အခန်း (၁၄၄၆)
Vol. 104 Ch. 1446
တစ်ခဏကြာပြီးနောက် အလင်းတန်းသုံးခုက ကောင်းကင်ပေါ်မှာ တိတ်တဆိတ် ထွက်ပေါ်လာပြီး အဝေးသို့ ဦးတည်သွားကြသည်။
သို့သော်လည်း ထိုအလင်းတန်းသုံးခုက သာမန်မဟုတ်ကြချေ။
အလင်းတန်းတစ်ခုက ကြယ်များသဖွယ် ထွန်းလင်းတောက်ပပြီး ပေသုံးဆယ်ရှည်လျားသော မီးတောက်အမြှီးတစ်ချောင်းကို ယင်း၏ အနောက်မှာ ကျန်ရစ်စေသည်။ ရှင်းလင်းစွာပင် ထိုသူက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
တခြားအလင်းတန်းတစ်ခုက ပေတစ်ရာရှည်လျားသော ကျောက်စိမ်းရောင်ခြည်စက်ဝန်းကို ထုတ်လွှတ်နေသည်။ ရောင်ခြည်စက်ဝန်းထဲတွင် အစိမ်းရောင်ကျောက်စိမ်းဓားပုံရိပ်တစ်ခုက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ လင်းရှောင်ဓားဂိုဏ်းနှင့် ရင်းနှီးကျွမ်းဝင်သူများသည်တော့ ထိုဓားက လင်းရှောင်ဓားဂိုဏ်း၏ အထွတ်အမြတ်ဂိုဏ်းရတနာ ယုရှောင်ဓားဖြစ်ကြောင်း မှတ်မိကြလိမ့်မည်။
ထိုသို့ဂိုဏ်းရတနာက ထိပ်တန်းကျွမ်းကျင်သူတစ်ယောက်၏ လက်ထဲမှာဆိုလျှင် နယ်မြေတစ်ခုကို အသာအယာလေး သိမ်းယူနိုင်သည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ယုရှောင်ဓားက တခြားသွေးနီရောင်အလင်းတန်းနှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း သေးနုတ်နေသည်။
နောက်ဆုံးအလင်းတန်းက ပေတစ်ထောင်ရှည်လျားသော သွေးနီရောင်အလင်းစီးကြောင်းတစ်ခု ဖြစ်သည်။ ထိုအလင်းတန်း ဖြတ်သန်းသွားသည့်အခါ ယင်း၏ ပေတစ်သောင်းပတ်လည်အတွင်းမှာရှိကြသော ကျင့်ကြံသူများက ခန္ဓာကိုယ်တုန်ယင်သွားကြသည်။
“ အဲ့ဒီလူက လင်းရှောင်ဓားဂိုဏ်းရဲ့ ဧည့်ခေါင်းဆောင်လို့ ပြောကြတယ် ”
လင်းရှောင်တောင်အောက်မှ တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။
“ ဒီလိုခွန်အားက… မထူးဆန်းတော့ပါဘူး ”
ကြောက်ရွံ့သော အရိပ်အယောင်က လူတချို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့ပြင် သူတို့၏ မျက်လုံးထဲမှာ မျှော်လင့်သော အရိပ်အယောင်တစ်စွန်းတစ်စလည်း ကိန်းအောင်းနေသည်။
တောင်အောက်ခြေတွင် လူတိုင်းက သူတို့၏ အလင်းလွှာများကို ဖြည်းညင်းစွာ ရုပ်သိမ်းလိုက်ကြသည်။
ခံတပ်တောင်ပေါ်တွင် သူတို့၏ ဓားကျင့်ကြံသူအဖွဲ့ ဝိုင်းရံခံထားရသည်ဟူသော ကိစ္စကို လင်းရှောင်ဓားဂိုဏ်းက လျှို့ဝှက်ချက်တစ်ခုအဖြစ် ဖုံးကွယ်မထားပေ။
ယခု လင်းရှောင်ဓားဂိုဏ်း၏ ဂိုဏ်းသခင်လေးက ဂိုဏ်းရတနာနှင့် ဧည့်ခေါင်းဆောင်ကို ခေါ်ဆောင်၍ ဂိုဏ်းထဲမှ ထွက်ခွာသွားကြောင်း သူတို့မြင်လိုက်ရသောအခါ လင်းရှောင်ဓားဂိုဏ်းက ခံတပ်တောင်သို့ တပ်ကူလွှတ်ရန် ရွေးချယ်လိုက်ကြောင်း သူတို့နားလည်သွားကြသည်။
“ ခံတပ်တောင်က အတိတ်မှာ လက်ရွေးစင်တွေအများကြီး မြေမြှုပ်ခံခဲ့ရတဲ့ နေရာပဲ ”
တစ်စုံတစ်ယောက်က စိုးရိမ်ပူပန်သော အမူအရာဖြင့် တီးတိုးပြောသည်။
အကယ်၍ ဂိုဏ်းသခင်လေး၏ လူကယ်ခြင်းတာဝန် ကျရှုံးသွားမည်ဆိုလျှင် လင်းရှောင်တောင်အောက်မှ ဧရိယာက ဆက်ပြီး ဘေးကင်းလုံခြုံတော့မည် မဟုတ်ချေ။
…..
