အခန်း (၁၄၄၈)
Vol. 104 Ch. 1448
တစ်ခဏကြာ တွေးတောစဉ်းစားပြီးနောက် တာချီလော့က နူးညံ့စွာ ပြောသည်။
“ ကုန်းမြေက တစ်စုတစ်စည်းတည်း ဖြစ်သွားတဲ့အခါ ဘေးပတ်ဝန်းကျင်မှာ ပြန့်ကျဲနေတဲ့ တခြားကုန်းမြေတွေထဲက အမွေအနှစ်တွေကို အာရုံခံနိုင်ပါလိမ့်မယ် ”
ပြန့်ကျဲနေသော အမွေအနှစ်များကို အာရုံခံပြီး ယင်းတို့နှင့် ပေါင်းစပ်ရမည်။
ချန်းရှောင်တုံ၏ အမူအရာက သိသာစွာ ပြောင်းလဲသွားသည်။
လင်းရှောင်နယ်မြေမှ အစွမ်းထက် ကျွမ်းကျင်သူများသည် သူတို့၏ ကျင့်ကြံခြင်းစွမ်းအား လုံလောက်မှုကြောင့် နောက်တစ်ဆင့်ဖြစ်သော ကုန်းမြေဆီသို့ တတ်လှမ်းသွားခဲ့ကြသည်။
လင်းရှောင်နယ်မြေမှ ကျင့်ကြံသူများက ကုန်းမြေတစ်ခုတည်းမှာ ပြန့်ကျဲသွားရန် မည်သို့မှ မဖြစ်နိုင်ပေ။
သို့ဆိုလျှင် အဆင့်တူညီသော တခြားကုန်းမြေများကို ကျူးကျော်သိမ်းပိုက်ရန် တခြားကုန်းမြေများမှ ကျင့်ကြံသူများ၏ အကူအညီကို လိုအပ်လိမ့်မည် မဟုတ်ပါလော။
ချန်းရှောင်တုံက ဟန်မူယဲ့ကို ကြည့်လိုက်သည်။ ထို့နောက် သူက တာချီလော့ထံသို့ အကြည့်ရွှေ့ပြောင်းလိုက်သည်။ သူ၏ အမူအရာက ပြောင်းလဲသွားသည်။
ဟန်မူယဲ့က လင်းရှောင်နယ်မြေကို အုပ်ချုပ်နေစဉ် အကယ်၍ ကျူးကျော်သိမ်းပိုက်ခံလိုက်ရသော ကုန်းမြေက တာချီလော့၏ မျိုးနွယ်စုအပိုင်ဖြစ်နေလျှင်ပင် မည်သို့ဖြစ်လာမည်နည်း။
ဟန်မူယဲ့၏ တည်ရှိမှုကြောင့် မည်သည့်ကုန်းမြေ သို့မဟုတ် မည်သည့်မျိုးနွယ်စုမှ လင်းရှောင်နယ်မြေကို ကျူးကျော်သိမ်းပိုက်နိုင်လိမ့်မည် မဟုတ်ချေ။
ယင်းကို တာချီလော့လည်း နားလည်သည်။ ထို့ကြောင့် ယခု သူက အခက်ကြုံနေသည်။
ဟန်မူယဲ့က သူ့အရှေ့မှ တာချီလော့ကို ကြည့်လိုက်ပြီး မထူးမခြားနား ပြောသည်။
“ မင်း လင်းရှောင်နယ်မြေထဲမှာ နေထိုင်ဖို့ ဆန္ဒရှိလား… ဒီကုန်းမြေကို လင်းရှောင်ဓားဂိုဏ်းရဲ့ လက်အောက်မှာ တစ်ပေါင်းတစ်စည်းတည်းဖြစ်စေဖို့ မင်းအကျိုးဆောင်ပေးချင်လား ”
ကုန်းမြေကို တစ်ပေါင်းတစ်စည်းတည်းဖြစ်စေရန် အကျိုးဆောင်ပေးရမည်။
အကယ်၍ သူက ငြင်းဆန်မည်ဆိုလျှင် သူ့အသက်ကို ဆုံးရှုံးသွားလိမ့်မည် မဟုတ်ပေဘူးလား။
တာချီလော့က လေးနက်စွာ အရိုအသေပေးလိုက်သည်။
