← Chapters

အခန်း (၁၄၄၅)

Vol. 104 Ch. 1445

အခန်း (၁၄၄၅)

Vol. 104 Ch. 1445

အချိန်ကာလတစ်ခုကြာပြီးနောက် လင်းရှောင်တောင်အောက်တွင် စုဝေးနေကြသော ကျင့်ကြံသူအရေအတွက်က သန်းဂဏန်းအထိ တိုးမြှင့်သွားသည်။ သူတို့က လင်းရှောင်ဓားဂိုဏ်း၏ ဂိတ်တံခါးအောက်မှ နေရာအသီးသီးမှာ စခန်းချထားကြသည်။

ယင်းက လင်းရှောင်နယ်မြေထဲမှ အရေအတွက်တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ ပိုမိုများပြားသော ကျင့်ကြံသူများက ပြင်ပဘုံများထံ အညံ့ခံလိုက်ကြပြီး တချို့ကျင့်ကြံသူများက သူတို့၏ နယ်မြေများကို သူတို့ဘာသာသူတို့ ခုခံကာကွယ်ရန် မဟာမိတ်ဖွဲ့လိုက်ကြသည်။

တချို့လူများက တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများ ဖြစ်လာကြပြီး ထိပ်တန်းကျွမ်းကျင်သူများ အဝေးရောက်နေကြသည့် လင်းရှောင်နယ်မြေထဲမှာ စွန့်စားသွားလာရန် ရွေးချယ်လိုက်ကြသည်။

သူတို့၏ တည်ရှိမှုက လင်းရှောင်နယ်မြေကို ပိုပြီးဖရိုဖရဲဖြစ်စေသည်။

အဘယ့်ကြောင့်ဆိုသော် သူတို့ကို လူကောင်းလူဆိုးဟူ၍ မသတ်မှတ်နိုင်ပေ။

လောကတစ်သောင်းယှဉ်ပြိုင်ပွဲက ဤနယ်မြေမှ စည်းမျဉ်းများကို ဖျက်ဆီးပစ်လိုက်သည်။ သို့ဖြစ်၍ ယခု လူတိုင်းက ခွန်အားကိုသာ အားကိုးနိုင်ကြတော့သည်။

“ ဒေါင် ”

“ ဒေါင် ”

အရေးပေါ် ခေါင်းလောင်းမြည်သံက လင်းရှောင်တောင်ပေါ်မှ ပဲ့တင်ထပ်လာသည်။

လင်းရှောင်တောင်အောက်တွင် စုဝေးနေကြသော အင်အားစုအသီးသီးမှ ကျင့်ကြံသူများက အမြန်လှုပ်ရှားလိုက်ကြသည်။ သူတို့က အကာအကွယ်ဒိုင်းကာများကို အသက်သွင်းလိုက်ကြပြီး တိုက်ပွဲဝင်္ကပါများကို ခင်းကျင်းလိုက်ကြသည်။

သူတို့က လင်းရှောင်ဓားဂိုဏ်းအတွက် မတိုက်ခိုက်ပေးချင်လျှင်ပင် ကိုယ့်အသက်ကို ကာကွယ်ရန် တိုက်ခိုက်ရပေဦးမည်။

“ ဂိုဏ်းသခင်လေး… အကြီးအကဲကူယွဲ့ဦးဆောင်တဲ့ ဓားကျင့်ကြံသူအဖွဲ့က ကျောက်စိမ်းတာအိုဂိုဏ်းနဲ့ တိမ်ပျံလွှားဂိုဏ်းကို ခေါ်ဆောင်ပြီး ဂိုဏ်းဆီ ပြန်လာနေတဲ့လမ်းမှာ အန္တရာယ်နဲ့ တွေ့ကြုံခဲ့ပါတယ်… စုစုပေါင်း ကျင့်ကြံသူတစ်သောင်းသုံးထောင်ပါဝင်တဲ့ သူတို့အဖွဲ့က ခံတပ်တောင်ပေါ်မှာ မျိုးနွယ်ခြားကျွမ်းကျင်သူတွေရဲ့ ဝိုင်းရံခံထားရပါတယ် ”

