ပြန်တိုက်ရန် နည်းလမ်းမရှိ
Vol. 169 Ch. 2417
ယွီဟို၏မျက်နှာထား ပြောင်းလဲသွား၏။ သူ့အနောက်မှ နေမင်းသည်လည်း ပြောင်းလဲနေပြီး ဧရာမနေအဖွဲ့အစည်းအဖြစ်ပြောင်းလဲသွားသည်။ အချိန်တစ်ခဏအတွင်းမှာပင် ထိုကျယ်ပြောသောနေရာသည် အပူချိန်သိသိသာသာ မြင့်တက်လာသဖြင့် မီးတမျှပူပြင်းလာလေသည်။ ထိုနေရာလုံးသည် လောင်ကျွမ်းပြာကျတော့မတတ် ပူပြင်းနေသည်။
ဝှစ်...
လေထုကိုထွင်းဖောက်လာသော အသံတစ်ခုကိုကြားလိုက်ရပြီး ကြောက်မက်ဖွယ်အလင်းတန်းတစ်ခုသည် နေအဖွဲ့အစည်းအတွင်းမှနေ၍ ရီဖူရှင်းထံသို့ ကျဆင်းလာသည်။ ရီဖူရှင်းသည် ခေါင်းမော့၍ ယွီဟိုကိုကြည့်လိုက်ပြီး လက်မြှောက်ကာ လေထဲသို့ညွှန်ပြလိုက်သည်။
ဝှစ်...
သူ့လက်ညှိုးမှနေ၍ အလင်းတန်းတစ်ခုထွက်သွားပြီး ဧရာမနေအဖွဲ့အစည်းကြီးကို တိုက်ရိုက်ထိခတ်သွားသည်။ ရုတ်ခြည်းအတွင်းမှာပင် ထိုအဖွဲ့အစည်းသည် ဖောက်ထွင်းခံလိုက်ရပြီး အက်ကွဲကြောင်းများ ပေါ်လာသည်။ ယွီဟိုသည် ခပ်အုပ်အုပ် ညီးတွားလိုက်သည်။ သူ၏မျက်နှာသည် ဖြူဖျော့လာ၏။ သူ ပို၍မြင့်သောကောင်းကင်ထက်သို့ ဆုတ်ခွာသွားသည်။
သူနှင့် ရီဖူရှင်းကြားတွင် ဓားအလင်းတန်းတစ်ခုသည် လေထုကိုကန့်လတ်ဖြတ်ထားသော ဓားတစ်ချောင်းကဲ့သို့ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားပုံပေါ်နေသည်။ ရီဖူရှင်း သူ၏လက်ကိုပြန်ရုတ်လိုက်သောအခါမှ ယွီဟိုသည် သက်ပြင်းရှိုက်လိုက်လေသည်။ သူသည် အောက်ရှိရီဖူရှင်းကို တုန်လှုပ်စွာ ကြည့်လိုက်သည်။
အဘယ်ကြောင့် သူသည် လွန်စွာသန်မာနေရသနည်း။
သူသည်လည်း ရီဖူရှင်းကဲ့သို့ ရန်ဟောင်အဆင့်ရှစ်ကျင့်ကြံသူဖြစ်သဖြင့် သူ၏တိုက်ခိုက်စွမ်းရည်သည် အတော်လေးစွမ်းသည်ဟု သူ့ကိုယ်သူထင်ခဲ့သည်။ သူသည် မဟာအလင်းမြို့တော်တွင် အတော်လေးကျော်ကြားသူတစ်ဦးလည်းဖြစ်သည်။
ယွီဟိုသည် ယွီမိသားစု၏ မျိုးဆက်သစ်ထဲတွင် အထူးချွန်ဆုံးကျင့်ကြံသူဖြစ်သည်။ သို့သော် သူသည် ရီဖူရှင်း၏လက်ညှိုးတစ်ချက်ဖြင့်ပင် ရှုံးနိမ့်သွားလေသည်။
ရီဖူရှင်းကိုကြည့်နေသော သူ့တို့ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံး၏အကြည့်များသည် ပြောင်းလဲသွားပေပြီ။ မကြာသေးခင်က ချန်ယိသည် တစ်ကွက်ပြခဲ့၏။ လင်းရှီသည် တောက်ပသောအလင်းနှင့်အတူ ပျက်သုန်းသွားလေသည်။ လင်းမိသားစုမှ ကျင့်ကြံသူများသည် အကူအညီပေးရန်ပင် အချိန်မရလိုက်ကြပေ။ ထိုအချိန်တွင် ချန်ယိ၏အစွမ်းသည် အံ့အားသင့်ဖွယ်ဖြစ်ကြောင်း လူတိုင်းသိခဲ့ရသည်။