“ သခင့်အတွက် အမှုထမ်းပေးဖို့ ကျွန်တော်ဆန္ဒရှိပါတယ် ”
ထို့နောက် ဟန်မူယဲ့က ချန်းရှောင်တုံကို ကြည့်လိုက်ပြီး မထူးမခြားနား ပြောသည်။
“ မင်းရဲ့ ဓားတာအိုကျင့်ကြံခြင်းက အရမ်းအားနည်းတယ် ”
“ လင်းရှောင်တောင်ဆီ ပြန်ရောက်ရင် သုံးရက်တစ်ခါ ငါ့ဆီ လာတွေ့ပါ ”
ဓားတာအိုက အားနည်းတယ်… ။
သုံးရက်တစ်ခါ လာတွေ့ပါ… ။
ဂိုဏ်းချုပ်နှင့် အစွမ်းထက် ကျွမ်းကျင်သူများမရှိသည့်အချိန် လင်းရှောင်ဓားဂိုဏ်းကို ကိုယ်စားအုပ်ချုပ်ပေးနေသော ချန်းရှောင်တုံအနေဖြင့် ထိုစကားများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို မည်သို့ကြောင့် သူနားမလည်ဘဲ နေမည်နည်း။
“ ချန်းရှောင်တုံက ဆရာဟန်ရဲ့ ညွှန်ကြားမှုအတွက် ကျေးဇူးတင်ပါတယ် ”
ချန်းရှောင်တုံက တုံ့ဆိုင်းမနေဘဲ ဒူးတစ်ဖက်ထောက်လိုက်သည်။
မည်သို့ဖြစ်ပါစေ အကယ်၍ အစောနက ဟန်မူယဲ့သာ မလှုပ်ရှားခဲ့လျှင် သူသေဆုံးသွားလောက်ပြီ ဖြစ်သည်။
“ ကောင်းတယ်… မင်းရဲ့ အပြုအမူကို ငါသဘောကျတယ်… အဲ့ဒီအတွက် ငါမင်းကို လက်ဆောင်တစ်ခု ပေးမယ် ”
ဟန်မူယဲ့ လက်ဝှေ့ယမ်းလိုက်သည့်အခါ သူတော်စင်အဆင့် ချပ်ဝတ်အပိုင်းအစတစ်ခုက ချန်းရှောင်တုံဆီသို့ ကျဆင်းသွားသည်။
“ အဲ့ဒါက ဘာလဲဆိုတာ မင်းသိလောက်တယ်မလား ”
အနက်ရောင်ချပ်ဝတ်… ။
ကြယ်စင်စုစကြာဝဠာရဲ့ အနက်ရောင်ချပ်ဝတ်လား… ။
လင်းရှောင်နယ်မြေဖြစ်စေ သို့မဟုတ် တခြားနယ်မြေများဖြစ်စေ ယင်းတို့အားလုံးက အတိတ်မှာ ကြယ်စင်စုစကြာဝဠာ၏ ကျွန်ပြုခြင်း ခံခဲ့ကြရသည်။
ကြယ်စင်စုစကြာဝဠာ၏ ခွန်အားက အင်အားစုအများအပြား၏ တစ်စိတ်တစ်ဝမ်းတည်း အသိအမှတ်ပြုခြင်း ခံရသည်။
လောကတစ်သောင်းမပေါင်းစည်းမီ အချိန်ကတည်းက ကြယ်စင်စုစကြာဝဠာထဲမှ အစွမ်းထက် ကျွမ်းကျင်သူအများအပြားက တိုက်ပွဲစစ်ချပ်ဝတ်ကို ဝတ်ဆင်လျက် စစ်ပွဲရုပ်သေးများနှင့်အတူ ရောက်လာခဲ့ကြသည်။
ထိုကျွမ်းကျင်သူများက လင်းရှောင်နယ်မြေအတွင်းမှ လက်ရွေးစင်များကို အနိုင်ယူပြီး သူတို့၏ လက်အောက်ခံအဖြစ် သိမ်းသွင်းချင်ကြသည်။
လင်းရှောင်ဓားဂိုဏ်းထဲမှ တပည့်တချို့သည်ပင် ကြယ်စင်စုစကြာဝဠာမှ ကျွမ်းကျင်သူများဖြင့် သဘောတူညီမှုများ ပြုလုပ်ခဲ့ကြသည်။
