← Chapters

ကိုင်းရှိုင်းမှု

Vol. 169 Ch. 2415

ကိုင်းရှိုင်းမှု

Vol. 169 Ch. 2415

စံအိမ်အိုကြီးအပြင်တွင် ကျင့်ကြံသူများ ရှိနေသေးသည်။ မည်သူမှ ထွက်ခွာမသွားသေးပေ။

သူတို့၏ ဝိညာဉ်စွမ်းအားများသည် စံအိမ်အိုကြီးကို ရစ်သိုင်းနေကြသည်။ သို့သော် တံခါးများပိတ်သွားပြီးနောက် အလင်းဖျော့ဖျော့တစ်ခုသည် စံအိမ်အိုကြီးကို လွှမ်းခြုံထားပြီး အတွင်း၌ဖြစ်ပျက်နေသည့်ကိစ္စများကို လျှို့ဝှက်နားမထောင်နိုင်ရန် သူတို့၏ဝိညာဉ်စွမ်းအားများကို ဖြတ်တောက်နေလေသည်။ မည်သူမှ ထိုအလင်းအကာအရံကို အားသုံး၍ဖောက်ထွင်းရန် မကြိုးစားကြပေ။ သူတို့သည် အပြင်၌သာ စိတ်ရှည်လက်ရှည် စောင်နေ့ကြသည်။

မျှော်လင့်ထားသကဲ့သို့ပင် မကြာမီတွင် အားကောင်းသောအရှိန်အဝါတစ်ခု ပျံ့နှံ့သွားလေသည်။ ရုတ်ခြည်းအတွင်းမှာပင် ကျင့်ကြံသူတစ်စု ဆင်းသက်လာ၏။ သူတို့သည် လင်းကလန်မှ ကျင့်ကြံသူများဖြစ်ကြသည်။

သူတို့၏ခေါင်းဆောင်သည် လွန်စွာအာဏာပြင်း၍ ထက်မြက်ပုံပေါ်သော အကြီးအကဲတစ်ဦးဖြစ်သည်။ သူ့ဘေးတွင် ကြောက်မက်ဖွယ်အရှိန်အဝါများရှိသော အခြားအကြီးအကဲနှစ်ဦးလည်း ပါလေသည်။ သူတို့သည် လင်းကလန်မှ မိစ္ဆာအိုကြီးများဖြစ်ပြီး လင်းကလန်၏ခေါင်းဆောင် လင်းခုန်း၏စီနီယာများဖြစ်လေသည်။

“အကြီးအကဲလင်း”

နေရာအသီးသီးမှ လူအများအပြားသည် ထိုလူစုကိုဦးဆောင်လာသော အကြီးအကဲကိုမြင်လိုက်သောအခါ ဦးညွှတ်၍နှုတ်ဆက်လိုက်သည်။ သူတို့သည် ထိုအကြီးအကဲကို သိကြောင်း ထင်ရှားပေသည်။ ထိုအကြီးအကဲသည် မိသားစုအတွင်းမှအကြီးအကဲဖြစ်ပြီး လင်းကလန်၏ကိစ္စများကို နောက်ကွယ်မှကြိုးကိုင်းနေသူဖြစ်သည်။

အကြီးအကဲလင်းသည် သူ့ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် သူသည် အရှေ့ရှိစံအိမ်အိုကြီးကို ကြည့်လိုက်သည်။

သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုထွက်ပေါ်လာပြီး ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထိုနေရာရှိ ကျင့်ကြံသူများအားလုံးသည် အားကောင်းသောဖိအားတစ်ခုနှင့် လွန်စွာထက်ရှသောဝိညာဉ်စွမ်းအားတစ်ခုသည် သူတို့အပေါ်တွင်ဖိနှိပ်ထားကြောင်း ခံစားနေရလေသည်။

စံအိမ်အိုကြီးပတ်လည်တွင် ကျင့်ကြံသူအများအပြားသည် လွန်စွာအားကောင်းသောဖိအားတစ်ခုသည် သူတို့ကိုမွန်ကြပ်နေအောင်လုပ်ထားကြောင်း ခံစားနေရသည်။

“မျက်မမြင်ချန် ဒါကအရမ်းမလွန်ဘူးလား”

အကြီးအကဲလင်းသည် ကျယ်လောင်သောအသံဖြင့် မေးလိုက်သည်။ သူ၏အသံတွင် ခြိမ်းခြောက်မှုအရိပ်အယောင်များပါနေသည်။ ထိုအသံသည် လေထုထဲတွင် အသံလှိုင်းဂယက်များထသွားစေသည်။ စံအိမ်အိုကြီးပင် တုန်ခါသွားပြီး ပြိုကျလုမတတ်ဖြစ်သွားသည်။