သို့သော် ရီဖူရှင်းသည် မျက်မမြင်ချန်ကိုယ်တိုင်ထွက်၍ ကြိုဆိုခဲ့သော လူတစ်ယောက်ဖြစ်သည်။ မျက်မမြင်ချန်၏ဇစ်မြစ်ကို မည်သူမှသေချာမသိသလို သူ၏အစွမ်းကိုလည်း မည်သူမှ မသိပေ။
သူတို့မမျှော်လင့်ထားခဲ့သောအရာမှာ ယွီဟိုပင် များစွာပင်ပြန်မတိုက်လိုက်ရဘဲ လက်ညှိုးတစ်ချက်ဖြင့် ရှုံးသွားလောက်အောင် ရီဖူရှင်းသည် လွန်စွာစွမ်းအားကြီးနေခြင်းဖြစ်သည်။ အကယ်၍ ရီဖူရှင်းသာ စတင်တိုက်ခိုက်သူဖြစ်ပါက ယွီဟိုသည် သေဆုံးသွားမည်ဖြစ်သည်။
ရီဖူရှင်းသည် ရန်ဟောင်အဆင့်ခုနစ်အဆင့်မှာပင် နတ်ဆိုးအင်ပါယာ၏ တပည့်အရင်းကို အနိုင်ယူနိုင်ခဲ့သူဖြစ်ကြောင်း သူတို့မသိပေ။ သူသည် ယခုတွင် ရန်ဟောင်အဆင့်ရှစ်သို့ ရောက်နေပြီဖြစ်သည်။ ယွီဟိုသည် မဟာအလင်းမြို့တော်တွင် ကျော်ကြားသူတစ်ဦးဖြစ်သော်လည်း နတ်ဆိုးအင်ပါယာ၏တပည့်အရင်း သို့မဟုတ် ရှေးနတ်ဘုရားကလန်မှ မဟာအင်ပါယာ၏ မျိုးဆက်များနှင့် ယှဉ်လျှင် အဆင့်တူရန် များစွာလိုပေသေးသည်။ သူသည် သူနှင့်အဆင့်တူသောရီဖူရှင်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် အိပ်မက်ပင်မက်နိုင်မည်မဟုတ်ပေ။ သူတို့နှစ်ဦး၏ အင်အားသည် မိုးနှင့်မြေတမျှ ကွာခြားပေသည်။
ထို့ပြင် မူလဘုံတွင် ပရမ်းပတာဖြစ်နေခဲ့သောအချိန်အတွင်း၌ ရီဖူရှင်းသည် ဆယ်စုနှစ်တစ်စုကျော် အခန်းအောင်း၍ သူ၏ကျင့်ကြံခြင်းအပေါ်တွင်သာ အာရုံစိုက်ထားခဲ့သည်။ သူ၏အစွမ်းသည် ယခင်ကထက် များစွာ မြင့်မားနေပြီဖြစ်သည်။ သူသည် ယွီဟိုယှဉ်နိုင်သော အဆင့်တွင် မဟုတ်ပေ။
ထိုနေရာတွင်ရှိနေသော ကျင့်ကြံသူများအားလုံးထဲတွင် ရီဖူရှင်းတို့အုပ်စုနှင့် မျက်မမြင်ချန်မှလွဲ၍ အကုန်လုံး အံ့အားသင့်သွားကြသည်။ မျက်မမြင်ချန်သည် ရီဖူရှင်းတစ်ယောက် မူလဘုံတွင် စွမ်းဆောင်ခဲ့သည်များကိုသိထားသဖြင့် သူ၏တိုက်ရည်ခိုက်ရည်နှင့် ပတ်သတ်၍ အံ့အားမသင့်ခဲ့ခြင်းပင်။
သူပြောသကဲ့သို့ပင် ယွီဟိုကဲ့သို့သောလူများသည် မဟာအလင်းမြို့တော်တွင် ထိပ်သီးများဖြစ်နိုင်သော်လည်း ရီဖူရှင်းအရှေ့တွင်မူ မှေးမှိန်သွားမည်သာ။
“မင်းက တကယ်ပဲ ဘယ်သူလဲ”
ယွီဟိုသည် လေပေါ်တွင် ရပ်၍ ရီဖူရှင်းကို ငေးကြည့်ကာ မေးလိုက်သည်။
