← Chapters

စူးစမ်းခြင်း

Vol. 169 Ch. 2416

စူးစမ်းခြင်း

Vol. 169 Ch. 2416

မည်သည့်ကျင့်ကြံသူမှ မလှုပ်ရှားလိုက်ချေ။ မည်သူမှ အခြားသူများ အကျိုးရသွားစေရန် မကူညီပေးလိုကြပေ။

အကယ်၍ အလင်းဂိတ်တံခါးကို အလွယ်တကူ ဝင်နိုင်ပါက သူတို့သည် ယခုအထိစောင့်နေမည်မဟုတ်ဘဲ ယခင်ကတည်းက ဝင်ခဲ့ပြီးဖြစ်ပေမည်။

လူအားလုံးသည် မဟာအလင်းမြို့တော်မှ အလင်းဂိတ်တံခါးတွင်း၌ ရှိနေသော အန္တရာယ်များကို သိရှိပြီးဖြစ်ကြသည်။

ထိုထွင်းဖောက်မြင်နေရသည်ဟုထင်ရသော အလင်းဂိတ်တံခါးအတွင်း၌ ကိုယ်ပိုင်စကြဝဠာရှိသည့် လောကအသေးလေးတစ်ခုရှိနေသည်ဟု ထင်ရပေသည်။

မျက်မမြင်ချန်သည် ထိုအခြင်းအရာအားလုံးကို တိတ်တဆိတ်ကြည့်နေပြီးနောက် ပုံမှန်အတိုင်း မှတ်ချက်ပေးလိုက်သည်။

“မင်းတို့အကုန်လုံးက အလင်းရှေးဟောင်းအမွေအနှစ်ကို ရှာချင်ပေမယ့် မင်းတို့က ဘာမှစွန့်လွှတ်အနစ်နာမခံချင်ကြဘူးပဲ။ အလင်းရှေးဟောင်းအမွေအနှစ်က မင်းတို့ဆက်ခံနိုင်ဖို့ မင်းတို့ဒီမှာရပ်နေရုံနဲ့ ရှေ့မှာဒီအတိုင်းပေါ်လာမယ်လို့ ထင်လို့လား”

“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက ငါ အလင်းရှေးဟောင်းအမွေအနှစ်ကို ဖွင့်ဖို့ကြိုးစားခဲ့တယ်..ဒါပေမဲ့ အဲ့ဒါက အထဲကဖွင့်မှရတာ။ အခု ငါတစ်ချိန်လုံးစောင့်နေခဲ့တဲ့ အလင်းဂိတ်တံခါးကိုဖွင့်နိုင်တဲ့သူ ဒီကိုရောက်လာပြီ။ ပြီးတော့ မင်းတို့အကုန်လုံး ပူးပေါင်းဆောင်ရွက်ပေးဖို့လိုတယ်...ဒါမှ လူတိုင်း အလင်းဘုံကျောင်းထဲကို အတူဝင်နိုင်မှာ။ ငါတို့ရဲ့ မိတ်ဆွေလေး အလင်းဂိတ်တံခါးကိုဖွင့်နိုင်ဖို့ စွန့်လွှတ်အနစ်နာခံရမှာတွေတော့ ရှိတာပေါ့။ လောကထဲမှာ အလင်းရှေးဟောင်းအမွေအနှစ် ပေါ်လာပြီဆိုရင် အဲ့ကနေမင်းတို့ဘာရနိုင်မလဲဆိုတာ မင်းတို့အပေါ်မှာပဲမူတည်တယ်”

မျက်မမြင်ချန်၏အသံသည် ထိုနေရာတစ်ခုလုံးကို ပျံ့နှံ့သွားသည်။ လူတိုင်းသည် သူ့အသံကို ပြတ်ပြတ်သားသား၊ ကြည်ကြည်လင်လင် ကြားလိုက်ရ၏။ သို့သော် သူတို့သည် မည်သို့မှမတုံ့ပြန်လိုက်ဘဲ မျက်မမြင်ချန်ကိုသာ မျက်နှာသေများဖြင့် ကြည့်နေကြသည်။ သူတို့ထဲမှအများစုသည် ရီဖူရှင်းကို ကြည့်နေကြသည်။

