← Chapters

အချစ်သူတော်စင် ကျိုးစွေ့၊ မင်းတို့ရဲ့ ဘေးကင်းလုံခြုံမှုက အရေးအကြီးဆုံးပါ

Vol. 1 Ch. 15

အချစ်သူတော်စင် ကျိုးစွေ့၊ မင်းတို့ရဲ့ ဘေးကင်းလုံခြုံမှုက အရေးအကြီးဆုံးပါ

Vol. 1 Ch. 15

ဤစကားအား ကြားသောအခါ မုဇီယန်နှင့် ရှားကျင်းယန်တို့သည်လည်း တုန်လှုပ်သွားကြလေသည်။ သူ့တို့အရှေ့မှောက်မှ ဤသာမန် ချီကျင့်ကြံသူလေးက ဤကဲ့သို့သော လျှို့ဝှက်နည်းစနစ်အား ကျွမ်းကျင်လိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားကြပေ။ ယင်းက တကယ့်ကို မယုံနိုင်စရာ ဖြစ်နေပေသည်။

ရုတ်တရက်၊ သူတို့၏စိတ်ထဲတွင် ကျိုးစွေ့၏ပုံရိပ်က လျှို့ဝှက်ဆန်းကြယ်လာသည်ဟု ခံစားလိုက်ရလေသည်။

“ကျွန်တော်က ဝိညာဉ်အရက်ချက်လုပ်တဲ့ လျှို့ဝှက်နည်းစနစ်ကို ကျွမ်းကျင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အရက်ပိုးကောင်လို့ ခေါ်တဲ့ စိတ်ဝိညာဉ်ပိုးကောင်တစ်မျိုးကို မထင်မှတ်ပဲ ရရှိခဲ့တာပါ။ အဲဒီပိုးကောင်ရဲ့ အစွမ်းကိုသုံးပြီး သာမန်အရက်ကို ဝိညာဉ်အရက်အဖြစ် ပြောင်းလဲနိုင်တယ်လေ။”

ကျိုးစွေ့က သူ မည်ကဲ့သို့ ဝိညာဉ်အရက်အား ချက်လုပ်နိုင်သည်အား ရှင်းပြလိုက်သည်။

ဘာရယ်..။

ထိုစကားများအား ပြောပြလိုက်သည့်အခါ၊ ကျိပင်းယွီနှင့် အခြားမိန်းကလေးနှစ်ဦးသည် ပို၍ပင် မယုံကြည်နိုင် ဖြစ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ဤသည်က အရက်ချက်လုပ်သည့် လျှို့ဝှက်နည်းစနစ်ထက်ပင် ပို၍ အားကောင်းကာ၊ ယင်းက မည်သည့်ရင်းနှီးမြှုပ်နှံမှုမှ မရှိဘဲ ကြီးမားသော အမြတ်အစွန်းများ ရရှိခြင်းပင် ဖြစ်လေသည်။

မည်သို့ပင်ဆိုစေ၊ သာမန်နည်းလမ်းဖြင့် ဝိညာဉ်အရက်ချက်လုပ်ရန်မှာ ငွေကုန်ကြေးကျရှိလေသည်။ ဝိညာဉ်အရက်၏ ဈေးနှုန်းက အလွန်ဈေးကြီးသော်လည်း ကုန်ကျစရိတ်မှာလည်း နည်းပါးလှသည် မဟုတ်ပေ။ ယေဘုယျအားဖြင့် အမြတ်သည် နှစ်ဆသာလျှင် ရှိ၏။

သို့သော် အရက်ပိုးကောင်က သာမန်အရက်အား ဝိညာဉ်အရက်အဖြစ် ပြောင်းလဲပေးနိုင်သည် ဆိုခြင်းသည် မည်သည့် ကုန်ကျစရိတ်မှ မလိုအပ်ဟူသော အဓိပ္ပါယ်ဖြစ်သည်။

ဤသတင်းသာ ပေါက်ကြားသွားပါက အခြေတည်အဆင့် ကျင့်ကြံသူများနှင့် ရွှေအမြုတေ ကျင့်ကြံသူများပင်လျှင် စိတ်လှုပ်ရှားသွားကြပေမည်။

မည်သို့ပင်ဆိုစေကာမူ၊ ဤသို့သော စိတ်ဝိညာဉ်ပိုးကောင်မျိုးအား မည်သူက မလိုချင်ဘဲ နေမည်နည်း..။

