အခန်း (၁၄၅၀)
Vol. 104 Ch. 1450
လူတစ်ယောက်… ။
ကျင့်ကြံခြင်းလောကတွင် ခွန်အားသည် အရာရာဖြစ်သည်။
သန်မာသည့် လူတစ်ယောက်က နယ်မြေတစ်ခုကို သူ့ကိုယ်ပိုင်စွမ်းအားဖြင့် ဖိနှိပ်နိုင်သည်။
ဟန်မူယဲ့ပုံရိပ်က လင်းရှောင်တောင်ပေါ်မှာ ထွက်ပေါ်လာသည့်အခါ လူတိုင်းက ခေါင်းငုံ့လိုက်ကြသည်။
အကယ်၍ ဤအခိုက်အတန့်မှာ တစ်စုံတစ်ယောက်က လင်းရှောင်နယ်မြေကို ဤကပ်ဘေးမှ ကယ်တင်နိုင်မည်ဆိုလျှင် ထိုလူက သေချာပေါက် အကြီးအကဲဟန် ဖြစ်လိမ့်မည်။ အကြီးအကဲဟန်က လင်းရှောင်ဓားဂိုဏ်း၏ ဂုဏ်သရေရှိဧည့်ခေါင်းဆောင် ဖြစ်သည်။
မြေပြင်ပေါ်တွင် ချန်းရှောင်တုံ၏ အမူအရာက တည်ကြည်နေသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ တာချီလော့… အကြီးအကဲဟန် လှုပ်ရှားတဲ့အခါကျရင် ငါတို့နှစ်ယောက် အတူတူအင်အားပူးပေါင်းပြီး ကြယ်စင်စုစကြာဝဠာက လက်ရွေးစင်တွေကို မောင်းထုတ်ကြမယ် ”
“ သူတို့ကို အပြင်မောင်းထုတ်နိုင်သရွေ့ ငါတို့အတွက် မျှော်လင့်ချက်ရှိလိမ့်မယ်… အဲ့လိုမဟုတ်ရင်တော့… ”
သို့မဟုတ်လျှင် မလွဲမသွေ ဖြစ်ပေါ်လာမည့် ကံကြမ္မာက အမြစ်ဖြတ်သုတ်သင်ခံရခြင်းပင်။
တာချီလော့က ခေါင်းညိတ်လိုက်သည်။ သူက လက်ဖဝါးကို မှောက်လှန်လိုက်လေရာ ဝိညာဉ်အလင်းစက်တချို့က တိတ်တဆိတ် ပြန့်ကျဲသွားသည်။
ချန်းရှောင်တုံ၏ အနောက်တွင် လင်းရှောင်ဓားဂိုဏ်းမှ ဂိုဏ်းသားများနှင့် လင်းရှောင်နယ်မြေထဲမှ ဒေသခံအင်အားစုအသီးသီးက တိတ်တဆိတ် အင်အားပူးပေါင်းလိုက်ကြသည်။
လူတိုင်း၏ မျက်လုံးက စူးရှတောက်ပလာသည်။ သူတို့က လင်းရှောင်တောင်ပေါ်မှ ဟန်မူယဲ့ လှုပ်ရှားမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
တောင်အောက်တွင် တိုက်ပွဲစိတ်ဆန္ဒက လူတိုင်းထံမှ အထိန်းအချုပ်မဲ့စွာ ပေါ်လျှိုးလာသည်။
တည်ငြိမ်ပြီး အလွန်ကျယ်ပြောသော သွေးချီက ပရမ်းပတာ စတင်လှုပ်ခတ်လာသည်။
ကောင်းကင်ယံတွင် ကြယ်စင်စုစကြာဝဠာမှ စစ်ပွဲရုပ်သေးသခင်များနှင့် ချပ်ဝတ်သခင်များက အထင်သေးရှုံ့ချသော အမူအရာကို ထုတ်ဖော်လိုက်ကြသည်။
တစ်ခါတစ်ရံတွင် လူအရေအတွက်က ခွန်အား၏ အဓိပ္ပာယ်ကို ကိုယ်စားမပြုနိုင်ပေ။
အကြွင်းမဲ့ခွန်အားနှင့် ရင်ဆိုင်ရသည့်အခါ အသင်္ချေပုရွက်ဆိတ်များသည်ပင် သေကြေပျက်စီးသွားရလိမ့်မည်။
ကြယ်စင်စုစကြာဝဠာမှ ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် သူတို့စကြာဝဠာမှ ကျင့်ကြံသူများမှလွဲလျှင် ကျန်လူများက ပုရွက်ဆိတ်များသာ ဖြစ်ကြသည်။
“ ငတုံးတွေက အကြောက်တရားကို နားမလည်ကြဘူး ”