လင်းရှောင်ဓားဂိုဏ်းနှင့် မိုင်တစ်သိန်းအဝေးတွင်…
ဓားဟိန်းသံ ပဲ့တင်ထပ်သွားသည့်အခါ ကောင်းကင်နှင့် မြေပြင်ကြားမှ တိမ်တိုက်များက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။
ဓားအလင်းတန်းသုံးခုက နေ့တစ်ဝက်တည်းဖြင့် ဤနေရာသို့ ရောက်လာခဲ့ကြသည်။
အကြီးအကဲကျူးလဲ့၏ ကျင့်ကြံခြင်းက ယုရှောင်ဓားကို ထိန်းချုပ်ရန် မလုံလောက်ပေ။ ထို့ကြောင့် သူနှင့် ချန်းရှောင်တုံက ဓားကို တစ်လှည့်စီ ထိန်းချုပ်ကြသည်။
ဟန်မူယဲ့က ယုရှောင်ဓားကို ထိန်းချုပ်ရန် မတောင်းဆိုခဲ့ပေ။
မည်သို့ဖြစ်ပါစေ ယင်းက လင်းရှောင်ဓားဂိုဏ်း၏ အထွတ်အမြတ် ဂိုဏ်းရတနာဖြစ်သည်။ အကယ်၍ သူက ထိုသို့ပြောမည်ဆိုလျှင် ကျူးလဲ့နှင့် ချန်းရှောင်တုံက စိုးရိမ်သွားကြလိမ့်မည်။
ချန်းရှောင်တုံ၏ ကျင့်ကြံခြင်းက ဓားအင်မော်တယ်အဆင့်သို့ ရောက်ခါစဖြစ်ပြီး ကျူးလဲ့က သူ့ထက် အနည်းငယ် ပိုသန်မာသည်။
ဓားအင်မော်တယ်အဆင့်သည် မိုးနတ်သမီးနယ်မြေမှ စဦးကောင်းကင်ဘုံအင်မော်တယ်နှင့် နှိုင်းယှဉ်နိုင်သည်။
ကြယ်စင်စုစကြာဝဠာတွင် ထိုသို့ကျင့်ကြံခြင်းက အဆင့်ခုနစ် ရုပ်သေးသခင် သို့မဟုတ် ချပ်ဝတ်သခင်နှင့် ညီမျှသည်။
သို့သော်လည်း တိုက်ပွဲစွမ်းအားတွင် သူတို့က အဆင့်ခုနစ် ရုပ်သေးသခင်များနှင့် ချပ်ဝတ်သခင်များထက် အများကြီး အားနည်းကြသည်။
အဆင့်တူသော ဓားကျင့်ကြံသူများသည်ပင် ထိုသို့ရုပ်သေးသခင်များနှင့် ချပ်ဝတ်သခင်များကို ရင်ဆိုင်ရသည့်အခါ လက်မှိုင်ကျသွားကြလိမ့်မည်။
“ အဲ့ဒါက ခံတပ်တောင်ပါ ”
ချန်းရှောင်တုံက အဝေးသို့ လှမ်းကြည့်လိုက်သည်။
သူတို့၏ အရှေ့မှ မိုင်တစ်ရာအဝေးတွင် သဘာဝအကျဉ်းထောင်နှင့် ဆင်တူသော တောင်တန်းတစ်ခု ရှိသည်။ တောင်တန်းပေါ်မှ တိမ်တိုက်များသည်ပင် အလွှာအထပ်ထပ် ရှိကြသည်။
ဓားအလင်းတန်းများက ထိုတိမ်တိုက်အလွှာများထဲမှာ ပြိုးပြိုးပြက်ပြက် ဝင်းလက်နေသည်။
“ အဲ့ဒါက လင်းရှောင်ဓားဂိုဏ်းရဲ့ ဓားနည်းစနစ်ပဲ ”
ကျူးလဲ့က စိုးရိမ်တကြီး ပြောသည်။ သူက ယုရှောင်ဓားကို အဆုံးစွန်ထိ တွန်းအားပေးလိုက်လေရာ ဓားအလင်းက ပေသုံးရာအထိ ကြီးမားသွားသည်။ ဓားအလင်း ပေါ်လျှိုးလာသည့်အခါ အချင်းမိုင်တစ်ရာအတွင်းမှ တိမ်တိုက်များက အစိမ်းရောင်ထွန်းလင်းသွားကြသည်။
