။
မည်သို့ပင်ဖြစ်စေကာမူ၊ ပြင်ပ၌ နယ်ခြား တစ်ကိုယ်တော် ကျင့်ကြံမှုများ၏ ဆက်တိုက် ခြိမ်းခြောက်မှုများကြောင့် လွန်စွာ အန္တရာယ်များနေလေသည်။ ကျင့်ကြံသူအနည်းငယ်မျှသာ သူ၏နေအိမ်သို့ ကျုးကျော်ရဲမည် ဖြစ်သောကြောင့် အိမ်သို့ ပြန်ရောက်လာခြင်းက များစွာပို၍ လုံခြုံမှုအား ခံစားရပေသည်။
အကြောင်းရင်းသည် နေအိမ်တွင် အဆင့်(၁) ကာကွယ်ရေးအစီအရင် တစ်ခုရှိကာ၊ သာမာန်ကျင့်ကြံသူများ ဝင်ရောက်ရန် ကြိုးစားပါက တစ်လွှာချင်းပိုင်းဖြတ်ခံရမည်သာ ဖြစ်ပေသည်။
“သန့်စင်!”
စိတ်အေးသွားသည်နှင့် ကျိုးစွေ့က တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်းပင် ပါဝင်ပစ္စည်းအားလုံးအား ကူနတ်ဘုရားပန်းကန် ထဲသို့ ပစ်ထည့်လိုက်သည်။
ဝှီး..!
တစ်ခဏအတွင်း၊ ကူနတ်ဘုရားပန်းကန်က ဝိညာဉ်ကျောက်တုံးအများအပြားအား လောင်ကျွမ်း၍၊ ထိုပါဝင်ပစ္စည်းများအား အပြည့်အဝ ပေါင်းစပ်သန့်စင်လိုက်သည်။ ထို့နောက် ကျေနပ်စွာလူးလွန့်နေသော၊ ဖောင်းကားနေသည့် ရွှေနက်ရောင်ရှိသော အရက်ကူကောင်သည် ပန်းကန်အတွင်း ပေါ်လာချေသည်။
ထို့နောက် ချက်ချင်းပင်၊ သူ၏သိစိတ်ပင်လယ် အနက်ပိုင်းထဲသို့ သတင်းအချက်အလက် စီးကြောင်းတစ်ခု စီးဝင်လာသည်။
“အရက်ပိုးမွှားသည် ကောင်းကင်နှင့်မြေကြီး၏ အံ့ဖွယ်သက်ရှိများထဲမှ တစ်ကောင်ဖြစ်သော အံဖွယ်အရက်ကူတစ်မျိုး ဖြစ်ကာ၊ သာမန်အရာအား ထူးခြားသောအရာအဖြစ်သို့ ပြောင်းလဲပေးနိုင်စွမ်းရှိသည်။ ၎င်းသည် သာမန်အရက်အား ဝိညာဉ်အရက်အဖြစ် ပြောင်းလဲပေးနိုင်ပြီး၊ အဆင့်(၁)ဝိညာဉ်အရက်အား အဆင့်မြင့်ဝိညာဉ်အရက်သို့ ပြောင်းလဲပေးနိုင်သည်။
အရက်ကူမှ သန့်စင်ပေးသော ဝိညာဉ်အရက်တွင် အဆုံးမဲ့သော အံ့ဖွယ်အကျိုးကျေးဇူးများ ရှိ၏။ ၎င်းသည် ချီကျင့်ကြံသူတစ်ဦး၏ အစစ်အမှန်ချီအား သန့်စင့်ပေးနိုင်ရုံသာမက၊ ရုပ်ပိုင်းဆိုင်ရာကိုလည်း သန့်စင်ပေးနိုင်လေသည်။ ယင်းက လူများအား ရူးသွားလောက်စေနိုင်သော အကျိုးကျေးဇူးများ ပေးနိုင်ပေသည်။
ကျိုးစွေ့၏မျက်နှာက ကျေနပ်မှုဖြင့် ချက်ချင်းပင် ဝင်းပသွားလေသည်။ အရက်ကူကောင်တွင် တိုက်ခိုက်ရေးစွမ်းအား မရှိသော်လည်း ၎င်းသည် သူ၏အကောင်းဆုံး ငွေရှာနိုင်မည့် နည်းလမ်းဖြစ်ကာ၊ အရက်ကူကောင်ဖြင့် သူသည် ဝိညာဉ်အရက် အများအပြားအား သန့်စင်နိုင်မည် ဖြစ်သည်။
သံသယဖြစ်ဖွယ်မရှိပေ၊ ယင်းက ဝိညာဉ်အရက်မျှသာ မဟုတ်ပဲ တောင်လိုပုံနေသော ဝိညာဉ်ကျောက်တုံးများဟု ဆိုနိုင်ပေသည်။
ဤသည်အား တွေးတောကာ သူသည် တွန့်ဆုတ်မနေတော့ပဲ ချက်ချင်းပင် သူ့ကိုယ်ထဲမှ သာမန် အရက်တစ်အိုးအား ထုတ်ယူလိုက်သည်။ သူသည် အစောပိုင်းက ပစ္စည်းများ ဝယ်ယူစဉ်၌ ဝိညာဉ်အရက် သန့်စင်ရန် အိုးနှစ်ဆယ် ဝယ်ယူလာခဲ့ခြင်း ဖြစ်၏။
ဂလု၊ ဂလု..!
