← Chapters

ဂုဏ်သတင်း

Vol. 148 Ch. 2110

ဂုဏ်သတင်း

Vol. 148 Ch. 2110

ရီဖူရှင်းက ရွာထဲ၌ လမ်းလျှောက်နေရင်း ဖန်းချွင့်နှင့် သော်ယွီကိုပါ ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် ရှေးဟောင်းသစ်ပင်သို့ ဦးတည်လိုက်သည်။

ရွာသားများက ၎င်းကို မြင်ပြီး အော်ဟစ်လိုက်၏။ "သော်ယွီ မင်း ဘာလို့ ဒီမှာ လာပြေးလွှားနေတာလဲ။"

"အဒေါ်" သော်ယွီက ခေါ်လိုက်ပြီး ရှေ့သို့ လျှောက်နေသော ရီဖူရှင်းအား တွန့်ဆုတ်စွာ ကြည့်လိုက်သည်။

"ကြည့်ရတာ ငါတို့ရဲ့ ရှောင်သော်ယွီက ကျင့်ကြံခြင်း ပါရမီရှိတာ ဖြစ်နိုင်တယ်။ ဆရာသခင်ပြောတာတော့ အနာဂတ်မှာ ကျုပ်တို့ ရွာက လူတိုင်း ကျင့်ကြံနိုင်မယ်တဲ့ ဟုတ်တယ်မလား။" အဘိုးကြီးတစ်ယောက်က အပြုံးနှင့် ပြောလိုက်သည်။ "ကျုပ်လို ရင့်အိုနေတဲ့ အရိုးတွေနဲ့ အဘိုးကြီးကရော ​ကျင့်ကြံနိုင်ဦးမလား သိချင်မိတယ်။"

"အဲဒါ ဖြစ်နိုင်တယ်။ ခင်ဗျား ကျင့်ကြံပြီးတဲ့အခါ ချောမောတဲ့ လူငယ်လေး ဖြစ်လာလိမ့်မယ်။" ဘေးဘက်မှ တစ်စုံတစ်ယောက်က စနောက်ကာ ပြောလိုက်သည်။ လူအများက တစ်ယောက်ပြီးတစ်ယောက် ပြောလာကြသည်။ ရီဖူရှင်းက ဤမြင်ကွင်းကို မြင်သည့်အခါ ရွာမှလူများက အတော် ရိုးစင်းလှသည်ဟု ခံစားမိသည်။ သူတို့က မယုံနိုင်သေးသလို ပြောဆိုနေကြသော်လည်း သူတို့က စနောက်နေဆဲ ဖြစ်ကာ သော်ယွီအပေါ် ရွာသားများ၏ နွေးထွေးမှုကို ခံစားမိနိုင်၏။

"လူတိုင်းက မင်းကို အများကြီး သဘောကျပုံရတယ်။" ရီဖူရှင်းက သူ့ဘေး၌ ရှိနေသော သော်ယွီကို ပြောလိုက်သည်။

သော်ယွီက ခေါင်းကုတ်လိုက်၏။ သူက မည်သို့ တုံ့ပြန်ရမည်ကို မသိပေ။ သူ့ဘေးမှ ဖန်းချွင့်က ပြောလိုက်သည်။ "သော်ယွီကို ရွာသားတွေက ကျွေးမွေး စောင့်ရှောက်ခဲ့တာလေ။ သူကလည်း အရမ်း လိမ္မာတယ်။ ရွာသားတွေက သူ့ကို သဘောကျကြတယ်။"

"အင်း။" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။ "ရွာထဲက တခြားလူတွေကို သွားခေါ်လိုက်။"

ဖန်းချွင့်က မျက်တောင်ခတ်ကာ တုံ့ပြန်လိုက်၏။ "ဟုတ်ကဲ့.. ကျွန်တော် အခု သွားခေါ်လိုက်မယ်။"

သူက ပြောပြီးသည်နှင့် ဖန်းချွင့်က သူတို့ကို ခေါ်ရန် ထွက်သွားခဲ့သည်။ ရွာအတွင်းရှိ လူငယ်များကြားတွင် နှိုင်းယှဥ်၍မရနိုင်သော မုယွင်ရှုမှ လွဲ၍ သူ့အဆင့်အတန်းက အတော်မြင့်ပေသည်။ ဖန်းမိသားစုမျိုးဆက်အနေနှင့် ဖန်းချွင့်သည်လည်း အခွင့်အာဏာ ရှိသည်။ သူ၏ လူများကို ဆင့်ခေါ်နိုင်သော စွမ်းရည်ကလည်း သာမန်မဟုတ်ပေ။

