ထူးချွန်သူလား အသုံးမကျသူလား
Vol. 5 Ch. 61
“လော့ချန်…”
ချင်ယွမ်ဖုန်းသည် လုယန်၏ အကြည့်ကို သတိပြုမိသွားရာ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားသည်။
လုယန်သည် ဒဏ်ရာရခဲ့သူဖြစ်သော်လည်း အမှန်တကယ် ထိခိုက်နစ်နာသွားသည်မှာ ချင်ယွမ်ဖုန်း၏ ဂုဏ်သိက္ခာပင်။
ယခင်အချိန်တွင် လော့ချန်က သူ့ကို လျစ်လျူရှုခဲ့သည်ကို ပြန်တွေးမိရာ ချင်ယွမ်ဖုန်း၏ ရင်ထဲတွင် ဒေါသမီးတောက်များ ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုနှယ် ထွက်ပေါ်လာသည်။
"ဒီလော့ချန်ဆိုတဲ့ကောင်ကို ပြတ်ပြတ်သားသား သင်ခန်းစာပေးရမယ်…"
လုယန်သည် ချင်ယွမ်ဖုန်း၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာများ ပေါ်ထွက်လာကာ လည်ချောင်းထဲတွင် ဒေါသတရားများ တလိပ်လိပ်တက်လာသည်။
ဤအကြိမ်တွင် သူသည် ရွှမ်ယွမ်ဂိုဏ်းသို့ ဝင်ရောက်ခွင့် မရရှိရုံသာမက တစ်ကိုယ်လုံး အရိုးများ ကျိုးကြေနေသဖြင့် ယခင်ကဲ့သို့ အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိရန်မှာ အလွန်ခက်ခဲလှပေလိမ့်မည်။ ဤသို့သော ရန်ငြိုးကြီးမားမှုကြောင့် သူသည် လော့ချန်ကို အရေခွံဆုတ်၍ အရိုးများကို ကြိတ်မွှေပြီး ပြာကျအောင် လုပ်ချင်လှ၏။
ချင်ယွမ်ဖုန်းသည် သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းရှိုက်လိုက်ပြီး လုယန်အားကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“စိတ်ချပါ… ငါမင်းအတွက် လက်စားချေပေးမယ်… ရွှမ်ယွမ်ဂိုဏ်းထဲမှာဆိုရင် သူက ငါတို့လက်ထဲက ငါးတစ်ကောင်လိုပဲ… ငါတို့လိုသလို လှီးဖြတ်နိုင်တယ်… မင်းထက် ဆယ်ဆ အဆတစ်ရာမကပိုဆိုးအောင် ငါသူ့ကို လုပ်ပေးမယ်…”
မကြာမီတွင် နှလုံးသန့်စင်ချောက်ကြီး၏ စမ်းသပ်မှု ပြီးဆုံးသွားသည်။ စမ်းသပ်မှု မအောင်မြင်သူများ အားလုံးကို ကြိုပို့သင်္ဘောပေါ်သို့ ပြန်ပို့လိုက်သည်။
ချောက်ကြီးအတွင်းတွင် နှလုံးသန့်စင်ချောက်ကြီး၏ စမ်းသပ်မှုကို အောင်မြင်သူ လူလေးငါးရာခန့်သာ ကျန်ရှိတော့သည်။
ချန်ရွှမ်အကြီးအကဲသည် မြင့်မားသော စင်မြင့်တစ်ခုပေါ်တွင် ရပ်နေရင်း ရှည်လျားသော မုတ်ဆိတ်ကို ဖြည်းညင်းစွာ ပွတ်သပ်ကာ ပြုံးလျက်ပြောလိုက်သည်။