အဆင့်ကိုး ချပ်ဝတ်သခင်တစ်ယောက်က အထင်သေးရှုံ့ချစွာ မှတ်ချက်ပေးလိုက်ပြီး အဝေးမှ ဖြည်းညင်းစွာ လျှောက်လာနေသော ဟန်မူယဲ့ကို ကြည့်လိုက်သည်။
ဤနယ်မြေထဲမှာ အစွမ်းထက် ကျွမ်းကျင်သူတစ်ယောက်က လျှို့ဝှက်နည်းစနစ်များကို အသုံးပြု၍ မိုးမြေစွမ်းအားကို ပုန်းရှောင်ကာ ဆက်လက် နေထိုင်နေသည်ဆိုလျှင်ပင် သူတို့ဂရုမစိုက်ပေ။
သူတို့၏ စစ်ပွဲရုပ်သေးရုပ်တစ်ထောင်ဖြင့်ဆိုလျှင် နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်သည်ပင် ဤအခိုက်အတန့်မှာ အသတ်ခံရလိမ့်မည်။
နတ်ဘုရားအဆင့်ထက် ကျော်လွန်သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက ဤအဆင့်နိမ့်နယ်မြေထဲမှာ အမှန်တကယ် ပုန်းအောင်းနေမည်လော။
ယင်းက မဖြစ်နိုင်ပေ။
မည်သို့သော အစွမ်းထက်ပုဂ္ဂိုလ်က အကျိုးမရှိဘဲ ထိုသို့အချိန်ကုန်ခံလိမ့်မည်နည်း။
ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လေရာ ပေတစ်ရာအကွာအဝေးကို ဖြတ်ကျော်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူက ကြယ်စင်စုစကြာဝဠာမှ တိုက်ပွဲဝင်္ကပါ၏ အရှေ့သို့ ရောက်ရှိသွားသည်။
ဟန်မူယဲ့ ထွက်ပေါ်လာသည့်အခိုက် စွမ်းအင်လှိုင်းများက စစ်ပွဲရုပ်သေးရုပ်အားလုံးထံမှ ပေါ်လျှိုးလာသည်။
သူတို့အားလုံးက လှုပ်ရှားရန် ခေါင်းဆောင်၏ အမိန့်ကို စောင့်ဆိုင်းနေကြသည်။
“ အဲ့ဒီလူက… ”
ကြယ်စင်စုစကြာဝဠာမှ ထိုလက်ရွေးစင်များ၏ ခေါင်းဆောင်က သူ၏ လက်ကို မြှောက်တင်လိုက်သည်။ သို့သော်လည်း သူ့လက်က အောက်သို့ မကျလာပေ။ ယင်းအစား သူ၏ တစ်ကိုယ်လုံးက အပြင်းအထန် တုန်ယင်သွားသည်။
“ ဟန်… ဟန်… ဟန်… ”
တခြားချပ်ဝတ်သခင်က မျက်လုံးပြူးကျယ်သွားပြီး အလန့်တကြား ပြောလိုက်သည်။
သူ၏ ခြေထောက်များက ဂျယ်လီသဖွယ် ပျော့ခွေသွားလေရာ သူက တိမ်တိုက်ပေါ်မှ ပြုတ်ကျသွားတော့မည့်အလားပင်။
ဟန်မူယဲ့က သူ၏ ခြေလှမ်းကို ရပ်လိုက်ပြီး သူ့အရှေ့မှ ချပ်ဝတ်သခင်ကို ကြည့်လိုက်သည်။ သူက မထူးမခြားနား ပြောသည်။
“ မင်းက ငါ့ကို သိတာလား ”
ချပ်ဝတ်သခင်က တုန်ယင်သွားပြီး အမြန်ခေါင်းညိတ်လိုက်သည်။
“ ဒီငယ်သားက ဆရာဟန်ကို အဝေးကနေ တစ်ခါမြင်ဖူးပါတယ် ”
ဆရာဟန်က သူတစ်ယောက်တည်းအင်အားဖြင့် စကြာဝဠာနယ်မြေကို လွှမ်းမိုးဖိနှိပ်ခဲ့ပြီး ကြယ်စင်စုစကြာဝဠာ၏ လက်နက်သန့်စင်ခြင်းစနစ်တစ်ခုလုံးကို ပြောင်းလဲပစ်ခဲ့သူ ဖြစ်သည်။
ထိုသို့လူက လင်းရှောင်နယ်မြေထဲမှာ မည်သို့ကြောင့် ထွက်ပေါ်လာသနည်း။
ဒါက မဖြစ်နိုင်တဲ့အရာပဲ… ။
ဆရာဟန်လား… ။
သူတို့၏ ခေါင်းဆောင်က ထိုစကားလုံးသုံးလုံးကို ရေရွတ်လိုက်သည့်အခါ သူ့အနောက်မှ ရုပ်သေးသခင်များနှင့် ချပ်ဝတ်သခင်များက ချက်ချင်း အံ့ဩသွားကြသည်။