“ ဘယ်ကောင်တွေက ငါ့လင်းရှောင်ဓားဂိုဏ်းကို ထိပါးရဲတာလဲ… ”
ထိုအသံက မိုးခြိမ်းသံသဖွယ် ကျယ်လောင်ပြီး ဓားအလင်းနှင့် ပေါင်းစပ်သွားသည်။ နောက်အခိုက်အတန့်မှာ ဓားအလင်းက အရှေ့မှ ကောင်းကင်နှင့်မြေပြင်ထံသို့ ခုတ်ပိုင်းလိုက်သည်။
ဓားအလင်း၏ ထက်ရှမှုက မိုင်တစ်ရာအဝေးမှ ကျင့်ကြံသူများကို နှလုံးတုန်လှုပ်သွားစေသည်။
ဓား၏ ထက်ရှမှု… ။
“ ဗုန်း ”
ဓားအလင်းက တိမ်တိုက်အလွှာများကို ဖြတ်တောက်သွားသည်။ ထိုအခါ မီးခိုးရောင်အက်ကွဲကြောင်းတစ်ခုက တိမ်တိုက်များကြားထဲမှာ ထွက်ပေါ်လာသည်။
မကြာမီ တိမ်တိုက်များ လွင့်ပြယ်သွားသည့်အခါ အထဲမှ ပိတ်မိနေကြသော ပုံရိပ်များက ထွက်ပေါ်လာကြသည်။
“ ကျူးလဲ့… ပြေး ”
“ ငါတို့လင်းရှောင်ဓားဂိုဏ်းရဲ့ တပ်ကူတွေကို ချုံခိုတိုက်ခိုက်ဖို့ သူတို့မှာ စစ်သည်တော်သုံးသိန်း ရှိတယ် ”
ဒဏ်ရာအပြင်းအထန် ရရှိထားသော အဖိုးအိုတစ်ယောက်က လက်ထဲမှာ ဓားကျိုးတစ်လက်ကို ကိုင်ထားလျက် ခံပြင်းဒေါသထွက်စွာ အော်ပြောသည်။
တခြားလူများသည်လည်း စွမ်းအင်မတည်မငြိမ်ဖြစ်နေကြသည်။
“ ပြေးမှာလား ”
“ ဟွန့်… လင်းရှောင်ဓားဂိုဏ်းက တပ်ကူဘယ်နှစ်ယောက် စေလွှတ်လိုက်လဲ ဒီသခင်လေး ကြည့်လိုက်ဦးမယ်… ဟမ် သုံးယောက်တည်းလား ”
အံ့အားသင့်စွာ စကားပြောလိုက်သူက အစိမ်းရောင်မျက်လုံး၊ အပြာရောင်ဆံပင်နှင့် နောက်ကျောတွင် အတောင်ပံတစ်စုံရှိသော လူငယ်တစ်ယောက် ဖြစ်သည်။
ဤအခိုက်အတန့်မှာ သူ၏ မျက်နှာပေါ်မှ သရော်လှောင်ပြောင်သော အပြုံးက ပျောက်ကွယ်သွားသည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီး ဒေါသတကြီး ပြောသည်။
“ သုံးယောက်တည်း ရောက်လာတာလား… ဘာလဲ… မင်းတို့ကောင်တွေက ငါတာချီလော့ကို အထင်သေးတာလား ”
ချန်းရှောင်တုံက ခေါင်းလှည့်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ အကြီးအကဲဟန်… ကျုပ်တို့ အဲ့ဒီကောင်ကို အလေးအနက်ထားသင့်လား”
ဟန်မူယဲ့က ခေါင်းယမ်းလိုက်ပြီး မထူးမခြားနား ပြောသည်။
“ မလိုဘူး ”
ဟန်မူယဲ့၏ စကားက ချန်းရှောင်တုံကို ဟက်ဟက်ပက်ပက် ရယ်မောသွားစေသည်။ နောက်အခိုက်အတန့်မှာ သူက အရှေ့သို့ ပျံသန်းသွားလေရာ သူ၏ လက်ထဲမှ သုံးပေဓားရှည်က အေးစက်စက်အလင်း တောက်ပလာသည်။