အရက်နံ့အား ရလိုက်သည်နှင့် အရက်ကူကောင်က ချက်ချင်းပင် စိတ်လှုပ်ရှားသွားပုံရကာ၊ အရက်အိုးထဲသို့ ချက်ချင်းပင် ဒိုင်ဗင်ပစ်ဝင်လိုက်ပြီး ယစ်ထုတ်တစ်ဦးကဲ့သို့ ဂလုချင်းထပ်အောင် စတင်သောက်နေတော့သည်။
မည်မျှမှပင် မကြာလိုက်၊ အရက်တစ်အိုးလုံးအား ယင်းက အပြောင်သောက်ပစ်လိုက်လေသည်မှာ တစ်အိုးလုံး ပျောက်ကွယ်သွားသည့်အလားပင်။
ကျိုးစွေ့သည် အရက်ကူကောင်က ဤသာမန်အရက်များအား မည်သို့ ပြောင်းလဲမည်အား စတင်စူးစမ်းနေမိသည်။ နောက်တစ်စက္ကန့်တွင် အရက်ကူကောင်က ကျေနပ်စွာ လေချဉ်တစ်ချက် တက်လိုက်ပြီးနောက်၊ ရေပန်းတစ်ခုကဲ့သို့ အရက်အများအပြားက ယင်း၏ဝမ်းဗိုက်ထဲမှ ပန်းထွက်လာလေသည်။
ဝူးရှ်။
အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် အရက်အိုးထဲတွင် ဝိညာဉ်အရက်အများအပြား ပေါ်ထွက်လာပြီး၊ မွှေးကြိုင်သောရနံ့အား ထုတ်လွတ်နေ၍ ရွှေရောင်အလင်းဖြင့် တောက်ပနေသည်မှာ မယုံနိုင်လောက်အောင် ဆန်းကြယ်နေသည့်ပုံ ရလေ၏။
သို့သော်ငြား၊ အရက်ပမာဏမှာမူ မူလ၏ ထက်ဝက်သာ ရှိတော့လေသည်။
ထို့သို့ဆိုလျှင်ပင် ယင်းက လွန်စွာ အံ့ဖွယ်ကောင်းနေသေး၏။ ထက်ဝက်မျှသော ဆုံးရှုံးမှုနှင့် သာမန်အရက်အား ဝိညာဉ်အရက်အဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း ဖြစ်၏။ ယင်းက အမှိုက်အား ရွှေအဖြစ်သို့ ပြောင်းလဲလိုက်သည့်အလား၊ ကောင်းကင်နှင့်မြေကြီး၏ ဖန်တီးမှုအား ဆုပ်ကိုင်ထားနိုင်သကဲ့သို့ ဖြစ်လေသည်။
“မယုံနိုင်စရာပဲ။”
ကျိုးစွေ့က ဝိညာဉ်အရက်အိုးအား ကြည့်ကာ ရနံ့အား ရှုရိုက်လိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်တစ်ခုဆီတိုင်းက ရေငတ်နေကြသည့်အလား သူ့အား ချက်ချင်းပင် သွားရေယိုလာစေတော့သည်။
သူ၏ခန္ဓာကိုယ်က ဤဝိညာဉ်အရက်အား သောက်သုံးရန် အလွန်အမင်းတောင့်တနေပြီး၊ ယင်းက သူ့အတွက် အလွန်ပင် အကျိုးရှိစေမည်အား ခံစားနေရပေသည်။
ဂလု၊ ဂလု..။
ကျိုးစွေ့သည် ပုံမှန်အားဖြင့် အရက်များစွား သောက်လေ့မရှိသော်လည်း၊ အရက်၏ရနံ့ကြောင့် လုံးဝ ဆွဲဆောင်ခံလိုက်ရကာ အလုတ်ကြီးကြီးဖြင့် စတင်သောက်သုံးတော့သည်။
တခဏအတွင်းမှာပင် သူ၏အစာအိမ်အတွင်းသို့ ဝင်ရောက်သွားသော ဝိညာဉ်အရက်များသည် သန့်စင်သောစွမ်းအင် အဖြစ်ပြောင်းလဲသွားကာ သူ၏မရီဒန်များနှင့် တစ်ကိုယ်လုံးအား ချက်ချင်း စီးဆင်းသွားသည်အား သူအာရုံခံမိလေသည်။
ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ မွှေးညှင်းပေါက်တိုင်းမှာ မွှေးရနံ့တစ်ခု ထုတ်လွှတ်နေသည်အား သူတွေ့ရှိလိုက်ရပြီး၊ တစ်ချိန်တည်းမှာပင် သူ့ကိုယ်အတွင်းရှိ အစစ်အမှန်ချီမှာ မြင်နိုင်သောနှုန်းဖြင့်ပင် လျင်မြန်စွာ တိုးပွားလာလေသည်။
ဒုတ်..။
တဒင်္ဂအတွင်းပင် ကျိုးစွေ့၏ခန္ဓာကိုယ်က တုန်ယင်သွားကာ၊ များပြားသော အစစ်အမှန်ချီကြောင့် သူ့ကိုယ့်အတွင်းရှိ မရီဒန်တစ်ခု ချက်ချင်းပွင့်သွားသည်အား သူအာရုံခံမိလိုက်သည်။
ချီသန့်စင်ခြင်း အဆင့်(၃)!
သာမန်အားဖြင့် သူ၏ပုံမှန်ကျင့်ကြံမှုနှင့်သာ ဆိုလျှင် ချီသန့်စင့်ခြင်း အဆင့်(၃)သို့ ချိုးဖြတ်နိုင်ရန် နောက်ထပ်လပေါင်းများစွာ လိုအပ်မည် ဖြစ်သော်လည်း၊ ယခုတွင်မူ ဝိညာဉ်အရက်တစ်အိုး သောက်ပြီးနောက် သူ၏ကျင့်ကြံဆင့်သည် ချက်ချင်း များစွာ ခုန်ပေါက်တက်သွားလေသည်။
ယင်းက လပေါင်းများစွာ ကြိုးစားပမ်းစား ကျင့်ကြံရမည့်အချိန်အား ချွေတာပေးလိုက်ခြင်းနှင့် ညီမျှပေ၏။
ထို့ကြောင့် သူ၏ကျင့်ကြံမှုသည် ချက်ချင်းပင် အဆင့်ချိုးဖြတ်နိုင်သွားကာ၊ သူအာ့း ချီသန့်စင်ခြင်း အဆင့်(၃) ကျင့်ကြံသူတစ်ဦး ဖြစ်သွားနိုင်စေခြင်း ဖြစ်လေသည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်ချီသည်လည်း ပိုမိုအားကောင်းလာကာ၊ များပြားသော အစစ်အမှန်ချီများက သူ့ကိုယ်အတွင်းရှိ မရီဒန်များအတွင်း လည်ပတ်နေလေသည်။
သူ၏ဝိညာဉ်စွမ်းအားသည်ပင် အတိုင်းတာတစ်ခုအထိ ကြီးထွားလာလေသည်။
အင်မော်တယ်ကျင့်ကြံသူတစ်ဦးအတွက် နယ်ပယ်တစ်ခုတိုင်း၏ တိုးတက်မှုက ဘက်စုံပြည့်စုံသော တိုးတက်ပြောင်းလဲမှုအား ဆောင်ကြည်းပေးလေ၏။
“အင်မော်တယ် ကျင့်ကြံသူ အများကြီးက ဝိညာဉ်အရက်ကို တောင့်တကြတာ မဆန်းဘူးပဲ၊ အာနိသင်က အရမ်ကောင်းလွန်းတယ်။” ကျိုးစွေ့က အဆုံးမဲ့စွာ ချီးကျူးလိုက်သည်။
ယခင်ကတည်းက သူသည် ဝိညာဉ်အရက်၏ ကျော်ကြားမှုအား ကြားဖူးခဲ့သော်လည်း၊ ဝိညာဉ်အရက်သည် အလွန်ဈေးကြီး၍၊ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဝယ်ယူသွားကြပြီး ဖြစ်ရာ သာမန်ကျင့်ကြံသူများ ဝယ်ယူရန် လက်လှမ်းမီသော အရာမဟုတ်ပေ။ ထို့ကြောင့် သူသည် ယခင်က ဝိညာဉ်အရက်အား မသောက်ဖူးခဲ့ပေ။