သတင်းတင်ပြသူသည် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး စိမ်းပြာရောင်ဓားရှည်တစ်လက်ကို သယ်ဆောင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူက လင်းရှောင်တောင်ပေါ်သို့ ပျံသန်းလာပြီး ချန်းရှောင်တုံကို ရိုသေလေးစားစွာ ဂါရဝပြုလိုက်သည်။

သူ၏ စကားက ချန်းရှောင်တုံ၏ ဘေးမှ ဓားကျင့်ကြံသူအားလုံး၏ အမူအရာကို ပြောင်းလဲသွားစေသည်။

အကြီးအကဲကူယွဲ့သည် ဂိုဏ်းအတွင်း၌ အသက်အရွယ်အကြီးဆုံး ဓားကျင့်ကြံသူ ဖြစ်သည်။

လင်းရှောင်ဓားဂိုဏ်းထဲတွင် အစွမ်းထက် ကျွမ်းကျင်သူအများကြီး ကျန်မနေခဲ့ပေ။ ဂိုဏ်းထဲတွင် ကျန်နေခဲ့သော ဓားအင်မော်တယ်အဆင့် ကျင့်ကြံသူများထဲတွင် တချို့က အလုံအလောက် မသန်မာသေးသော ဂျူနီယာများဖြစ်ကြပြီး ကျန်လူများက အသက်အရွယ်အိုမင်းနေသဖြင့် နောက်ထပ် အဆင့်မတတ်နိုင်တော့သော စီနီယာများ ဖြစ်ကြသည်။

အကြီးအကဲကူယွဲ့က ဒုတိယအမျိုးအစားထဲတွင် ပါဝင်သည်။

ပုံမှန်အခြေအနေမျိုးတွင် ထိုသို့လူများက ဂိုဏ်း၏ တန်ဖိုးထားခြင်း မခံရပေ။

သို့သော်လည်း ယခု အခြေအနေက ယခင်ကနှင့် မတူညီတော့ပေ။ ဂိုဏ်းအတွင်းမှ သန်မာသည့် လူများက အဝေးသို့ ရောက်ရှိနေကြလေရာ အကြီးအကဲကူယွဲ့ကဲ့သို့ စီနီယာများက ဂိုဏ်း၏ အခြေခံအုတ်မြစ်နှင့် အမွေအနှစ်များကို ကိုယ်စားပြုလာကြသည်။

အကယ်၍ အကြီးအကဲကူယွဲ့နှင့် ဓားကျင့်ကြံသူတစ်သောင်းကို ဆုံးရှုံးသွားမည်ဆိုလျှင် ယင်းက လင်းရှောင်ဓားဂိုဏ်းအတွက် ကြီးမားသော ထိုးနှက်မှုတစ်ခု ဖြစ်လာလိမ့်မည်။

ယင်းက ဂိုဏ်း၏ ဂုဏ်သိက္ခာအတွက်ဖြစ်စေ သို့မဟုတ် အင်အားအတွက်ဖြစ်စေ အလွန်ကြီးမားသော ကပ်ဘေးတစ်ခု ဖြစ်သည်။

“ ဂိုဏ်းသခင်လေး… ကျုပ်တို့ သွားကယ်ရအောင်… အကြီးအကဲကူယွဲ့က ကျုပ်တို့ဂိုဏ်းအတွက် စီနီယာတစ်ယောက်ဖြစ်ပြီး အင်မော်တယ်ဘုရင်ဖန်းမင်ရဲ့ ဆရာသခင်လည်း ဟုတ်ပါတယ် ”

မုတ်ဆိတ်ဖြူနေသော အကြီးအကဲက စိုးရိမ်တကြီး ပြောသည်။

အခြားတစ်ဖက်တွင် ဝတ်စုံနက်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် ဓားကျင့်ကြံသူတစ်ယောက်ကလည်း လေးနက်စွာ ပြောသည်။

“ ဂိုဏ်းသခင်လေး… အကြီးအကဲကူယွဲ့ကို ကျုပ်တို့ သေချာပေါက် ကယ်ရမယ် ”