သူ့အရှေ့မှ ကျူးလဲ့၏ ယုရှောင်ဓားအလင်းက နောက်တစ်ကြိမ် ထွန်းလင်းလာသည်။ ယင်းက တစ်စုံတစ်ယောက် တိုက်ရိုက် မော်မကြည့်ဝံ့သော အေးစက်မှုကိုလည်း သယ်ဆောင်ထားသည်။
ရိုသေလေးစားတာလား ဒါမှမဟုတ် စော်ကားတာလား… ။
သူက ထိုမေးခွန်းကို ဖြေရန် အလွန်ပျင်းရိသည်။
ငါ့ဓားက ငါ့ရဲ့ စိတ်သဘောထားပဲ… ။
ချန်းရှောင်တုံနှင့် ကျူးလဲ့က သူတို့၏ လက်ထဲမှ ဓားများဖြင့် ခုတ်ပိုင်းလိုက်သည့်အခါ သူ့ကိုယ်သူ တာချီလော့ဟုဆိုသော မျိုးနွယ်ခြားလက်ရွေးစင်က မျက်နှာသုန်မှုန်သွားပြီး သူ၏ လက်ထဲမှ လှံကို အကြမ်းပတမ်း လွှဲယမ်းလိုက်သည်။
မိုင်တစ်ရာပတ်လည်အတွင်းဝယ် မရေမတွက်နိုင်သော စိမ်းပြာရောင်အင်မော်တယ်အလင်းတန်းများက ဟင်းလင်းပြင်ထဲမှာ အတူတကွ စုဝေးသွားကြပြီး အပြာရောင်စစ်ချပ်ဝတ် ရေခဲနဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။
နောက်အခိုက်အတန့်မှာ ရေခဲနဂါးက ကျူးလဲ့၏ ယုရှောင်ဓားမှ ဓားအလင်းနှင့် ထပ်တိုက်တွေ့ဆုံသွားသည်။
ဟန်မူယဲ့၏ အမြင်အရ အကယ်၍ ယုရှောင်ဓားသာ ယင်း၏ အစွမ်းအပြည့်အဝကို ထုတ်လွှတ်နိုင်မည်ဆိုလျှင် ထိုခြေလေးချောင်း ရေခဲနဂါးက တစ်ချက်တည်းဖြင့် နှစ်ပိုင်းပြတ်တောက်သွားလိမ့်မည်။
သို့သော်လည်း လက်ရှိအခြေအနေတွင် ကျူးလဲ့၏ ဓားအလင်းက တားဆီးခံလိုက်ရသည်။ ထိုမျှသာ မကပေ။ ဓားကိုင်ဆောင်ထားသော ကျူးလဲ့၏ မျက်နှာက အရောင်ဖျော့တော့သွားပြီး သူက သွေးတစ်ပွက်အန်လိုက်ရသည်။ တစ်ဆက်တည်းမှာ သူက ခြေလေးချောင်း ရေခဲနဂါး၏ တန်ပြန်တိုက်ခိုက်မှုကြောင့် အဝေးသို့ လွင့်စင်သွားသည်။
ချန်းရှောင်တုံက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ဓားကို ပိုမိုမြန်ဆန်စွာ ထိုးသွင်းလိုက်သည်။
သို့သော်လည်း သူ၏ ပုံရိပ်က ခံတပ်တောင်၏ အချင်းပေတစ်ထောင်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် အေးစက်စက် အစိမ်းရောင်အလင်းတန်းဆယ်ခုက သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။
သူ့အရှေ့မှ လေဟာနယ်က ပုံရိပ်ယောင်သဖွယ် ဝေဝါးလာသည်။
ခံတပ်တောင်မှ မိုးမြေစွမ်းအားထဲမှာ အမြင်ဝေဝါးစေသော ပုံရိပ်ယောင်များက သဘာဝအလျောက် ပါဝင်နေသည်။
