ဘေးဒုက္ခရောက်ရှိလာခြင်း
Vol. 169 Ch. 2413
မျက်မမြင်ချန်သည် မလှုပ်ရှားခဲ့ပေ။ သူသည် ထိုနေရာတွင်ရပ်နေပြီး သူ၏လက်ထဲရှိ တုတ်ကောက်ကို အားပြုထားလေသည်။
ချန်ယိသည်လည်း မလှုပ်ရှားခဲ့ချေ။ သူသည် ရှေ့သို့လျှောက်လာကာ စံအိမ်အိုကြီး၏အစွန်းတွင် ရပ်နေသော လင်းရှီကိုသာ ခေါင်းမော့၍ ကြည့်လိုက်သည်။ သူမအနောက်ရှိ ကောင်းကင်ပေါ်တွင် အရည်အချင်းရှိသော လင်းမိသားစုမှ ကျင့်ကြံသူများရှိနေလေသည်။
ရီဖူရှင်းနှင့် အခြားသူများသည်လည်း ရပ်တန့်ကာ အရှေ့သို့ အာရုံစိုက်၍ ကြည့်နေသည်။
ထိုဖိအားများရှိနေသော နေရာတွင် ဓားဝိညာဉ်စွမ်းအားများသည် မျက်စိဖြင့်မမြင်နိုင်အောင် ကွယ်ပျောက်သွားပြီး မျက်မမြင်ချန်နှင့် အခြားသူများအထက်တွင် ဝဲနေလေသည်။ လူတိုင်းသည် မျက်မမြင်ချန်နှင့် လင်းရှီတို့ကို အာရုံစိုက်ထားကြသည်။ သူမ အမှန်ပင် တစ်စုံတစ်ခု ပြုလုပ်ပေမည်လောဟု သူတို့တွေးမိနေသည်။
အကယ်၍ လင်းရှီသာ လှုပ်ရှားခဲ့လျှင် ရလာဒ်သည် မည်သို့ဖြစ်မည်နည်း။
မျက်မမြင်ချန်၏ ခန့်မှန်းချက်သည် ရှေ့ဖြစ်ဟောကိန်းဟုတ်၊ မဟုတ်ကို မည်သူမှမသိပေ။
လင်းခုန်းသည်လည်း ကြည့်နေလေသည်။ ထိုအချိန်ထိ သူသည် လင်းရှီကို မတားလိုက်သေးပေ။ သို့သော် သူ၏ခန္ဓာကိုယ်မှနေ၍ မဟာလမ်းစဉ်၏အရှိန်အဝါများ ထွက်ပေါ်နေပြီး ထိုနေရာကို သူ၏ကောင်းကင်အသိစိတ်က လွှမ်းခြုံနေလေသည်။ သူသည် အချိန်မရွေးလှုပ်ရှားနိုင်သည်ဟု ယုံကြည်မှုရှိနေပေသည်။
သူတို့ကဲ့သို့ ကျင့်ကြံခြင်းအဆင့်ရှိသည့် ကျင့်ကြံသူများအနေဖြင့် ထိုနေရာသည် လွန်စွာကျဉ်းမြောင်းပေသည်။ သူတို့သည် ထိုနေရာတစ်ခုလုံးကို အတွေးတစ်ချက်ဖြင့် အလွယ်တကူလွှမ်းခြုံနိုင်ပြီး ဘက်ပေါင်းစုံမှ တိုက်ခိုက်နိုင်ကာ ထိုနေရာတစ်ခုလုံးကို မြေလှန်ပစ်နိုင်လေသည်။
“အဲ့လိုဆိုလည်း ဒါကို မြည်းကြည့်လိုက်”
လင်းရှီ ပြောလိုက်သည်။
သူမ၏အသံသည် အထက်စီးဆန်ကာ အေးစက်စက်နိုင်ပေသည်။ သူမ၏အသံတိုးသွားသောအခါ မမြင်နိုင်သော ဓားဝိညာဉ်စွမ်းအားတစ်ခုသည် မျက်မမြင်ချန်ဆီသို့ ဦးတည်သွားလိုက်သည်။ ထိုမမြင်နိုင်သော ဓားဝိညာဉ်စွမ်းအားသည် လေထုထဲတွင် ဖြတ်သန်းသွားသည်ကို သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။ မည်သို့ပင်ဆိုစေကာမူ ဓားဝိညာဉ်စွမ်းအား၏တည်ရှိမှုသည် အစစ်အမှန်ပင်ဖြစ်လေသည်။