ကြယ်စင်စုစကြာဝဠာမှ ကျွမ်းကျင်သူများ၏ အနက်ရောင်ချပ်ဝတ်များနှင့် စစ်ပွဲရုပ်သေးရုပ်များက လင်းရှောင်နယ်မြေထဲမှာ အံ့ဖွယ်စွမ်းအားကို ပြသခဲ့ပြီး မရေမတွက်နိုင်သော လူများကို ထိတ်လန့်ချောက်ချားစေခဲ့သည်။
တိုက်ခိုက်ခြင်းတွင်ဖြစ်စေ သို့မဟုတ် ခုခံကာကွယ်ခြင်းတွင်ဖြစ်စေ သူတို့က အဆင့်တူကျင့်ကြံသူများထက် ဆယ်ဆမက ပိုပြီးသန်မာကြသည်။
အဓိကသော့ချက်မှာ ထိုသို့တိုက်ပွဲစွမ်းအားကို ကျင့်ကြံခြင်းစွမ်းအင်အဖြစ် မသတ်မှတ်နိုင်ပေ။ စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များကို ထိန်းချုပ်နိုင်သော ကြယ်စင်စုစကြာဝဠာမှ ထိုကျွမ်းကျင်သူများက နောက်ပိုင်းတွင် ကုန်းမြေ၏ တစ်နေရာရာမှာ စောင့်ဆိုင်းနေကြလိမ့်မည်။
ကြယ်စင်စုစကြာဝဠာမှ ထိုသို့ကျွမ်းကျင်သူများဖြင့် ရင်ဆိုင်ရခြင်းက အလွန်ခက်ခဲကြမ်းတမ်းသောအရာ ဖြစ်သည်။
“ ကြယ်စင်စုစကြာဝဠာရဲ့ စစ်ချပ်ဝတ် ”
ချန်းရှောင်တုံက လက်ဆန့်ထုတ်လိုက်ပြီး သူ၏ အရှေ့မှ အနက်ရောင်ချပ်ဝတ်ကို ဖမ်းယူလိုက်သည်။ ယင်းထဲမှာ စီးဆင်းနေသော စွမ်းအားကို သူခံစားမိသောအခါ သူ၏ မျက်နှာပေါ်မှာ အံ့ဩသောအမူအရာ ထွက်ပေါ်လာသည်။
အရမ်းသန်မာတယ်… ။
မယုံကြည်နိုင်လောက်အောင် သန်မာတယ်… ။
ဤစစ်ချပ်ဝတ်ထဲမှာ ကိန်းအောင်းနေသော စွမ်းအားက အစွမ်းထက်ကျွမ်းကျင်သူများ ရှိမနေသော လက်ရှိ လင်းရှောင်နယ်မြေတစ်ခုလုံးကို သိမ်းပိုက်ရန် လုံလောက်သည်။
ထိုသို့ရတနာကို အကြီးအကဲဟန်က သူ့အား အမှန်တကယ် ပေးအပ်ခဲ့သည်။
“ ကျေးဇူးတင်ပါတယ် ဆရာ ”
ဤအနက်ရောင်စစ်ချပ်ဝတ်အပိုင်းအစဖြင့်ဆိုလျှင် သူ၏ တိုက်ပွဲစွမ်းအားက လင်းရှောင်ဓားဂိုဏ်းထဲမှ အကြီးအကဲများထက် သာလွန်သွားလိမ့်မည်။ ထို့ပြင် သူက လင်းရှောင်နယ်မြေအတွင်းမှ အင်အားစုအသီးသီးကိုလည်း ဖိနှိပ်နိုင်လိမ့်မည်။
အတိတ်မှာ သူပြုလုပ်ခဲ့သော ရွေးချယ်မှုက မှန်ကန်သွားချေ၏။
ဟန်မူယဲ့ကို လင်းရှောင်ဓားဂိုဏ်း၏ ဧည့်ခေါင်းဆောင်အဖြစ် လက်ခံခဲ့ခြင်းက ယခုအချိန်မှာ သူ့အား မမျှော်လင့်ထားသော ဆုလာဘ်များကို ရရှိစေသည်။