ထိုလူငယ်သည် အလင်းဂိတ်တံခါးကိုဖွင့်နိုင်သည့် သူပေလော။

ထိုသို့ဆိုလျှင် အဓိကအင်အားစုကြီးလေးစုမှ ကျင့်ကြံသူများသည် သူ့အတွက်လမ်းခင်းပေးရန်အတွက် အလင်းဂိတ်တံခါးအတွင်းသို့ ဝင်ရမည်လော။

အဘယ်ကြောင့် သူတို့ထိုသို့လုပ်ရမည်နည်း။

အဘယ်ကြောင့် သူတို့၏မျှော်လင့်ချက်ကို လူငယ်လေးတစ်ဦးအပေါ်တွင် ထား,ထားရမည်နည်း။

“သူက တကယ်ပဲ ဘယ်သူလဲ။ ရှေ့ဖြစ်ဟောဆရာအိုကြီး ပြောရုံနဲ့တော့ ယုံဖို့ခဲယဉ်းတယ်”

လန်ကလန်မှ ခေါင်းဆောင်သည် တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ ယခုအထိ သူတို့သည် ရီဖူရှင်း၏ ဇစ်မြစ်အစစ်အမှန်ကို မသိရသေးပေ။ သူတို့အားလုံးသိသည်မှာ ထိုသူသည် ချန်ယိနှင့်အတူ မဟာအလင်းမြို့တော်သို့ လိုက်လာခဲ့သည်ဆိုခြင်းပင်။ သူ့ကိုရှာရန် မျက်မမြင်ချန်က ချန်ယိကို ခိုင်းစေခဲ့ခြင်းဖြစ်နိုင်ပေသည်။

“ငါတို့ရဲ့မိတ်ဆွေလေးက ဘယ်သူဆိုတာ မင်းတို့အများကြီးသိစရာမလိုပါဘူး။ ဒါပေမဲ့ တကယ်လို့ လောကကြီးထဲမှာ အလင်းဂိတ်တံခါးရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်မယ့်သူတွေရှိမယ်ဆိုရင် မဟာအင်ပါယာတွေကိုထည့်မထွက်ရင် အဲ့လိုလုပ်နိုင်မယ့်တစ်ဦးတည်းသောသူက ဒီကငါတို့ရဲ့ မိတ်ဆွေလေးကပဲဖြစ်လိမ့်မယ် ”

မျက်မမြင်ချန်သည် အမှုမထားသလို ပြောလိုက်သည်။

မဟာအင်ပါယာများသည် အလင်းဂိတ်တံခါးကို ဖွင့်နိုင်စွမ်းရှိမည်ကို ထည့်ပြောရန်ပင်လိုမည်မထင်ပေ။ သူတို့သည် နတ်ဘုရားတစ်ပါးကဲ့သို့ အစွမ်းကြီးသူများဖြစ်သဖြင့် အခြားမဟာအင်ပါယာများ၏ ရှေးဟောင်းအမွေအနှစ်များကို အလွယ်တကူဖွင့်နိုင်ပေသည်။ ထို့ကြောင့် သူတို့ကို ထည့်တွက်၍မရပေ။ သို့ဖြစ်၍ မျက်မမြင်ချန်သည် မဟာအင်ပါယာများကို ထည့်မတွက်လျှင်ဟု ပြောခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ထိုစကားသည်ပင် မျက်မမြင်ချန်ထံ၏ အတော်လေးချီးကျူးလိုက်မှုဖြစ်သည်။

မဟာအင်ပါယာများကို ထည့်မတွက်လျှင် အလင်းဂိတ်တံခါးကိုဖွင့်နိုင်သူမှာ ရီဖူရှင်းတစ်ဦးတည်းသာ ဖြစ်ပေသလော။

