← Chapters

နောက်ကွယ်မှ ကြိုးကိုင်သူ

Vol. 169 Ch. 2414

နောက်ကွယ်မှ ကြိုးကိုင်သူ

Vol. 169 Ch. 2414

ရီဖူရှင်းသည် မျက်မမြင်ချန်နောက်သို့လိုက်ကာ စံအိမ်အိုကြီးအတွင်းသို့ ဝင်သွားလိုက်သည်။ စံအိမ်အိုကြီးသည် ရိုးစင်း၊ သန့်ရှင်းကာ အတော်လေးကျယ်ဝန်းပေသည်။

မျက်မမြင်ချန်သည် သူ၏တုတ်ကောက်နှင့် ကုလားထိုင်တစ်လုံးကိုညွှန်ပြလိုက်ပြီး ရီဖူရှင်းကို ပြောလိုက်သည်။

“ထိုင်ပါဦး မိတ်ဆွေလေး”

“ဘိုးဘိုး အရင်ထိုင်ပါ”

ရီဖူရှင်းသည် လက်ဖြင့်ညွှန်ပြလိုက်၏။ ထို့နောက် သူတို့လူစုသည် ကြီးစဉ်ငယ်လိုက် ထိုင်လိုက်ကြသည်။ ထိုအခိုက်တွင် ရီဖူရှင်းသည် မေးခွန်းများ မေးလိုနေသည်။ သူ ချန်ယိကို လှမ်းကြည့်လိုက်၏။ ချန်ယိသည် မျက်မမြင်ချန်အနောက်တွင် တိတ်တဆိတ်ရပ်နေသည်။ သူသည် မျက်မမြင်အိုကြီးကို လွန်စွာရိုသေလေးစားကြောင်း ထင်ရှားပေသည်။

“ဘိုးဘိုး... ကျွန်တော် နားမလည်တဲ့ကိစ္စတချို့ရှိနေပါတယ်”

ရီဖူရှင်း စကားစလိုက်သည်။

“မိတ်ဆွေလေး... မင်းဘာမှ ထက်ပြောစရာမလိုပါဘူး.. ငါသိပါတယ်”

မျက်မမြင်ချန်သည် အသာအယာခေါင်းညိတ်လိုက်၏။ ရီဖူရှင်းသည် ဆက်၍မမေးတော့ဘဲ မျက်မမြင်ချန်ဆက်ပြောမည်ကိုသာ စောင့်နေလိုက်သည်။

“ငါမင်းကို ဒီကိုဖိတ်ခေါ်ရတာက မင်းဆီက တောင်းဆိုစရာတစ်ခုရှိလို့ပါ မိတ်ဆွေလေး”

မျက်မမြင်ချန်သည် ရီဖူရှင်းကို ပြောလိုက်သည်။

“ဘာတောင်းဆိုစရာပါလဲ”

ရီဖူရှင်း မေးလိုက်သည်။

“ငါ့ကို အလင်းဘုံကျောင်းချန်ထားခဲ့တဲ့ အလင်းအမွေအနှစ်ကို ကူဖွင့်ပေးဖို့ပါ”

မျက်မမြင်ချန်က ပြောလိုက်သည်။

ရီဖူရှင်းသည် အံ့အားသင့်သွားသဖြင့် မေးလိုက်သည်။

“ဘိုးဘိုး... ကျွန်တော်က ဒီကိုအခုမှပထမဆုံးရောက်ဖူးတာပါ...ပြီးတော့ အလင်းအမွေအနှစ်နဲ့ပတ်သတ်ပြီး ဘာမှမသိပါဘူး။ အဲ့ဒါက တကယ်ရှိတယ်ဆိုရင်တောင် ဘိုးဘိုးက ဘာလို့ အဲ့ဒါကို ကျွန်တော်ဖွင့်နိုင်လိမ့်မယ်လို့ ထင်ရတာလဲ”

မျက်မမြင်ချန်သည် ထိုစကားကိုကြားသောအခါ ပြုံးရုံသာပြုံးလိုက်သည်။

“အရှင်စီဝေ့၊ အရှင်ရှန်းယင်နဲ့ မဟာအင်ပါယာရှန်းကျာတို့ရဲ့ ဆက်ခံသူမိတ်ဆွေလေး မဖွင့်နိုင်တဲ့ အမွေအနှစ် ဒီကမ္ဘာပေါ်မှာ ရှိသေးလို့လား။ မိတ်ဆွေလေး နှိမ့်ချနေစရာမလိုပါဘူး”