အပြင်လူကို ဂိုဏ်းထဲသို့ အလွယ်တကူ ဖိတ်ခေါ်ခဲ့သည့်အတွက် ချန်းရှောင်တုံက ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ရန် အရည်အချင်းမရှိဘူးဟု လင်းရှောင်ဂိုဏ်းထဲမှ လူအများစုက ခံစားမိကြသည်။
သူက လင်းရှောင်ဓားဂိုဏ်းကို ဦးဆောင်ရန် မသင့်တော်ဘူးဟု လူတချို့က သူ၏ နောက်ကွယ်မှာ အတင်းအဖျင်းပြောခဲ့ကြသည်။
သို့သော်လည်း ယနေ့မှာ အရာအားလုံး ပြောင်းလဲသွားတော့မည်။
ချန်းရှောင်တုံ၏ အနောက်မှ အကြီးအကဲကူယွဲ့၊ အကြီးအကဲကျူးလဲ့နှင့် တခြားဓားအင်မော်တယ်များ၏ အမူအရာက ပြောင်းလဲသွားသည်။ သူတို့အားလုံးက ဝမ်းမြောက်ဝမ်းသာသွားကြသည်။
အကြီးအကဲကူယွဲ့နှင့် တခြားလူများအတွက်တော့ ချန်းရှောင်တုံကိုယ်တိုင် သူတို့ကို လာရောက်ကယ်တင်သည်ဟူသော အချက်က သူတို့အားလုံး၏ ယုံကြည်လေးစားမှုနှင့် သစ္စာရှိမှုကို ရရှိသွားချေ၏။
ဘေးမှ စောင့်ကြည့်နေသော အကြီးအကဲကျူးလဲ့သည်တော့ သူက ချန်းရှောင်တုံ၏ စိတ်ဓာတ်ပြတ်သားမှု၊ တာဝန်သိတတ်မှုနှင့် အမြင်ကျယ်ပြန့်မှုကြောင့် အံ့ဩသွားသည်။ ယခု ချန်းရှောင်တုံ၏ အနောက်မှာ ဟန်မူယဲ့ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ရှိသွားပြီဖြစ်လေရာ ချန်းရှောင်တုံနှင့် ပူးပေါင်းခြင်းက သူ့အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။
ဟန်မူယဲ့က တာချီလော့ထံသို့ အကြည့်ရွှေ့ပြောင်းလိုက်သည်။
တာချီလော့က တုန်ယင်သွားသည်။ သူက တည်ကြည်လေးနက်သော အမူအရာဖြင့် ခေါင်းငုံ့လိုက်သည်။
ယခု သူ၏ ကံကြမ္မာက ဟန်မူယဲ့၏ လက်ထဲမှာ ရှိသည်။
“ ဝီး ”
သူတော်စင်အဆင့် စစ်ပွဲရုပ်သေးရုပ်က ဆင်းသက်လာသည်။
ဟန်မူယဲ့က မထူးမခြားနား ပြောသည်။
“ မင်းက ငါနဲ့ပူးပေါင်းဖို့ ဆန္ဒရှိတယ်ဆိုမှတော့ ငါ့နာမည်ကို အရှက်မရအောင် လုပ်ဆောင်ပါ ”
“ မျိုးနွယ်ခြားတွေကို စုစည်းပြီး လင်းရှောင်ဓားဂိုဏ်းကို မင်းကူညီပေးရမယ် ”
ဟန်မူယဲ့၏ အကြည့်က တည်ကြည်လေးနက်ပြီး သူ၏ လေသံထဲမှာ အေးစက်မှုတစ်စွန်းတစ်စ ပါရှိသည်။
“ မင်းဘယ်လိုလုပ်ရမယ်ဆိုတာ ငါသင်ပေးစရာမလိုဘူးမလား ”
မျိုးနွယ်ခြားတွေကို စုစည်းရမယ်… ။
ဘယ်လိုလုပ်ရမလဲ ငါမသင်ပေးရဘူးမလား… ။
“ ကျွန်တော် နားလည်ပါပြီ ”