“ပထမဆုံးအဆင့်စမ်းသပ်မှု အောင်မြင်ခဲ့သူတွေကို ဂုဏ်ပြုပါတယ်… သိုင်းပညာလမ်းခရီးဆိုတာက ဖြောင့်ဖြူးတဲ့လမ်းမကြီးမဟုတ်ဘဲ ဆူးငြောင့်ခလုတ်တွေနဲ့ ပြည့်နှက်နေတဲ့ တောအုပ်တစ်ခုပဲဖြစ်တယ်… ကြီးမားတဲ့သတ္တိနဲ့ ဇွဲ လုံ့လ လွှမ်းမိုးမှုမရှိသူတွေအတွက် အောင်မြင်မှုရရှိဖို့ ခက်ခဲလှပေလိမ့်မယ်… ဒီအချက်ကို နှလုံးသန့်စင်ချောက်ကြီးအတွင်းမှာ မင်းတို့ ခံစားမိပြီးဖြစ်လိမ့်မယ်လို့ ငါယုံကြည်တယ်…”
ဤစကားကို ကြားလိုက်ရသည့်အခါ နေရာ၌ရှိသော လူလေးငါးရာတို့က တွေးတောဆင်ခြင်နေဟန် ဖြစ်သွားကြသည်။
နှလုံးသန့်စင်ချောက်ကြီးအတွင်း၌ ဝိညာဉ်ပင်လျှင် ဖိနှိပ်ခံရသည့် ကြီးမားသော ထိတ်လန့်မှုကို တွေ့ကြုံခံစားခဲ့ရပြီးနောက် ယခုထိတိုင် လူအများစုမှာ ရင်ထဲတွင် ထိတ်လန့်မှုများ ကျန်ရှိနေဆဲပင်။
“ဒုတိယအဆင့်စမ်းသပ်မှု မစတင်မီ ငါတစ်ခုကြေငြာစရာရှိသေးတယ်…”
ချန်ရွှမ်အကြီးအကဲသည် လော့ချန်အား ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
“လော့ချန်… မင်းက နှလုံးသန့်စင်ချောက်ကြီးရဲ့ အောင်မြင်မှုစံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်… ဒါကြောင့် နောက်ထပ်စမ်းသပ်မှုတွေကို ဆက်လက်ဖြေဆိုဖို့ မလိုအပ်တော့ဘဲ အပြင်စည်းတပည့်အဖြစ် တိုက်ရိုက်ဝင်ရောက်နိုင်ပြီ…”
ဤစကားသံက ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နေရာ၌ရှိသူများအားလုံး ဆူညံပွက်လောရိုက်သွားကြသည်။
လူတိုင်း၏အကြည့်များက လော့ချန်ထံသို့ ရောက်ရှိသွားကြပြီး အားလုံးတွင် မနာလိုမှုများ ထင်ဟပ်နေသည်။
အရေးပါ အရာရောက်မှုကို လုယူခံလိုက်ရသဖြင့် ထူးဖလီးက မကျေမနပ် ဖြစ်နေသည့်ပုံစံဖြင့် ရေရွတ်လိုက်သည်။
“ဟမ်… မင်းက ဒီလောက်ထူးချွန်မယ်ဆိုတာ ငါသိရင် မင်းကို အရင်ဆုံးသင်္ဘောကနေ ဆင်းသွားခိုင်းခဲ့မိမှာ အမှန်ပဲ…”
လော့ချန်က သိမ်မွေ့စွာ ပြုံးလိုက်သည်။ သူသည် ယွမ်မန်လီ၏ အထောက်အထားတံဆိပ်ပြားကို ထုတ်ပေးရန် စိတ်ကူးထားခဲ့သော်လည်း ယခုအခါမူ ထိုအရာကို မလိုအပ်တော့သည့်ပုံပင်။
“ဆက်လက်ပြီး ဝင်ရောက်စမ်းသပ်မှုရဲ့ ဒုတိယအဆင့်အကြောင်း…”
ချန်ရွှမ်အကြီးအကဲသည် ဒုတိယအဆင့် စမ်းသပ်မှု၏ အကြောင်းအရာများကို ကြေငြာရန် ပြင်ဆင်နေစဉ် ရုတ်တရက်...