သိပ်မကြာခင်မှာပင် လူငယ်တစ်စုက ဖန်းချွင့်ကို ဝန်းရံကာ ရီဖူရှင်း ရှိရာသို့ လျှောက်လာကြသည်။ ဖန်းချွင့်က အော်ဟစ်လိုက်၏။ "မင်းတို့အားလုံး ဆရာရီကို နှုတ်မဆက်သေးဘူးလား။"

"ဆရာရီကို နှုတ်ဆက်ပါတယ်။" လူငယ်အများစုသည် ယခင်က မကျင့်ကြံနိုင်ကြပေ။ သူတို့အားလုံးက ရီဖူရှင်းကို သိချင်စိတ်ဖြင့် ကြည့်နေကြ၏။ သူတို့သည် ဖန်းချွင့်က သူတို့အား မည်သည့်အတွက်ကြောင့် စုရုံးခိုင်းသလဲ မသိပေ။

ဆရာရီကို ဆရာသခင်ဟုလည်း ခေါ်သလား။

သူ၏ စွမ်းရည်က ဆရာသခင်နှင့် ယှဥ်နိုင်ပါမည်လား။

"သွားကြစို့။" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ ထို့နောက် သူက လူငယ်လေးများထံ လျှောက်သွား၏။ ရွာသားများက ထိုမြင်ကွင်းကို မြင်သောအခါ သူတို့က အံ့သြနေကြသည်။ ရီဖူရှင်းက မည်သည်ကို လုပ်ချင်နေသနည်း။

၎င်းမှာ သူက ဂိုဏ်းတစ်ဂိုဏ်း၏ ခေါင်းဆောင်အဖြစ် ခံစားမိစေသည်။ ကလေးတစ်စုက သူ့နောက်မှ လိုက်ပါသွားကြသည်။

ရှားရှင်းယွန် နှင့် အခြားလူများပင် အံ့သြမှင်တက်သွားလေသည်။ သိမ်းငှက်လေး၏ ကြီးမားသော မျက်လုံးများက တဖျတ်ဖျတ် ခတ်သွားခဲ့သည်။ သူ့သခင်က မည်သည့်အခါက စရိုက်ပြောင်းလဲသွားရသနည်း။ သူသည် လှပသော မိန်းကလေးများကို မကြိုက်တော့ဘဲ ယခု ကလေးတစ်စု၏ ခေါင်းဆောင်ဖြစ်ချင်နေသည်လား။

အပြင်လူများသည်လည်း ထူးဆန်းသော အမူအရာတို့ ဖြစ်ပေါ်လာသည်။ သူက မည်သည်ကို လုပ်ချင်နေသနည်း။

လူအများက သူတို့နောက်သို့ လိုက်ပါသွားကြသည်။ သူတို့အဖွဲ့က ရှေးဟောင်းသစ်ပင်ထံ ရောက်ရှိလာကြသည်။ ထိုနေရာ၌ အပြင်လူများအပါအဝင် လူများစွာ ကျင့်ကြံနေခဲ့ပြီး လမ်းစဥ်ကို နားလည်သဘောပေါက်အောင်  လုပ်ဆောင်နေကြသည်။ လူအများသည် ထိုနေရာ၌ ဆူညံသံအချို့ကို ကြားသည့်အခါ မျက်လုံးများကို ဖွင့်ကြည့်လိုက်ကြ၏။ သူတို့သည် ရီဖူရှင်းနှင့် ကလေးတစ်သိုက်ကို မြင်သောအခါ အချို့လူများက မျက်မှောင်ကြုတ်လိုက်ကြ၏။ သည်လူက မည်သည်ကို လုပ်ချင်နေသနည်း။

အချို့လူများက စိတ်ဝင်စားသော အကြည့်များ ဖော်ပြလာသည်။ သူတို့က ရီဖူရှင်းအား သိချင်စိတ်ဖြင့် စောင့်ကြည့်နေကြသည်။