ရင်ပြင်ပေါ်တွင် လူတိုင်း၏ အကြည့်များက ချန်းရှောင်တုံပေါ်သို့ ကျရောက်သွားသည်။

ချန်းရှောင်တုံက မည်သည့်စကားမှ မပြောဘဲ လက်မြှောက်လိုက်သည်။ ထိုအခါ ရွှေရောင်အလင်းလွှာတစ်ခုက ထွက်ပေါ်လာသည်။

ထိုအလင်းလွှာထဲတွင် တောင်တန်းအသွယ်သွယ်နှင့် တိမ်လွှာအထပ်ထပ်ကို ဖော်ပြနေသည်။

“ အဲ့ဒါက ခံတပ်တောင်ပဲ ”

“ အဲ့ဒီနေရာက ရှေးခေတ်ကာလတုန်းက လင်းရှောင်နယ်မြေရဲ့ တိုက်ပွဲမြေပြင်တစ်ခု ဖြစ်ခဲ့တယ် ”

ချန်းရှောင်တုံက လေးနက်သော အမူအရာဖြင့် အလင်းလွှာကို လက်ညှိုးညွှန်လိုက်သည်။

တခြားလူများ၏ အကြည့်က အလင်းလွှာပေါ်သို့ ကျရောက်သွားသည့်အခါ သူတို့၏ အမူအရာက ပြောင်းလဲသွားသည်။

ခံတပ်တောင်က တိုက်ခိုက်ရန် လွယ်ကူပြီး ခုခံကာကွယ်ရန် ခက်ခဲသည့်အတွက် နာမည်ကျော်ကြားသည်။ တောင်၏ နေရာတိုင်းမှာ ဝိညာဉ်စွမ်းအားနှင့် တခြားစွမ်းရည်များ၏ စူးစမ်းလေ့လာမှုကို တားဆီးနိုင်သော သဘာဝအကာအကွယ်များ ရှိသည်။ ယင်းက သဘာဝအလျောက် ဖွဲ့စည်းနေသော ဝင်္ကပါအစီအရင်တစ်ခုနှင့် ဆင်တူသည်။

အတိတ်မှာ ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်းက ထိုနေရာမှာ မဟာဂိုဏ်းကြီးတစ်ဂိုဏ်းကို ချောင်းမြောင်းလုပ်ကြံခဲ့ပြီး ၎င်း၏ လက်ရွေးစင်ဂိုဏ်းသားများကို ခံတပ်တောင်ပေါ်မှာ ချုပ်နှောင်ခဲ့သည်။ ထို့နောက် ရှေးဟောင်းဂိုဏ်းက ခံတပ်တောင်ကို ဗဟိုထား၍ မဟာဂိုဏ်းကြီးက စေလွှတ်လိုက်သော တပ်ကူများကို ဆက်ပြီး ချောင်းမြောင်းတိုက်ခိုက်ခဲ့သည်။

ရလဒ်အနေဖြင့် ထိုတိုက်ပွဲမှာ မဟာဂိုဏ်းကြီးက စေလွှတ်လိုက်သော အင်မော်တယ်ဘုရင်သုံးပါးက အသတ်ခံလိုက်ကြရပြီး ၎င်း၏ လက်ရွေးစင်ဂိုဏ်းသားအားလုံး သုတ်သင်ခံလိုက်ကြရသည်။ ထိုကိစ္စပြီးနောက် မဟာဂိုဏ်းကြီးက တဖြည်းဖြည်း အင်အားဆုတ်ယုတ်သွားပြီး အချိန်မြစ်ထဲမှာ နစ်မြုပ်သွားခဲ့သည်။

သို့ဖြစ်၍ ခံတပ်တောင်က လင်းရှောင်နယ်မြေအတွင်း တားမြစ်နယ်မြေတစ်ခု ဖြစ်လာခဲ့သည်။

“ ဂိုဏ်သခင်လေး… အဲ့ဒါက ခံတပ်တောင်ဖြစ်ရုံနဲ့ ကျုပ်တို့ သူတို့ကို မကယ်တော့ဘူးလား ”

အရပ်ရှည်ပြီး ခန္ဓာကိုယ်ပိန်ချုံးသော အမျိုးသားတစ်ယောက်က အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ချန်းရှောင်တုံကို ကြည့်လိုက်သည်။