ယခုအခါတွင်မူ ဝိညာဉ်အရက်အား အဘယ်ကြောင့် တောင့်တကြသည်အား သူ နားလည်သွားပြီ ဖြစ်သည်။ ဝိညာဉ်အရက်၏ အာနိသင်သည် ဆေးလုံးများထက် မနိမ့်ကျသည့်အပြင်၊ ဆေးအဆိပ်လည်း မပါဝင်သောကြောင့် ကျင့်ကြံသူများအား အလိုလို တမ်းတမ်းစွဲ ဖြစ်နေစေခြင်းပင်။
ဝိညာဉ်အရက် ထုတ်လုပ်မှုသည်သာ လွန်စွာ နည်းပါးမနေပါက၊ ဆေးလုံးများကို စားသုံးလိုသူ အနည်းငယ်သာ ကျန်ရှိပေလိမ့်မည်။
အရက်ကူကောင်သည် ကြွယ်ဝမှုနတ်ဘုရားတစ်ပါး ဆိုသည်မှာ သံသယဖြစ်စရာမလိုတော့၊ ၎င်းဖြင့်သာဆိုလျှင် ငွေရှာခြင်းမှာ အသေးအမွှားကိစ္စသာ ဖြစ်ပေလိမ့်မည်။
ယခုအခါ၊ သူသည် ဝိညာဉ်ကျောက်တုံး အလွန်အကျွံရရှိခြင်းက အခြားသူများ၏ မလိုမုန်းထားမှုများအား ဆွဲဆောင်မိမည်ကိုသာ စိုးရိမ်ရပေတော့မည်။
…
ညဉ့်နက်ချိန်။
နောက်ဆုံးတွင်တော့ အပြင်သို့ ထွက်သွားကြသော ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့ ပြန်ရောက်လာလေသည်။ အမျိုးသမီးသုံးဦးစလုံး ဖုန်များဖြင့် ပေကျံနေရာ အပြင်ဘက်၌ ခက်ခဲသော တိုက်ပွဲတချို့အား ကြုံတွေ့ခဲ့ရသည်မှာ ထင်ရှားပြီး၊ သူတို့၏ခန္ဓာကိုယ်မှ သွေးနံ့သင်းသင်း ထွက်ပေါ်နေသည်။
“ယွီအာ၊ နောက်ဆုံးတော့ မင်းပြန်လာပြီပဲ။”
ကျိပင်းယွီနှင့် အခြားသူများ ဘေးကင်းစွာ ပြန်ရောက်လာသည်အား မြင်သောအခါ ကျိုးစွေ့ နောက်ဆုံး၌ စိတ်အေးသွားသည်။
မည်သို့ပင် ဖြစ်စေ၊ ယခုအချိန်တွင် ပြင်ပ၌ အလွန် ရှုပ်ထွေးနေကာ မည်သို့သော မတော်တဆမှုများ ဖြစ်မည်အား မည်သူမှ ကြိုမသိနိုင်ပေ။
“စိတ်မပူပါနဲ့ ယောက်ျားရဲ့ ငါတို့ ခရီးတလျောက် အတော်လေး ဘေးကင်းခဲ့ပါတယ်။ ဒါနဲ့ ယောက်ျား၊ ရှင့်ကျင့်ကြံမှုက တကယ်ကို တိုးတက်လာတာပဲ၊ ချီသန့်စင်ခြင်း အဆင့်(၃)ကို ရောက်သွားပြီလား။” ကျိပင်းယွီကလည်း ကျိုးစွေ့၏ကိုယ်ပေါ်မှာ အရှိန်အဝါအား သတိပြုမိသွားကာ အလွန်ပင် ဝမ်းသာသွားလေသည်။
သူမသည် တစ်ရက်သာ အပြင်ထွက်သွားသည်ရှိသေး သူမ၏ယောက်ျားက ကျင့်ကြံမှုတိုးတက်လာမည်ဟု ထင်မထားမိချေ။
ချီသန့်စင်ခြင်း အစောပိုင်းအဆင့်တွင် တိုးတက်ရန် အခက်အခဲ မများလှသော်လည်း၊ လပ်ထပ်ပြီး တစ်လသာ ရှိသေးပြီး၊ သူမ၏ခင်ပွန်းက ချီသန့်စင်ခြင်း အဆင့်(၁)မှ အဆင့်(၃)အထိ တိုးတက်လာခဲ့ခြင်း ဖြစ်၏။