"ဦးလေးရီ။" ရှောင်လင်းက ရီဖူရှင်းကို ခေါ်လိုက်သည်။ ထို့နောက် သူမက သူ့နောက်ကို ကြည့်လိုက်ပြီး ထူးဆန်းသလို ခံစားလိုက်ရသည်။

"အင်း။" ရီဖူရှင်းက အပြုံးနှင့် တုံ့ပြန်လိုက်၏။ ထို့နောက် သူက ပြန်လှည့်ကာ လူငယ်လေးများကို ပြောလိုက်သည်။ "ဆရာသခင် ပြောခဲ့တာ အခုဆို ရွာထဲက လူတိုင်း ကျင့်ကြံဖို့ အခွင့်အရေး ရှိနေပြီတဲ့။ အရင်က လေးမျက်နှာကျေးရွာရဲ့ ဘိုးဘေးတစ်ယောက်က ငါ့ကို အိပ်မက်လာပေးတယ်။ ဘိုးဘေးက ဒီသစ်ပင်အောက်မှာ ကျင့်ကြံပြီး လမ်းစဥ်ကို နားလည်သဘောပေါက်ခဲ့တယ်။ ဒါကြောင့် ငါက ဒီသစ်ပင်ကို 'လမ်းစဥ်ဖွေရှာသစ်ပင်' လို့ ခေါ်မယ်။ မင်းတို့က တခြားဘာမှလုပ်စရာမရှိဘူး။ ဒီအတိုင်း အပင်ခြေရင်းမှာ ထိုင်ပြီး လမ်းစဥ်ကို နားလည်အောင်လုပ်ရုံပဲ။ မင်းတို့မှာ အခွင့်အရေးရှိရင် စွမ်းရည်တွေ နိုးထလာလိမ့်မယ်။ တစ်ခုတော့မှတ်ထား။ မင်းတို့ အဲဒီလိုလုပ်တဲ့အခါ ရိုးသားပြီး ဇွဲရှိရမယ်။ ဒါက ငါ့ အိပ်မက်ထဲက ဘိုးဘေး ပြောခဲ့တဲ့ စကားပဲ။ တစ်ရက်က မလုံလောက်ရင် နှစ်ရက် သုံးရမယ်။ နှစ်ရက်နဲ့မရရင် ဆယ်ရက်ဖြစ်စေ လတစ်ဝက်ဖြစ်စေ လုပ်ရမယ်။ မင်းတို့ရဲ့ ဘိုးဘေးက အဲဒီလိုမျိုးနဲ့ ကျင့်ကြံခဲ့တာပဲ။ နားလည်ကြလား။"

"အမ်...." သူ့အနီးမှ လူများက မတူညီသော အမူအရာများ ဖြစ်ပေါ်လာသည်။ အပြင်လူများနှင့် ရွာထဲမှ လူများအားလုံး ရီဖူရှင်း၏ စကားကို မယုံကြပေ။ ဘိုးဘေးက သူ့အိပ်မက်ထဲ လာပြီး မြင်ကွင်းတစ်ခု ပြသခဲ့သည်လား။

မည်မျှ အဓိပ္ပါယ်မရှိလိုက်သနည်း။ ဘိုးဘေးက တစ်စုံတစ်ယောက်တစ်ယောက်၏ အိပ်မက်ထဲ လာချင်လျှင်ပင် အပြင်လူတစ်ယောက်ကို ရှာလိမ့်မည် မဟုတ်ပေ။

သည်လူက အမှန်တကယ် ပုံပြင်ပြောနေခြင်းသာ ဖြစ်ပေသည်။

သို့သော်လည်း သူက ဤလူငယ်လေးများကို မည်သည့်အတွက် လိမ်ရသန​ည်း။ သူသည် ဤသစ်ပင်က အမှန်တကယ် ထူးခြားသည်ကို သိရှိနေ၍ ဖြစ်နိုင်သလား။ ယခင်က သူသည် ရှောင်လင်းကို သစ်ပင်ဆီ ခေါ်လာခဲ့ပြီး ရှောင်လင်းက စွမ်းရည်နိုးထလာခဲ့သည်။