“သူကဘယ်သူမို့လို့ ဘိုးဘိုးက သူ့ကိုဒီလောက်အထင်ကြီးနေရတာလဲဆိုတာ ကျွန်တော်နည်းနည်းစိတ်ဝင်စားလာပြီ”

တစ်စုံတစ်ယောက်က မေးလိုက်သည်။

ထိုမေးလိုက်သူကား ယွီမိသားစုမှ ယွီဟိုဖြစ်သည်။ သူသည် အားကောင်းသော ကျင့်ကြံခြင်းအစွမ်းကို ပိုင်ဆိုင်ထား၏။ သူသည် ရန်ဟောင်အဆင့်ရှစ်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ယွီမိသားစု၏ နောက်တက်မည့် ခေါင်း‌ဆောင်ဖြစ်သည်။ သူသည် လက်ရှိ၌ပင် မိသားစုကိစ္စများကို ထိန်းချုပ်ထားပြီဖြစ်သည်။ သူသည် ရည်မှန်းချက်ကြီး၍ မာန်မာနရှိသူတစ်ဦးဖြစ်သည်။

သူသည် မျက်မမြင်ချန်ကို ရှေ့ဖြစ်ဟောဘိုးဘိုးဟု မသုံးနှုန်းလိုက်ဘဲ ဘိုးဘိုးဟုသာ သုံးနှုန်းခဲ့သည်။ ထို့ကြောင့် သူသည် မျက်မမြင်ချန်ကို သိပ်၍လေးစားမှုမရှိသလို ယုံကြည်မှုလည်းမရှိပုံ ရပေသည်။

မဟာအင်ပါယာများကို ထည့်မတွက်လျှင် ရီဖူရှင်းသာ အလင်းဂိတ်တံခါးကို ဖွင့်နိုင်သည် ဆိုသလော။

သူတို့အားလုံးသည် ရီဖူရှင်းနှင့် ပူးပေါင်းဆောင်ရွက်ရမည် ဆိုသလော။

“ကျွန်တော်လည်း သိချင်နေတာ... ဘိုးဘိုးပြောရုံနဲ့ အလင်းဂိတ်တံခါးကိုဖွင့်ဖို့အတွက် မဟာအလင်းမြို့တော်ရဲ့ အဓိကအင်အားစုကြီးလေးစုက ကျင့်ကြံသူတွေကို အပြင်လူတစ်ယောက်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာ သိပ်အဓိပ္ပာယ်မရှိဘူး”

ခုနစ်စင်ကြယ်ခြံဝင်းမှ ညခုနစ်ပါးကြယ်သခင်က ပြောလိုက်သည်။ သူသည် ယွီဟိုနှင့် ကျင့်ကြံခြင်းအဆင့်တူသည့် နောက်ထပ်ပါရမီရှင်တစ်ဦးဖြစ်သည်။ သူသည် ကြယ်သခင်ခုနစ်ပါး ခေါင်းဆောင်ဖြစ်ပြီး ခုနစ်စင်ကြယ်ခြံဝင်း၏ သခင်လည်းဖြစ်သည်။

အစောပိုင်းက မျက်မမြင်ချန်ပြောလိုက်သောစကားသည် သူတို့ကို အလင်းဂိတ်တံခါးအတွင်းသို့ ဝင်ခိုင်း၍ ရီဖူရှင်းအတွက် လမ်းခင်းပေးစေခြင်းဖြစ်သည်။

မဟာအလင်းမြို့တော်မှ အဓိကအင်အားစုကြီးလေးစု၏ ကျင့်ကြံသူများသည် ရီဖူရှင်းအတွက် လမ်းခင်းပေးရမည်လော။

“ဘာလို့လဲ...”