“ယောက်ျား၊ ဒါက ရှင့်အသက်၊အိုးအိမ်စည်းစိမ်နဲ့ ဆိုင်တဲ့ ထိပ်တန်းလျှို့ဝှက်ချက်ပဲ။ ဘယ်လိုလုပ် အလွယ်လေး ထုတ်ဖော်ပြောရတာလဲ..။ အပြင်လူတွေသာ သိသွားရင်၊ ရှင်တော့ သေဖို့တောင် လောက်မှာမဟုတ်ဘူး” ကျိပင်းယွီက ညင်သာစွာပြောလိုက်သည်။

သူတို့က တာအိုလက်တွဲဖော်များ ဖြစ်ကြသော်လည်း၊ တစ်ပါးသူအား မသိစေချင်သော အချို့သော လျှို့ဝှက်ချက်များ ရှိသည်အား သူမ သိထားပေသည်။ ဤအရက်ပိုးကောင်၏ တည်ရှိမှုသည် ထိုကဲ့သို့သော တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက်တစ်ခု ဖြစ်လေ၏။

ဤသတင်းသာ ပေါက်ကြားသွားပါက၊ အခြေတည်အဆင့် ကျင့်ကြံသူများပင်လျှင် ကျိုးစွေ့အား ဒုက္ခပေးရန် ကြိုးစားကြမည်သာ ဖြစ်သည်။

“ယွီအာ..၊ မင်းက ငါ့ရဲ့ တာအိုလက်တွဲဖော်ပဲ။ မင်းကိုမှ မယုံကြည်ရင် ဒီလောကထဲ ငါဘယ်သူ့သွားယုံရတော့မှလဲ..။”

“မင်းကို ငါ့ရဲ့ အနီးစပ်ဆုံးလူလို့ သတ်မှတ်ထားလို့သာ မင်းကို ဒါတွေပြောပြတာပေါ့။”

“မမမုနဲ့ မမရှားတို့ဆိုတာလည်း မင်းရဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေလေ၊ အဲ့တော့ ငါ သူတို့ကိုလည်း ယုံကြည်တာပေါ့။”

စိတ်ရင်းအတိုင်းဖြစ်သော အမူအရာအား ကျိုးစွေ့ ပြသလိုက်သည်။

“ယောက်ျားရယ်..။”

ဤစကားအား ကြားရသောအခါ၊ ကျိပင်းယွီ၏ လှပသော မျက်နှာလေးက နီမြန်းသွားပြီး၊ သူမ၏ မျက်လုံးဝိုင်းကြီးများသည်လည်း အရည်လဲ့သွားကာ သူမ၏နှလုံးသားထဲတွင် နွေးထွေးသော စီးကြောင်းတစ်ခုက အပြည့်အဝ စီးဆင်းသွားသည့်အလား အလွန်အမင်း စိတ်လှုပ်ရှားသွားလေသည်။

သူမရင်ထဲမှ အချစ်စိတ်များသည် မီးတောင်တစ်ခု ပေါက်ကွဲလိုက်သည့်အလား အရာအားလုံးအား နစ်မြုပ်သွားစေသည်ဟုပင် သူမ ခံစားလိုက်ရလေသည်။

၎င်းသည်ကား သူမ အမှန်တကယ် မြတ်နိုးရသော ယောက်ျား ဖြစ်ပေသည်။

“ဒါက..”

ရှားကျင်းယန်၏ နဂိုဗီဇက ခံစားချက်ကင်းမဲ့သော စရိုက်ရှိကာ၊ မည်သည့် သူစိမ်းကျင့်ကြံသူကိုမှ ယခင်က မယုံကြည်တတ်ခဲ့ပေ။ သို့သော် ယခုတွင်မူ၊ တစ်စုံတစ်ရာ အကြောင်းတစ်ခုကြောင့် သူမ၏ နှလုံးသား အနက်ရှိုင်းဆုံးထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည်အား ခံစားမိလိုက်လေသည်။

ဆိုရိုးစကား ရှိသည့်အတိုင်း၊ ယောက်ျားကောင်းသည် မိမိယုံကြည်သူအတွက် အသက်စွန့်တတ်သည်။ ဤသည်က သူတို့၏အရှင်သခင်အတွက် အသက်စွန့်လိုသော မှုးမတ်များ၏ ခံစားချက်မျိုး ဖြစ်ပေမည်။

ဒါက အစ်မကျိ သဘောကျတဲ့ ယောက်ျားလား..။

သူက တကယ့်ကို လောကကြီးထဲက တခြားကျင့်ကြံသူတွေ၊ တခြားယောက်ျားတွေနဲ့ လုံးဝမတူဘူးပဲ။

ကြည့်ရတာ ငါ့ရဲ့အမြင်က အစ်မကျိထက် အများကြီး နိမ့်ကျပုံပဲ။ ယောက်ျားတွေအပေါ် ငါ့ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းက သိပ်မရှိသေးဘူးပဲ။

