အခန်း (၁၄၄၉)
Vol. 104 Ch. 1449
လင်းရှောင်ဓားဂိုဏ်း… ။
ဟန်မူယဲ့နေထိုင်သော ခန်းဆောင်၏ အပြင်ဘက် ရင်ပြင်တွင်… ။
လင်းရှောင်ဓားဂိုဏ်းမှ အကြီးအကဲများနှင့် လက်ရွေးစင်တချို့က ဤဧရိယာကို ဝိုင်းရံထားကြသည်။ ရင်ပြင်၏ အလယ်တွင် ချန်းရှောင်တုံက မတ်တတ်ရပ်နေသည်။ သူက စစ်ချပ်ဝတ် ဝတ်ဆင်ထားပြီး လက်ထဲတွင် သုံးပေရှည်လျားသော ဓားကို ဆုပ်ကိုင်ထားသည်။ ဤနေရာတွင် သူ့ထက် ကျင့်ကြံခြင်းအဆင့်မြင့်သော လင်းရှောင်ဓားဂိုဏ်းမှ ကျွမ်းကျင်သူသုံးယောက်လည်း ရှိနေကြသည်။ သို့သော်လည်း ယခု သူက ထိုသုံးယောက်ကို ဖိနှိပ်ထားသည်။
အတိတ်တွင် လင်းရှောင်ဓားဂိုဏ်း၏ ဂိုဏ်းသခင်လေးက အကျင့်စာရိတ္တညံ့ဖျင်းပြီး ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ရန် အရည်အချင်းမရှိဘူးဟု ကောလဟာလများ ထွက်ပေါ်ခဲ့သည်။ ထို့ပြင် သူ၏ ဓားကျင့်ကြံခြင်းကလည်း အလွန်အားနည်းသည်။
သို့သော်လည်း ယခု ချန်းရှောင်တုံ၏ ဓားကျင့်ကြံခြင်းက အလွန်အမင်း သန်မာလာသည်။ သူ၏ ဓားကွက်တိုင်းက တည်ငြိမ်ပြီး အားကောင်းရုံသာမက ရေစီးဆင်းမှုပမာ သိမ်မွေ့ညင်သာသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ချန်းရှောင်တုံက ဓားကျင့်ကြံခြင်းအပေါ် မည်မျှနက်ရှိုင်းစွာ နားလည်ထားကြောင်း အကဲဖြတ်နိုင်ပေသည်။
သူက ဓားဆန္ဒတစ်ခုတည်းဖြင့် သူ့ထက် အဆင့်မြင့်သော ရန်သူများကို တိုက်ခိုက်အနိုင်ယူနိုင်သည်အထိ မသန်မာသေးသော်လည်း သူ့ကို ဤလင်းရှောင်နယ်မြေထဲမှာ ရှားပါးပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ရန် လုံလောက်ပေသည်။
“ ချလွင် ”
သတ္ထုချင်းထိခတ်သံနှင့်အတူ ဓားအလင်း ပေါ်လျှိုးလာသည်။ ချန်းရှောင်တုံက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ၏ လက်ထဲမှ ဓားရှည်ကို အလျားလိုက် လွှဲခုတ်လိုက်သည်။
“ ထန်း ”
သူ၏ ဓားချက်က သူ့အရှေ့မှ ကျွမ်းကျင်သူသုံးယောက်ကို အနောက်ဆုတ်သွားစေရန် ဖိအားပေးလိုက်သည်။
ထို့နောက် ချန်းရှောင်တုံက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ခေါင်းလှည့်လိုက်ပြီး အဝေးမှ ကျောက်တုံးစင်မြင့်ပေါ်မှာ လက်နောက်ပစ်လျက် တည်ငြိမ်စွာ မတ်တတ်ရပ်နေသော ဟန်မူယဲ့ကို ကြည့်လိုက်သည့်အခါ အံ့ဩဝမ်းသာသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
သူ့ဆရာ၏ သင်ကြားပြသမှုအောက်မှာ သူ့ကိုယ်ပိုင်ဓားကျင့်ကြံခြင်းက တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။
သူ့ဆရာက အလွန်အားကောင်းသော သွေးချီစွမ်းအားကိုသာ ပိုင်ဆိုင်ထားသည်ဟု ယခင်က သူတွေးထင်ခဲ့သည်။