ရွာသားများက ထိုအကြောင်းကို များများစားစား မတွေးကြပေ။ သူတို့က ရီဖူရှင်း၏ စကားကို ယုံကြည်လုနီးပါးပင်။

လူငယ်များအတွက်တော့ သူတို့အားလုံးက အသီးသီးခေါင်းညိတ်လိုက်ကြသည်။ သူတို့က အခြားဖြစ်နိုင်ချေများကို မည်သို့တွေးမိမည်နည်း။ သူတို့က အခြားလူများ ပြောသည့်စကားကိုသာ အတည် မှတ်ယူကြမည် ဖြစ်သည်။

"မင်းတို့ ဆရာရီကို ကျေးဇူးမတင်သေးဘူးလား။" ဖန်းချွင့်က သူတို့ကို ပြောလိုက်သည်။ လူငယ်လေးများက ချက်ချင်းပင် သူ့စကားကို လိုက်နာကြ၏။

ရီဖူရှင်းက ဖန်းချွင့်အား ကြည့်လိုက်သည်။ ဤလူရှုပ်က​လေးက အတော် ပါးနပ်သည်။

"မင်းတို့ အားလုံး ဒီမှာ ထိုင်ပြီး ကျင့်ကြံကြ။ နားမလည်တာရှိရင် ရှောင်လင်း ထျယ်ထိုနဲ့ ဖန်းချွင့်တို့ကို မေးလို့ရတယ်။" ရီဖူရှင်းက ညွှန်ကြားလိုက်သည်။ လူငယ်လေးများက ခေါင်းညိတ်လိုက်ပြီးနောက် နေရာရှာကာ ထိုင်ချလိုက်ကြ၏။

ရီဖူရှင်းက ကျေနပ်သော အမူအရာကို ဖော်ပြကာ ထွက်ခွာသွားခဲ့သည်။

သူထွက်သွားပြီးနောက် လူငယ်များက တစ်ယောက်ပြီးတစ်ယောက် စကားပြောလာကြသည်။ တစ်စုံတစ်ယောက်က ရှောင်လင်းကို မေးလိုက်သည်။ "ရှောင်လင်း မင်း ဘယ်လိုကျင့်ကြံလိုက်တာလဲ။ ကျေးဇူးပြုပြီး ငါ့ကို သင်ပေးပါလား။"

"အင်း.. ငါ့ကိုလည်း သင်ပေးပါ။" လူငယ်လေးများက ရှေ့သို့ ရောက်လာပြီး တောင်းဆိုလိုက်ကြသည်။

"ဝေးဝေးသွား။ ကိုယ့်ဘာသာ ကျင့်ကြံကြ။ ရှောင်လင်းကို မနှောက်ယှက်နဲ့။" ထျယ်ထိုက ထရပ်လိုက်ကာ ရှောင်လင်းအား ကာကွယ်ထားလိုက်သည်။

"အိုး.. ထျယ်ထို မင်းက သူမကို အရမ်း ကာကွယ်နေပါလား။" ဖန်းချွင့်က အပြုံးနှင့် ပြောလိုက်သည်။

"ဖန်းချွင့် မင်းအလုပ်မင်းလုပ်။" ထျယ်ထိုက ဖန်းချွင့်ကို ကြည့်ကာ ပြောလိုက်သည်။

"ဆရာရီက အနားမှာ ရှိတဲ့အခါ ငါတို့ကို ညွှန်ကြားပေးမှာမို့ သူ့စကားနားထောင်ရမယ်။ သူ အနားမှာ မရှိတဲ့အခါ မင်းတို့အားလုံး ငါ့စကားနားထောင်သင့်တယ်။" ဖန်းချွင့်က ခေါင်းမော့ရင်ကော့ကာ ပြောလိုက်သည်။

"ဦးလေးရီက အဲဒီလိုပြောခဲ့တာလား။" ထျယ်ထိုက မကျေမနပ်ကြည့်က ပြောလိုက်သည်။

"မင်း ငါ့ကို မယုံရင် ဆရာရီကို ဘာလို့ သွားမမေးတာလဲ။" ဖန်းချွင့်က ပြန်လှန်ပြောဆိုလိုက်၏။