ရီဖူရှင်းသည် သူ့ကို တစ်ချက်မျှကြည့်လိုက်ပြီး ပြန်မဖြေခဲ့ပေ။ သူသည် အင်ပါယာနန်းတော်ကို အပြစ်ပြုမိခဲ့သဖြင့် အရှင်ဒွန်ဟောင်က သူ့ကိုအလွတ်ပေးလိုက်စေကာမူ ကောင်းကင်ဒေသတွင် သူ့အကြောင်းကို မမေ့သေးသော အင်အားစုများစွာ ရှိပေသေးသည်။ မဟာအလင်းကုန်းမြေတွင် လောက်လောက်လားလားအန္တရာယ်မရှိနိုင်သော်လည်း သူသည် သူမည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြလိုစိတ်မရှိချေ။
ဤကိစ္စပြီးသွားလျှင် သူသည် အနောက်ကမ္ဘာသို့ ချက်ချင်းသွားရန် စီစဉ်ထားပေသည်။
“ဘယ်သူများ ကြိုစားကြည့်ချင်သေးလဲ”
ရီဖူရှင်းသည် လေထဲရှိ ထပ်သီးအင်အားစုကြီးလေးစုမှ ကျင့်ကြံသူများကို ကြည့်၍မေးလိုက်သည်။ ယခုတွင် ယွီဟိုသည် တစ်ကွက်တည်းဖြင့် ရှုံးသွားသည်ဖြစ်ရာ ရန်ဟောင်အဆင့်ရှစ်ကျင့်ကြံသူများသည် ပြိုင်ရန်အဆင့်မမီတော့ဟု ဆိုနိုင်ပေသည်။
အချိန်တစ်ခုအထိ မည်သူမှ မလှုပ်ရှားကြပေ။
“အခု ဘယ်သူမှရှေ့မထွက်လာချင်တော့ဘူးဆိုတော့ ကျေးဇူးပြုပြီး အလင်းဂိတ်တံခါးထဲကို ဝင်လိုက်ကြပါတော့”
ရီဖူရှင်းသည် သူ့ရှေ့ရှိ အလင်းဂိတ်တံခါးကို ကြည့်၍ပြောလိုက်သည်။
“ခုနစ်စင်ကြယ်ခြံဝင်းက မင်းရဲ့အစွမ်းကို ကြည့်ချင်ပါတယ်”
ခုနစ်စင်ကြယ်ခြံဝင်းမှ ညခုနစ်ပါးကြယ်သခင်က ရှေ့သို့ထွက်လာသည်။ သူ့နောက်မှ အခြားလူများ လိုက်လာ၏။ လူအားလုံး တုန်လှုပ်သွား၏။ ထိုစွမ်းအားကြီးသော ကျင့်ကြံသူခုနစ်ဦးသည် ရီဖူရှင်းကို တိုက်ခိုက်တော့မည်လော။
“ငါတို့ ခုနစ်စင်ကြယ်ခြံဝင်းက ခုနစ်ယောက်က တစ်သွေးတစ်သားတည်းပဲ။ မင်းရဲ့ ကျင့်ကြံခြင်းအစွမ်းက မြင့်ပါတယ်။ မင်း စိတ်မရှိဖို့ မျှော်လင့်ပါတယ်”
ညခုနစ်ပါးကြယ်သခင်က ပြောလိုက်သည်။ လူတစ်ယောက်၏အစွမ်းသည် ရီဖူရှင်းကို ထိခိုက်အောင်တိုက်ရန် လုံလောက်ခြင်းမရှိကြောင်း သူသိသဖြင့် သူတို့ခုနစ်ယောက်စလုံး ပေါင်းတိုက်ကာ ရီဖူရှင်း အစွမ်းမည်မျှရှိသည်ကို ကြည့်လိုခြင်းပင်။
“သဘောရှိပါပဲ”
ရီဖူရှင်းသည် သူ့နေရာတွင် တိတ်တဆိတ်ရပ်နေသည်။ သူသည် ကျင့်ကြံသူခုနစ်ယောက်နှင့် ရင်ဆိုင်ရခြင်းကို မမှုသည့်ဟန်ပင်။
ကြယ်သခင်ခုနစ်ဦးသည် လေထဲသို့ ပျံတက်သွားကြ၏။ ရုတ်ခြည်းအတွင်းမှာပင် ကောင်းကင်သည် ပြောင်းလဲသွားပြီး သူတို့အထက်တွင် ကြယ်တာရာကောင်းကင်တစ်ခုပေါ်ထွက်လာကာ နေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
ကြယ်သခင်ခုနစ်ဦးသည် မတူညီသောနေရာများတွင် နေရာယူထားကာ ကွန်ရက်တစ်ခုကို ဖန်တီးထားသည်။ ခုနစ်စင်ကြယ်သည် ဆက်စပ်နေသော ကြယ်တစ်လုံးအလား လှုပ်ရှားနေသည်။