ကြယ်စင်စုစကြာဝဠာ၏ စကြာဝဠာနယ်မြေထဲတွင် မည်သူက ဆရာဟန်၏ နာမည်ကို မကြားဖူးဘဲနေမည်နည်း။
တစ်စုံတစ်ယောက်က ဆရာဟန်ကို မမြင်ဖူးနိုင်သော်လည်း ဆရာဟန်၏ အကြောင်းကို မကြားဖူးခြင်းက လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်က ဆရာဟန်ကို မသိလျှင် သူတို့က ဤလောကတစ်သောင်းယှဉ်ပြိုင်ပွဲမှာ ပါဝင်ရန် အရည်အချင်းပြည့်မီလိမ့်မည် မဟုတ်ချေ။
ထိုသို့နာမည်ကျော် ပုဂ္ဂိုလ်က မည်သို့ကြောင့် ဤအဆင့်နိမ့်နယ်မြေထဲမှာ ထွက်ပေါ်လာရသနည်း။
အမှန်ပင် ဤအခိုက်အတန့်မှာ လူတိုင်းက ထိုမေးခွန်းကို စဉ်းစားနေကြသည်။
ဟန်မူယဲ့က အကြည့်ရွှေ့ပြောင်းလိုက်သည်။
တစ်ဖက်အုပ်စုက သူ့ကို သိနေမှတော့ သူလှုပ်ရှားရန် မသင့်တော်ချေ။
နာမည်ကျော် ဆရာဟန်က အဆင့်နိမ့်ကျင့်ကြံသူများဖြင့် တိုက်ခိုက်နေသည်ဟူသော သတင်းက အရှက်ရဖွယ်ကောင်းလှ၏။
“ ချန်းရှောင်တုံ… ကျန်တာကို မင်းဖြေရှင်းလိုက်ပါ ”
ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်ပြီး မထူးမခြားနား ပြောသည်။
သူက နောက်ထပ် စကားမပြောတော့ပေ။
ထိုအဆင့်နိမ့်ကျင့်ကြံသူများက သူ့ထံမှ စကားကို ကြားရန် မထိုက်တန်ပေ။
“ တပည့် အမိန့်နာခံပါတယ် ”
မြေပြင်ပေါ်တွင် စိတ်ရှုပ်ထွေးနေသော ချန်းရှောင်တုံက ချက်ချင်း ဦးညွတ်လိုက်သည်။
အမှန်မှာ ယခု သူက ဘာမှမသိပေ။
သူသိသည့် တစ်ခုတည်းသောအရာမှာ သူ့ဆရာပြောသည့်အတိုင်း ဆောင်ရွက်ရန် ဖြစ်သည်။
သူတစ်ယောက်တည်း ထိုသို့ခံစားနေရခြင်း မဟုတ်ပေ။
လင်းရှောင်တောင်အောက်မှ လူတိုင်းက အသိစိတ်ဟာလာဟင်းလင်း ဖြစ်သွားကြသည်။
အစောနက မည်သို့ဖြစ်ပျက်သွားခဲ့ကြောင်း သူတို့နားမလည်ပေ။
သူတို့ခေါင်းမော့လိုက်သည့်အခါ ဟန်မူယဲ့က နေရာမှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ချန်းရှောင်တုံက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထို့နောက် သူက လေထဲမှာ ရပ်နေကြသော ကြယ်စင်စုစကြာဝဠာမှ ကျင့်ကြံသူများကို ကြည့်လိုက်သည်။
“ အကြီးအကဲတို့… ”
သူ၏ စကားမဆုံးခင်မှာ ကြယ်စင်စုစကြာဝဠာမှ လက်ရွေးစင်များ၏ ခေါင်းဆောင်နှစ်ယောက်က မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။ သူတို့က မြေပြင်ပေါ်သို့ အမြန်ဆင်းသက်သွားကြသည်။
“ ငါတို့မခံယူဝံ့ပါဘူး… ငါ့နာမည်က ကျန်းဖုန်း… သူကတော့ ဟဲချုံး… ငါတို့က ဆရာဟန်ရဲ့ နောက်လိုက်တွေပါ ”
“ စောစောက ကိစ္စက နားလည်မှုလွဲသွားတာပါ… ဒီတော့ ညီအကိုချန်းက ဆရာဟန်ရဲ့ တပည့်ကို… မင်းဆီမှာ အနက်ရောင်ချပ်ဝတ်ရှိနေတာ မထူးဆန်းတော့ပါဘူး ”
“ ငါတို့က အချင်းချင်းတွေပါ ”
…..