သူ့ဆရာက သူ့ကိုယ်သူ ဓားကျင့်ကြံသူဟု ပြောခဲ့သော်လည်း သူ၏ ဓားကျင့်ကြံခြင်းက မည်မျှနက်ရှိုင်းကြောင်း မည်သူမှ မမြင်ဖူးကြချေ။
ချန်းရှောင်တုံသည်သာ ဓားတာအိုတွင် သူ့ဆရာ၏ အောင်မြင်မှုများက မည်မျှကြီးမားကြောင်း ယခုမှ နားလည်သွားခဲ့သည်။
ယင်းက လင်းရှောင်ဓားဂိုဏ်း၏ မဟာအကြီးအကဲနှင့် သူ့ဖခင်သည်ပင် တစ်ခါမှ မရောက်ဖူးသော နယ်ပယ်ဖြစ်သည်။
သူ့ဆရာထံမှ သာမန်ကာလျှံကာ ညွှန်ကြားမှုက သူ့အား ဉာဏ်အလင်းရစေပြီး ဓားတာအိုနှင့်ပတ်သက်၍ အချိန်အတော်ကြာ သူနားမလည်ခဲ့သော သံသယမေးခွန်းများကို ဖြေရှင်းပေးနိုင်သည်။
“ မင်းရဲ့ ပါရမီက အရမ်းနိမ့်ကျလွန်းတယ် ”
ဟန်မူယဲ့က မထူးမခြားနား ပြောသည်။ ယင်းက ချန်းရှောင်တုံ၏ မျက်နှာပေါ်မှ အပြုံးကို ပျောက်ကွယ်သွားစေသည်။ သူက ခါးသီးမှုကို ခံစားမိသွားသည်။
မှန်ပေသည်။ သူ့ဆရာ၏ မျက်လုံးထဲတွင် သူက ပါရမီအနိမ့်ဆုံးလူ ဖြစ်သည်။
သူ့ဆရာ၏ ပြောပြမှုအရ အမဟွမ်ကျစ်ဟူကို မဆိုထားနှင့် တခြားတပည့်များသည်ပင် ဓားတာအိုမှာ အထူးပါရမီရှိကြသည်။
သူ့ကိုယ်ပိုင်ဓားကျင့်ကြံခြင်းနှင့် ပါရမီက သူ့ဆရာ၏ တပည့်ဖြစ်ရန်ပင် မလုံလောက်ပေ။
ထိုမှတ်ချက်က လင်းရှောင်ဓားဂိုဏ်းမှ အကြီးအကဲများကို မျက်နှာပျက်သွားစေသည်။ သူတို့က ရှက်ရွံ့မှုကို ခံစားမိသွားကြသည်။
သို့သော်လည်း သူတို့ဘာမှမတတ်နိုင်ပေ။
ဟန်မူယဲ့ လက်မြှောက်လိုက်သည့်အခါ ဓားကျင့်ကြံသူတစ်ယောက်ထံမှ ဓားတစ်လက်က သူ၏ လက်ထဲသို့ ပျံသန်းလာသည်။
သူက မြန်ဆန်စွာ ရွေ့လျားလိုက်ပြီး ချန်းရှောင်တုံ၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက လက်ထဲမှ ဓားကို အရှေ့သို့ ထိုးသွင်းလိုက်သည်။
ထိုဓားထိုးသွင်းမှုက အစောနက ဓားကျင့်ကြံသူ၏ လှုပ်ရှားမှုနှင့် တစ်ထပ်တည်းနီးပါး ဆင်တူသည်။
သို့သော်လည်း ကြီးမားသော ခြားနားမှုတစ်ခု ရှိသည်။
ဥပမာ ဤဓားထိုးသွင်းမှုက မူလလမ်းကြောင်းမှ တစ်လက်မခန့် သွေဖယ်နေသည်။
သို့ဖြစ်၍ ချန်းရှောင်တုံက အလျားလိုက် ခုတ်ပိုင်းလိုက်သည့်အခါ သူ၏ ဓားဖျားက တစ်လက်မခန့် လွဲချော်သွားသည်။
ယင်းက တစ်လက်မအကွာအဝေးသာ ဖြစ်သော်လည်း ဟန်မူယဲ့အတွက်တော့ ယင်းက ရန်သူ၏ ကြီးမားသော ဟာကွက်တစ်ကွက် ဖြစ်လာသည်။ သူက ချန်းရှောင်တုံ၏ ဓားကို တိမ်းရှောင်ရင်း ထိုဟာကွက်မှတဆင့် တစ်ဖက်လူ၏ လည်ပင်းထံသို့ ဓားရွယ်လိုက်သည်။
အကယ်၍ ဟန်မူယဲ့သာ သူ၏ ဓားကို အရှေ့သို့ အနည်းငယ် ထိုးသွင်းလိုက်မည်ဆိုလျှင် ချန်းရှောင်တုံက အသက်ဆုံးရှုံးသွားလိမ့်မည်။