နောက်ဆုံးတွင် လင်းရှီသည် လှုပ်ရှားခဲ့ပေပြီ။ သူမသည် စမ်းသပ်ကြည့်လိုသည့် ခံစားချက်ကို မအောင့်အည်းထားနိုင်တော့ချေ။ သူမ၏ရှေ့မှလူသည် လျှို့ဝှက်ဆန်းကြယ်သော မျက်မမြင်ချန်ဖြစ်သော်လည်း သူမထံတွင် သံသယများရှိနေသေးပေသည်။
ယနေ့တွင် သူမသည် ထိုမျက်မမြင်ကြီးသည် လူအားလုံးကို တစ်ချိန်လုံး လှည့်ဖျားခဲ့ခြင်းဟုတ်၊ မဟုတ်ကို အပြီးအပြတ် စစ်ဆေးလိုနေသည်။
သို့သော် လင်းရှီစတင်လှုပ်ရှားလိုက်ချိန်တွင် သူမသည် အလင်းတန်းတစ်ခုကို မြင်လိုက်ရလေသည်။ ထိုအလင်းသည် မျက်မမြင်ချန်၏ဘေးမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး လူအားလုံးကို မျက်စိကျိန်းသွားစေသည်။ ထိုအခိုက်တွင် သူမသည် မျက်လုံးမဖွင့်နိုင်ဖြစ်နေသဖြင့် မျက်လုံးတင်းတင်းပိတ်ထားရလေသည်။ တစ်လောကလုံးသည် အရာအားလုံးကို ၎င်းအတွင်းသို့ နှစ်မြှုပ်ပစ်နေသည့် အလင်းလောကကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟုပင် သူမ ခံစားနေရ၏။ သူမသည် အလင်းမှလွဲ၍ အခြားမည်သည့်အရာကိုမှ မမြင်ရပေ။
ထိုအခိုက်တွင် အချိန်သည် နှေးကွေးသွားသကဲ့သို့ပင်။ လင်းရှီသည် ရုတ်တရက် သေခြင်းတရား၏ အငွေ့အသက်ကို ခံစားလိုက်ရသည်။ ထိုအချိန်၌ သူမ၏ ခေါင်းထဲတွင် မရေမတွက်နိုင်သော အတွေးများပေါ်လာပြီး အော်သံတစ်ခုကို ကြားလိုက်ရသည်။
“နောက်ဆုတ်”
အသံက ပြောလိုက်သည်။
သူမ ထိုအသံကိုကြားလိုက်သော်လည်း ပြန်တုံ့ပြန်ရန် အချိန်မရှိခဲ့ပေ။ လင်းရှီ၏လောကအတွင်းတွင် အလင်းများသာရှိနေပေသည်။ အလင်းသည် သူမ၏လောကတစ်ခုလုံးကို လွှမ်းခြုံနေပြီး သူမ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အပါအဝင်အရာအားလုံးကို ဝါးမျိုလိုက်သည်။
ထိုအခိုက်တွင် သူမရှုံးသွားပြီဖြစ်ကြောင်း သူမသိသွားလေတော့သည်။
မျက်မမြင်ချန်၏ “ရှေ့ဖြစ်ဟောကိန်း”သည် မှန်ကန်ခဲ့ပေပြီ။
လင်းရှီ၏ခန္ဓာကိုယ်သည် အလင်းများအောက်တွင် ကြေမွပျက်ဆီးသွားပြီး ရုတ်ခြည်းအတွင်းမှာပင် မရေမတွက်နိုင်သော အလင်းစက်၊ အလင်းပြောက်များအဖြစ် ပြောင်းလဲသွားပေသည်။ သူမသည် မည်သည့်အခါကမှ မတည်ရှိခဲ့သကဲ့သို့ ပျောက်ကွယ်သွားသည်။ သူမအနောက်ရှိ ကျင့်ကြံသူများသည် သူမကို အချိန်မီမကယ်ဆယ်လိုက်နိုင်ရုံသာမက ကယ်ဆယ်ရန် နည်းလမ်းလည်းမရှိပေ။ ထိုအခိုက်မှာပင် အလင်းများသည် သူတို့၏မြင်ကွင်းများကို ထွင်းဖောက်ဝင်ရောက်လာပြီး အရာအားလုံးကို လွှမ်းခြုံသွားလေသည်။