"ရပါတယ် ထျယ်ထို။ အစ်ကိုဖန်းချွင့်စကားကို နားထောင်လိုက်ရအောင်ပါ။" ရှောင်လင်းက သူတို့ထံ လျှောက်လာပြီး ပြောလိုက်သည်။ "ကျွန်မ သူတို့ကို သင်ပေးလိုက်မယ်။"

"ညီမလေးရှောင်လင်းက နားအလည်ဆုံးပဲ။" ထို့နောက် ဖန်းချွင့်က လူငယ်လေးများဘက် လှည့်ကာ ပြောလိုက်သည်။ "မင်းတို့ မြင်ကြလား။ အခုက စပြီး ရှောင်လင်းက မင်းတို့ရဲ့ အစ်မကြီးပဲ။"

"အစ်မလင်း။" တစ်ယောက်က ခပ်တိုးတိုး ပြောလိုက်၏။

"ဘာလို့ သူမက ငါတို့အစ်မဖြစ်သင့်တာလဲ။ ငါက သူမထက် အသက် ကြီးတယ်လေ။"တစ်ယောက်က အထွန့်တက်လိုက်သည်။

"ရှောင်လင်းက နတ်ဘုရားနည်းစနစ်တစ်ခုရဲ့ ဆက်ခံသူဖြစ်ပြီး ဘိုးဘေးတွေက ရွေးချယ်ထားသူပဲ။ မင်းက အဲဒါနဲ့ ပတ်သတ်ပြီး မကျေနပ်ဘူးလား။" ဖန်းချွင့်က ထိုကလေးထံ လျှောက်လာပြီး စိန်ခေါ်လိုက်သည်။ စကားပြောလိုက်သည့် ကောင်လေးက ချက်ချင်း နောက်ဆုတ်သွားလေသည်။

အဝေးသို့ လျှောက်သွားသော ရီဖူရှင်းက ထိုအရာအားလုံးကို မြင်တွေ့၏။ သူသည် ရယ်မလား ငိုရမလားပင် မသိတော့ပေ။ ဖန်းချွင့်က အနာဂတ်၌ ထူးချွန်ထက်မြက်သူ ဖြစ်လာလိမ့်မည်။ သူက ကလေးများကြားမှ ဘုရင်တစ်ပါး ဖြစ်ပေသည်။ အနာဂတ်၌ ထိုလူငယ်လေးများအားလုံးက သူ့စကားကို နာခံကြလိမ့်မည်။

မျက်မမြင်ထျယ်က သူတို့ကို စောင့်ကြပ်ပေးနေသည်။ အဘိုးမာက ရီဖူရှင်းထံ လျှောက်လာကာ ပြောလိုက်၏။ "ဒီကလေးတွေ ကြီးလာတဲ့အခါ ထူးချွန်တဲ့သူတွေ ဖြစ်လာလိမ့်မယ်။ ဖန်းချွင့်မှာက ဦးဆောင်နိုင်တဲ့ အရည်အချင်းတချို့ ရှိတယ်။ သူက မုယွင်မိသားစုရဲ အဲဒီကလေးထက် ပိုပြီး အထင်ကြီးစရာကောင်းတယ်။"

ရီဖုရှင်းက သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။ မုယွင်ရှုက အလွန် တစ်ကိုယ်ကောင်းဆန်ပြီး မောက်မာရိုင်းစိုင်းလှသည်။ သူက သူ့ကိုယ်သူအတွက်သာ ကြည့်ပြီး ဘဝင်မြင့်နေသည်။ သူ့ကဲ့သို့ လူမျိုးက အခြားလူများနှင့် ကောင်းမွန်စွာ အလုပ်လုပ်နိုင်မည့် ကံကြမ္မာမျိုး မရှိပေ။ အခြားတစ်ဖက်တွင် ဖန်းချွင့်က ကွာခြားပေသည်။

"အခု လေးမျက်နှာကျေးရွာရဲ့ ရွာသားတိုင်း ကျင့်ကြံနိုင်ပြီဆိုတော့ နောက်ဆယ်စုနှစ်နည်းနည်းလောက် ကြာတဲ့အခါ ဘယ်လိုဖြစ်လာမလဲ သိချင်မိတယ်။" အဘိုးမာက ဆက်ပြောလိုက်သည်။