“ဟမ်… ငါတို့ ရွှမ်ယွမ်ဂိုဏ်းက ဘယ်အချိန်ကတည်းက အသုံးမကျသူတွေကို လက်ခံလာတာလဲ…”
အေးစက်သော အသံတစ်ခုက စင်မြင့်၏ အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။ ဤစကားကို ကြားလိုက်ရသည်နှင့် လူအုပ်ကြီးက ထိုနေရာသို့ အကြည့်များ ရောက်သွားကြသည်။
စကားပြောသူမှာ အပြင်စည်းတပည့်တစ်ဦး ဖြစ်၏။
ထိုသူမှာ မျက်နှာဖြူဖွေးပြီး ချောမောလှပသော လူငယ်တစ်ဦးပင်။
စမ်းသပ်မှုအကြီးအကဲတစ်ဦးက ဒေါသတကြီး ဆူပူလိုက်သည်။
“အခုက ဝင်ရောက်စမ်းသပ်မှု ပြုလုပ်နေတဲ့အချိန်ပဲ… မသက်ဆိုင်သူတွေ ဆူဆူညံညံ စကားမပြောကြနဲ့…”
မျက်နှာဖြူဖွေးသော လူငယ်သည် အနည်းငယ်မျှပင် ဂရုမစိုက်ဘဲ လော့ချန်ရှိရာဘက်သို့ တစ်ချက်လှမ်းကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ “ငါမှတ်မိသည်လားက်ဆို ငါတို့ ရွှမ်ယွမ်ဂိုဏ်းက တပည့်လက်ခံရာမှာ အနည်းဆုံး ကြယ်သုံးပွင့်သိုင်းဝိညာဉ်နိုးကြားထားသူများကိုသာ လက်ခံမယ်မဟုတ်လား…”
လော့ချန်သည် မျက်ခုံးအနည်းငယ် တွန့်လိုက်သည်။ ချီရှန်မြို့မှ ထွက်လာပြီးနောက် သူသည် မည်သူရှေ့တွင်မျှ သိုင်းဝိညာဉ်ကို ထုတ်ပြခဲ့ခြင်း မရှိပေ။ ထို့ပြင် သူက ဤလူကိုလည်း မသိခဲ့ပေ။
ချန်ရွှမ်အကြီးအကဲ၏ မျက်နှာသည်လည်း အနည်းငယ် မှုန်ကုပ်သွားသော်လည်း ဒေါသမထွက်ဘဲ ပြောလိုက်သည်။
“လင်ဟန်ကုန်း… မင်းဘာပြောချင်တာလဲ…”
မျက်နှာဖြူဖွေးသော လူငယ်သည် လင်မိသားစုမှ လင်ဟန်ကုန်းဖြစ်ပြီး အဋ္ဌမမင်းသား၏ အထောက်အထားတံဆိပ်ပြားဖြင့် ကြယ်ခုနစ်ပွင့်သိုင်းဝိညာဉ်ကို နိုးကြားထားသဖြင့် ရွှမ်ယွမ်ဂိုဏ်း၏ အပြင်စည်းတပည့်အဖြစ် အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး အတော်လေး အရေးပေးခံရသူ ဖြစ်သည်။
“ချန်ရွှမ်အကြီးအကဲ… ကျွန်တော်က တမင်တကာ ဆန့်ကျင်ပြောဆိုဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူး… ဒါပေမယ့် အကြီးအကဲ လှည့်စားခံရမှာကို စိုးရိမ်မိရုံသာဖြစ်ပါတယ်…”
ချန်ရွှမ်အကြီးအကဲအား ရင်ဆိုင်ရသောအခါ လင်ဟန်ကုန်း၏ လေသံသည် ရိုသေလေးစားမှု အပြည့်ဖြစ်သွားပြီး ရုတ်တရက် အကြည့်တစ်ချက်ပြောင်းလဲသွားကာ လော့ချန်ကို လက်ညှိုးထိုးရင်း အေးစက်စွာ ပြောလိုက်သည်။