“ ဟွန့်… ဂိုဏ်းသခင်လေးရဲ့ အကျင့်စရိုက်အရ သူက သွားကယ်မှာ မဟုတ်ဘူး… ဘာလို့ သူ့လိုလူက ဂိုဏ်းသခင်လေးဖြစ်နေတာလဲ ငါတကယ် မစဉ်းစားတတ်ဘူး ”

အထင်သေးရှုံ့ချသော အသံက တိုးညင်းစွာ ထွက်ပေါ်လာသည်။

ယင်းက ဤအခိုက်အတန့်မှာ ရင်ပြင်ပေါ်မှ လင်းရှောင်ဂိုဏ်းသားအားလုံး တွေးနေကြသောအရာ ဖြစ်သည်။

ဓားကျင့်ကြံသူများအနေဖြင့် သူတို့က အကြောက်အရွံ့မဲ့စွာ လုပ်ဆောင်သင့်ပေသည်။

ချန်းရှောင်တုံက ပြဿနာများကို ဖြေရှင်းရာတွင် တည်ငြိမ်သော်လည်း ဓားကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်သင့်သော ဖြောင့်မတ်မှုနှင့် တာဝန်ယူမှုကို သူ့ထံတွင် မမြင်ရပေ။

ထိုသို့လူတစ်ယောက်က လင်းရှောင်ဓားဂိုဏ်းကို ဦးဆောင်ရန် အမှန်တကယ် အရည်အချင်းရှိပါသလား။

ထို့ပြင် သူ့လိုလူက သူတို့၏ ယုံကြည်မှုကို ရရှိရန် ထိုက်တန်ပါသလား။

“ ကျုပ်ပြောချင်တာက ခံတပ်တောင်လို နေရာဆီ သွားမယ်ဆိုရင် ဂိုဏ်းသားတပည့် ထောင်သောင်းချီကို စေလွှတ်ရင်တောင် အချည်းနှီးပဲ ဖြစ်လိမ့်မယ် ”

ချန်းရှောင်တုံက ခေါင်းယမ်းလိုက်သည်။ သူက မထူးမခြားနား အမူအရာဖြင့် သူ့ဘေးမှာ ရပ်နေသော မုတ်ဆိတ်ဖြူအကြီးအကဲကို ကြည့်လိုက်သည်။

“ အကြီးအကဲကျူးလဲ့… ကျေးဇူးပြုပြီး ယုရှောင်ဓားကို ယူဆောင်ပြီး ကျုပ်နဲ့အတူ ခံတပ်တောင်ဆီ လိုက်ခဲ့ပေးပါ ”

ချန်းရှောင်တုံက ထိုသို့ပြောပြီးနောက် ခေါင်းလှည့်လိုက်ပြီး သူနှင့် မနီးမဝေးမှ စုရှင်းကို ကြည့်လိုက်သည်။

“ ညီအကိုစုရှင်း… ကျုပ်မရှိတဲ့အချိန် ကျုပ်ကိုယ်စား လင်းရှောင်ဓားဂိုဏ်းကို ကြီးကြပ်ပေးပါ ”

ချန်းရှောင်တုံ၏ စကားက လူတိုင်းကို အံ့ဩမင်သက်သွားစေသည်။

သူတို့က လူသွားကယ်မှာ မဟုတ်ပေဘူးလား။

အဘယ့်ကြောင့် လူကယ်ရန် နှစ်ယောက်တည်း သွားရသနည်း။

သူတို့ဆီမှာ ဂိုဏ်းရတနာဖြစ်သော ယုရှောင်ဓားရှိနေလျှင်ပင် ထိုသို့အစွမ်းထက်ဓားကို အသုံးပြုရန် ထိပ်တန်းကျွမ်းကျင်သူများကို လိုအပ်ပေသည်။ အကြီးအကဲကျူးလဲ့ဖြစ်စေ သို့မဟုတ် ဂိုဏ်းသခင်လေးချန်းရှောင်တုံဖြစ်စေ သူတို့က ယုရှောင်ဓား၏ အစွမ်းအများကြီးကို မထုတ်လွှတ်နိုင်ကြပေ။