မျက်မမြင်ချန်နှင့် အခြားသူများနှင့် ပဋိပက္ခများရှိနေသော လင်းမိသားစုမှ ကျင့်ကြံသူတစ်ဦးကမေးလိုက်သည်။

အဘယ်ကြောင့် သူတို့က လမ်းခင်းပေးရမည်နည်း။

အဘယ်ကြောင့် ပြင်ပမှကျင့်ကြသူတစ်ဦးသည် ထိုကဲ့သို့ အထူးအရေး‌ပေးမှုကို ခံရရန် ထိုက်တန်သနည်း။

“ဘာလို့လဲဟုတ်လား...”

မျက်မမြင်ချန်သည် ထိုကျင့်ကြံသူ၏ မေးခွန်းကို ပြန်ပြောလိုက်သည်။

“မင်းတို့အကုန်လုံးက မဟာအလင်းမြို့တော်မှာ ထပ်တန်းမှာရှိတဲ့ ထူးချွန်တဲ့သူတွေပဲဆိုပေမယ့် ငါရိုးရိုးသားသားပြောရမယ်ဆိုရင် မင်းတို့ထဲကဘယ်သူမှ ငါတို့ရဲ့မိတ်ဆွေလေးထက်ပိုပြီး ထူးချွန်မှာမဟုတ်ဘူး”

ရီဖူရှင်းသည် မျက်မမြင်ချန်၏စကားကို ကြားလိုက်ရသောအခါ မျက်နှာထားတစ်မျိုးဖြစ်သွားသည်။ မျက်မမြင်ချန်သည် အင်အားစုများမှ ကျင့်ကြံသူများကို တမင်တကာ ရန်စနေပုံပေါ်နေလေသည်။ မျက်မမြင်ချန်သည် ရီဖူရှင်းကိုအသုံးချ၍ ထိုအဓိကအင်အားစုကြီးလေးစုကို အနာဂတ်တွင် သူ၏အမိန့်များကို နာခံစေရေးအတွက် ထိန်းချုပ်ရန် ကြံနေပေသလော။

သို့သော် အကယ်၍ မျက်မမြင်ချန်သာ သူ့ကိုအလင်းဂိတ်တံခါးအတွင်းသို့ တစ်ဦးတည်းဝင်ရန် ပြောခဲ့ပါက သူသည် အတန်ငယ် အင်တင်တင်ဖြစ်သွားမည်ဖြစ်သည်။ သူသည် မျက်မမြင်ချန်ကို ကူညီပေးရန် ကတိပေးထားသော်လည်း မျက်မမြင်ချန်ကို လုံးဝဥဿုံယုံကြည်သည်မဟုတ်ပေ။ ထို့ပြင် အလင်းဂိတ်တံခါးသည် လွန်စွာအန္တရာယ်များကြောင့် လူတိုင်းသိလေသည်။ တစ်စုံတစ်ယောက်သည် သူ့အတွက် လမ်းရှင်းပေးပါက သူသည် အန္တရာယ်အဆင့်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်မည်ဖြစ်၍ အကောင်းဆုံးဖြစ်သည်။

လူအားလုံးသည် မျက်မမြင်ချန်ပြောသည်ကို ကြားလိုက်ရသောအခါ တိတ်ဆိတ်သွားကြသည်။ မဟာအလင်းမြို့တော်မှ ထိပ်သီးအားလုံးသည် ထိုနေရာတွင်ရှိနေသော်လည်း မျက်မမြင်ချန်သည် ပေါက်ကရစကားများထပ်မံပြောနေသေးပေသည်။ သူတို့သည် ထိုငွေဖြူရောင်ဆံပင်နှင့်လူငယ်ကို အမှန်ပင် မယှဉ်နိုင်ပေသလော။

“အဲ့လို့လား...”

ယွီဟိုက ခံစားချက်မပါသည့်ဟန်ဖြင့် သာမန်ကာလျှံကာပြောလိုက်သည်။

“ကျွန်တော်ကတော့ အဲ့ဒါကို မယုံဘူး။ သူက အဲ့လောက်ထူးချွန်တယ်ဆိုရင် ကျွန်တော်တို့ မြင်ရအောင် ဘိုးဘိုး သူ့ကို အလင်းဂိတ်တံခါးထဲ တစ်ယောက်တည်းဝင်ခိုင်းပြီး သက်သေပြခိုင်းလိုက်ပါလား”

“ပြောတာကောင်းတယ်...”