မယုံကြည်နိုင်စရာကောင်းသော မြင်ကွင်းက ထွက်ပေါ်လာသည်။
ကုန်းမြေတစ်ခု၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်သော တိုက်ပွဲက ယခု နားလည်မှုလွဲခြင်းအဖြစ် အဆုံးသတ်သွားသည်။
တစ်ဖက်ကုန်းမြေ၏ နာမည်က “ ကျောက်စိမ်းမြို့တော်နယ်မြေ ” ဖြစ်သည်။ သိပ်မကြာမီ ထိုကုန်းမြေ၏ ကံကြမ္မာက အဆုံးအဖြတ်ပေးခြင်း ခံလိုက်ရသည်။
ယင်းက လင်းရှောင်နယ်မြေထဲသို့ ပူးပေါင်းသွားရန် ဖြစ်သည်။
ထိုလုပ်ငန်းစဉ်တစ်ခုလုံး၌ ဟန်မူယဲ့က အပြင်ထွက်မလာခဲ့ပေ။
ကျန်းဖုန်းနှင့် ဟဲချုံး၏ ပြောကြားမှုအရ ဤသို့ကိစ္စသေးသေးလေးအတွက် ဆရာဟန်ကို အနှောင့်အယှက်ပေးရန် မလိုပေ။
ဆရာဟန်ကဲ့သို့ ဂုဏ်သိက္ခာကြီးမားသူက ဤသို့ကိစ္စသေးသေးလေးကို မည်သို့စိတ်ဝင်စားမည်နည်း။
“ ဝုန်း ”
ကျယ်လောင်သော ပေါက်ကွဲသံက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည်။
ကုန်းမြေနှစ်ခု၏ မြေကြီးက တုန်ယင်သွားပြီး လေဟာနယ်များက အတူတကွ ပေါင်းစပ်သွားကြသည်။
မိုးမြေစွမ်းအားက ဆက်တိုက် မြင့်တတ်သွားသည်။
ဤအခိုက်အတန့်မှာ သူတို့၏ ကိုယ်ပိုင်စွမ်းအားက တိုးမြှင့်သွားကြောင်း လူတိုင်းခံစားမိသွားကြသည်။
ကုန်းမြေနှစ်ခု၏ ကောင်းကင်များသည်လည်း ဖြည်းညင်းစွာ ပေါင်းစပ်သွားကြသည်။
“ ညီအကိုကျန်း… ကျုပ်ဆရာက ကြယ်စင်စုစကြာဝဠာမှာ ဘယ်လိုအဆင့်အတန်းရှိလဲဆိုတာ သိလို့ရမလား ”
ကုန်းမြေနှစ်ခုက စတင်တုန်လှုပ်နေစဉ် ချန်းရှောင်တုံက လေသံတိုးတိုးဖြင့် ညင်သာစွာ မေးသည်။
နောက်ဆုံးမှာတော့ သူက နောက်ထပ် ချုပ်တည်းမနိုင်တော့ပေ။
သူ့ဘေးမှ တာချီလော့သည်လည်း နားစွင့်လိုက်သည်။
ဆရာဟန်က မည်သို့သော အထူးပုဂ္ဂိုလ်ဖြစ်သောကြောင့် ကြယ်စင်စုစကြာဝဠာမှ လက်ရွေးစင်ကျင့်ကြံသူတိုင်းက သူ့ကို ရိုသေလေးစားနေရသနည်း။
ကျန်းဖုန်းနှင့် ဟဲချုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ ညီအကိုချန်း တစ်ခုပဲ မင်းသိထားဖို့ လိုတယ် ”
ကျန်းဖုန်းက ချန်းရှောင်တုံကို ကြည့်လိုက်သည့်အခါ မနာလိုသော အရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထိန်းချုပ်မရစွာ ထွက်ပေါ်လာသည်။