ထို့ပြင် အစမှအဆုံးထိ ဟန်မူယဲ့ အသုံးပြုသွားခဲ့သော အင်အားက လူတိုင်း၏ စုပေါင်းအင်အားထက် ဆယ်ပုံတစ်ပုံပင် မရှိပေ။
ထိုဓားထိုးသွင်းမှုက ချန်းရှောင်တုံနှင့် တခြားလူများ၏ အမူအရာကို ပြောင်းလဲသွားစေသည်။ သူတို့အားလုံးက နေရာမှာတင် ဆွံ့အသွားကြသည်။
ဟန်မူယဲ့က နောက်တစ်ကြိမ် လှုပ်ရှားလိုက်ပြီး သူ၏ ဓားကို ထိုးသွင်းလိုက်သည်။
ချန်းရှောင်တုံက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဤတစ်ကြိမ်တွင် သူ၏ စစ်ချပ်ဝတ်က ထွန်းလင်းတောက်ပလာသည်။ သူက အရှေ့သို့ ဓားလွှဲယမ်းလိုက်သည်နှင့် သုံးပေရှည်လျားသော ဓားအလင်းက သူ၏ ဓားပေါ်မှာ ထွန်းလင်းလာသည်။
ထိုဓားချက်က ချန်းရှောင်တုံ၏ လက်ရှိအကန့်အသတ် ဖြစ်သည်။
ယင်းက စစ်ချပ်ဝတ်၏ ထောက်ပံ့မှုအောက်မှာ သူ၏ ဓားစွမ်းအင်အပြည့်အဝကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ နတ်ဘုရားအဆင့် စစ်ပွဲရုပ်သေးသခင်သည်ပင် ဤဓားချက်ကို အပြည့်အဝ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။
မည်သို့ဖြစ်ပါစေ ဓားတာအိုက အဆင့်တူတွင် ပြိုင်ဘက်ကင်းသည် မဟုတ်ပါလော။
“ ချလွင် ”
ဓားရှည်က ဟန်မူယဲ့၏ ဓားနှင့် တွေ့ဆုံသွားသည်။ ထိုအခါ အရည်အသွေးမကောင်းသော ဟန်မူယဲ့၏ လက်ထဲမှ ဓားက ချက်ချင်း ကွေးညွတ်သွားလေရာ ကျိုးသွားတော့မည့်အလားပင်။
ဟန်မူယဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက တစ်ဖက်လူ၏ ဓားရှည်ထံမှ တိုးဝင်လာသော အင်အားကို အသုံးချ၍ အနောက်သို့ ချက်ချင်း ဆုတ်သွားသည်။
လေထဲတွင် ချန်းရှောင်တုံက ဟန်မူယဲ့အနားသို့ ချဉ်းကပ်သွားသည်။
သူက နောက်တစ်ကြိမ် ဓားလွှဲယမ်းရန် ပြင်လိုက်သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားသည်။
ညာလက်ဖြင့် ဓားကိုင်ထားသော ဟန်မူယဲ့က ဤအခိုက်အတန့်မှာ ဘယ်လက်ဖြင့် ဓားပြောင်းကိုင်လိုက်ပြီး အလျားလိုက် ခုတ်ပိုင်းလိုက်သည်။
“ ရွှီး ”
ဓားသွားက ချန်းရှောင်တုံ၏ ရင်ဘက်ကို ပိုင်းဖြတ်သွားသည်။
အကယ်၍ သူသာ စစ်ချပ်ဝတ်ကို မဝတ်ဆင်ထားလျှင် ထိုဓားချက်က သူ၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းပြတ်သွားစေလိမ့်မည်။
ချန်းရှောင်တုံ ဘာမှမတုံ့ပြန်နိုင်မီ ဟန်မူယဲ့က သူ၏ ဓားရှည်ကို လေထဲမှာ ဦးတည်ရာပြောင်းလိုက်ပြီး အောက်သို့ ထိုးသွင်းလိုက်သည်။
ဓားထိပ်ဖျားက ချန်းရှောင်တုံ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။ ထို့နောက် ဟန်မူယဲ့၏ ဓားချက်များက သူ၏ ရင်ဘက်၊ ဝမ်းဗိုက်နှင့် မျက်လုံးထံသို့ ဦးတည်သွားသည်။
ချန်းရှောင်တုံက အစွမ်းကုန်သုံး၍ ခုခံကာကွယ်လိုက်သည်။ သို့တိုင် သူက ဟန်မူယဲ့၏ လက်ထဲမှ ဓားဖြင့် ဖိနှိပ်ခံလိုက်ရသည်။