ရီဖူရှင်းက ပြောလိုက်၏။ "သေချာပေါက် ဒီမှာ တန်ခိုးရှင်တွေ သွားလာနေမှာပဲ။ ဒီကလေးတွေထဲမှာ တချို့က လမ်းစဥ်နဲ့ မွေးဖွားလာတာ။ လေးမျက်နှာကျေးရွာက အမြဲတမ်း ထူးခြားတဲ့ နေရာတစ်ခု ဖြစ်ခဲ့တာ။ တကယ်တော့ ဒီနေရာက အမြဲ မဟာလမ်းစဥ်စွမ်းအားတွေနဲ့ လွှမ်းခြုံခံထားရတယ်။ ဆရာသခင်ရဲ့လုပ်ဆောင်ချက်တွေ အများကြီးရှိရမယ်။ သူတို့တွေ ကျင့်ကြံရေးခရီးစဥ်စတင်တဲ့အခါ အလျင်အမြန် တိုးတက်လာလိမ့်မယ်။"

ရွာသားများက စတင်ကျင့်ကြံလိုက်သည်နှင့် အကန့်အသတ်မရှိ ပျံသန်းနိုင်လိမ့်မည်။

"အင်း.. အနာဂတ်မှာ ရွာက အပြင်ဘက်လောကနဲ့ ပေါင်းစည်းလိမ့်မယ်။ လူငယ်လေးတွေက ရွာရဲ့ အနာဂတ်ပဲ။ မင်းက အခု ဒီလူငယ်လေးကို ဦးဆောင်လမ်းပြပေးခဲ့တယ်။ အနာဂတ်မှာ သူတို့က မင်းကို ကျိန်းသေ ရိုသေလေးစားကြလိမ့်မယ်။ မင်း ရွာမှာပဲ ဘာလို့မနေတာလဲ။" အဘိုးမာက အကြံပြုလိုက်သည်။

ရီဖူရှင်းက အဘိုးမာကို ကြည့်လိုက်၏။ အဘိုးမာက ဆက်ပြောလိုက်သည်။ "အရင်က မင်း အပြင်လောကရဲ့ အစွမ်းထက် အင်အားစုတော်တော်များများကို ဆန့်ကျင်ခဲ့တယ်လို့ လူတွေပြောတာ ကြားမိတယ်။ ရွာက သေးငယ်ပေမယ့် ကျုပ်တို့က မင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဆရာသခင်သာ ဒီမှာ ရှိနေရင် ရွာထဲကို အတင်းဝင်လာနိုင်တဲ့သူ ဘယ်လောက်များများ ရှိမှာမို့လို့လဲ။"

ရီဖူရှင်းက ပြုံးလိုက်သည်။ အဘိုးမာက သူ၏ လုံခြုံရေးကို ဂရုစိုက်ပေးနေသည်။ လေးမျက်နှာကျေးရွာ၌ နေခြင်းက အမှန်တကယ် ဆိုးရွားသော ရွေးချယ်မှု မဟုတ်ပါချေ။

"ကျွန်တော်စဥ်းစားလိုက်ပါဦးမယ်။ ဒါပေမယ့် မုယွင်မိသားစုက ကျွန်တော်တို့ကို နှင်ထုတ်ချင်နေတာလေ။ ဒါကြောင့် အရင်ဆုံး အခြေအနေကြည့်ရမယ်။" ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ အဘိုးမာက ခေါင်းညိတ်လိုက်၏။

နောက်ရက်အနည်းငယ်အတွင်း လူငယ်လေးများက သစ်ပင်အောက်၌ နာနာခံခံ ကျင့်ကြံနေကြသည်။ ရီဖူရှင်းက ပုံမှန် ထိုနေရာသို့ သွားကြည့်တတ်တယ်။ တစ်ခါတစ်ရံ သူက သစ်ပင်အောက်၌ ထိုင်နေတတ်၏။