လွန်ခဲ့သည့်နှစ်ပိုင်းအတွင်းတွင် အကြီးအကဲလင်းသည် နောက်တစ်ဆင့်တက်ရန် အခန်းအောင်းကျင့်ကြံနေခဲ့သည်။ ယနေ့အဖြစ်အပျက်များကြောင့်သာ မဟုတ်လျှင် လင်းခုန်းသည် အကြီးအကဲကို နှောင့်ယှက်မည်မဟုတ်ပေ။

ကျယ်လောင်သောအသံကြီးနှင့်အတူ စံအိမ်အိုကြီး၏တံခါးများသည် ရုတ်ခြည်းကျိုးပျက်သွားသည်။ ကျင့်ကြံသူများ၏ဝိညာဉ်စွမ်းအားများကို ဖြတ်တောက်နေသော အလင်းအကာအရံသည် အရိပ်အယောင်တစ်ခုပင် မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားလေသည်။ လူအုပ်သည် အတွင်းသို့ တံခါးများကိုကျော်၍ ကြည့်လိုက်သည်။ ထို့နောက် စံအိမ်အတွင်းမှ လူတစ်စုထွက်လာသည်။

မျက်မမြင်ချန်သည် သူ၏တုတ်ကောက်ကို ကိုင်ထားဆဲဖြစ်သည်။ သူသည် လေထဲတွင်ရပ်နေသော အကြီးအကဲလင်းကိုကြည့်၍ ပြောလိုက်သည်။

“ငါ မင်းရဲ့ဂျူနီယာလေးကို အရင်သတိပေးခဲ့ပါတယ်။ လင်းကလန်က သူတို့ရဲ့ဂျူနီယာကို ရိုသေလေးစားမှုရှိအောင် မသင်ပေးနိုင်ဘူးဆိုတော့ သူက သူလုပ်တဲ့ကိစ္စအတွက် တန်ရာတန်ကြေးပြန်ပေးရမှာပေါ့”

“လင်းကလန်က ဒီနှစ်တွေအတွင်းမှာ ခင်ဗျားကို အတော်လေးလေးစားခဲ့တာပဲ မဟုတ်ဘူးလား”

အကြီးအကဲလင်း၏အသံသည် အေးစက်စက်နိုင်ပြီး သူ၏အရှိန်အဝါသည်လည်း ထိုနေရာရှိလူတိုင်းကို လွှမ်းခြုံထားလေသည်။ ရီဖူရှင်းနှင့် အခြားသူများသည် သူတို့ကိုဖိနှိပ်ထားသော ကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားလိုက်ရသောအခါ မျက်မှောင်ကြုတ်သွားကြသည်။ ထိုအရှိန်အဝါသည် ရန်ဟောင်အဆင့်ထက် မြင့်သောအဆင့်ရှိသူတစ်ဦး၏အရှိန်အဝါဖြစ်သည်။ အကြီးအကဲလင်း၏ကျင့်ကြံခြင်းအဆင့်သည် ရန်ဟောင်အဆင့်ကို ကျော်သွားပြီဖြစ်သည်။ သူသည် မဟာလမ်းစဉ်၏ကပ်ဘေးပထမအဆင့်ကို ရှင်သန်ခဲ့သူတစ်ဦးဖြစ်သည်။

မဟာအလင်းကုန်းမြေသည် အင်အားနည်းသောကုန်းမြေတစ်ခုဖြစ်သော်လည်း ထိုကုန်းမြေတွင် အင်အားစုအများအပြား တည်ရှိနေပေသေးသည်။ ထိပ်သီးအင်အားစုကြီးလေးစုသည် ထိုကုန်းမြေတွင် အခြေတည်ထားပြီး အင်အားကြီးကျင့်ကြံသူအစုအဝေးတစ်ခုကို ဖွဲ့စည်းနေပေသည်။ အင်အားအကြီးဆုံးသူများမှာ မဟာလမ်းစဉ်၏ကပ်ဘေးပထမအဆင့်ကို ကျော်ဖြတ်ရှင်သန်နိုင်ခဲ့သူများဖြစ်သည်။