“ကျွန်တော်သိထားသည်လားက်ဆိုရင် ဒီလူက မပြည့်စုံတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားသူဖြစ်ပြီး ကြယ်တစ်ပွင့်မှတောင် မရှိပါဘူး… အသုံးမကျသူတစ်ယောက်ပါ… သူက ငါတို့ ရွှမ်ယွမ်ဂိုဏ်းရဲ့ တပည့်ဖြစ်လာဖို့ လုံးဝ အရည်အချင်းမပြည့်မီပါဘူး…”
“ကြယ်တစ်ပွင့်မှ မရှိတဲ့ မပြည့်စုံသော သိုင်းဝိညာဉ်ကို နိုးကြားထားတယ်တဲ့…”
“မဖြစ်နိုင်ပါဘူး… သူက နှလုံးသန့်စင်ချောက်ကြီးကို ပထမဆုံးထွက်လာပြီး မှတ်တမ်းကိုစံချိန်ပါ ချိုးဖျက်ခဲ့သူလေ…”
ဤသတင်းက မိုးကြိုးတစ်ချက်ကဲ့သို့ ထိတ်လန့်ဖွယ်ရာ ဖြစ်သွားပြီး နေရာ၌ရှိသူများအားလုံးက အံ့အားသင့်သွားကြသည်။
“အသုံးမကျတဲ့ သိုင်းဝိညာဉ်တဲ့လား…”
ချန်ရွှမ်အကြီးအကဲပင်လျှင် အနည်းငယ် အံ့အားသင့်သွားသည်။
လော့ချန်က စကားမပြောရသေးခင် ဘေးတွင်ရှိသော ထူးဖလီးက မထိန်းနိုင်တော့ဘဲ လင်ဟန်ကုန်းကို ယကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဘယ်ကလာတဲ့ ခွေးရိုင်းလဲ… ဒီမှာ လူကို လာကိုက်နေတယ်… လော့ချန်က နှလုံးသန့်စင်ချောက်ကြီးကို ပထမဆုံးထွက်လာပြီး ယခင်မှတ်တမ်းစံချိန်ကို ချိုးဖျက်ခဲ့သူပဲ… မင်းက သူ့ကို အသုံးမကျတဲ့ သိုင်းဝိညာဉ်လို့ ပြောရဲတယ်ပေါ့… လူတွေက မင်းကို သွားတွေပြုတ်အောင် ရယ်လိုက်မှာကို မကြောက်ဘူးလား…”
အနီးအနားတွင် တစ်ကိုယ်လုံး အနက်ရောင်ဝတ်ရုံဖြင့် ဖုံးအုပ်ထားသော လင်ချူးလန်သည်လည်း ခေါင်းကို အနည်းငယ် ယမ်းလိုက်သည်။
ဓားနှလုံးအဆင့်သို့ ရောက်ရှိထားပြီး နှလုံးသန့်စင်ချောက်ကြီးကို ပထမဆုံး အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သူတစ်ဦးက အသုံးမကျသော သိုင်းဝိညာဉ်ကို နိုးကြားထားသူ ဖြစ်နိုင်မည်မဟုတ်ပေ။
"ဒါက လုံးဝ အဓိပ္ပာယ်မရှိတဲ့ စကားပဲ…"
လူအများရှေ့တွင် စော်ကားခံလိုက်ရသဖြင့် လင်ဟန်ကုန်း၏ မျက်နှာသည် မည်းမှောင်သွားပြီး ထူးဖလီးကိုကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“မင်းက ဘာကောင်လဲ… ငါ့ကို ဒီလို အော်ဟစ်ရဲတယ်ပေါ့… မင်းက ရွှမ်ယွမ်ဂိုဏ်းထဲကို ဝင်တောင်မဝင်ရသေးဘူး… ဝင်လာတယ်ဆိုရင်တောင် ငါ့ကို ဆရာကြီးလို့ ရိုသေလေးစားစွာ ခေါ်ရမယ်…”
“ဟုတ်တယ်… မြန်မြန် လင်ဆရာကြီးကို တောင်းပန်လိုက်စမ်း…”
အနီးအနားရှိ အပြင်စည်းတပည့်များက ဒေါသအပြည့်ဖြင့် ထူးဖလီးကို စိုက်ကြည့်ရင်း ထောက်ခံပြောဆိုလိုက်ကြသည်။