သူတို့သည် ပြင်ပလောကကို ရှင်းရှင်းလင်းလင်းမြင်နိုင်သွားသောအခါတွင် လင်းရှီ၏ခန္ဓာကိုယ်သည် သူတို့မျက်စိရှေ့မှာပင် အလင်းအစက်အပြောက်များအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
လင်းရှီရှိနေခဲ့သောနေရာတွင် လူတစ်ယောက်ပေါ်လာသည်။ ထိုသူကား လင်းခုန်းပင်။ သူသည် လက်ဆန့်တန်း၍ တစ်စုံတစ်ခုကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သော်လည်း အလင်းစက်များသည် သူ၏လက်ဖဝါးအတွင်းတွင် အငွေ့ပျံကာ သူဖမ်းဆုပ်ထားသည်မှ လွတ်မြောက်သွားလေသည်။ သူသည် မည်သည့်အရာဖြစ်လာသည်ဖြစ်စေ တုံ့ပြန်နိုင်လိမ့်မည်ဟု တွေးထားခဲ့သည်။
သို့သော် ဖြစ်ပျက်သွားသောအရာသည် ရက်စက်လွန်းလှပေသည်။ တုံ့ပြန်မှုသည် မည်မျှလျင်မြန်စေကာမူ အလင်းစွမ်းအားထက် ပို၍မလျင်မြန်နိုင်ပေ။ အလင်းအောက်တွင် လင်းရှီသည် ယခင်ကတည်း အမှုန်များ၊ အခိုးအငွေ့များဖြစ်ခဲ့သကဲ့သို့ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူသည် ထိုအရာကို မည်ကဲ့သို့ တားဆီးနိုင်မည်နည်း။
ထိုကဲ့သို့နီးကပ်သော အကွာအဝေးတွင် အလင်းသည် သူတို့အပေါ်သို့ ရုတ်ခြည်းကျရောက်လာရာ သူသည် လွန်စွာနှေးကွေးသကဲ့သို့ ဖြစ်ခဲ့ရပေသည်။ သူလုပ်နိုင်ခဲ့သောအရာမှာ သူ၏သမီး သူ့မျက်လုံးရှေ့တွင် ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့ရခြင်းသာဖြစ်သည်။
ဖြစ်ပျက်သွားသောအရာသည် မျက်မမြင်ချန် ရှေ့ဖြစ်ဟောထားသကဲ့သို့သာဖြစ်သည်။ ထိုအရာသည် သေရမည့်ဘေးဒုက္ခဖြစ်လေသည်။
“အလင်းစွမ်းအား...”
ကျင့်ကြံသူများအားလုံး ရင်တုန်ပန်းတုန်ဖြစ်သွားကြ၏။ သူတို့အားလုံးသည် အလင်းထုတ်လွှတ်လိုက်သော လူကို ကြည့်လိုက်ကြသည်။ ထိူလူသည် မျက်မမြင်ကြီးမဟုတ်ဘဲ သူ့ဘေးမှ လူငယ်လေးဆီမှ ဖြစ်သည်။
ထိုလူငယ်၏ရုပ်သွင်သည် အခံ့ညားဆုံးဟု မဆိုနိုင်သော်လည်း ထိုအခိုက်တွင် သူ၏ကိုယ်ပေါ်တွင် အလင်းတစ်ခုသည် တလက်လက်တောက်ပေနေလေသည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက မျက်မမြင်ချန် ပြုစုပျိုးထောင်ခဲ့သော လူငယ်လေးချန်ယိပြန်ရောက်လာပေပြီ။ သူသည် အလင်းခန္ဓာရှိပြီး သူ၏ကျင့်ကြံခြင်းအဆင့်သည် မြင့်မားပေသည်။ ထိုအရှိန်အဝါသည် ရန်ဟောင်အဆင့်ရှစ်ရှိသူ၏အရှိန်အဝါဖြစ်ပြီး ရန်ဟောင်အထွတ်အထိပ်အဆင့်ရောက်ရန် တစ်ဆင့်သာလိုတော့ပေသည်။