ထိုအရှိန်အဝါဖြင့် ရစ်ပတ်လွှမ်းခြုံခံလိုက်ရသောအခါ ချန်းရှောင်တုံ၏ လက်ထဲမှ ဓားအလင်းက မှေးမှိန်သွားသည်။ သို့ဖြစ်လေရာ ထိုမျိုးနွယ်ခြားအင်အားစုက သူ့ကို ကိုယ်တိုင်တိုက်ခိုက်ရန်ပင် မလိုအပ်ခဲ့ပေ။
ယင်းကို မြင်သွားသောအခါ အစောနက စကားပြောလိုက်သော တာချီလော့က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သတ်ဖြတ်ခြင်းအရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
လင်းရှောင်ဓားဂိုဏ်းမှ ရောက်လာမည့် တပ်ကူများကို ဤနေရာမှာ ချုံခိုတိုက်ခိုက်ရန် စီစဉ်ထားခြင်းက တာချီလော့၏ ဗျူဟာဖြစ်သည်။
တခြားကုန်းမြေများမှ လက်ရွေးစင်များနှင့် သူ့ကိုယ်ပိုင်လူများ ပါဝင်ကြသော မဟာစစ်တပ်က ဤနေရာမှာ ယာယီစုဝေးနေကြသည်။ ထိုစစ်တပ်ထဲမှာ လူအင်အားသုံးသိန်း ပါဝင်သည်။
အစက သူ၏ အစီအစဉ်အရ ဤချုံခိုတိုက်ခိုက်မှုက အင်အားစုအသီးသီးမှ လက်ရွေးစင်များကို အညံ့ခံလာရန် ဖိအားပေးနိုင်လိမ့်မည်။ ထို့နောက် သူတို့က အတူတကွ အင်အားပူးပေါင်းပြီး လင်းရှောင်နယ်မြေ၏ နံပါတ်တစ်အင်အားစုဖြစ်သော လင်းရှောင်ဓားဂိုဏ်းကို ဖြုတ်ချပစ်မည်။
မည်သူဖြစ်ပါစေ တစ်စုံတစ်ယောက်က လင်းရှောင်ဓားဂိုဏ်းကို သိမ်းပိုက်နိုင်သည်နှင့် သူတို့က ဤလင်းရှောင်နယ်မြေ၏ အရှင်သခင် အလွယ်တကူ ဖြစ်လာကြလိမ့်မည်။
သူ၏ အစီအစဉ်က ပြီးပြည့်စုံသည်။
ထို့ပြင် သူ့အစီအစဉ်၏ ပထမအပိုင်းက အောင်မြင်ခဲ့သည်။
သူတို့က လင်းရှောင်နယ်မြေထဲမှ ခံတပ်တောင်ကို ဗဟိုထား၍ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်ခြင်းကို လုပ်ဆောင်ခဲ့ကြသည်။
လင်းရှောင်ဓားဂိုဏ်းမှ အကြီးအကဲကူယွဲ့နှင့် သူ့အဖွဲ့မှ ဓားကျင့်ကြံသူတစ်သောင်းက ခံတပ်တောင်မှာ ချုပ်နှောင်ခံထားကြရသည်။
သို့ဖြစ်၍ လင်းရှောင်ဓားဂိုဏ်းအနေဖြင့် လူကယ်ရန် အင်အားအလုံးစုံ ထုတ်သုံးလာလိမ့်မည်။
အရာအားလုံးက သူ၏ အစီအစဉ်အတိုင်း ဆက်သွားနေသည်။
သူတို့လုပ်ရမည်မှာ လင်းရှောင်ဓားဂိုဏ်းမှ တပ်ကူများ ရောက်လာသည်ကို စောင့်ဆိုင်း၍ သူတို့ကို အမြစ်ဖြတ်သုတ်သင်ပစ်ရန် ဖြစ်သည်။
သူ့အစီအစဉ်အတိုင်း သူတို့က လူကယ်ရန် အမှန်တကယ် ရောက်လာခဲ့ကြသည်။
သို့သော်လည်း သူမျှော်လင့်မထားသည်မှာ လူကယ်ရန် ရောက်လာကြသည့် တပ်ကူများက သုံးယောက်တည်း ဖြစ်သည်။