ထင်ထားသလိုပင် သူတို့ထဲမှ အများစုက စွမ်းရည်များ နိုးထပြီး စတင်ကျင့်ကြံနိုင်ပြီ ဖြစ်သည်။ သူတို့က နေ့တိုင်း အံ့သြမှုများ တွေ့နေကြရသည်။ ဤသည်မှာ ရွာသားများကို အလွန် ပျော်ရွှင်စေ၏။ ဤလူငယ်လေးများက ရွာ၏ အနာဂတ်ပင် ​ဖြစ်သည်။ သက်ကြီးပိုင်းမျိုးဆက်များက အပြင်သို့ ထွက်ကာ စွန့်စားသွားလာရန် မျှော်လင့်ချက်မထားတော့သော်လည်း သူတို့က လူငယ်လေးများ ကျင့်ကြံနိုင်ပြီး တစ်နေ့တွင် အပြင်လောကသို့ ခြေဆန့်နိုင်တော့မည် ဖြစ်သည့်အတွက် ပျော်ရွှင်နေကြသည်။

တဖြေးဖြေးနှင့် ရွာသားများက ရီဖူရှင်းအပေါ် နွေးထွေးလာသည်။ သူတို့၏ ရီဖူရှင်းအပေါ် အမြင်ကောင်းများက များစွာ တိုးမြင့်လာကြသည်။ လူတိုင်းက သူ့ကို ဆရာရီဟု ခေါ်ကြပြီး သူသည်လည်း ထိုသို့သော ဂုဏ်ပုဒ်အပေါ် အသားကျလာခဲ့သည်။

ရွာ၌ ယခင်က ဆရာသခင်တစ်ယောက်သာ ရှိသည်။ယခု သူတို့က သူ့ကို ဆရာရီဟု ခေါ်ကြခြင်းမှာ အလွန် လေးစားမှု၏ လက္ခဏာဖြစ်သည်။ ဖန်းကိုင့်က သူ့ကို အရင်ဆုံး ထိုသို့ ခေါ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် ဖန်းချွင့်က လူငယ်လေးများကို ဦးဆောင်ကာ သူ့အား ထိုကဲ့သို့ ခေါ်ဆိုခဲ့ပြီး တဖြေးဖြေး ထိုအခေါ်အဝေါ်က ပျံ့နှံ့သွားခြင်း ဖြစ်သည်။

ဖန်းချွင့်၏ တိုးတက်မှုက အလွန် သိသာလှသည်။ ရက်အနည်းငယ်အတွင်း သူက နိုးထခြင်းကို ခံစားခဲ့ရပြီး နတ်သဘာဝဖြစ်စဥ် ပေါ်ထွက်လာခဲ့ကာ လူတိုင်းကို လှုပ်လှုပ်ရှားရှား ဖြစ်လာစေသည်။

ယနေ့တွင် မရေတွက်နိုင်သော လူများက ရှေးဟောင်းသစ်ပင်အနီးတွင် ရပ်နေကြသည်။ သူတို့က ထိုနေရာ၌ ထိုင်နေသော ဖန်းချွင့်အား ကြည့်နေကြ၏။ နတ်အလင်းများက သူ့ခန္ဓာကိုယ်အတွင်း တိုးဝင်နေကြသည်။ သူ့ခန္ဓာကိုယ်အနီးတွင် သီးခြားလေဟာနယ်တစ်ခု ဖြစ်တည်လာပုံရသည်။ လေဟာနယ်က ဆက်လက်ပြောင်းလဲနေပြီး အလွန် ထူးခြားဆန်းကြယ်လှသည်။

ဖန်းကိုင့်က အလွန် ပျော်ရွှင်နေပြီး သူ့မျက်နှာထက်၌ တောက်ပသော အပြုံးတစ်ခု ရှိနေသည်။ သူသည် ဤလူငယ်လေးများက နိုးထခြင်းကို ကြုံတွေ့ရရန် အရည်အချင်းပြည့်မီသည်အား ခံစားမိ၏။ မျိုးဆက်တိုင်းသည် ယခင်မျိုးဆက်ထက် ပို၍ တိုးတက်လာကြသည်။ ယခု ဖန်းချွင့်၏ မျိုးဆက်၌ နောက်ဆုံးတွင် သူတို့သည် ကျင့်ကြံရန် အခွင့်အရေးရရှိလာပြီ ဖြစ်သည်။

"ကျွန်တော် အောင်မြင်သွားပြီ။" ကျင့်ကြံခြင်း ပြီးမြောက်သွားသည့် ဖန်းချွင့်က အံ့အားတသင့် ပြောလိုက်သည်။ သူက ရီဖူရှင်းအား အရိုအသေပေးကာ ပြောလိုက်၏။ "ကျေးဇူးအများကြီးတင်ပါတယ် ဆရာရီ။"