သူနှင့် အပျက်အစီးများရှိရာနေရာတွင် စကားများခဲ့သော လင်းမိသားစုမှ ကျင့်ကြံသူများသည် ထိုအခိုက်တွင် လွန်စွာစိုးရိမ်သွားကြသည်။ ထိုအချိန်ကသာ သူတို့သည် သူနှင့်တိုက်ခိုက်ခဲ့ပါက သူတို့သည် ယခုအခါတွင် ပျောက်ကွယ်သွားလောက်ပေပြီ။
သို့သော် ယခုတွင် သူသည် လင်းရှီကို သတ်ခဲ့ပေပြီ။
“လင်းမိသားစုရဲ့ ကလန်ခေါင်းဆောင်က ငါပြောထားတဲ့ ရှေ့ဖြစ်ဟောကိန်းကို ယုံပြီလား”
မျက်မြင်ချန်က ထိုသို့ပြောလိုက်ရာ လင်းခုန်းသည် သူ့ကိုလှည့်ကြည့်လိုက်သည်။
‘ရှေ့ဖြစ်လောတာဟုတ်လား... သူက ဒါကို ရှေ့ဖြစ်ဟောတယ်လို့ ဆိုလိုတာလား’
ထိုအရာသည် ရှေ့ဖြစ်ဟောခြင်းပင် ဖြစ်လေသည်။
သူသည် မဖြစ်ပျက်ခဲ့သေးသော အဖြစ်အပျက်တစ်ခုကို ခန့်မှန်းခဲ့သည်။ သို့သော် သူ့ဘေးမှလူငယ်လေးသည် ထိုခန့်မှန်းချက်ကို အမှန်တရားဖြစ်အောင် လုပ်မည်၊ မလုပ်မည်ကို ဆုံးဖြတ်ခဲ့လေသည်။ အမှန်တွင် လင်းရှိနှင့် လင်းမိသားစုမှ ကျင့်ကြံသူများတွင် ရွေးချယ်စရာရှိခဲ့သည်။ လင်းခုန်းသည် လင်းရှီကို အချိန်မီတားခဲ့နိုင်သည်။ သို့မဟုတ် လင်းရှီသည် မတိုက်ခိုက်ဘဲ ထွက်သွားနိုင်သည်။
ထိုသို့ဆိုလျှင် သူ၏ခန့်မှန်းမှုသည် ကျရှုံးသွားပေမည်လော။
သို့သော် ယခုတွင် “အကယ်၍” ဆိုသည်မှာ မရှိတော့ပေ။ ကျန်ရှိခဲ့သောအမှန်တရားမှာ သူ၏ခန့်မှန်းမှုသည် အမှန်ဖြစ်လာပြီး လင်းရှီသေသွားခဲ့ပြီဟူသောအချက်သာ ဖြစ်လေသည်။
လင်းခုန်းသည် ရင်ထဲတွင် ပူဆွေးမှုများ၊ ဒေါသများကို မျိုသိပ်ထားရင်း ချန်ယိကိုကြည့်လိုက်သည်။ ထိုအခိုက်တွင် သူသည် ဒေါသမပေါက်ကွဲသေးဘဲ သူ၏တည်ငြိမ်မှုကိုထိန်းထားနိုင်လေသေးသည်။ သူသည် သူ၏အံ့ဩဖွယ် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှုကို ဖော်ပြနေပေသည်။
“ဘိုးဘိုးရဲ့ ဂုဏ်သတင်းက တကယ့်ကိုထိုက်တန်ပါတယ်... ဘိုးဘိုးရဲ့တပည့်တောင် ဒီလောက် ထူးချွန်တာပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ ရန်ဟောင်အဆင့်ရှစ်တောင်ရောက်နေပြီ”
လင်းခုန်းပြောလိုက်သည်။ သူသည် လက်တုံ့မပြန်လိုက်သည့်အပြင် စိတ်ကိုတည်တည်ငြိမ်ငြိမ်ထား၍ ချီးကျူးလိုက်ပေသေးသည်။
သို့သော် သူလက်တုံ့မပြန်ရသည့်အကြောင်းအရင်းမှာ အကြောက်တရားကြောင့်ဖြစ်ပေသည်။
မျက်မမြင်ချန်သင်ကြားပေးခဲ့သောသူသည် ရန်ဟောင်အဆင့်ရှစ်သို့ ရောက်နေပေပြီ။ ထိုသို့ဆိုလျှင် မျက်မမြင်ချန်သည် မည်သည့်အဆင့်တွင်ရှိနေပေမည်နည်း။ သူသည် မျက်မမြင် မသန်မစွမ်း အဘိုးကြီးတစ်ဦးပေလော။