ယင်းက ဤနေရာကို ဝိုင်းရံထားကြသော စစ်သည်တော်သုံးသိန်းအတွက် ပြက်လုံးတစ်ခု မဟုတ်ပေဘူးလား။
“ သေချင်နေတာပဲ ”
တာချီလော့က အံကြိတ်လိုက်သည်။ သူ၏ လက်ထဲမှ လှံရှည်ကို အရှေ့သို့ ထိုးသွင်းလိုက်လေရာ လှံရှည်ထံမှ စူးရှရှအလင်းက ဘေးပတ်ဝန်းကျင်မှ အေးတိအေးစက် အရှိန်အဝါနှင့် သူ၏ အနောက်မှ ကျင့်ကြံသူစစ်တပ်၏ စွမ်းအားကို စုဝေးလိုက်သည်။
ထို့နောက် လှံထိပ်ဖျားက ခုခံနိုင်စွမ်းကင်းမဲ့နေသော ချန်းရှောင်တုံဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။
ထိုလှံထိုးနှက်မှုက အလွန်မြန်ဆန်ပြီး အလွန်အားကောင်းသည်။
ထိုတိုက်ခိုက်မှုက ဤကုန်းမြေ၏ လက်ခံနိုင်သော စွမ်းအားထက် ကျော်လွန်နေသည်။ သို့ဖြစ်၍ လှံအလင်းက ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်ပြီး ချန်းရှောင်တုံ၏ အရှေ့မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။
ချန်းရှောင်တုံမှာ ထိုလှံထိုးနှက်မှုကို တိမ်းရှောင်ရန် အချိန်မရှိပေ။
အဝေး၌ ရန်သူများ၏ ဝိုင်းရံခံထားရသော အကြီးအကဲကူယွဲ့က ထိတ်လန့်သွားသည်။ သူ၏ ဇရာအိုနေသော မျက်နှာပေါ်မှာ ဝမ်းနည်းသော အမူအရာနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သော အမူအရာ ထွက်ပေါ်လာသည်။
သူက ဤကပ်ဘေးကို ဂိုဏ်းသခင်လေးဆီသို့ ခေါ်ဆောင်လာခဲ့သူ ဖြစ်သည်။
ဂိုဏ်းသခင်လေးက လူကယ်ရန် ဂိုဏ်း၏ ဓားကျင့်ကြံသူစစ်တပ်ကို တမင်မခေါ်လာခဲ့ခြင်း မဟုတ်ကြောင်း သူသိသည်။ မည်သို့ဖြစ်ပါစေ ဤနေရာက ခံတပ်တောင်မဟုတ်ပါလော။ ဂိုဏ်းသခင်လေး၏ ဉာဏ်ပညာအရ လူကယ်ရန် လင်းရှောင်ဓားဂိုဏ်း၏ ဓားကျင့်ကြံသူစစ်တပ်ကို ခေါ်ဆောင်လာခြင်းက မိုက်မဲသောလုပ်ရပ်ဖြစ်ကြောင်း သူသိပြီးလောက်သည်။
အမှန်မှာ ဂိုဏ်းသခင်လေးကိုယ်တိုင် ရောက်လာခြင်းက သူ့ကိုယ်သူ သတ်သေသော လုပ်ရပ်နှင့် မခြားပေ။
အကယ်၍ ဂိုဏ်းသခင်လေးသာ ခံတပ်တောင်ပေါ်မှာ သေဆုံးသွားမည်ဆိုလျှင် သူနှင့် သူ့အဖွဲ့မှ ဓားကျင့်ကြံသူတစ်သောင်းသာမက လင်းရှောင်နယ်မြေအတွင်း တခြားအင်အားစုများမှ ကျင့်ကြံသူတစ်သိန်းကျော်သည်လည်း ဤနေရာမှာ မြေမြှုပ်ခံကြရလိမ့်မည်။ ထို့ပြင် ယင်းက လင်းရှောင်နယ်မြေအတွင်းမှ တခြားအင်အားစုများအပေါ် လင်းရှောင်ဓားဂိုဏ်း၏ သဘောထားနှင့် ရပ်တည်မှုကို ဖော်ပြပေးလိမ့်မည်။