ဖြစ်နိုင်သည်မှာ ဂိုဏ်းသခင်လေးက လူကယ်ရန် ဆန္ဒမရှိခြင်းလော။

သို့သော်လည်း…

အကယ်၍ ဂိုဏ်းသခင်လေးမှာ အစကတည်းက လူကယ်ရန် ဆန္ဒမရှိလျှင် အဘယ့်ကြောင့် သူကိုယ်တိုင် ခံတပ်တောင်ဆီသို့ သွားမည်နည်း။

သို့ဖြစ်၍ ဂိုဏ်းသခင်လေး၏ စိတ်သဘောထားကို မေးခွန်းထုတ်ရန် မလိုပေ။

“ ဂိုဏ်းသခင်လေး… ကျွန်တော်လည်း လိုက်ခဲ့မယ် ”

ရင်ပြင်ပေါ်မှ တစ်စုံတစ်ယောက်က ရုတ်တရက် ပြောသည်။

“ ကျွန်တော်ရောပဲ ”

အခြားတစ်ယောက်က ထအော်လိုက်သည်။

“ ကျွန်တော်ရော… ”

ချန်းရှောင်တုံက ခေါင်းလှည့်လိုက်ပြီး အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။

“ မင်းတို့လား… မင်းတို့ထဲက ဘယ်သူက ခံတပ်တောင်ကို ထိုးဖောက်နိုင်ပြီး အကြီးအကဲကူယွဲ့နဲ့ တခြားလူတွေကို ကယ်တင်ပေးနိုင်လို့လဲ ”

သူ၏ စကားက လူတိုင်းကို တောင့်တင်းသွားစေသည်။

အစောနက စိတ်အားထက်သန်စွာ အော်ပြောခဲ့ကြသော လူများက ရှက်ရွံ့မှုကြောင့် မျက်နှာနီမြန်းသွားကြသည်။

“ ဒါပေမဲ့ မင်းတို့နှစ်ယောက်တည်းဆိုရင်… ”

“ ငါတို့နှစ်ယောက်တည်းလို့ ဘယ်သူပြောလဲ ”

ချန်းရှောင်တုံက တစ်ဖက်လူ၏ စကားမဆုံးခင်မှာ ကြားဖြတ်ပြောသည်။

သူက မျက်လုံးမှေးကျဉ်းလိုက်လေရာ စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ငါတို့ဂိုဏ်းထဲမှာ ဧည့်ခေါင်းဆောင်ရှိသေးတာကို မင်းတို့မေ့နေပြီလား ”

ထိုအခိုက်အတန့်မှာ ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ဧည့်ခေါင်းဆောင်လား… ။

အလွန်ကြောက်စရာကောင်းသည့် သွေးချီစွမ်းအားကို ပိုင်ဆိုင်ထားသည့် ထိုဓားကျင့်ကြံသူလား။

ထိုဧည့်ခေါင်းဆောင်က လင်းရှောင်တောင်ပေါ်သို့ ရောက်လာပြီးကတည်းက တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားခဲ့လေရာ လူအများစုက သူ၏ တည်ရှိမှုကို မေ့လျော့နေကြပြီ ဖြစ်သည်။

“ အကြီးအကဲကျူးလဲ့က ယုရှောင်ဓားကို သွားယူပါ… ကျုပ်ကတော့ ဧည့်ခေါင်းဆောင်ဟန်ဆီ အလည်သွားမယ် ”

ချန်းရှောင်တုံသည် စကားဆုံးသည်နှင့် ခန္ဓာကိုယ်တစ်ချက် ရွေ့လျားလိုက်သည်။ သူ၏ အလျင်က အလွန်မြန်ဆန်လေရာ မကြာမီ သူ၏ ပုံရိပ်က အဝေးမှ ခန်းဆောင်တစ်ခု၏ တံခါးအရှေ့မှာ ထွက်ပေါ်လာသည်။

ရင်ပြင်ပေါ်တွင် လူတိုင်းက စိတ်ရှုပ်ထွေးသွားကြသည်။

ဂိုဏ်းသခင်လေးက ထိုဧည့်ခေါင်းဆောင်ထံမှ အကူအညီကို တောင်းခံနိုင်မည်လော။ ထို့ပြင် အကယ်၍ အကြီးအကဲဟန်က လိုက်မည်ဆိုလျှင်ရော သူတို့သုံးယောက်တည်းဖြင့် ခံတပ်တောင်ပေါ်မှ အကြီးအကဲကူယွဲ့နှင့် တခြားလူများကို ကယ်တင်နိုင်မည်လော သူတို့မသိကြပေ။