“ ဆရာဟန်ရဲ့ တပည့်ရာထူးက လောကတစ်သောင်းက လက်ရွေးစင်အားလုံး လိုချင်တောင့်တနေတဲ့အရာပဲ… ဒါပေမဲ့ အဲ့ဒါကို ရရှိဖို့ဆိုတာ မလွယ်ကူဘူး ”
ဟဲချုံးက ချန်းရှောင်တုံ၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ညီအကိုချန်း… အခုချိန်မှာပဲ မင်းကို အဲ့ဒီလို ငါခေါ်နိုင်တာ… တကယ်လို့ တခြားနေရာမှာဆိုရင် ငါက မင်းကို တွေ့ဖို့တောင် အရည်အချင်းမပြည့်မီဘူး ”
ထိုသို့ပြောပြီးနောက် ကျန်းဖုန်းနှင့် ဟဲချုံးက ကုန်းမြေနှစ်ခုပေါင်းစပ်မှုကို ဆက်ပြီး ဆောင်ရွက်ရန် အဝေးသို့ ပျံသန်းသွားကြသည်။
ကျောက်စိမ်းမြို့တော်ကုန်းမြေထဲမှာ စုဝေးနေကြသော ကျင့်ကြံသူများက ဤအခိုက်အတန့်မှာ စိုးရိမ်ကြောင့်ကြနေကြသည်။
ချန်းရှောင်တုံက နေရာမှာ မတ်တတ်ရပ်နေစဉ် သူ၏ မျက်နှာပေါ်မှာ ထူးဆန်းသော အမူအရာ ထွက်ပေါ်လာသည်။
ယနေ့တွင် ယခင် သူ၏ နားလည်မှုအားလုံး ပြိုကွဲသွားသည်။
သူက လင်းရှောင်နယ်မြေမှ လင်းရှောင်ဓားဂိုဏ်း၏ ဂိုဏ်းသခင်လေးဖြစ်လေရာ အတွေ့အကြုံများပြားသည်။ သူက အစွမ်းထက် ကျွမ်းကျင်သူများဖြင့်လည်း ရင်းနှီးသိကျွမ်းသည်။ သို့သော်လည်း ထိုအစွမ်းထက် ကျွမ်းကျင်သူများထဲမှ မည်သူမှ ကျန်းဖုန်းပြောသွားခဲ့သော “ လောကတစ်သောင်းက လက်ရွေးစင်အားလုံး လိုက်ရှာဖွေနေတဲ့ အခွင့်အရေး ”ဖြစ်ရန် အရည်အချင်းမပြည့်မီကြပေ။
လင်းရှောင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော သူ့ဖခင်က သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းစွမ်းအားဖြင့် ကောင်းကင်ဘုံသို့ တတ်လှမ်းနိုင်ခဲ့သော်လည်း သူက “ လောကတစ်သောင်းက လက်ရွေးစင်အားလုံး လိုက်ရှာဖွေနေတဲ့ အခွင့်အရေး ”ဖြစ်ရန် အရည်အချင်းမပြည့်မီပေ။
ထို့ပြင် ထိုစကားကို ပြောသွားခဲ့သူက သာမညောင်ည မဟုတ်ပေ။ ထိုလူက ကြယ်စင်စုစကြာဝဠာ၏ အစွမ်းထက်လက်ရွေးစင်တစ်ယောက် ဖြစ်သည်။
“ ညီအကိုချန်း… အဲ့ဒါက မင်းအတွက် အခွင့်အရေးပဲ ”
တာချီလော့က မနာလိုမှု ပြည့်နှက်နေသော လေသံဖြင့် ပြောသည်။
သူက ဟန်မူယဲ့၏ နောက်လိုက်တစ်ယောက်မျှသာ ဖြစ်သည်။ ယင်းက ချန်းရှောင်တုံကဲ့သို့ တပည့်အဆင့်အတန်းနှင့် လုံးဝ ခြားနားသည်။
“ ဝုန်း ”
ကောင်းကင်ယံတွင် မိုးမြေစွမ်းအားနှစ်ခုက ဖြည်းညင်းစွာ ပေါင်းစည်းသွားသည်။