လင်းရှောင်ဓားဂိုဏ်းက လောလောဆယ် အလုံးစုံအားနည်းနေပြီး လင်းရှောင်နယ်မြေအတွင်းမှ လူတိုင်းကို မကူညီပေးနိုင်သော်လည်း လင်းရှောင်ဓားဂိုဏ်းထဲမှ ကျင့်ကြံသူများသည် သေရမည်ကို မကြောက်ကြချေ။
သူတို့က သေရမည်ဆိုလျှင်ပင် ဂုဏ်သိက္ခာရှိရှိ သေလိုကြသည်။
အစွမ်းထက် အင်အားက အကြီးအကဲကူယွဲ့၏ ခန္ဓာကိုယ်ပေါ်မှာ စုဝေးသွားသည်။
သူက သေခြင်းမှ အသက်ဓာတ်ကို ရှာဖွေတွေ့ရှိသွားသည်။
ယင်းက အဆင့်ချိုးဖြတ်မည့် လက္ခဏာရပ်တစ်ခု ဖြစ်သည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ သူက အဆင့်ချိုးဖြတ်သွားမည်ဆိုလျှင်ပင် ဘာလုပ်နိုင်မည်နည်း။ သူက ဂိုဏ်းသခင်လေးကို မည်သို့ကယ်တင်ပေးနိုင်မည်နည်း။
လက်ရှိအခြေအနေအရ ကောင်းကင်ဘုံနတ်ဘုရားတစ်ပါးက သူတို့အတွက် ဆင်းသက်လာမည်ဆိုလျှင်ပင် ဤအခြေအနေကို ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ချေ။
“ ဒင် ”
သတ္ထုမြည်သံ ထွက်ပေါ်လာသည်နှင့် လှံအလင်းက တားဆီးခံလိုက်ရသည်။
လှံအလင်းက လက်ဖဝါးတစ်ခု၏ ရပ်တန့်ခံလိုက်ရသည်။
အလွန်ကျယ်ပြောသော ကျောက်စိမ်းဖြူလက်ဖဝါးပေါ်တွင် ထက်ရှမှုက အစိမ်းရောင်အလင်းဘောလုံးတစ်လုံးနှယ် သိပ်သည်းသွားသည်။
ဓားအင်မော်တယ်တစ်ပါးကို အသက်နုတ်ယူနိုင်စွမ်းရှိသည့် ထိုလှံထိုးနှက်မှုက ထိုသို့အလွယ်တကူ တားဆီးခံလိုက်ရလေသည်။
ဤအခိုက်အတန့်မှာ လူတိုင်း အံဩမင်သက်သွားကြသည်။
မည်သို့သော အစွမ်းထက်ပုဂ္ဂိုလ်က ထိုသို့လှံကို လက်ဗလာဖြင့် တည်ငြိမ်စွာ တားဆီးနိုင်ရသနည်း။
“ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲဟန် ”
ချန်းရှောင်တုံက ရိုသေလေးစားစွာ ပြောသည်။
အကယ်၍ ဟန်မူယဲ့သာ မလှုပ်ရှားခဲ့လျှင် သူက သေချာပေါက် သေဆုံးသွားလိမ့်မည်ဖြစ်ကြောင်း သိသည်။
မှန်ပေသည်။ အစောနက လှုပ်ရှားခဲ့သူက ဟန်မူယဲ့သာ ဖြစ်သည်။
ဟန်မူယဲ့အတွက်တော့ လင်းရှောင်ဓားဂိုဏ်း၏ ဧည့်ခေါင်းဆောင်ရာထူးက သူ့အတွက် မြူတစ်မှုန်မျှပင် တန်ဖိုးမရှိပေ။ သို့သော်လည်း ချန်းရှောင်တုံ၏ စိတ်နေစိတ်ထားနှင့် အကျင့်စရိုက်ကို သူသဘောကျသည်။
ယင်းက သူ၏ လိုအပ်ချက်နှင့် ကိုက်ညီသည်။
သို့ဖြစ်၍ ဟန်မူယဲ့က တစ်ဖက်လူကို သူ့အရှေ့မှာ အသေခံခိုင်းလိမ့်မည် မဟုတ်ချေ။