"ဒါက မင်းကိုယ်တိုင် ကြိုးစားခဲ့တာပါ။ ငါနဲ့ ဘာမှမဆိုင်ဘူး။" ရီဖူရှင်းက ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။

"ဆရာရီက တကယ့်ကို အံ့သြစရာပဲ။"

"ကြည့်ရတာ ဆရာရီက အစွမ်းထက်တဲ့ ကံကြမ္မာကောင်းတွေရှိတာ တကယ်ပဲ ထင်တယ်။" ရွာသားများက ဆွေးနွေးနေကြသည်။ သူတို့သည် ရိုးသားသော လေးစားမှုတို့ကို ဖော်ပြသည့် အကြည့်များနှင့် ကြည့်နေကြသည်။

အဝေးမှ မုယွင်လုံက ထိုမြင်ကွင်းအား ဒေါသတကြီး ကြည့်နေခဲ့သည်။ ဖန်းမိသားစုကလည်း စွမ်းရည် နိုးထလာခဲ့ပြီ ဖြစ်၏။ ဖန်းချွင့်က နတ်ဘုရားနည်းစနစ်တစ်ခုကို ဆက်ခံခဲ့သည်။ ထို့ကြောင့် ဖန်းမိသားစု၏ အနေအထားက ပို၍ မြင့်တက်သွားလိမ့်မည် ဖြစ်သည်။

ယခု မုယွင်မိသားစုက အနိုင်ရရန် အခွင့်အရေး မရှိတော့လုနီးပါးပင် ဖြစ်သည်။

ရီဖူရှင်းက ရွာတွင် ရက်အနည်းငယ်သာ ​နေခဲ့သော်လည်း ယခု သူ့ဂုဏ်သတင်းက ကောင်းကင်မှ နေမင်းကဲ့သို့ ကျော်ကြားနေပြီ ဖြစ်သည်။ ရီဖူရှင်း၏ ဂုဏ်သတင်းက နှစ်ပေါင်းများစွာ ရွာ၌ တည်ဆောက်လာခဲ့သော သူ့ကျော်ကြားမှုကိုပင် ကျော်တက်သွားပြီ ဖြစ်သည်။

ထိုသို့ ဖြစ်ပျက်လာသည့်အခါ ရွာမှ နှင်ထုတ်ခံရမည်မှာ ရီဖူရှင်းမဟုတ်ဘဲ မုယွင်မိသားစုဖြစ်လာနိုင်သည်။

သူက မုယွင်မိသားစု လေးမျက်နှာကျေးရွာမှ နှင်ထုတ်ခံရလျှင် မည်သို့ ဖြစ်လာလိမ့်မည်ကို မခန့်မှန်းနိုင်ပေ။

"သူတို့ မကြာခင်ရောက်တော့မှာလား။" မုယွင်လုံက နန်ဟိုင်ချင်းကို စိတ်ချင်းဆက်သွယ်ကာ မေးလိုက်သည်။

"သူတို့ မကြာခင်ရောက်လာလိမ့်မယ်။ အပြင်လောကက လူတွေ လေးမျက်နှာကျေးရွာကို တဖြေးဖြေး ဝင်လာကြမှာ။ နန်ဟိုင်မိသားစုက လူတွေလည်း မကြာခင် ရောက်လိမ့်မယ်။" နန်ဟိုင်ချင်းက ပြန်ဖြေလိုက်သည်။ မုယွင်လုံက ခေါင်းညိတ်လိုက်၏။ လေးမျက်နှာကျေးရွာက အပြောင်းအလဲတစ်ခု ဖြစ်လိမ့်မည် ဖြစ်သည်။ ပြင်ပအင်အားစုများကလည်း ရောက်ရှိလာလိမ့်မည်။ အရာအားလုံး၏ အဆုံးသတ်၌ မည်သူက အောင်နိုင်သူ ဖြစ်လိမ့်မည်ကို မည်သူမှ မသိပေ။ လေးမျက်နှာကျေးရွာက သေချာပေါက် သူပိုင်ဆိုင်ရပေမည်။

***

All Chapters