ထို့ကြောင့် မဟာအလင်းကုန်းမြေတွင် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူတချို့ကို မကြာမကြာ မြင်တွေ့ခဲ့ရလေသည်။ သူတို့သည် အလင်းဘုံကျောင်း၏အမွေအနှစ်ကို လာရောက်ရှာဖွေကြသည့် ပြင်ပမှ ကျင့်ကြံသူများဖြစ်ကြသည်။ သို့သော် သူတို့သည် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့သဖြင့် မကြာမီမှာပင် ထိုနေရာမှ ထွက်ခွာသွားခဲ့ကြသည်။ ထိပ်သီးအင်အားစုကြီးလေးစုမှ ကျင့်ကြံသူများသာ ထိုနေရာတွင် အခြေချနေထိုင်ခဲ့သည်။

မျက်မမြင်ချန်သည် အကြီးအကဲလင်း၏မေးခွန်းကို ပြန်မဖြေခဲ့ချေ။ သူသည် ရှေ့သို့ခြေလှမ်းအနည်းငယ်လျှောက်၍ ကြေညာလိုက်သည်။

“မင်းတို့အကုန်လုံးက ရှေ့ဖြစ်ဟောကိန်း မှန်၊ မမှန် သိချင်နေကြတာမလား... အခု ငါတို့ အလင်းဂိတ်တံခါးကို သွားကြတာပေါ့”

ကျင့်ကြံသူများသည် ထိုစကားကိုကြားလိုက်သောအခါ မျက်မှောင်ကြုတ်သွားကြသည်။ သူတို့၏မျက်ဝန်းများအတွင်း၌ တောက်ပသောအလင်းများ လက်သွားကြသည်။

မျက်မမြင်ချန်ဆိုလိုသည်မှာ ယနေ့တွင် အလင်းဘုံကျောင်း၏ အပျက်အစီများ ထပ်မံပေါ်လာမည်ဟု ဆိုလိုခြင်းပေလော။

လူများသည် ရီဖူရှင်းကို ထပ်မံကြည့်လိုက်ကြသည်။ မျက်မမြင်ချန်သည် ရီဖူရှင်းရောက်ရှိလာမည်ကို စောင့်ဆိုင်းနေခြင်းဖြစ်ပြီး သူသည် ယနေ့တွင် ရီဖူရှင်းကို အလင်းဖြင့် ကြိုဆိုခဲ့သည်။ ယခုတွင် ရီဖူရှင်းရောက်လာပြီဖြစ်၍ သူတို့သည် အလင်းဂိတ်တံခါးသို့ ချက်ချင်းသွားကြပေတော့မည်။ ထိုအရာသည် မည်သည့်အဓိပ္ပာယ်နည်း။

အကြီးအကဲလင်းပင် အံ့အားသင့်သွား၏။ သူထုတ်လွှတ်ထားသောအရှိန်အဝါသည် လျော့ပါးလာ၏။ သူ့အတွက် အလင်းဘုံကျောင်း၏အမွေအနှစ်သည် ဂျူနီယာလေးတစ်ဦး၏အသက်ထက် ပို၍အရေးကြီးကြောင်း ထင်ရှားပေသည်။

မည်သူမှ တိုက်ခိုက်လိုသောအရိပ်အယောင်များ မပြတော့ပေ။ သူတို့သည် မျက်မမြင်ချန်တစ်ယောက် ရှေ့သို့လျှောက်သွားကြောင်းကို မြင်လိုက်ရသောအခါ သူ့နောက်သို့လိုက်သွားပြီး အလင်းဂိတ်တံခါးဆီသို့ သွားလိုက်ကြသည်။ မျက်မမြင်ချန်၏နောက်ကျောကို ကြည့်နေသော လင်းကလန်မှကျင့်ကြံသူများ၏အကြည့်များသည် ရေခဲတမျှအေးစက်နေလေသည်။ သို့သော် အကြီးအကဲလင်းသည် မည်သို့မှမလုပ်သဖြင့် သူတို့သည် သူတို့၏သတ်ဖြတ်လိုစိတ်များကို မျိုသိပ်၍ သူ့အနောက်သို့နီးနီးကပ်ကပ်လိုက်သွားလိုက်သည်။

မကြာမီတွင် လူအုပ်သည် အလင်းဂိတ်တံခါးရှိရာနေရာသို့ ရောက်ရှိလာကြသည်။ လူများသည် ထိုအပျက်အစီးနေရာသို့ မကြာခဏလာတတ်ကြသေးသည်။ ကျင့်ကြံသူအများအပြားသည် အလင်းဂိတ်တံခါးကို လေ့လာခဲ့ကြသည်။ သူတို့သည် ၎င်း၏ဆန်းကြယ်မှုကို နားလည်လိုကြသည်။ သို့သော် မည်သူမှ အတွင်းသို့မဝင်ရဲပေ။