တာချီလော့က လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်လေရာ အပြုံးက သူ၏ မျက်နှာပေါ်မှာ ထင်ရှားစွာ ထွက်ပေါ်လာသည်။
ဤစစ်ပွဲရုပ်သေးရုပ်ဖြင့်ဆိုလျှင် သူ၏ စွမ်းအားက ချန်းရှောင်တုံနှင့် တူညီသွားလိမ့်မည်။
မှန်ပေ၏။ လင်းရှောင်နယ်မြေအတွင်းမှာ သူက ချန်းရှောင်တုံကို ဆန့်ကျင်လိမ့်မည် မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက ချန်းရှောင်တုံနှင့် အတူပူးပေါင်းဆောင်ရွက်လိမ့်မည်။
သို့သော်လည်း တခြားကုန်းမြေများကို သူတို့ကျူးကျော်သိမ်းပိုက်သည့်အခါ သို့မဟုတ် ကုန်းမြေအသစ်ဆီ တတ်လှမ်းသည့်အခါကျလျှင် ယင်းက ခြားနားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာလိမ့်မည်။
သူတော်စင်အဆင့် စစ်ပွဲရုပ်သေးရုပ်က သူ၏ တတ်လှမ်းမှုအတွက် အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မည်။
စစ်ပွဲရုပ်သေးရုပ်ကို ညင်သာစွာ ထိတွေ့လိုက်သည့်အခါ တာချီလော့၏ မျက်လုံးက တလက်လက် ထွန်းလင်းလာသည်။
သူ၏ သခင်က မည်မျှသန်မာလိုက်လဲ။
ထိုသို့အစွမ်းထက်သော စစ်ပွဲရုပ်သေးရုပ်တစ်ခုကို သာမန်ကာလျှံကာ ပေးပစ်နိုင်သည်။
အဲ့လောက် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်က ဘယ်လိုလုပ်ပြီး လင်းရှောင်နယ်မြေထဲမှာ ထွက်ပေါ်လာတာလဲ… ။
သူက လောကတစ်သောင်းယှဉ်ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို ချိုးဖြတ်ခဲ့တာလား… ။
ထိုမေးခွန်းများ၏ အဖြေကို သူမသိသော်လည်း သူ့အရှေ့မှ သခင်ကို တာချီလော့က ပိုပြီးသတိထားလာပြီး ပိုပြီးရိုသေလေးစားလာသည်။
…..
ကျင့်ကြံသူတစ်သိန်းကျော်က အောင်ပွဲနှင့်အတူ လင်းရှောင်ဓားဂိုဏ်းဆီသို့ ပြန်ရောက်လာကြသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများက လမ်းတစ်လျှောက်တွင် သူတို့နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြသည်။
လင်းရှောင်တောင်၏ အပြင်ဘက် မိုင်တစ်သောင်းအကွာတွင် လင်းရှောင်ဓားဂိုဏ်းနှင့် လင်းရှောင်တောင်အောက်မှာ စုဝေးနေကြသော အင်အားစုအသီးသီးမှ ကျင့်ကြံသူများက သူတို့ကို ကြိုဆိုရန် အပြင်ထွက်စောင့်နေကြသည်။