ရီဖူရှင်းသည် ထိုအခြင်းအရာကို မြင်လိုက်သောအခါ လေထဲသို့ ဖြည်းဖြည်းချင်း ပျံတက်သွားလိုက်သည်။ ခေတ္တမျှကြာပြီးနောက် သူသည် ကျင့်ကြံသူခုနစ်ဦး၏ အောက်ရှိလေထုထဲတွင် ရပ်နေလိုက်သည်။
ဝှီး...
ခုနစ်စင်ကြယ်ခြံဝင်းမှ ကြယ်သခင်ခုနစ်ဦးသည် အံ့အားသင့်ဖွယ် အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ပေသည်။ ခုနစ်စင်ကြယ် စုဝေးသွားသောအခါ ကြယ်တာရာများလည်ပတ်လာသည်။ ညခုနစ်ပါးကြယ်သခင်သည် လက်ဝါးမြှောက်၍ ရီဖူရှင်းထံ ရိုက်ချလိုက်သည်။
ရုတ်တရက် ကောင်းကင်ထက်မှနေ၍ ခပ်အုပ်အုပ် ထစ်ချုန်းသံတစ်ခု ထွက်ပေါ်လာ၏။ ကြယ်တာရာအမြောက်အမြား စုဝေးသွားပြီး ဧရာမလက်ဝါးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းသည် တစ်ချိန်တည်းမှာပင် ရီဖူရှင်းပေါ်သို့ ကျဆင်းလာသည်။
ရီဖူရှင်း ခေါင်းမော့၍ ကြည့်လိုက်သည်။ သူ၏စိတ်သည် အတန်ငယ်သာလှုပ်ရှားသွား။ ရုတ်တရက် သူ့ပတ်ပတ်လည်တွင် ကြယ်တာရာကောင်းကင်လောကအသေးစားလေးတစ်ခု ပေါ်ပေါက်လာသည်။ ကြယ်တာရာအလင်းများသည် သူ့ကိုဝန်းရံထားပြီး ခံစစ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ကောင်းကင်ထက်မှ ဧရာမလက်ဝါးကြီးကျဆင်းလာပြီး လေထုထဲတွင် ခပ်အုပ်အုပ် ထစ်ချုန်းသံကြီးတစ်ခုကို ရုတ်တရက်ကြားလိုက်ရလေသည်။ သို့သော် ၎င်းသည် ရီဖူရှင်းကို ဝန်းရံထားသော အလင်းအကာအရံကိုပင် လှုပ်ခတ်သွားအောင် မလုပ်လိုက်နိုင်ပေ။
ကြယ်သခင်ခုနစ်ဦး၏မျက်နှာထားများ အတန်ငယ် ပြောင်းလဲသွား၏။ သူတို့၏ ကောင်းကင်အသိစိတ်သည် အတန်ငယ်လှုပ်ခတ်သွားပြီး ရုတ်တရက် ကောင်းကင်နှင့်မြေကြီးအကြားတွင် ကြယ်တာရာများ များပြားစွာထပ်မံပေါ်ပေါက်လာသည်။
သို့သော် ထိုအခိုက်တွင် ရီဖူရှင်း၏အတွေးလှုပ်ရှားသွားသောအခါ မရေမတွက်နိုင်အောင်များပြားသော ကြယ်အလင်းများသည် အပြင်သို့ ပြန့်ကားသွားပြီး မဟာလမ်းစဉ်၏ဝိညာဉ်စွမ်းအားသည်လည်း အကန့်အသတ်မဲ့အာကာပြင်ကို လွှမ်းခြုံသွားသည်။ မကြာမီတွင် ထိုအာကာပြင်တွင် မဟာကြယ်တာရာကောင်းကင်တစ်ခုထွက်ပေါ်လာ၏။ ထိုကောင်းကင်အတွင်းရှိ ကြယ်တာရာများသည် တောက်ပစွာလင်းလက်နေကြသည်။ ၎င်းတို့သည် လေထဲတွင် ရှိနေကြပြီး ကြယ်သခင်ခုနစ်ဦးက ဖန်ဆင်းထားသည့် ကြယ်တာရာလောကကို ဝန်းရံထားလေသည်။
ထိုအရာကား...