ကျင့်ကြံသူအများအပြားသည် သူ့စကားကို ထောက်ခံလိုက်ကြသည်။ သို့သော် သူတို့တစ်ဦးချင်းစီ၏ စိတ်ထဲတွင် အကြံကိုယ်စီနှင့်ဖြစ်ပေသည်။

“မိတ်ဆွေလေး... ငါတို့မင်းကို ဒုက္ခပေးရတော့မှာပဲ”

မျက်မမြင်ချန်သည် ရီဖူရှင်းကို အသံပို့လွှတ်၍ပြောလိုက်သည်။ ရီဖူရှင်းသည် မျက်မမြင်ချန်ဆိုလိုသည်ကို ချက်ချင်းနားလည်သွားသည်။ ထိုအရာသည် သူမှန်းဆထားသကဲ့သို့ ဖြစ်နိုင်ပေသည်။

“ကောင်းပါပြီ”

ရီဖူရှင်း ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။ ထို့နောက် သူသည် ရှေ့သို့ခြေတစ်လှမ်းတက်၍ ပြောလိုက်သည်။

“မင်းတို့ဘာသာ လာပြီးအတည်ပြုကြည့်လို့ရပါတယ်။ ဘိုးဘိုးပြောတာမှန်ရင် အလင်းဂိတ်တံခါးထဲကို မင်းတို့အရင်ဝင်ရမယ်။ ဘိုးဘိုးပြောတာမှားရင် အလင်းဂိတ်တံခါးထဲကို ငါအရင်ဝင်မယ်”

ရီဖူရှင်းစကားများကို ကြားလိုက်သောအခါ လူအားလုံး၏မျက်လုံးများ အတန်ငယ်စူးရှသွားကြ၏။ ယွီဟိုနှင့် အခြားသူများသည် ရီဖူရှင်းကို စူးစူးဝါးဝါး ကြည့်နေကြသည်။ ထို့နောက် တစ်စုံတစ်ယောက်က ပြောလိုက်သည်။

“ငါတို့ ဘယ်လိုမျိုး အတည်ပြုရမှာလဲ”

“ကြိုက်သလိုအတည်ပြုလို့ရပါတယ်”

ရီဖူရှင်းသည် ပုံမှန်အတိုင်းပြောလိုက်၏။ သူ့ကိုယ်ပေါ်တွင် မမြင်ရသောလှိုင်းတစ်ခု စီးဆင်းသွား၏။ သူ့ထံမှ မဟာလမ်းစဉ်အရှိန်အဝါနှင့် ရန်ဟောင်အဆင့်ရှစ်ရှိသည့် အရှိန်အဝါတို့ ထွက်ပေါ်လာသည်။

သို့သော် ထိုကျင့်ကြံသူများသည် သူ၏အရှိန်အဝါကို ခံစားလိုက်ရသောအခါ အတန်ငယ် စိတ်သက်သာရာရသွားကြသည်။ သူသည် ထိုမျှ အစွမ်းကြီးပုံမရပေ။ သူသည် ရန်ဟောင်အဆင့်ရှင်ကျင့်ကြံသူတစ်ဦးသာဖြစ်သည်။

“အဲ့လိုဆိုရင် ငါအတည်ပြုမယ်”