“ဘိုးဘိုးက ဘယ်လိုလုပ်သိတာလဲ”

ရီဖူရှင်းသည် ချန်ယိကို မသင်္ကာဟန်ကြည့်လိုက်သည်။ သို့သော် ချန်ယိ ခေါင်းခါလိုက်သည်။

“ငါ ဘာမှမပြောဘူး”

ရီဖူရှင်းသည် ပို၍ပင် နားမလည်နိုင်ဖြစ်လာသည်။ မျက်မမြင်ချန်သည် ထိုနှစ်များအတွင်း မဟာအလင်းကုန်းမြေတွင်သာ နေထိုင်ခဲ့သူဖြစ်သည်။ ထိုသို့သာဆိုလျှင် မူလဘုံတွင် ဖြစ်ပျက်နေသည်များကို သူမည်သို့ သိနေပေသနည်း။

သူ အပြင်လူများထံမှ သိခဲ့သည့်အကြောင်းအရာများအရ မျက်မမြင်ချန်သည် သူ၏စံအိမ်အတွင်းမှ ထွက်လာခဲပြီး အခြားလူများနှင့် အဆက်အဆံလုပ်ခဲလေသည်။ သူသည် မူလဘုံတွင် ဖြစ်ပျက်ခဲ့သည်များကို အဘယ်သို့သိသနည်း။

“ငါ ဘယ်လိုသိလဲဆိုတာ အရေးမကြီးပါဘူး။ အရေးကြီးတာက ငါမင်းကို နှစ်(၂၀)ကျော်စောင့်နေတာဆိုပဲ မိတ်ဆွေလေး”

မျက်မမြင်ချန်၏စကားလုံးများသည် ရီဖူရှင်းကို ပို၍ရှုပ်ထွေးလာစေလေသည်။

မျက်မမြင်ချန်သည် သူ့ကိုဆယ်စုနှစ်နှစ်စုကျော် စောင့်နေခဲ့လေသလော။

“ဘိုးဘိုးက ရှေ့ဖြစ်ဟောဆရာပါလား”

ရီဖူရှင်းမေးလိုက်သည်။ ထိုဖြစ်နိုင်ချေတစ်ခုသာ ရှိပေသည်။

မျက်မမြင်ချန်သည် ကောလဟာလများအတိုင်း အမှန်ပင် ရှေ့ဖြစ်ဟောနိုင်လေသလော။

“ရှေ့ဖြစ်ဟောဆရာတော့ မဟုတ်ပါဘူး... ငါက မျက်စိနဲ့မမြင်နိုင်တော့ တခြားသူတွေထက် ကိစ္စတွေကို ပိုပြီးရှင်းရှင်းလင်းလင်း သတိမူမိတာပေါ့... ပြီးတော့ သာမန်လူတွေမမြင်နိုင်တဲ့ တချို့ကိစ္စတွေကို မြင်နိုင်တာပေါ့”

မျက်မမြင်ချန်ဆက်ပြောလိုက်သည်။ သို့သော် ရီဖူရှင်းသည် ထိုစကားကိုလည်း နားမလည်နိုင်ပေ။

“ငါ မိတ်ဆွေလေးကို စောင့်နေရတဲ့အကြောင်းကတော့ ငါ ဘာကိုမှခန့်မှန်းမိခဲ့လို့မဟုတ်ပါဘူး... မင်းကိုစောင့်နေဖို့ တစ်ယောက်ယောက်က ငါ့ကိုခိုင်းထားလို့ပါ။ ဒါပေမဲ့ ငါမင်းကိုတွေ့လိုက်တော့ ငါစောင့်နေတဲ့သူက မင်းဆိုတာ ပိုပြီးသေချာသွားတယ် မိတ်ဆွေလေး”

မျက်မမြင်ချန်ပြောလိုက်သည်။

“ဘယ်သူက စောင့်ခိုင်းတာလဲ”

ရီဖူရှင်းမေးလိုက်သည်။ ကိစ္စများသည် ပို၍ပင် ဆန်းကြယ်လာသည်ဟု ထင်ရပေသည်။ တစ်စုံတစ်ယောက်သည် သူ့ကိုစောင့်နေရန် မျက်မမြင်ချန်ကို ခိုင်းခဲ့လေသည်။

ထိုသို့ခိုင်းခဲ့ခြင်းမှာလည်း လွန်ခဲ့သောနှစ်ပေါင်း(၂၀)ကျော်ကဖြစ်သည်။ မည်သူ ဖြစ်နိုင်သနည်း။