အကြောင်းတချို့ကြောင့် သူမသည် နဂိုက ကျိုးစွေ့သည် နေရာတိုင်းတွင် တွေ့မြင်နိုင်သော ပေါင်းပင်တစ်ပင်ကဲ့သို့ သာမန်ယောက်ျားတစ်ဦးဟုသာ သတ်မှတ်ထားခဲ့လေသည်။

ယခုတွင်မူ၊ ဤသာမန်ယောက်ျားတွင် အဆုံးမရှိသော ဆွဲဆောင်မှုရှိနေပြီး၊ သူ၏အပေါ်၌ မှိန်ဖျော့ဖျော့ နတ်ဘုရားအလင်းတစ်ခု လင်းလက်နေသည့်အလား သူမ ရုတ်တရက် ခံစားလိုက်ရလေသည်။

ဤအခိုက်အတန့်တွင် သူမ၏အမေ ပြောပြဖူးခဲ့သည်များအား ပြန်လည် သတိရမိလေသည်။ ဤလောကထဲတွင် သာမန်ဖြစ်သော်လည်း ဆွဲဆောင်မှုရှိသော ယောက်ျားတစ်ဦး အမှန်တကယ် ရှိသည် ဟူသည့် စကားပင် ဖြစ်လေသည်။

သူမ၏မိခင်က စနောက်နေခဲ့သည်ဟုသာ သူမ ထင်ထားခဲ့သော်လည်း၊ ထိုကဲ့သို့သော ယောက်ျားတစ်ဦး လောကတွင် အမှန်တကယ် ရှိနေလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

သူမ၏နှလုံးသားက စတင်၍ ထိန်းမနိုင်သိမ်းမရ ပြင်းထန်စွာ ခုန်လာသည်အား သူမ ခံစားလိုက်ရကာ၊ ယင်းသည် သူမ ယခင်က မည်သည့်အခါတုံးကမှ မခံစားဖူးသော ခံစားချက် ဖြစ်လေသည်။

“စိတ်မပူပါနဲ့၊ ကျွန်မတို့ ဒီကိစ္စကို လျှို့ဝှက်ထားပါ့မယ်။”

“ကျွန်မတို့ သေသွားရင်တောင် ဒီသတင်း ကျွန်မတို့ပါးစပ်ကနေ ဘယ်သူမှ မကြားစေရဘူး။”

မုဇီယန်သည်လည်း ရှားကျင်းယန်ကဲ့သို့ပင် အခြားသူ၏ အပြည့်အဝ ယုံကြည်မှု ခံရသည့် ခံစားချက်အား ခံစားလိုက်ရသည်။

အားကြီးသူက အားနည်းသူအား အနိုင်ကျင့်ကာ၊ မိမိအကျိုးစီးပွားကိုသာ ရှေ့တန်းတင်တတ်ကြသော၊ သစ္စာဖောက်တတ်သူများသာ ပြည့်နှက်နေသော ဤကျင့်ကြံခြင်းလောကတွင် ဤကဲ့သို့သော ယောက်ျားသည်က နှစ်တစ်ထောင်သက်တမ်းရှိ နတ်ဆေးထက်ပင် ရှားပါးပေသည်။

မည်သို့ဖြစ်သည်အား သူမ မသိသော်လည်း သူမ၏ ခန္ဓာကိုယ် အပူချိန်က စတင် မြင့်တက်လာလေသည်။ ဤယောက်ျားတွင် နှစ်လိုဖွယ်ကောင်းသော အနံ့တစ်ခု ရှိနေသည့်အလားပင်။ ဤအခိုက်အတန့်တွင် သူမသည် မီးကို တိုးသည့် ပိုးဖလံကဲ့သို့ ဖြစ်နေကာ၊ သူမကိုယ်သူမ ထိုယောက်ျားဆီသို့ ပစ်ပေးလိုက်ချင်စိတ်များ ထက်သန်နေလေတော့သည်။

“ဒီလောက် သူရဲကောင်းဆန်နေစရာ မလိုပါဘူး။”

“တကယ်လို့ မင်းတို့ သေရေး၊ရှင်ရေး အခက်အခဲနဲ့ ကြုံလာခဲ့ရင် ဒီကောင်းကင်မြေကြီးရဲ့ ဝိညာဉ်ပိုးကောင် အကြောင်း ထုတ်ဖော်လိုက်လို့လည်း ကိစ္စမရှိပါဘူး။”