ခန်းဆောင်ထဲမှာ တင်ပျဉ်ခွေထိုင်နေသော ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်သည်။

သူ၏ ဘေးပတ်ပတ်လည်တွင် နဂါးအကြေးခွံများအဖြစ် အသွင်ပြောင်းလဲနေသော သူ၏ သွေးအနှစ်သာရစွမ်းအားက ဖြည်းညင်းစွာ လွင့်ပြယ်သွားသည်။

သူ၏ မျက်လုံးထဲမှ ရွှေရောင်အလင်းစီးကြောင်းများက တဖြည်းဖြည်း ငြိမ်သက်သွားသည်။

မနီးမဝေးမှာ ရပ်နေသော ဟွင်းသွမ်း၏ ပုံရိပ်က ရုတ်တရက် လှုပ်ရှားသွားပြီး လေဟာနယ်ထဲသို့ ဝင်ရောက်သွားသည်။

အချိန်နှင့် လေဟာနယ်ကို ထိန်းချုပ်နိုင်သော နတ်သားရဲတစ်ကောင်အနေဖြင့် ၎င်း၏ တည်ရှိမှုကို ဤအဆင့်နိမ့်နယ်မြေများမှ သက်ရှိများက အာရုံမခံနိုင်ကြချေ။

“ အထဲဝင်လာခဲ့ ”

ဟန်မူယဲ့က လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည့်အခါ ခန်းဆောင်တံခါးက ပွင့်သွားသည်။

ချန်းရှောင်တုံက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခန်းဆောင်ထဲသို့ ရဲဝံ့စွာ ဝင်ရောက်သွားသည်။

“ အကြီးအကဲဟန်… လင်းရှောင်ဓားဂိုဏ်းက အခု အခက်အခဲဖြစ်နေပါတယ်… ခင်ဗျားဆီက အကူအညီကို ကျုပ်လိုအပ်ပါတယ် ”

ချန်းရှောင်တုံက လက်နှစ်ဖက်ဆုပ်ဂါရဝပြု၍ ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။ ထို့နောက် သူက ခါးမတ်လိုက်ပြီး ရိုသေစွာ ပြောသည်။

“ တကယ်လို့ အကြီးအကဲဟန် တစ်ခုခုဆန္ဒရှိမယ်ဆိုရင် ကျုပ်ရဲ့ လင်းရှောင်ဓားဂိုဏ်းက အဲ့ဒါကို ဖြည့်ဆည်းဖို့ အစွမ်းကုန် ကူညီပေးပါ့မယ် ”

ဟန်မူယဲ့က ချန်းရှောင်တုံကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ပြောသည်။

“ ငါဘာလိုချင်လဲ မင်းပြောကြည့်စမ်း ”

ချန်းရှောင်တုံက ခေါင်းမော့လိုက်ပြီး ဟန်မူယဲ့နှင့် အကြည့်ချင်းဆုံလိုက်သည်။

“ အကြီးအကဲဟန်လိုချင်တာက ကောင်းကင်ပုတီးစေ့တွေနဲ့ အထက်နယ်မြေကို တတ်လှမ်းဖို့ပါ ”

“ ဒါပေါ့… အကြီးအကဲဟန်လို ပုဂ္ဂိုလ်မျိုးက အထက်နယ်မြေဆီ သာမန်နည်းလမ်းတွေနဲ့ တတ်လှမ်းဖို့ စိတ်ဝင်စားမှာ မဟုတ်ပါဘူး ”

စူးရှသော အလင်းတန်းတစ်ခုက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားစဉ် ချန်းရှောင်တုံက ရိုသေလေးစားစွာ ဆက်ပြောသည်။