“သူက သူဘယ်သူဆိုတာ မပြောချင်ဘူး... ဒီတော့ ငါလဲ ပြောမပြရဲဘူး။ မင်းအနေနဲ့ ဒီလောက်သိထားရင် လောလောဆယ်လုံလောက်ပါပြီ။ ‌နောက်ကျရင် သူဘယ်သူလဲဆိုတာ မင်းသိလာလိမ့်မယ်ဆိုတာ ငါယုံကြည်ပါတယ်”

မျက်မမြင်ချန် ရှင်းပြလိုက်သည်။

မျက်မမြင်ချန်သည် ဆက်၍ပြောပြ‌တော့မည်မဟုတ်ကြောင်း ရီဖူရှင်း နားလည်သွားပေသည်။ မျက်မမြင်ချန်ပြောလိုက်သောစကားမှာ သူမပြောလို၍မဟုတ်၊ သူမပြောပြရဲ၍ ဖြစ်သည် ဟူသော စကားဖြစ်သည်။

မျက်မမြင်ချန်သည် လျှို့ဝှက်ဆန်းကြယ်၍ ခန့်မှန်းရန်ခက်ခဲသော လူတစ်ယောက်ဖြစ်သည်။ သူသည် ရှေ့ဖြစ်ဟောဆရာချန်ဟူ၍လည်း ကျော်ကြားပေသည်။ မဟာအလင်းမြို့တော်မှ ထိပ်သီးအင်အားစုကြီးလေးစုသည် သူ့ကို အတန်ငယ်ရှိန်ကြသည်။ သို့သော် သူသည်ပင် အခြားသူတစ်ဦးက လွန်ခဲ့သည့်ဆယ်စုနှစ်နှစ်စုကျော်က သူ့ကိုပြောခဲ့သော ရှေ့ဖြစ်ဟောကိန်းကို ယုံကြည်နေပြီး ထိုပြောခဲ့သူ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်၍ပင်မပြောဝံ့ပေ။

ထို့ကြောင့် ထိုသူ၏ဇစ်မြစ်သည် လွန်စွာလျှို့ဝှက်ပေလိမ့်မည်။ မည်ကဲ့သို့သောသူသည် မျက်မမြင်ချန်အပေါ် ဩဇာသက်ရောက်ပေသနည်း။

ထို့ပြင် ထိုကိစ္စသည် သူနှင့်မည်သို့ပတ်သတ်နေသနည်း။

ထိုကိစ္စသည် သူ့ဇစ်မြစ်၏လျှို့ဝှက်ချက်နှင့် ပတ်သတ်နေသလော။

“ကျွန်တော်က အလင်းဘုံကျောင်းရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုဖွင့်ရမှာလဲ”

ရီဖူရှင်း မေးလိုက်သည်။

“အစောပိုင်းတုန်းက မင်းအလင်းဂိတ်တံခါးဆီကို သွားခဲ့တယ်မလား... အဲ့နေရာက ဒီနေ့ခေတ်မှာ အလင်းဘုံကျောင်းတည်ရှိနေတဲ့နေရာပဲ”

မျက်မမြင်ချန်ဆက်ပြောလိုက်သည်။

“အဲ့ဒါကို ဖွင့်လိုက်ရင် ဘာဖြစ်လာမှာလဲ”

ရီဖူရှင်း ထပ်မေးလိုက်သည်။

“ချန်ယိက အလင်းစွမ်းအားကို အမွေဆက်ခံရမှာပေါ့”

မျက်မမြင်ချန်ပြောလိုက်သည်။

“ချန်ယိဟုတ်လား...”

ရီဖူရှင်းသည် မျက်မမြင်ချန်ဘေးရှိ ချန်ယိကိုကြည့်လိုက်ရာ မျက်မမြင်ချန် ခေါင်းညိတ်လိုက်သည်ကို မြင်လိုက်ရသည်။ မျက်မမြင်ချန် ဆက်ပြောလိုက်၏။

“မင်း ချန်ယိရဲ့စွမ်းရည်တွေနဲ့ ရင်းနှီးမှာပေါ့။ မင်းသိတဲ့အတိုင်းပဲ သူက အလင်းအောက်မှာမွေးခဲ့တာပဲ... သူ့ကိုယ်ထဲမှာ အလင်းစွမ်းအားတွေ စီးဆင်းနေတော့ သူက အလင်းရဲ့အမွေခံဖြစ်ဖို့ ကံတရားပါလာတာပဲ။ ဒါပေမဲ့ အခု သူ မင်းရဲ့အကူအညီကိုလိုတယ်”