“ငါ့အတွက်တော့ မင်းတို့ရဲ့ ဘေးကင်းလုံခြုံမှုက အရေးအကြီးဆုံးပဲ။ အဲ့တာနဲ့ ယှဉ်ရင် ဝိညာဉ်ပိုးကောင်ရဲ့ လျှို့ဝှက်ချက်က ဘာမှ အရေးမကြီးဘူး။”

ကျိုးစွေ့က အီစီကလီစကားများအား အလကားရသကဲ့သို့ အာပေါင်အာရင်းသန်သန် ပြောလိုက်သည်။

မှန်ပေသည်။ သူသည် သူတော်စင်တစ်ဦး မဟုတ်သကဲ့သို့ အခြားသူများအား စိတ်ရင်းအမှန်နှင့် အမှန်တကယ် ယုံကြည်ခြင်း မဟုတ်ပေ။

ဤအမျိုးသမီးသုံးဦးရှေ့တွင် အရက်ကူကောင်၏ လျှို့ဝှက်ချက်အား ထုတ်ဖော်ရဲသည့် အကြောင်းအရင်းမှာ၊ သူ ချီသန့်စင်ခြင်း အဆင့်(၃)သို့ ချိုးဖြတ်ရောက်ရှိခဲ့စဉ်တွင် သူ့ကိုယ်အတွင်းရှိ ချစ်ခြင်းမေတ္တာကူသည် ကူခွဲနှစ်ကောင် မွေးဖွားပေးခဲ့ခြင်းကြောင့်ပင် ဖြစ်လေသည်။

စောနကတည်းက သူသည် မုဇီယန်နှင့် ရှားကျင်းယန်တို့ အပေါ်သို့ ကူခွဲလေးများအား တိတ်တဆိတ် ထားခဲ့ပြီး ဖြစ်လေသည်။

ချစ်ခြင်းမေတ္တာကူ အစွမ်းပြရန်မှာ သိပ်ကြာမြင့်မည် မဟုတ်သည်အား သူ ယုံကြည်ပေသည်။ ထို့ကြောင့် အခြားအမျိုးသမီးနှစ်ဦးက သူ့အား သစ္စာဖောက်မည်ကို သေချာပေါက် မစိုးရိမ်ပေ။

“ဒါ..”

ဤစကားအား ကြားရသောအခါ မုဇီယန်နှင့် ရှားကျင်းယန်တို့သည် မျက်နှာများ နီမြန်းသွားကြကာ သူမတို့၏ ရင်ခုန်သံများ ထိန်းမရနိုင်တော့ပေ။ ထိုအချိန်တွင် သူတို့ မည်သို့ ခံစားနေရသည်အား ဖော်ပြရန် စကားလုံး မရှိတော့ပေ။

သူမတို့ အားလုံးသည် အကြင်နာမဲ့သော အမျိုးသမီးကျင့်ကြံသူများ ဖြစ်ကြသော်လည်း၊ ယောက်ျားတစ်ယောက်က သူတို့အား ဤသို့သော စကားမျိုး ပြောသည်အား ဘယ်တုံးကမှ မကြားဖူးပေ။ အမျိုးသား ကျင့်ကြံသူ အများစုသည် သူတို့နှင့် ဆုံတွေ့သည်နှင့် သူတို့၏ရတနာများအား လုယက်၊သတ်ဖြတ်၊ ခိုးယူလိုကြသည်။ သို့မဟုတ် သူမတို့အား ဖမ်းဆီးကာ လူသားဆေးမီးဖိုအဖြစ် အသုံးပြုလိုကြသည်သာ ဖြစ်၏။

စိတ်ရင်းစေတနာကောာင်းသူ ဆိုသည်မှာ အနည်းငယ်မျှသာ ရှိပေသည်။

“ဘာ မင်းနဲ့ မင်းတို့လဲ..။ ယောက်ျား၊ ရှင် ကျွန်မရဲ့ ညီမနှစ်ယောက်ကို မယားငယ်အဖြစ် သိမ်းပိုက်ဖို့ ကြံနေတာတော့ မဟုတ်ဘူးမလား..။”

ကျိပင်းယွီက ကျိုးစွေ့အား အလွန် အန္တရာယ်များသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

“အဟမ်း..၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..။ ယွီအာရဲ့ ညီမက ငါ့ရဲ့ ညီမပဲပေါ့၊ အဲ့ဒါကြောင့် ငါ သူတို့ကို ဂရုစိုက်ပေးရမှာပေါ့။”