ချန်းရှောင်တုံ ထွက်ပေါ်လာသည့်အခါ လင်းရှောင်ဓားဂိုဏ်းမှ ဂိုဏ်းတပည့်ထောင်သောင်းချီက အရိုအသေပေးလိုက်ကြသည်။
“ ဂိုဏ်းသခင်လေးကို ကြိုဆိုပါတယ် ”
သူတို့၏ အော်ဟစ်ချီးမြှောက်သံများက ကောင်းကင်အထိ ပျံ့လွင့်သွားသည်။
ခံတပ်တောင်မှ တိုက်ပွဲသတင်းများက မြန်ဆန်စွာ ပျံ့နှံ့သွားသည်။
သို့ဖြစ်၍ လင်းရှောင်နယ်မြေထဲ၌ ယခင်က တုံ့ဆိုင်းနေခဲ့ကြသော အင်အားစုများက ယခု လင်းရှောင်ဓားဂိုဏ်းဆီသို့ စတင်ရွှေ့ပြောင်းလာကြသည်။
ဂိုဏ်းအများအပြားက သူတို့၏ ပိုင်နက်များကို ဆက်ပြီး ကာကွယ်ရန် လင်းရှောင်ဓားဂိုဏ်းထံမှ အကူအညီကို တောင်းခံလာကြသည်။
ဤအခိုက်အတန့်မှာ လင်းရှောင်နယ်မြေထဲ၌ ပြန့်ကျဲနေကြသော မျိုးနွယ်ခြားများက အမြန်အနောက်ဆုတ်သွားကြသည်။ သူတို့က အတင်းအဓမ္မ နောက်ထပ် မတိုက်ခိုက်ဝံ့ကြတော့ချေ။
ခံတပ်တောင်မှ တိုက်ပွဲသတင်းများက အသေးစိတ် ပျံ့နှံ့သွားသည့်အခါ လင်းရှောင်နယ်မြေထဲမှ အင်အားစုအသီးသီးက လင်းရှောင်ဓားဂိုဏ်း၏ အင်အားကို ပိုပြီးနက်ရှိုင်းစွာ နားလည်သွားကြသည်။
သို့ဖြစ်၍ လင်းရှောင်နယ်မြေထဲတွင် လင်းရှောင်ဓားဂိုဏ်း၏ တည်ရှိမှုက ကျောက်ဆောင်သဖွယ် ဆက်လက် မြဲမြံနေသည်။
လင်းရှောင်ဓားဂိုဏ်း မည်မျှသန်မာသနည်း။
နှစ်ထောင်ပေါင်းများစွာ တည်တံ့နေခဲ့သော ခံတပ်တောင်သည်ပင် နေ့ချင်းညချင်း ပျောက်ကွယ်သွားခဲ့ရသည် မဟုတ်ပါလော။
ခံတပ်တောင်၏ ဘေးပတ်ဝန်းကျင်မှာ စုဝေးနေခဲ့ကြသော မျိုးနွယ်ခြားလက်ရွေးစင်သုံးသိန်းတွင် သုံးပုံတစ်ပုံသာ လွတ်မြောက်သွားခဲ့သည်။
ထိုတိုက်ပွဲက လင်းရှောင်နယ်မြေ၏ တိုက်ပွဲစိတ်ဆန္ဒကို လှုံ့ဆော်လိုက်သည်။
လဝက်ကြာပြီးနောက် လင်းရှောင်ဓားဂိုဏ်းက ဓားကျင့်ကြံသူသုံးသောင်းပါဝင်သော စစ်တပ်နှင့် တခြားအင်အားစုများမှ ကျင့်ကြံသူငါးသိန်းပါဝင်သော စုပေါင်းမဟာမိတ်တပ်ဖွဲ့ကို ဦးဆောင်၍ လင်းရှောင်နယ်မြေအတွင်းမှာ ကြီးမားသော တိုက်ပွဲတစ်ခုကို စတင်လိုက်သည်။
ယင်းက တန်ပြန်တိုက်ခိုက်မှုမျှသာဆိုလျှင် နေရာအနှံ့မှာ ပြန့်ကျဲနေကြသော မျိုးနွယ်ခြားကျင့်ကြံသူဆယ်သန်းက ကြီးကြီးမားမား အလေးထားလိမ့်မည် မဟုတ်ချေ။