လင်ဟန်ကုန်းသည် အဋ္ဌမမင်းသား ကျင်းမင်၏ လူဖြစ်ပြီး သူ၏အဆင့်အတန်းက သာမန်အပြင်စည်းတပည့်များနှင့် မယှဉ်နိုင်ပေ။
“တောင်းပန်ရမယ်ပေါ့… မင်းကို တောင်းပန်ဖို့ ထိုက်တန်လို့လား…”
ထူးဖလီးသည် လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ပိုက်ထားရင်း မထီမဲ့မြင် ပြုလိုက်သည်။
လင်ဟန်ကုန်း၏ မျက်နှာသည် သံပြားတစ်ခုနှယ် မည်းမှောင်သွားပြီး အနည်းငယ်မျှပင် ဆင်ခြင်တုံတရားများ ဆုံးရှုံးလုနီးပါး ဖြစ်သွားသည်။
“တော်ပြီ…”
ချန်ရွှမ်အကြီးအကဲက အေးစက်စွာ အော်ဟစ်လိုက်ရာ စွမ်းအင်ပါဝင်သော အသံသည် မိုးကြိုးသံတစ်ချက်နှယ် ချောက်ကြီးအတွင်း၌ ပေါက်ကွဲထွက်ပေါ်လာသည်။
လင်ဟန်ကုန်းကိုကြည့်ရင်း ချန်ရွှမ်အကြီးအကဲက အေးစက်စွာ ပြောလိုက်သည်။
“လင်ဟန်ကုန်း… ဒီနေရာက စမ်းသပ်မှုနေရာဖြစ်တယ်… မင်းထပ်ပြီး မဆိုင်တာတွေ ဝင်ပြောမယ်ဆိုရင် ငါလက်လွှတ်စပယ် မလုပ်ဘူးလို့ မထင်နဲ့… အဲ့ဒီအခါကျရင် ကျင်းမင်တောင် မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး…”
လင်ဟန်ကုန်းသည် လေကို တစ်ချက်အားရှိုက်လိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ ချန်ရွှမ်အကြီးအကဲက ပြင်ပအကြီးအကဲ ဆယ်ဦးထဲမှ တစ်ဦးဖြစ်ပြီး သူက ပြဿနာရှာရဲသူ မဟုတ်ပေ။
“ချန်ရွှမ်အကြီးအကဲ… ကျွန်တော်လည်း အမှန်တရားကိုသာ ပြောဆိုနေခြင်းဖြစ်ပါတယ်… ဟုတ်မဟုတ်ကို စစ်ဆေးကြည့်ရုံနဲ့ သိနိုင်ပါတယ်…”
လင်ဟန်ကုန်းသည် လေသံကို နူးညံ့စေကာ ရိုသေလေးစားစွာဖြင့် ပြောလိုက်၏။
ချန်ရွှမ်အကြီးအကဲက လော့ချန်ကို နက်ရှိုင်းစွာ တစ်ချက်ကြည့်လိုက်ပြီး စကားပြောရန် ပြင်ဆင်နေစဉ် ဘေးတွင်ရှိသော ချင်တို့ယွမ်က ဦးစွာ ထွက်လာသည်။
“မင်း… သိုင်းဝိညာဉ်ကို ထုတ်ပြစမ်း…”
ချင်တို့ယွမ်က လော့ချန်ကို စူးစိုက်ကြည့်ရင်း လေသံတင်းမာစွာဖြင့် ပြောလိုက်သည်။
လော့ချန်သည် ရင်ထဲတွင် သက်ပြင်းချလိုက်သည်။
လင်ဟန်ကုန်း၏ အမည်ကို သိလိုက်ရသည့်အချိန်တွင် သူသည် ထိုသူ၏ မူလအမှတ်အသားကို ခန့်မှန်းမိပြီး ဖြစ်သည်။
ဤနေရာ၌ပင် လင်မိသားစုမှလူကို တွေ့ရမည်ဟု မထင်မှတ်ထားခဲ့ပေ။
သူသည် ငြင်းဆန်၍မရနိုင်မှန်း သိသဖြင့် လော့ချန်သည် သိုင်းဝိညာဉ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။
"ဟိုင်း…"