ရီဖူရှင်းသည် ပို၍သိချင်စိတ်ပြင်းပြလာပြီး မျက်မမြင်ချန်နှင့် ချန်ယိတို့ကို ကြည့်လိုက်သည်။ သူမေးလိုက်၏။

“ကျွန်တော့်မှ မေးခွန်းတစ်ခုရှိပါတယ်... ဘိုးဘိုးဖြေပေးနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”

“မေးပါ မိတ်ဆွေလေး”

မျက်မမြင်ချန်သည် ဖော်ဖော်ရွေရွေ ပြန်ပြောလိုက်သည်။

“ကျွန်တော်နဲ့ ချန်ယိက မတော်တဆတွေ့ခဲ့တာလား... ကျွန်တော်တို့တွေ့အောင် သေချာစီစဉ်ထားတာလား”

ရီဖူရှင်းမေးလိုက်သည်။

ချန်ယိကိုကူညီရန် သူ့အားအကူအညီတောင်းထားသဖြင့် အရာအားလုံးကို သူသိခွင့်ရှိသည်ဟု သူခံစားနေရသည်။

မျက်မမြင်ချန်သည် ရီဖူရှင်း၏မေးခွန်းကို ကြားလိုက်သောအခါ  မျက်နှာထားသည်ပိုတည်သွား၏။ ချန်ယိသည်လည်း ရီဖူရှင်းကို လေးလေးနက်နက် ကြည့်နေ၏။ အသုံးချခြင်းကို မည်သူမှ မခံချင်ကြောင်း သိသာပေသည်။ ယခင်က ရီဖူရှင်းသည် သူတို့တွေ့ဆုံခဲ့ခြင်းမှာ တိုက်ဆိုင်မှုသာဖြစ်သည်ဟု ယုံကြည်ထားပြီး ထိုတွေ့ဆုံမှုကိုတန်ဖိုးထားကာ ချန်ယိကို သူငယ်ချင်းကောင်းတစ်ဦးအဖြစ် ဆက်ဆံခဲ့လေသည်။ သို့သော် ထိုတွေ့ဆုံမှုသာ သေချာစီစဉ်ထားသည့်ကိစ္စတစ်ခုဖြစ်ပါက အခြားသူတစ်ယောက်၏အသုံးချမှုကိုခံရလျှင် မည်သူမှဝမ်းသာမည်မဟုတ်သဖြင့် သူ့ရင်ထဲတွင် သံသယများရှိလာမည်ဖြစ်သည်။

“အဲ့ဒါက တိုက်ဆိုင်မှုမဟုတ်ပါဘူး”

မျက်မမြင်ချန် ပြန်မဖြေရသေးခင်မှာပင် ချန်ယိက ဝင်ဖြေလိုက်သည်။

“ငါရှင်းပြပါရစေ...”

မျက်မမြင်ချန်သည် ချန်ယိ၏စကားကို ဝင်ဖြတ်၍ ရီဖူရှင်းကို ရှင်းပြလိုက်သည်။

“ဒီကိစ္စကလည်း ငါခုနကပြောခဲ့တဲ့ လူနဲ့ သက်ဆိုင်နေပါတယ်။ ဒီကိစ္စကို ငါစီစဉ်တာမဟုတ်ဘူးလို့ ပြောနိုင်ပါတယ်... အဲ့ကိစ္စကို တခြားတစ်ယောက်က ကြိုးကိုင်တာပါ။ ချန်ယိက ဒီကိစ္စတွေကို ဘာမှသိပ်မသိပါဘူး။ သူက ငါခိုင်းတာကိုသာ လိုက်နာခဲ့တာပါ။ နောက်ကွယ်ကလူကဘယ်သူဆိုတာတော့ ငါမပြောနိုင်ပေမယ့် အဲ့လူက မင်းကို ထိခိုက်အောင်လုပ်မှာမဟုတ်ဘူးဆိုတာတော့ ငါအာမခံပါတယ်”

“ဘိုးဘိုးက ဘာလို့ အဲ့လောက်သေချာနေရတာလဲ”

ရီဖူရှင်းမေးလိုက်သည်။

“သူသာ မင်းကိုသေစေချင်ရင် သူ့အတွက် မင်းကိုသတ်ဖို့ဆိုတာ လွယ်လွယ်လေးပဲ... သူသာ မင်းကိုတကယ်သတ်ချင်မယ်ဆိုရင် အခုလို ဒုက္ခအများခံပြီး ကြံစည်နေစရာတောင်မလိုဘူး...”