“ ထန်း ”
ဓားရှည်က သူ၏ ပခုံးကို ထိုးစိုက်သွားလေရာ မီးပွားစများ လွင့်စင်သွားသည်။
ဟန်မူယဲ့က ဓားရှည်ကို မူလပိုင်ရှင်ဆီသို့ ပြန်ပစ်ပေးလိုက်သည်။ ထို့နောက် သူက လက်နောက်ပစ်လျက် ခန်းဆောင်ထဲသို့ ပြန်ဝင်သွားသည်။
ရင်ပြင်ပေါ်၌ ချန်းရှောင်တုံ၏ အမူအရာက ပြောင်းလဲသွားသည်။
ဤတိုက်ပွဲက သူ့အား ကြီးမားသော အတွေ့အကြုံများကို ပေးစွမ်းခဲ့သည်။ သို့သော်လည်း ထိုသို့ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားခြင်းက သူ့အား စိတ်မသက်မသာဖြစ်စေသည်။
လင်းရှောင်ဓားဂိုဏ်းထဲမှ လူတိုင်းက အံ့ဩမင်သက်သွားကြသည်။
ထိုမျှပြင်းထန်သော တိုက်ပွဲက စစ်မှန်သော ဓားတာအိုအစွမ်းဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း သူတို့ကို ဖော်ပြပေးသွားသည်။
“ ဂိုဏ်းသခင်လေးက ဒီလိုပုဂ္ဂိုလ်ဆီကနေ ပညာသင်ယူခွင့်ရတာ အတော်ကံကောင်းတာပဲ ”
ဘေး၌ မတ်တတ်ရပ်နေသော အကြီးအကဲကူယွဲ့က မနာလိုသော လေသံဖြင့် နူးညံ့စွာ ပြောသည်။
ချန်းရှောင်တုံက ခေါင်းညိတ်လိုက်ပြီး ကိုးရိုးကားရား ပြုံးသည်။
“ အရှုံးကို လက်ခံဖို့ နည်းနည်း ခက်ခဲရုံပါပဲ… ဒီမတိုင်ခင် ကိုယ့်ကိုယ်ကိုယ် အရည်အချင်း နည်းနည်းရှိတယ်လို့ ငါထင်နေတာ ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ… ”
ခန်းဆောင်အပြင်ဘက်မှ လူများက သူ့အပေါ် မည်သို့မြင်သည်ကို ဟန်မူယဲ့ ဂရုမစိုက်ပေ။ သူက ချန်းရှောင်တုံကို သင်ကြားပေးရန် သုံးရက်တစ်ခါသာ ခန်းဆောင်အပြင်သို့ ထွက်လာလိမ့်မည်။
အမှန်တိုင်းဆိုရလျှင် ချန်းရှောင်တုံ၏ ပါရမီက အလွန်မဆိုးဝါးပေ။ ဟန်မူယဲ့၏ စံသတ်မှတ်ချက်က အလွန်အမင်း မြင့်မားနေခြင်းသာ ဖြစ်သည်။
ဤလောကတွင် သူ၏ စိတ်အာရုံကို ဖမ်းစားနိုင်သော ဓားကျင့်ကြံသူများက မည်မျှရှိသနည်း။
သူက လင်းရှောင်ဓားဂိုဏ်း၏ အမွေအနှစ်ကို လေ့လာကြည့်ပြီးသည့်တိုင် ဓားတာအို၏ အနှစ်သာရတစ်စွန်းတစ်စကိုသာ ဆင်ခြင်နားလည်နိုင်ခဲ့သည်။
လက်ရှိတွင် သူ့အား ဓားတာအိုနှင့်ပတ်သက်၍ ဉာဏ်အလင်းရစေနိုင်သော အရာများက အလွန်ရှားပါးသွားချေ၏။
သူ၏ အနောက်တွင် အကန့်အသတ်မဲ့သော သွေးနီရောင်အလင်းက ဖြည်းညင်းစွာ ပေါ်လျှိုးလာသည်။
သူ၏ စိတ်နယ်ပယ်ထဲမှ မူလဝိညာဉ်ဓားများက တုန်ခါသွားကြသည်။
အထွတ်အမြတ်ရတနာလေးခုမှ စွမ်းအားက အတူတကွ ယှက်နွယ်သွားသည့်အခါ သူ၏ ခန္ဓာကိုယ်က သိမ်မွေ့နက်နဲသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