မှော်အလင်းတန်းများ လင်းလက်လာပြီး ရောင်စဉ်ကိုးသွယ်သိုင်းဝိညာဉ်ဥတစ်လုံးက လော့ချန်၏ နောက်ကျောတွင် ထင်ရှားလာသည်။ ထို့နောက် ချောက်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြီး မကြာမီတွင် ဆူညံပွက်လောရိုက်သံများ ထွက်ပေါ်လာသည်။
“တကယ်ပဲ ကြယ်တစ်ပွင့်မှမရှိတဲ့ မပြည့်စုံတဲ့သိုင်းဝိညာဉ်ပဲ…”
“ဒါ… ဒါက တကယ်ပဲ အသုံးမကျလွန်းတယ်လေ… သူ နှလုံးသန့်စင်ချောက်ကြီးကို ဘယ်လိုဖြတ်ကျော်နိုင်ခဲ့တာလဲ…”
လော့ချန်၏ သိုင်းဝိညာဉ်ကို မြင်လိုက်ရသည့်အခါ လူအချို့က အံ့အားသင့်သွားကြသည်။ အချို့က သက်ပြင်းချလိုက်ကြသည်။ သို့သော် လူအများစုကမူ လှောင်ပြောင်မှုနှင့် မထီမဲ့မြင်ပြုမှုများဖြင့် လော့ချန်ကို ကြည့်နေကြသည်။
လော့ချန်က ပထမဆုံးအဆင့်အနေဖြင့် နှလုံးသန့်စင်ချောက်ကြီးကို ဖြတ်ကျော်ပြီး မှတ်တမ်းကို ချိုးဖျက်နိုင်ခဲ့သဖြင့် လူအများစုတွင် မနာလိုမှုများ ပေါ်ပေါက်ခဲ့သည်။ ယခုအခါ သူ၏ သိုင်းဝိညာဉ်က ဤမျှလောက် အသုံးမကျသည်ကို မြင်လိုက်ရသဖြင့် လူအများစုက စိတ်ထဲတွင် ပြည့်ဝပျော်ရွှင်သွားကြပြီး လော့ချန်ကို ဟာသတစ်ခုလို ကြည့်နေကြသည်။
“ဒါ ဒါက ဘာဖြစ်တာလဲ…”
ထူးဖလီးပင်လျှင် ထိတ်လန့်အံ့အားသင့်သွားသည်။
သူသည် လော့ချန်က အမှန်တကယ် အသုံးမကျသော သိုင်းဝိညာဉ်ကို နိုးကြားထားသူ ဖြစ်လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ပေ။
ရွှမ်ယွမ်ဂိုဏ်းဘက်တွင်လည်း ဂိုဏ်းမှ အကြီးအကဲများက အံ့အားသင့်သွားကြသည်။
"နှလုံးသန့်စင်ချောက်ကြီးရဲ့ မှတ်တမ်းကို စံချိန်ချိုးဖျက်နိုင်ခဲ့သူက အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားသူဖြစ်တယ်တဲ့လား… ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ…"
ချင်တို့ယွမ်၏ အကြည့်များက ချက်ချင်းပင် စူးရှလာပြီး ပြောလိုက်သည်။
“အသုံးမကျတဲ့ သိုင်းဝိညာဉ်ကို နိုးကြားထားတဲ့ အသုံးမကျသူတစ်ယောက်က ငါတို့ ရွှမ်ယွမ်ဂိုဏ်းထဲကို ဝင်ဖို့ ရည်မှန်းနေတယ်ပေါ့… ဒါက ငါတို့ ရွှမ်ယွမ်ဂိုဏ်းကို ဘာလို့ ထင်နေတာလဲ…”
“ချက်ချင်း ဒီကနေ ထွက်သွားစမ်း…”
ထို့နောက် စကားပြောနေရင်း ချင်တို့ယွမ်က လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်သည်။
"ဘုန်း…"
လေစီးကြောင်းများ တုန်ခါသွားပြီး လော့ချန်က နောက်သို့ ခြေလှမ်း ငါးလှမ်းခြောက်လှမ်းခန့် တွန်းထုတ်ခံလိုက်ရသည်။