အသံတစ်ခုထွက်ပေါ်လာ၏။

လေထဲတွင် ယွီဟိုသည် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။ မျက်လုံးများအားလုံးသည် ချက်ချင်းပင် သူ့အပေါ် ပြုံကျလာ၏။ ထို့နောက် သူတို့သည် ယွီဟို၏အနောက်တွင်ပေါ်လာသော တောက်လောင်နေသည့်နေမင်းကို မြင်လိုက်ရသည်။ နေမင်းသည် လျင်မြန်စွာပြန့်ကားလာပြီး ကောင်းကင်တစ်ခုလုံးကို ဖြန့်ကျက်ထားသော ကြောက်မက်ဖွယ်မြင်ကွင်းကြီးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ထိုမြင်ကွင်းမှနေ၍ အနှိုင်းမဲ့အလင်းတစ်ခု ထွက်ပေါ်လာ၏။

ထိုကောင်းကင်အလင်းသည် မီးတောက်မဟာလမ်းစဉ်၏ အလင်းသာမဟုတ်ပေ။ ၎င်းတွင် အလင်းလမ်းစဉ်လည်း ပါဝင်ပုံရလေသည်။ တဒင်္ဂအတွင်းမှာပင် မရေမတွက်နိုင်အောင်များပြားသော အလင်းတန်းများသည် မိုးသီးမိုးပေါက်များသဖွယ် ကျဆင်းလာ၏။ ထိုအလင်းတန်းများသည် ရီဖူရှင်းထံသို့သာ ကျဆင်းလာခြင်းမဟုတ်ဘဲ မျက်မမြင်ချန်နှင့်အခြားသူများထံလည်း ကျဆင်းလာသည်။ တမင်တကာလုပ်လိုက်မှန်း သိသာပေသည်။

သို့သော် ယခုတွင် မျက်မမြင်ချန်နှင့် အခြားသူများ၏ ပတ်ပတ်လည်တွင် မမြင်ရသောအလင်းစွမ်းအားတစ်ခုက ကာရံထားပြီဖြစ်သည်။ ထိုအလင်းအကာအရံမှာ ချန်ယိက အလင်းစွမ်းအားကိုထုတ်၍ ပြုလုပ်လိုက်ခြင်းပင်။

ရီဖူရှင်း မလှုပ်ရှားခဲ့ချေ။ သူသည် သူ့နေရာတွင်သာရပ်၍ မော့ကြည့်လိုက်သည်။ ယွီဟို၏ ကောင်းကင်အလင်းများသည် သူ့ကိုယ်ပေါ်သို့ တိုက်ရိုက်ကျဆင်းလာပြီး တရှဲရှဲမြည်နေပေသည်။ ထိုကြောက်မက်ဖွယ် ဖျက်အားကြီးသည် ရီဖူရှင်း၏ကိုယ်တွင်းသို့ ထွင်းဖောက်ဝင်ရောက်လိုနေသော်လည်း သူ့ကိုယ်ပေါ်တွင် အနှိုင်းမဲ့ကောင်းကင်အလင်းတစ်ခုက စီးဆင်းကာရံနေရာ ၎င်းသည် ထွင်းဖောက်၍မရနိုင်ဖြစ်နေသည်။

“ဘာလဲဟ...”

အားလုံး မျက်မှောင်ကြုတ်သွားသည်။ ထိုအရာသည် မည်သို့ဖြစ်နိုင်ပေမည်နည်း။

ယွီဟိုသည် ကိုယ်တိုင်တိုက်ခိုက်လိုက်ခြင်းမဟုတ်သော်လည်း သူထုတ်လွှတ်လိုက်သော စွမ်းအားသည် အတော်လေးအားကောင်းပေသည်။ သို့သော် ထိုစွမ်းအားကို တစ်ဖက်ကသူများသည် ဖြုံပင်မဖြုံခဲ့ချေ။

“အဲ့ဒါက အားနည်းလွန်းနေတယ်”

ရီဖူရှင်း တီးတိုးရေရွတ်လိုက်သည်။ ထိုကြောင့် ယွီဟို ရင်တုန်သွားသည်။ ထို့နောက် သူသည် ရီဖူရှင်းတစ်ယောက် ခေါင်းမော့ကာ သူ့ကိုလှမ်းကြည့်လိုက်သည်ကို မြင်လိုက်ရလေသည်။

All Chapters