သွေးနီရောင်စစ်ချပ်ဝတ်က သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။ လျှပ်စီးက စစ်ချပ်ဝတ်ပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်နှင့် ဟန်မူယဲ့၏ မျက်လုံးက ရွှေရောင်ထွန်းလင်းလာသည်။
သူ့ကိုယ်သူ သတိမထားမိခင်မှာ သူ၏ ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားက မယုံကြည်နိုင်စရာကောင်းသော အဆင့်သို့ ရောက်ရှိနေလေပြီ။
ထိုအစွမ်းထက်ပုဂ္ဂိုလ်များ တစ်ယောက်နှင့်တစ်ယောက် မည်သည့်ရန်ငြိုးမှမရှိဘဲ တိုက်ခိုက်နေခြင်းက မထူးဆန်းတော့ပေ။
အဘယ့်ကြောင့်ဆိုသော် အဆင့်တူသော ကျွမ်းကျင်သူများဖြင့် ယှဉ်ပြိုင်တိုက်ခိုက်မှသာလျှင် သူတို့၏ ကိုယ်ပိုင်စွမ်းအားကို ဆင်ခြင်သုံးသပ်နိုင်လိမ့်မည်။
“ သွေးချီစွမ်းအား၊ ဓားတာအို၊ လျှပ်စီး ပြီးတော့ ဝိညာဉ်နဲ့ အင်မော်တယ်တာအိုကျင့်ကြံခြင်း ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်ပေါ်မှ စွမ်းအင်လှိုင်းအတတ်အကျများက ဖြည်းညင်းစွာ စတင်ပေါင်းစည်းသွားကြသည်။
“ လမ်းစဉ်အားလုံး ပေါင်းစည်းသွားတဲ့အခါ အဲ့ဒါက ကောင်းကင်ဘုံတတ်လှမ်းခြင်းတာအို ဖြစ်သွားလိမ့်မယ် ”
“ ငါ့မှာ ငါ့ကိုယ်ပိုင်လမ်းစဉ် ရှိထားပြီးပြီ… လမ်းအဆုံးမှာ ဘာကို ငါမြင်ရမလဲ သိချင်မိတယ် ”
သူ့ဘာသာ တီးတိုးပြောနေစဉ် လျှပ်စီးက သူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။
ဟွင်းသွမ်း၏ ပုံရိပ်က ရုတ်တရက် ထွက်ပေါ်လာပြီး ဟန်မူယဲ့၏ ဘေးမှာ မတ်တတ်ရပ်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ မနာလိုမှုအရိပ်အယောင် ရှိသည်။
ဤလောကတွင် လူဘယ်နှစ်ယောက်ကများ သူတို့၏ ကိုယ်ပိုင်တာအိုကို ရှာတွေ့ပြီး စစ်မှန်သော တန်ခိုးရှင်များ ဖြစ်လာကြသနည်း။
သုံးနှစ်ကြာပြီးနောက်…
လင်းရှောင်နယ်မြေတစ်ခုလုံးမှာ မဟာမိတ်နှစ်ခုသာ ကျန်ရှိတော့သည်။
တစ်ခုက လင်းရှောင်မဟာမိတ်ဖြစ်ပြီး အခြားတစ်ခုက တာချီလော့ဦးဆောင်သော နယ်မြေကိုးဆယ့်ကိုးခုမဟာမိတ် ဖြစ်သည်။
ထိုမဟာမိတ်နှစ်ခုက လင်းရှောင်တောင်အောက်တွင် ဆုံစည်းလိုက်ကြသည်။
ချန်းရှောင်တုံနှင့် တာချီလော့က သူတို့၏ ရွှေရောင်တံဆိပ်ပြားများကို သူတို့အရှေ့မှ ယဇ်ပလ္လင်ပေါ်သို့ တင်လိုက်သည့်အခါ လင်းရှောင်နယ်မြေတစ်ခုလုံး တုန်ယင်သွားသည်။
ဤအခိုက်အတန့်မှာ မူလက ကြည်လင်နေသော ကောင်းကင်ပေါ်တွင် မရေမတွက်နိုင်သော ကုန်းမြေပုံရိပ်များ ထွက်ပေါ်လာကြသည်။
နယ်မြေတစ်ခုက တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားသည့်အခါ အဆင့်တူသော တခြားကုန်းမြေများ၏ တည်ရှိမှုကို အာရုံခံနိုင်သွားလိမ့်မည်။