အဘယ့်ကြောင့်ဆိုသော် လင်းရှောင်နယ်မြေအတွင်းမှ ကျင့်ကြံသူများနှင့် ပြင်ပဘုံများမှ ရောက်လာကြသော ထိုလက်ရွေးစင်များကြားမှ စွမ်းအားကွာခြားမှုက အလွန်ကြီးမားသည်။
သို့သော်လည်း ပြင်ပဘုံများမှ ထိုကျူးကျော်လာသူများက နေရာအနှံ့မှာ ပြန့်ကျဲနေကြသည်။ သို့ဖြစ်၍ မည်သည့်မျိုးနွယ်စုကမှ ကျင့်ကြံသူတစ်သိန်းထက်ပို၍ မစုဝေးနိုင်ကြချေ။
ထို့ကြောင့် ကျင့်ကြံသူငါးသိန်းပါဝင်သော လင်းရှောင်နယ်မြေ၏ မဟာမိတ်စစ်တပ်က မည်သည့်အတားအဆီးမှမရှိဘဲ မျိုးနွယ်ခြားများကို တိုက်ခိုက်နှိမ်နင်းခဲ့ကြသည်။
လင်းရှောင်နယ်မြေဆီသို့ ရောက်လာကြသော ထိုမျိုးနွယ်ခြားများက သူတို့ကိုယ်သူတို့ ကိုယ်ရည်သွေးရန်နှင့် ကောင်းကင်ပုတီးစေ့များကို ရှာဖွေရန် ရည်ရွယ်ထားကြသည်။
သို့ဖြစ်လေရာ သူတို့က မည်သည့်အကြောင်းအရင်းမှမရှိဘဲ လင်းရှောင်ဓားဂိုဏ်းနှင့် သေခြင်းရှင်ခြင်းစစ်ပွဲ မတိုက်ခိုက်ချင်ကြပေ။
အချိန်တစ်ခုကြာပြီးနောက် ထိုမျိုးနွယ်ခြားအင်အားစုများထဲတွင် ကျင့်ကြံသူတစ်သိန်းကျော်ကို တိတ်တဆိတ် စုဝေးထားပြီး ပိုင်နက်တစ်ခုကို သိမ်းပိုက်ထားသော တာချီလော့မှလွဲ၍ ကျန်မျိုးနွယ်ခြားအားလုံးက စစ်သည်တော်ငါးသိန်းပါဝင်သော လင်းရှောင်မဟာမိတ်တပ်ဖွဲ့၏ မျက်စိအောက်မှ ထွက်ပြေးသွားကြသည်။
သုံးလကြာပြီးနောက် မျိုးနွယ်ခြားအင်အားစုအသီးသီးက လင်းရှောင်မဟာမိတ်တပ်ဖွဲ့ကို ရင်ဆိုင်ရန် နောက်ဆုံးမှာ အင်အားပူးပေါင်းလိုက်ကြသည်။
သို့ဖြစ်၍ လင်းရှောင်နယ်မြေမှ ကျင့်ကြံသူငါးသိန်းနှင့် ပြင်ပဘုံများမှ မျိုးနွယ်ခြားကျင့်ကြံသူငါးသိန်းတို့ တိုက်ပွဲဖြစ်လာကြသည်။
ပြင်ပဘုံများမှ မျိုးနွယ်ခြားစစ်သည်တော်များ၏ ပျမ်းမျှစွမ်းအားက လင်းရှောင်နယ်မြေမှ ဒေသခံကျင့်ကြံသူများထက် အများကြီး သာလွန်ကြသည်။ လင်းရှောင်မဟာမိတ်တပ်ဖွဲ့၏ တစ်ခုတည်းသော အားသာချက်မှာ တပ်ကူများ ဆက်တိုက် ရောက်လာနိုင်ခြင်း ဖြစ်သည်။
ထိုတိုက်ပွဲက လဝက်ခန့် ကြာမြင့်ခဲ့သည်။ နောက်ဆုံးမှာ လင်းရှောင်ဓားဂိုဏ်း၏ ဂိုဏ်းသခင်လေး ချန်းရှောင်တုံက သူ၏ စစ်ချပ်ဝတ်နှင့်အတူ ကိုယ်တိုင်ရောက်လာခဲ့သည်။ သူက ဓားတစ်လက်ဖြင့် ရန်သူ့ဘက်မှ တိုက်ပွဲအခင်းအကျင်းဆယ်ခုကျော်ကို ချိုးဖြတ်ခဲ့ပြီး ပြင်ပဘုံများမှ မျိုးနွယ်ခြားမဟာမိတ်တပ်ဖွဲ့ကို ဖြိုခွဲပစ်ခဲ့သည်။