ထိုအတွက် အချိန်အနည်းငယ် လိုအပ်လိမ့်မည်။
သို့သော်လည်း ချန်းရှောင်တုံက မိုးမြေစွမ်းအားနှစ်ခု ဖြည်းညင်းစွာ ပေါင်းစည်းသွားသည်အထိ မစောင့်ချင်ပေ။
တာချီလော့၏ ပြောကြားမှုအရ ကုန်းမြေထဲမှ မိုးမြေစွမ်းအားက အမှန်တကယ် ပေါင်းစည်းသွားသည့်အခါ တစ်စုံတစ်ယောက်က ပြင်ပဘုံများမှ တည်ရှိမှုများကို အာရုံခံနိုင်လိမ့်မည်။ ယင်းက အမှန်ဖြစ်သော်လည်း ကွဲပြားမှုတချို့ ရှိသည်။
ဥပမာ တစ်စုံတစ်ယောက်၏ မျိုးနွယ်ဝင်များ သို့မဟုတ် မူလဇစ်မြစ်များကို တဆင့်အာရုံခံရန် မလိုအပ်ပေ။ သူတို့က ဘေးပတ်ဝန်းကျင်မှ တခြားကုန်းမြေများ၏ တည်ရှိမှုများကို တိုက်ရိုက် အာရုံနိုင်ပေသည်။
ဟန်မူယဲ့ထံမှ ခွင့်ပြုချက်ကို ရရှိပြီးနောက် ချန်းရှောင်တုံက တာချီလော့၊ ကျန်းဖုန်း၊ ဟဲချုံးတို့ဖြင့် ပူးပေါင်းလိုက်ပြီး ဘေးပတ်ဝန်းကျင်မှ ကုန်းမြေများကို အမြန်ကျူးကျော်သိမ်းပိုက်လိုက်သည်။
ကျန်းဖုန်းနှင့် ဟဲချုံး၏ ပြောပြမှုအရ သူက မည်သည့်ကုန်းမြေကိုမဆို ရဲတင်းစွာ ကျူးကျော်သိမ်းပိုက်နိုင်သည်။ ယင်းက အဆင့်အများကြီး ပိုမြင့်လျှင်ပင် သူက မျက်စိစုံမှိတ်ပြီး ရဲရဲတင်းတင်း ဆောင်ရွက်နိုင်သည်။
ဆယ်နှစ်ကုန်ဆုံးသွားသည်။
ဤဆယ်နှစ်အတွင်းမှာ လင်းရှောင်နယ်မြေက ယခင်ထက် အဆနှစ်ဆယ် ပိုပြီးကျယ်ပြောသွားသည်။
လင်းရှောင်နယ်မြေက ကုန်းမြေ(၂၀)ကျော်ကို ကျူးကျော်သိမ်းပိုက်ခဲ့သည်။
သို့ဖြစ်၍ ဤအခိုက်အတန့်မှာ လင်းရှောင်နယ်မြေ၏ မူလစွမ်းအားက လူတိုင်း ရှင်းရှင်းလင်းလင်း အာရုံခံနိုင်သည်အထိ အလွန်အားကောင်းလာသည်။
တစ်စုံတစ်ယောက်က ထိုနယ်မြေထဲမှာ ကျင့်ကြံနေရုံဖြင့် အကယ်၍ သူတို့က အဆင့်ချိုးဖြတ်ရန် ဆန္ဒမရှိလျှင်ပင် မိုးမြေစွမ်းအားက သူတို့ကို အဆင့်တတ်ရန် အတင်းဖိအားပေးလိမ့်မည်။
လင်းရှောင်ဓားဂိုဏ်း၏ အချင်းမိုင်တစ်သိန်းအတွင်းဝယ် ကျင့်ကြံသူအင်အားစုများက အလွှာအထပ်ထပ် စုဝေးရောက်ရှိလာကြသည်။
အချင်းမိုင်တစ်သိန်းအတွင်းမှ ကျင့်ကြံသူဆယ်သန်းကျော်သည် လင်းရှောင်ဓားဂိုဏ်းကို သူတို့၏ အခြေခံအုတ်မြစ်အဖြစ် တစ်စိတ်တစ်ဝမ်းတည်း သတ်မှတ်ထားကြသည်။
ထိုနေရာတွင် ကုန်သွယ်ရေးဧရိယာများနှင့် သတင်းဖလှယ်သော ဧရိယာများ အလွန်ပေါများသည်။