မှန်ပေ၏။ တခြားကုန်းမြေများသည်လည်း ဤကုန်းမြေ၏ တည်ရှိမှုကို အာရုံခံနိုင်ကြလိမ့်မည်။
“ ဟား ဟား… နယ်မြေတစ်ခုကို သုံးနှစ်တည်းနဲ့ စည်းလုံးညီညွတ်စေခဲ့တာ တကယ်အံ့ဖွယ်ပဲ ”
အသံတစ်သံက အဝေးမှ ကုန်းမြေတစ်ခုထံမှ ပဲ့တင်ထပ်လာသည်။
ရုပ်သေးသခင်များနှင့် ချပ်ဝတ်သခင်များက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြသည်။
ထိုကုန်းမြေအတွင်းဝယ် ကြယ်စင်စုစကြာဝဠာမှ ရုပ်သေးသခင်များနှင့် ချပ်ဝတ်သခင်များက သူတို့၏ ကုန်းမြေထဲမှ အစွမ်းထက်ကျွမ်းကျင်သူများကို စုဝေး၍ ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားကြသည်။ မကြာမီ သူတို့က လင်းရှောင်နယ်မြေ၏ ကောင်းကင်ပေါ်သို့ ရောက်ရှိလာကြသည်။
အရေအတွက်ထောင်ချီသော အဆင့်ခုနစ်၊ အဆင့်ရှစ်နှင့် အဆင့်ကိုး စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များက ကောင်းကင်ပေါ်မှာ စီတန်းရပ်လိုက်ကြသည်။
လင်းရှောင်တောင်က လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားသည်။
ယဇ်ပလ္လင်ကို အသက်သွင်းပြီး ဘေးပတ်ဝန်းကျင်မှ ကုန်းမြေများကို အာရုံခံခြင်းက ကြယ်စင်စုစကြာဝဠာမှ အစွမ်းထက်ပုဂ္ဂိုလ်များကို ဆွဲဆောင်သွားလိမ့်မည်ဟု မည်သူမျှော်လင့်ထားမည်နည်း။
လင်းရှောင်နယ်မြေနှင့် အနီးဆုံးကုန်းမြေကို ကြယ်စင်စုစကြာဝဠာမှ လက်ရွေးစင်များက သိမ်းပိုက်ထားလိမ့်မည်ဟု မည်သူတွေးမိမည်နည်း။
လေထဲတွင် ကြယ်စင်စုစကြာဝဠာမှ ရုပ်သေးသခင်များ၏ ခေါင်းဆောင်က ချန်းရှောင်တုံနှင့် တာချီလော့ကို ငုံ့ကြည့်လိုက်သည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ ချပ်ဝတ်နှင့် စစ်ပွဲရုပ်သေးရုပ်ကို မြင်သွားသောအခါ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ အဲ့ဒီစစ်ပွဲရုပ်သေးရုပ်နဲ့ ချပ်ဝတ်ကို ဘယ်ကနေ ရလာတာလဲ ”
သူတော်စင်အဆင့် စစ်ပွဲရုပ်သေးရုပ်တစ်ခုကို ထိန်းချုပ်ထားသော လူငယ်တစ်ယောက်က မေးခွန်းထုတ်လိုက်သည်။ သူစကားပြောလိုက်သည်နှင့်ချက်ချင်း အလွန်အားကောင်းသော သတ်ဖြတ်ခြင်းအငွေ့အသက်က သူ၏ ခန္ဓာကိုယ်ပေါ်မှာ စုဝေးသွားသည်။
“ အဲ့ဒါတွေက ငါ့ဆီကနေ ဆင်းသက်လာတာ… အဲ့ဒါနဲ့ပတ်သက်ပြီး မင်းမှာ ဘာပြဿနာရှိလဲ ”
အသံတစ်သံက လင်းရှောင်တောင်မှ ပျံ့လွင့်လာသည်။
ပုံရိပ်တစ်ခုက ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
အစိမ်းရောင်ဝတ်စုံနှင့် လွင့်မျောဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော ထိုလူက မထူးမခြားနား အမူအရာဖြင့် လျှောက်လှမ်းလာသည်။
ထိုလူက ဟန်မူယဲ့မှလွဲ၍ တခြားလူမဟုတ်ပေ။