ထို့နောက် လင်းရှောင်မဟာမိတ်တပ်ဖွဲ့က အလစ်တိုက်ခိုက်မှုကို ရုတ်တရက် စတင်လိုက်ပြီး မျိုးနွယ်ခြားကျင့်ကြံသူငါးသိန်းကို ခွေးပြေးဝက်ပြေး ထွက်ပြေးစေခဲ့သည်။
ထိုအချိန်မှာ တာချီလော့က မျိုးနွယ်ခြားကျင့်ကြံသူတစ်သိန်းကို ဦးဆောင်လျက် ပြင်ပဘုံများမှ မျိုးနွယ်ခြားကျင့်ကြံသူများကို လာရောက်ကယ်ဆယ်သွားသည်။ သူက အစွမ်းထက် စစ်ပွဲရုပ်သေးရုပ်ကို အမိန့်ပေးလျက် လင်းရှောင်ဓားဂိုဏ်းမှ ချန်းရှောင်တုံနှင့် အကွက်တစ်ရာ ပညာဖလှယ်ခဲ့သည်။ သူတို့နှစ်ယောက်၏ တိုက်ပွဲက ကောင်းကင်ကို အက်ကွဲသွားစေပြီး မြေပြင်ကို တုန်လှုပ်သွားစေသည်။ သူတို့ထံမှ ထွက်ပေါ်လာသော အားလှိုင်းဂယက်များက တောင်တန်းများကို ပြိုကျပျက်စီးသွားစေပြီး မြစ်ချောင်းများကို ကပြောင်းကပြန် စီးဆင်းသွားစေသည်။
ထိုတိုက်ပွဲမှာ သူတို့နှစ်ယောက်က ကြယ်စင်စုစကြာဝဠာ၏ စစ်ပွဲရုပ်သေးရုပ်နှင့် ချပ်ဝတ်၏ အံ့မခန်းအစွမ်းများကို ထုတ်ဖော်ပြခဲ့ကြသည်။ ယင်းက လက်ရှိ လင်းရှောင်နယ်မြေအတွင်း မည်သူမှ မတုယှဉ်နိုင်သော စွမ်းအား ဖြစ်သည်။
နောက်ဆုံးမှာ သူတို့နှစ်ယောက်က လက်ဆွဲနှုတ်ဆက်၍ ငြိမ်းချမ်းရေးယူလိုက်ကြသည်။
သူတို့က လင်းရှောင်နယ်မြေကို တစ်ပေါင်းတစ်စည်းတည်း ဆောင်ရွက်ရန်နှင့် ပိုပြီးကြီးမားသော အကျိုးအမြတ်များကို ရှာဖွေရန် သဘောတူညီမှုများ ပြုလုပ်ခဲ့ကြသည်။
လင်းရှောင်ဓားဂိုဏ်းက လင်းရှောင်နယ်မြေထဲမှ ဒေသခံအင်အားစုများကို ထိန်းချုပ်လိမ့်မည်။ တစ်ဖက်မှာတော့ တာချီလော့က ပြင်ပဘုံများမှ မျိုးနွယ်ခြားများကို စုဝေးလိမ့်မည်။
သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက လင်းရှောင်နယ်မြေထဲမှ အင်အားစုအသီးသီးကို မြန်ဆန်စွာ စုစည်းသွားစေသည်။
ထိုတိုက်ပွဲပြီးနောက် ပြင်ပဘုံများမှ လက်ရွေးစင်များနှင့် လင်းရှောင်နယ်မြေမှ ထိပ်တန်းအကြီးအကဲများက ယာယီငြိမ်းချမ်းရေးယူလိုက်ကြသည်။
သို့သော်လည်း ထိုငြိမ်းချမ်းရေးက မည်သည့်အချိန်ထိ ဆက်လက် တည်တံ့နေမည်ကို မည်သူမှ မသိကြချေ။
…..