ဤဆယ်နှစ်အတွင်းမှာ ဟန်မူယဲ့က တစ်ကြိမ်ပင် မထွက်ပေါ်လာပေ။
သို့သော်လည်း လင်းရှောင်နယ်မြေတစ်ခုလုံးမှာ ဟန်မူယဲ့၏ ဒဏ္ဍာရီများဖြင့် ပြည့်နှက်နေသည်။
သို့သော်လည်း ယင်းကို ဒဏ္ဍာရီတစ်ခုဟု ရိုးရှင်းစွာ မသတ်မှတ်နိုင်ပေ။
အဘယ့်ကြောင့်ဆိုသော် တခြားကုန်းမြေများကို ကျူးကျော်သိမ်းပိုက်သည့်အခါ ကြယ်စင်စုစကြာဝဠာမှ လက်ရွေးစင်များဖြင့် သူတို့တွေ့ဆုံတိုင်း ဆရာဟန်၏ နာမည်ကို ထုတ်ပြောလိုက်ရုံဖြင့် တစ်ဖက်လူများက အလိုအလျောက် အညံ့ခံသွားကြလိမ့်မည်။
ချန်းရှောင်တုံသည်လည်း သူ့ဆရာ၏ သရုပ်ကို အကြမ်းဖျဉ်း ခန့်မှန်းမိလာသည်။
သို့သော်လည်း ထိုသရုပ်က သူ့အား ဇဝေဇဝါဖြစ်စေသည်။
ပန်းပဲပညာရှင်… ။
ထို့ပြင် အလွန့်အလွန် ကျွမ်းကျင်သော ပန်းပဲပညာရှင်… ။
သို့သော်လည်း မည်သို့သော ပန်းပဲပညာရှင်က ထိုမျှဂုဏ်သတင်းကြီးမားရသနည်း။
သူ့ဆရာ၏ ဓားချီက ကောင်းကင်ဘုံကိုးခုအထိ ပျံတတ်သွားကြောင်း သူစိတ်ကူးကြည့်နိုင်သည်။ သို့သော်လည်း သူ့ဆရာက နာမည်ကျော် ပန်းပဲပညာရှင်ဖြစ်ကြောင်း မည်သို့မှ သူပုံဖော်မရပေ။
လင်းရှောင်ဓားဂိုဏ်းထဲမှာ ပန်းပဲပညာရှင်များမရှိခြင်း မဟုတ်ပေ။
သို့သော်လည်း ထိုပန်းပဲပညာရှင်များက အလွန်အားနည်းလေရာ ဂိုဏ်းတပည့်များ၏ ကာကွယ်ပေးမှုကို လိုအပ်ကြသည်။
သို့ဖြစ်လေရာ ပန်းပဲပညာရှင်တစ်ယောက်က ကုန်းမြေတစ်ခုကို ဓားတစ်လက်ဖြင့် သိမ်းပိုက်နိုင်ခဲ့ကြောင်း ယခင်က မည်သူကြားဖူးသနည်း။
သို့သော်လည်း ကြယ်စင်စုစကြာဝဠာမှ ကျင့်ကြံသူများက သူ့ကို လှည့်စားလိမ့်မည် မဟုတ်ကြောင်း ချန်းရှောင်တုံ သိသည်။
ထို့ကြောင့် သူ့ဆရာက ဓားသိုင်းကျွမ်းကျင်သော ပန်းပဲပညာရှင်တစ်ဦး ဖြစ်ရမည်ဟု ချန်းရှောင်တုံ တွေးလိုက်သည်။
သူ့ဆရာက အမှန်တကယ်ပင် သူ၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေသည်။
“ ဝုန်း ”
မြေကြီးက တုန်ယင်သွားသည်။ အချင်းမိုင်တစ်သန်းအတွင်းမှ တောင်တန်းများနှင့် မြစ်ချောင်းများက ပြိုကျပျက်စီးသွားတော့မည့်ဟန် ရသည်။
ကောင်းကင်ယံတွင် အဆုံးမဲ့သော အလင်းစီးကြောင်းများက ဝင်္ကပါအစီအရင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ကုန်းမြေတတ်လှမ်းခြင်းက စတင်တော့မည်။