ဤသို့သော ကျင့်ကြံမှုထိရောက်နှုန်းက အမှန်ပင် လွန်စွာ အံ့ဩစဖွယ်ကောင်းလှသည်။
“ဒါက”
ရှားကျင်းယန်မှာ သူမ၏အစောပိုင်းခန့်မှန်းချက်များ မှန်နေသည်လားဟု တွေးတောရင် အနည်းငယ် မရေမရာ ဖြစ်နေချေသည်။ ဤယောက်ျားသည် အမှန်ပင် အထူးဝိညာဉ်ခန္ဓာတစ်ခုကို ပိုင်ဆိုင်ထားကာ ယခုအခါတွင် နိုးထလာခြင်းပင်လော..။ ထို့ကြောင့်သာ သူ၏ကျင့်ကြံမှုအရှိန်က ဤမျှ မြန်ဆန်နေခြင်း ဖြစ်မည်လော…။
ဝန်ခံရလျှင်၊ အထူးဝိညာဉ်ခန္ဓာများဟူသော အကြောင်းအရာသည် အင်မော်တယ်ကျင့်ကြံခြင်းလောက၌ လျှို့ဝှက်ချက်တစ်ခု မဟုတ်ပေ။ ၎င်းတို့အား ပုံမှန်ဟု မဆိုနိုင်သော်ငြား အခါလားလျော်စွာ ဖြစ်ပွားလေ့ရှိပေသည်။
“ကျိအစ်မ ရွေးချယ်ခဲ့တဲ့သူလို့ မပြောရဘူး၊ သူက တကယ်ကို ထူးခြားတာပဲ။”
မုဇီယန်သည်လည်း အနည်းငယ် အံ့ဩသွားလေသည်။
“အင်း၊ ဒါက ကျွန်တော့်ရဲ့ ပါရမီက အံ့ဩစရာကောင်းလို့ မဟုတ်ဘဲ အခြားအကြောင်း တစ်ခုကြောင့်ပါ။ တကယ်တော့ ကျွန်တော် ဝိညာဉ်အရက်တစ်အိုး ရခဲ့တယ်လေ။ အဲ့တာကြောင့် ကျွန်တော့်ရဲ့ ကျင့်ကြံခင်းက အဆင့်(၃)ကို တိုးတက်သွားတာပါ။”
ကျိုးစွေ့က အနည်းငယ် ပြုံးလိုက်သည်။
“ဝိညာဉ်အရက်..။ ဝိညာဉ်အရက်ကို ယောက်ျား တစ်နေရာရာကနေ သွားဝယ်ခဲ့တာလား..။”
ကျိပင်းယွီက စူးစမ်းစွာ မေးလိုက်သည်။
“မဟုတ်ပါဘူး၊ ဒီဝိညာဉ်အရက်ကို ငါကိုယ်တိုင် ချက်ခဲ့တာ။” ကျိုးစွေ့က ရှင်းပြလိုက်သည်။
“ယောက်ျား..၊ ရှင်က တကယ်ပဲ ဝိညာဉ်အရက်ကို ချက်လုပ်နိုင်တယ်လား..။”
ကျိပင်းယွီက အလွန်ပင် ဝမ်းသာသွားလေသည်။ အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်အရက် ချက်လုပ်နည်းသည် လုံးဝလျှို့ဝှက်ချက်တစ်ခု ဖြစ်သောကြောင့်ပင်။ အချို့သော အခြေတည်အဆင့် မိသားစုများပင်လျှင် ဝိညာဉ်အရက် ချက်လုပ်နည်းအား မရှာဖွေနိုင်ကြပေ။ သူသာ အမှန်တကယ် ကျွမ်းကျင်ပါက ယင်းသည် ဝိညာဉ်ကျောက်မိုင်းတွင်း အသေးတစ်ခုအား ပိုင်ဆိုင်ထားသည်နှင့် ညီမျှပေလိမ့်မည်။
၎င်းသည် အင်မော်တယ်ကျင့်ကြံသူ မိသားစုတစ်ခုအား ထွန်းတောက်လာစေနိုင်သော လျှို့ဝှက်နည်းလမ်း တစ်ခုဖြစ်ကာ၊ ဝိညာဉ်ကျောက်တုံးများအား အဆက်မပြတ်ရရှိနိုင်စေသော လမ်းကြောင်းတစ်ခု ဖြစ်လေသည်။