မျက်မမြင်ချန်သည် သူ့ကို ငြင်း၍မရနိုင်သော အကြောင်းပြချက်ပေးလိုက်သည်။ ရှေ့ဖြစ်ဟောဆရာချန်ပင် ယုံကြည်၍ ကြောက်ရသူတစ်ဦးသည် လွန်စွာစွမ်းအားကြီးပေလိမ့်မည်။ အကယ်၍ ထိုသူသာ အမှောင်ထဲမှနေ၍ သူ၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခြင်းဖြစ်ပါက ထိုသူသာ သူ့ကိုသတ်ချင်ပါက လွန်စွာလွယ်ကူပေလိမ့်မည်။

သူသည် ဤနေရာသို့ လာလိမ့်မည်ဟု နှစ်ဖွဲ့စလုံးက ကြိုသိခဲ့လေသည်။

“ကောင်းပါပြီ”

ရီဖူရှင်းသည် ရင်ထဲတွင် သံသယများရှိနေသေးသဖြင့် များစွာပြောမနေတော့ဘဲ ခပ်ရှင်းရှင်းသာ သဘောတူလိုက်သည်။ ချန်ယိသည် သူ၏သူငယ်ချင်းဖြစ်ပြီး သူ့ကိုတစ်ကြိမ်ကယ်ခဲ့ဖူးသည်။ ထိုကိစ္စတွင် အခြားရည်ရွယ်ချက်များမရှိသဖြင့် သူ့တွင်ငြင်းရန် အကြောင်းပြချက်မရှိတော့ပေ။

“ကျေးဇူးပါပဲ မိတ်ဆွေလေး”

မျက်မမြင်ချန်သည် ထရပ်၍ ရီဖူရှင်းကို အတန်ငယ် ဦးညွှတ်ကာ ပြောလိုက်သည်။

“ချန်ယိ အလင်းကို အမွေဆက်ခံပြီးသွားရင် သူမင်းကို အဖော်ပြုပေးပြီး မင်းကိုကူညီပေးပါလိမ့်မယ်။ သူက မင်းအတွက် ကြီးမားတဲ့အကူအညီဖြစ်လာလိမ့်မယ်လို့ ငါယုံကြည်ပါတယ် မိတ်ဆွေလေး”

“ဘိုးဘိုးက ယဉ်ကျေးလွန်းနေတာပါ... ချန်ယိနှင့်ကျွန်တော်က သူငယ်ချင်းတွေဖြစ်နေပါပြီ။ ဒီတော့ အဲ့လိုတွေ ပြောနေစရာမလိုပါဘူး”

ရီဖူရှင်းသည်ထရပ်လိုက်ပြီး မျက်မမြင်ချန်ကို တွဲ၍ ပြန်ထိုင်ခိုင်းလိုက်သည်။ သို့သော် ထိုကိစ္စအားလုံးကို တစ်စုံတစ်ယောက်က စီစဉ်ထားခြင်းဖြစ်ကြောင်း သူသိသွားပြီဖြစ်သည်။

တုန်းဟွာနယ်မြေမှ တုန်းဟွာစားပွဲသောက်ပွဲတွင် တိုက်တိုက်ဆိုင်ဆိုင်တွေ့ဆုံခဲ့ရမှုသည် တိုက်ဆိုင်မှုမဟုတ်ဟု သူမမျှော်လင့်ခဲ့ပေ။ ချန်ယိထိုနေရာတွင် ရှိနေခဲ့ခြင်းမှာ သူ့ကြောင့်ဖြစ်လေသည်။ ထိုအကြောင်းကိုသိရှိသွားပြီဖြစ်သဖြင့် နောက်ပိုင်းကိစ္စများသည် ပို၍ယုတ္တိတန်လာပေသည်။

သို့သော် သူ့တွင် မေးခွန်းတစ်ခု ကျန်ပေသေးသည်။

ချန်ယိ၏နောက်ကြောင်းသည် အဘယ်သို့နည်း။ သူနှင့်မျက်မမြင်ချန်သည် မည်သို့ပတ်သတ်သနည်း။

မျက်မမြင်ချန်သည် ချန်ယိက အလင်းအမွေဆက်ခံသူဟု အဘယ်ကြောင့်ထင်ရသနည်း။

All Chapters