ယခင်က အလင်းဂိတ်တံခါးအတွင်းသို့ ဝင်ခဲ့သူများသည် ဆိုးဝါးသောကံကြမ္မာနှင့်ကြုံခဲ့ရသည်ချည်းဖြစ်သည်။

“ရှေ့ဖြစ်ဟောဆရာချန်ရောက်လာပြီ”

လူအများအကြားသည် မျက်မမြင်ချန်ကို မြင်လိုက်သောအခါ တန်း၍မှတ်မိသွားကြသည်။

မဟာအလင်းမြို့တော်တွင် မျက်မမြင်ချန်သည် လွန်စွာကျော်ကြားပေသေးသည်။

သူ၏မျက်လုံးများသည် သူအလင်းဂိတ်တံခါးအတွင်းသို့ ဝင်သွားပြီးနောက် ကန်းသွားခြင်းဖြစ်သည်ဟူသော ကောလဟလများလည်းရှိလေသည်။ သူ၏မျက်လုံးများသည် အလင်းဂိတ်တံခါး၏စွမ်းအားကို ခံနိုင်ရည်မရှိချေ။ ထို့ကြောင့် သူသည် သူ၏အမြင်အာရုံကို ထာဝရဆုံးရှုံးသွားခဲ့လေသည်။

ယခုတွင် မျက်မမြင်ချန်သည် မဟာအလင်းမြို့တော်မှကျင့်ကြံသူများကို ဤနေရာသို့ ခေါ်လာရသနည်း။

သူတို့သည် အလင်းဂိတ်တံခါးအတွင်းသို့ ထပ်မံဝင်ကြမည်လော။

မျက်မမြင်ချန်သည် အပျက်အစီးများရှိရာနေရာတွင် ဆင်းသက်လိုက်သည်။ ချန်ယိ၊ ရီဖူရှင်းနှင့် အခြားသူများလည်း ဆင်းသက်လာသည်။ သူတို့နောက်တွင် အင်အားစုအသီးသီးမှ ကျင့်ကြံသူများသည် လေထဲတွင်သာ ရပ်နေကြသည်။ သူတို့သည် မျက်မမြင်ချန်လှုပ်ရှားမည်ကို တိတ်တဆိတ်စောင့်နေကြသည်။ သူတို့သည် မျက်မမြင်ချန်တစ်ယောက် အလင်းဘုံကျောင်း၏အမွေအနှစ်ကို မည်သို့ဖွင့်မည်ကို စောင့်ကြည့်နေလေသည်။

အလင်းအမွေအနှစ်ကို မဖွင့်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ ထိုတံခါးကို လူငယ်လေးတစ်ဦးရောက်ရှိလာသဖြင့် ဖွင့်တော့ပေမည်လော။

ရီဖူရှင်း ကိုယ်တိုင်ပင် နားမလည်နိုင်ဖြစ်နေသည်။ ရီဖူရှင်းသည် အလင်းကျောင်းတော်၏ဆန်းကြယ်မှုကို ဖြေရှင်းနိုင်သည်ဟု မျက်မမြင်ချန်က အခိုင်အမာဆိုထား၏။ သို့သော် ထိုနေရာတွင်  အလင်းဂိတ်တံခါးတစ်ခုသာ ရှိပေသည်။ ရီဖူရှင်းလုပ်ရမည့်အရာမှာ မည်သည်နည်း။

ထိုအလင်းဂိတ်တံခါးသည် လွန်စွာအန္တရာယ်များပုံရလေသည်။

မျက်မမြင်ချန်သည် အလင်းဂိတ်တံခါးကို မျက်နှာမူလိုက်သည်။ သူ၏မျက်နှာထားသည် တင်းမာသွား၏။ သူ ဤနေရာသို့မရောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ ယနေ့တွင် အလင်း၏ဆန်းကြယ်မှုများ ပေါ်ပေါက်လာရန် မျှော်လင့်ချက်ရှိပေပြီ။

သူသည် အလင်းဂိတ်တံခါးကို အတန်ငယ်ဦးညွှတ်လိုက်ပြီး မြေပြင်တွင်ဝပ်ကာ ဂိတ်တံခါးကို ဝတ်ပြုလိုက်သည်။ သူသည် ထိုအလင်းဂိတ်တံခါးမှာ သူ၏ဘာသာတရားကဲ့သို့ ၎င်းကိုလွန်စွာကိုင်းရှိုင်းနေလေသည်။