“ ကုန်းမြေတစ်ခုကို ထိန်းချုပ်ပြီး အထက်နယ်မြေဆီ တတ်လှမ်းတာက ကိန်းကြီးခန်းကြီး လုပ်ဆောင်မှုတစ်ခုပါ… အဲ့ဒါက မရေမတွက်နိုင်တဲ့ ကောင်းကင်ပုတီးစေ့တွေကိုလည်း ရရှိစေပါလိမ့်မယ်… ကျွန်တော့်အမြင်မှာ အဲ့ဒါက အကြီးအကဲဟန် လိုချင်တဲ့အရာပါ ”

သာမန်ကျင့်ကြံသူများအတွက်တော့ အကယ်၍ သူတို့ဆီမှာ ကောင်းကင်ပုတီးစေ့များရှိပြီး သူတို့၏ ခွန်အားကို အထက်နယ်မြေက အသိအမှတ်ပြုသည်ဆိုလျှင် သူတို့က အထက်နယ်မြေဆီသို့ တတ်လှမ်းနိုင်ကြလိမ့်မည်။

သို့သော်လည်း အစွမ်းထက် ကျွမ်းကျင်သူများသည်တော့ သူတို့က အင်အားစုများ၊ ကြွယ်ဝချမ်းသာမှုနှင့် အရင်းအမြစ်များကို ထိန်းချုပ်ပြီး ဆက်တိုက် အဆင့်တတ်လှမ်းချင်ကြသည်။ ယင်းက သူတို့ရှာဖွေနေသောအရာ ဖြစ်သည်။

သူ၏ အရှေ့မှ ချန်းရှောင်တုံကို စိုက်ကြည့်နေစဉ် ဟန်မူယဲ့၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။

ထိုလူမှာ ကြီးပွားတိုးတတ်လိုစိတ် ရှိသည်။

ယင်းက ကောင်းသည့်အရာ ဖြစ်သည်။

ချန်းရှောင်တုံက ကြီးပွားတိုးတတ်လိုစိတ်ကို ရိုးရှင်းသော သူ၏ အပြင်ပန်းအမူအရာအောက်မှာ ဖုံးကွယ်ထားသည်။

ဟန်မူယဲ့က ထိုသို့လူအများကြီးကို မြင်ဖူးသည်။ သူက ထိုသို့လူများကို လေ့ကျင့်ပေးဖူးသည်။

ဥပမာ ဟယ်ယန်စွန်းနှင့် ရှုကျီ ဖြစ်သည်။

ကြီးပွားတိုးတတ်လိုစိတ်သည် ခွန်အား၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

“ ဒါဆိုရင် မင်းဘာလို့ ငါ့ကို ရှာတာလဲ ”

ဟန်မူယဲ့က ချန်းရှောင်တုံ၏ စကားကို မငြင်းပေ။ ယင်းအစား သူက ချန်းရှောင်တုံကို ကြည့်လိုက်ပြီး မေးသည်။

ချန်းရှောင်တုံက တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက် သူက တိုးညင်းစွာ ပြောသည်။

“ တကယ်လို့ အကြီးအကဲဟန် အထက်နယ်မြေဆီ သွားတဲ့အခါ ကျုပ်လိုက်ခွင့်ရမယ်ဆိုရင် လင်းရှောင်ဓားဂိုဏ်းကိုလည်း ခေါ်သွားချင်ပါတယ်… ”

ဒီကောင်လေးက ဉာဏ်များဖို့ ကြိုးစားနေတာပဲ… ။

သို့သော် ဟန်မူယဲ့က စိတ်မဆိုးချေ။

ချန်းရှောင်တုံက ဉာဏ်ကောင်းသည်။ သူက အလုံလောက် မသန်မာသော်လည်း တိုးတတ်ကြီးပွားလိုစိတ်ကို ဖုံးကွယ်ထားနိုင်သည်။

ဟန်မူယဲ့က ထိုသို့ဉာဏ်ကောင်းသူများဖြင့် ပူးပေါင်းလုပ်ဆောင်ချင်သည်။

“ သွားကြစို့ ”

ဟန်မူယဲ့က မတ်တတ်ရပ်လိုက်သည်။

ချန်းရှောင်တုံက အစတွင် အံ့ဩသွားသည်။ ထို့နောက် သူ၏ မျက်နှာက ဝမ်းသာပျော်ရွှင်မှုကြောင့် ဝင်းပသွားသည်။

All Chapters