မျက်မမြင်ချန်၏ကျင့်ကြံခြင်းအဆင့်သည် ထိုလူငယ်ထက် မြင့်ပေသလော။ အကယ်၍ လင်းခုန်းသာ တိုက်ခိုက်ခဲ့လျှင် ရလာဒ်သည် လင်းရှီ၏ကံကြမ္မာနှင့် ကွာခြားမှုမရှိနိုင်ပေ။ ထို့ကြောင့် သူသည် မဆင်မခြင် မပြုဝံ့ပေ။
“သူက ငါ့တပည့်မဟုတ်ပါဘူး”
မျက်မမြင်ချန် ပြန်ပြောလိုက်သည်။
“သူက ဘိုးဘိုးရဲ့ တပည့်ဟုတ်ဟုတ်၊ မဟုတ်ဟုတ် သူ ဒီအလင်းစွမ်းအားကို ဘိုးဘိုးဆီက ရခဲ့တာပဲဖြစ်မှာပါ”
လင်းခုန်းသည် ပရိယာယ်ကြွယ်ကြွယ်ပြောလိုက်သည်။
“မင်းက ငါ့ခေါင်မိုးပေါ်မှာ ဆက်ရပ်နေပြီး ဘာလုပ်နေတာလဲ”
မျက်မမြင်ချန်သည် သူ့ကိုပြန်မဖြေလိုက်ရုံသာမက ညင်သာစွာ အမိန့်ပေးလိုက်လေသည်။ လင်းခုန်း တွေဝေသွား၏။ သူရှေ့သို့ကြည့်လိုက်ရာ မျက်မမြင်ချန်သည် စံအိမ်အိုကြီးဆီသို့ တုတ်ကောက်ဖြင့် လျှောက်လာသည်ကို တွေ့လိုက်ရ၏။ မျက်မမြင်ချန်သည် သူထံသို့ လျှောက်လာပေပြီ။
လင်းခုန်းထံမှ မဟာလမ်းစဉ်အရှိန်အဝါသည် ထိုနေရာကိုလွှမ်းခြုံသွား၏။ ထိုအရှိန်အဝါသည် လွန်စွာဖိအားများသည်ဟု ဆိုနိုင်ပေသည်။
သို့သော် မျက်မမြင်ချန်သည် ထိုဖိအားကို မခံရသကဲ့သို့ ရှေ့သို့ဖြည်းဖြည်းချင်းလျှောက်ကာ စံအိမ်အိုကြီးဆီသို့ ခြေတစ်လှမ်းချင်းတိုးလာလေသည်။ ထိုအခိုက်တွင် ချန်ယိသည် စံအိမ်အိုကြီးပေါ်တွင် ရပ်နေသော လင်းခုန်းကိုသာ အာရုံစိုက်ထားသည်။
ထိုနေရာမှကျင့်ကြံသူများသည် ချန်ယိ၏အစွမ်းကို အံ့အားသင့်နေသည့်အပြင် ရီဖူရှင်းနှင့် သူ့လူများသည် မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း သိလိုနေကြသည်။
ချန်ယိသည် မျက်မမြင်အိုကြီး ပြုစုပျိုးထောင်ခဲ့သော လူငယ်လေးဖြစ်ပြီး နှစ်ပေါင်းများစွာကြာပြီးနောက် အံ့မခန်းစွမ်းအားများဖြင့် မဟာအလင်းမြို့တော်သို့ ပြန်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ရီဖူရှင်းနှင့် အခြားသူများသည် မည်သူများဖြစ်ကြသနည်း။
ရီဖူရှင်းနှင့် အခြားသူများသည် မျက်မမြင်အိုကြီးကို သူ၏စံအိမ်အိုကြီးအတွင်းမှထွက်ကာ လူကိုယ်တိုင်ကြိုဆိုစေခဲ့သည့် တစ်စုတည်းသော ဂုဏ်သရေရှိ ဧည့်သည်များဖြစ်လေသည်။
သူတို့ကို ချန်ယိက ဖိတ်ခေါ်လာခဲ့လေသလော။
ထိုသို့ဆိုလျှင် သူတို့၏ကျင့်ကြံခြင်းအဆင့်သည် မည်သည့်အဆင့်ဖြစ်သနည်း။ ထို့ပြင် သူတို့သည် အလင်းဘုံကျောင်းနှင့် မည်သို့ဆက်နွယ်မှုရှိသနည်း။