ရီဖူရှင်းသည် ထိုမြင်ကွင်းကို မြင်သောအခါ မျက်နှာထားထူးဆန်းသွား၏။ မျက်မမြင်ချန်သည် မည်သူနည်း။ အဘယ်ကြောင့် သူသည်‌ အလင်းဘုံကျောင်းကို ကိုင်းရှိုင်းနေသနည်း။

မျက်မမြင်ချန်နှင့် အလင်းဘုံကျောင်းအကြားတွင် ဆက်နွယ်မှုရှိပေသလော။

သို့သော် အလင်းဘုံကျောင်းသည် ရှေးခေတ်မှထိပ်သီးအင်အားစုတစ်စုဖြစ်သည်။ မျက်မမြင်ချန်သည် အဘယ်ကြောင့် ၎င်းနှင့်ဆက်နွယ်မှု ရှိပေမည်နည်း။

မျက်မမြင်ချန်သည် နှစ်ပေါင်းများစွာရှင်သန်ခဲ့သူတစ်ဦးဖြစ်ကြောင်း ရီဖူရှင်းကြားခဲ့ဖူးပေသည်။ ထိုသို့ဆိုလျှင်ပင် သူသည် ရှေးခေတ်ကတည်းက ယနေ့အထိ ရှင်သန်နေသူတစ်ဦး မဖြစ်နိုင်ပေ။

ထိုသို့သာဖြစ်လျှင် ထိုကိစ္စကို ဖုံးကွယ်ထား၍ရမည်မဟုတ်ချေ။

အင်အားစုအသီးသီးမှ ကျင့်ကြံသူများသည်လည်း အံ့အားသင့်သွားကြသည်။ စီနီယာများသည် သာမန်မျက်နှာထား ရှိကြလေသည်။ သူတို့ကို မည်သည့်အရာကမှ အံ့အားသင့်စေပုံမရပေ။ သူတို့သည် မျက်မမြင်ချန်၏ထိုအပြုအမူကို ယခင်ကလည်း မြင်ဖူးခဲ့ကြောင်း ထင်ရှားပေသည်။

မျက်မမြင်ချန်သည် ထူးဆန်းသောစကားဖြင့် ရွတ်ဆိုလိုက်သည်။ လူအုပ်သည် သူရွတ်နေသည့်စကားများကို နားမလည်ပေ။ မျက်မမြင်ချန်သည် ထရပ်လိုက်ပြီး အလင်းဂိတ်တံခါးကို မျက်နှာချင်းဆိုင်လိုက်သည်။ သူပြောလိုက်၏။

“လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်စုကျော်လောက်က အလင်းကျဆင်းလာပြီး အလင်းဘုံကျောင်းရဲ့အမွေအနှစ် ပြန်ပေါ်လာလိမ့်မယ်လို့ ငါပြောခဲ့တယ်။ ဒီနေ့ အဲ့ရှေ့ဖြစ်ဟောကိန်းက အမှန်ဖြစ်လာခဲ့ပြီ။ မင်းတို့တွေအကုန်လုံး အလင်းဘုံကျောင်းရဲ့အမွေအနှစ်ကို ဖွင့်ချင်ကြတယ်မလား။ အဲ့လိုဆို ကျေးဇူးပြုပြီးတော့ အလင်းဂိတ်တံခါးထဲကို အတူတူဝင်လိုက်ကြပါ”

ကျင့်ကြံသူများသည် မျက်မမြင်ချန်၏စကားများကို ကြားလိုက်သောအခါ မျက်မှောင်ကြုတ်၍ ကြည့်လိုက်ကြသည်။ အလင်းဂိတ်တံခါးအတွင်းသို့ ဝင်ရမည် ဟုတ်သလော။

အလင်းဂိတ်တံခါး၏အန္တရာယ်များကို လူတိုင်းသိပေသည်။ သူသည်  သူတို့ကို အလင်းဂိတ်တံခါးအတွင်းသို့ ဝင်ခိုင်းခြင်းမှာ ကိုယ့်သေလမ်းကိုယ်ရှာခိုင်းခြင်ပေလော။

သူတို့သည် ထိုသို့လုပ်ရန် အလွယ်တကူသဘောတူမည်မဟုတ်ပေ။

“ရှေ့ဖြစ်ဟောဆရာအိုကြီး... ခင်ဗျားတို့အုပ်စုပဲ ရှေ့ကဝင်ပြီး လမ်းပြပေးသင့်တာပေါ့”

အကြီးအကဲလင်းသည် အေးစက်စက်လေသံဖြင့် ပြောလိုက်လေတော့သည်။

All Chapters