ကျိုးစွေ့က ချောင်းဆိုးလိုက်ကာ “ဟုတ်သား၊ ဒီအကြောင်းကို လောလောဆယ် မပြောသေးဘူး။ ဒီအရက်ပိုးကောင်နဲ့ဆိုရင် ငါတို့ ဝိညာဉ်အရက် ရောင်းလို့ရပြီ။ ဝိညာဉ်အရက်တွေကို ရောင်းပြီး ငါတို့ ဝိညာည်ကျောက်တုံး အများကြီး ရှာလို့ရတယ်။ ဒါဆို မင်းတို့ မြို့ပြင်ထွက်ပြီး စွန့်စားစရာ မလိုတော့ဘူး။

မကြာသေးမီက အင်မော်တယ်ရှားဂိုဏ်းက ဒီကို ကျင့်ကြံသူတွေ တော်တော်များများ စေလွှတ်လိုက်တယ်လို့ ကြားတယ်။ တစ်ကိုယ်တော် ကျင့်ကြံသူတွေ အများကြီး စုပြုံရောက်လာကြတော့ မီယွင်မြို့က အန္တရာယ်များတဲ့ နေရာ ဖြစ်လာလိမ့်မယ်။ မင်းတို့ တောထဲကို သွားစွန့်စားမယ်ဆိုရင်၊ မထင်မှတ်ထားတဲ့ အန္တရာယ်နဲ့ ကြုံနိုင်တယ်။” သူက အမြန်ပင် စကားလမ်းကြောင်းလွဲလိုက်လေသည်။

“ဒါကြောင့်ကိုး။ ယောက်ျားလည်း ဒီသတင်းကို သိထားပုံပဲ။ ကျွန်မ အန္တရာယ်ဖြစ်မှာစိုးလို့ အရက်ပိုးကောင်ကို ထုတ်ပြလိုက်တာလား..။” ကျိပင်းယွီက ကျိုးစွေ့အား သူမ၏ ရေကဲ့သို့ ကြည်လင်သော မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်လေသည်။ နွေးထွေးသော ခံစားချက်တစ်ခုက သူမနှလုံးသားထဲသို့ ရုတ်တရက် ဖြစ်ပေါ်လာကာ၊ စောနက မနာလိုသော ခံစားချက်များ ချက်ချင်း ပျောက်သွားသွားလေတော့သည်။

မည်သို့ပင် ဖြစ်စေ၊ ဤယောက်ျားက သူမအတွက် ဝိညာဉ်ပိုးကောင်အား ထုတ်ဖော်လိုက်ခြင်းသာ ဖြစ်ပေသည်။

“အဟုတ်ပေါ့။ ယွီအာ..၊ မင်းက စွမ်းအားကြီး တိုက်ခိုက်ရေးသမား တစ်ယောက်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ မြစ်ကမ်းစပ်မှာ လမ်းလျှောက်ပါ များရင် ဖိနပ်ကို ရေစိုတတ်တယ်မလား။ မင်းအတွက် မြို့ထဲမှာပဲ နေပြီး ကျင့်ကြံတာက ပိုပြီးလုံခြုံတယ်လေ။ မလိုအပ်ရင် မြို့ပြင်ထွက်ပြီး စွန့်စားမနေပါနဲ့‌တော့။”

“အခုဆိုရင် ဝိညာဉ်အရက် ရောင်းရငွေတစ်ခုတည်းနဲ့တင် ငါတို့ရဲ့ ကျင့်ကြံမှုနဲ့ နေ့စဉ်လိုအပ်ချက်တွေအတွက် လုံလောက်နေပါပြီ.” ကျိုးစွေ့က လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

သူသည် ယခင်ဘဝ၌ အိမ်တွင်းပုန်းတစ်ဦး ဖြစ်သည့်အတွက်၊ အပြင်ထွက်၍ လောကကြီးအား စူးစမ်းရှာဖွေခြင်းအား သဘာဝအတိုင်း သူမနှစ်သက်ပေ။ အိမ်မှာနေ၍ ငွေရှာနိုင်မည်ဆိုလျှင် အဘယ်ကြောင့် စွန့်စားနေရမည်နည်း..။ ယင်းက အချိန်နှင့် ခွန်အား အား ဖြုန်းတီးခြင်းပင်။

ထို့အပြင် ဤလောကသည် အလွန် အန္တရာယ်များသေး၏။

သူသာ သတိမထားပါက သူ သေဆုံးသွားနိုင်၏။ ထို့ကြောင့် သူ အားသွန်ခွန်စိုက် သတိထားရပေလိမ့်မည်။

All Chapters