ထိုမေးခွန်းများသည် သူတို့၏ရင်ထဲတွင် တောက်လောင်နေသည်။ သို့သော် မျက်မမြင်ချန်သည် သူတို့လိုချင်သော အဖြေများကို ပေးမည့်ပုံမပေါ်ပေ။
ချန်ယိကိုယ်ပေါ်တွင် အလင်းများတောက်ပနေဆဲဖြစ်ပြီး ထိုအလင်းများသည် လင်းခုန်းဆီသို့ ဦးတည်ထွက်သွားလေသည်။ လင်းခုန်းသည် အတွေးတစ်ချက်စာအတွင်း လှုပ်ရှားနိုင်ပြီး ချန်ယိသည်လည်း ထိုသို့ပြုလုပ်နိုင်ပေသည်။ ထိုကဲ့သို့ နီးကပ်သောအကွာအဝေးတွင် တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါက မည်သို့ဖြစ်လာမည်ကို မည်သူမှ မခန့်မှန်းနိုင်ချေ။ မကြာသေးခင်က လင်းရှီသည် သူမလုပ်ချင်သည်ကို အတင်းလုပ်ခဲ့သည်။ ထို့ကြောင့် သူမသေခဲ့ရသည်။ လင်းခုန်းသည်မူ လင်းမိသားစု၏ကလန်ခေါင်းဆောင်ဖြစ်လေရာ သူမည်သို့လုပ်မည်နည်း။
စံအိမ်အိုကြီး၏ ပတ်ဝန်းကျင်မှ လူအားလုံး၏မျက်လုံးများသည် လင်းခုန်းကိုသာ ကြည့်နေကြသည်။
အကယ်၍ သူသာနောက်မဆုတ်ခဲ့လျှင် မည်သို့ဖြစ်လာမည်နည်း။
မြေပြင်နှင့် တုတ်ကောက်ထိခတ်သောအသံကို ကျယ်လောင်ပြတ်သားစွာ ကြားရပေသည်။ မျက်မမြင်ချန်သည် စံအိမ်အိုကြီးနှင့် နီးကပ်လာပေပြီ။ နောက်ဆုံးတွင် လင်းခုန်းပြောလိုက်လေသည်။
“သွားစို့”
သူ၏အသံပျောက်ကွယ်သွားသောအခါ လင်းခုန်းသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး အဝေးမှ လင်းမိသားစု၏ ကျင့်ကြံသူများကို လှမ်းပြောလိုက်သည်။
သူတို့ထွက်ခွာသွားပြီးနောက် မျက်မမြင်ချန်သည် စံအိမ်အိုကြီးအတွင်းသို့ ဝင်ကာ တံခါးပိတ်လိုက်သည်။ ရီဖူရှင်းနှင့် အခြားသူများသည်လည်း မြင်ကွင်းမှ ပျောက်ကွယ်သွားလေတော့သည်။
သို့သော် မည်သူမှ ထွက်မသွားကြဘဲ အဝေးတွင်သာ တိတ်တဆိတ်ရပ်နေကြသည်။ လင်းရှီသေဆုံးသွားပြီဖြစ်၍ လင်းမိသားစု၏ ခေါင်းဆောင်ဖြစ်သော လင်းခုန်းသည် ထိုကိစ္စကို အလွယ်တကူ မျက်နှာလွှဲသွားမည်မဟုတ်ချေ။
လင်းခုန်းသည် စစ်ကူများသွားခေါ်ခြင်းဖြစ်နိုင်ပြီး မကြာမီတွင် ပြန်ရောက်လာနိုင်ပေသည်။
မဟာအလင်းမြို့တော်မှ လူများသည် ထိပ်သီးအင်အားစုကြီးလေးစုထဲတွင် မိသားစုသုံးစု၏ ကလန်ခေါင်းဆောင်များက စွမ်းအားအကြီးဆုံးလူများ မဟုတ်ကြောင်း သိလေသည်။ မိသားစုများထဲတွင် ထိုမိသားစုများမှီခိုနေသော မိစ္ဆာအဆင့် လူအိုကြီးများ ရှိပေသေးသည်။
ယခုကိစ္စသည် အလွယ်တကူ ဖြေရှင်းနိုင်မည့်ပုံမပေါ်ပေ။