တိုက်ပွဲကိုကြည့်နေသူများအားလုံးသည် စိတ်ဝင်တစားကြည့်နေကြ၏။ ထိုအရာသည် မဟာလမ်းစဉ်စက်ကွင်း၏ ဖိနှိပ်မှုဖြစ်ပြီး အခြားမဟာလမ်းစဉ်စက်ကွင်းကို တိုက်ရိုက် အသာစီးယူသွားနိုင်လေသည်။
ကြယ်သခင်ခုနစ်ဦးသည် ကောင်းကင်ထက်တွင် လှည့်ပတ်နေသော ကြယ်တာရာများကို ကြည့်နေ၏။ ညခုနစ်ပါးကြယ်သခင်ထံမှ ထွက်ပေါ်နေသော စွမ်းအင်သည် တဖြည်းဖြည်းပျောက်ကွယ်လာ၏။ သူသည် ရီဖူရှင်းကိုကြည့်၍ ပြောလိုက်သည်။
“ကြည့်ရတာ ရှေ့ဖြစ်ဟောဘိုးဘိုးပြောတာ မှန်နေတဲ့ပုံပဲ”
ရီဖူရှင်းသည် အမှန်ပင် သူတို့ကို အနိုင်ယူသွားပြီဖြစ်သည်။
ရုတ်ခြည်းအတွင် ကြယ်အလင်းများ ပျောက်ကွယ်သွားပြီး သူတို့၏အရှိန်အဝါများကိုလည်း ပြန်ရုတ်သိမ်းလိုက်လေသည်။ ရီဖူရှင်းသည် ထိုအခြင်းအရာကိုမြင်သောအခါ သူ၏ကြယ်တာရာကောင်းကင်နှင့် အရှိန်အဝါကို ပြန်ရုတ်သိမ်းလိုက်သည်။
ကြယ်သခင်ခုနစ်ဦးသည် ရီဖူရှင်းကို နောက်ဆုံးတစ်ခေါက်ကြည့်လိုက်ပြီး နောက်ဆုတ်သွားကြသည်။ သို့သော် သူတို့သည် အတွေးနက်နေပေသည်။ လောကထဲတွင် သူတို့ထက်စွမ်းအားကြီးသော မျိုးဆက်သစ်များ အမြဲလိုလိုရှိနေမည်မှာ အမှန်ပင်ဖြစ်သည်။
သူတို့သည် သူတို့၏စွမ်းအားမှာ မည်သူ့ထက်မှအောက်မကျဟု ထင်ခဲ့သည်။ သို့သော် တစ်စုံတစ်ယောက်သည် သူတို့ ပြန်တိုက်နိုင်စွမ်းမရှိတော့သည်အထိ သူတို့ကိုဖိနှိပ်ထားနိုင်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
ထိုနေရာတွင် မဟာအလင်းမြို့တော်မှ ကျင့်ကြံသူများ အများအပြားရှိနေ၏။ သူတို့အများစုသည် သူ့တို့ရှေ့တွင်ဖြစ်ပျက်သွားသည်များကို မြင်လိုက်ရသောအခါ အလွန်အမင်းတုန်လှုပ်နေကြသည်။ သူတို့သည် ယခုတွင် ရီဖူရှင်းနှင့် ပတ်သတ်သမျှအရာအားလုံးကို ပို၍ပင်စိတ်ဝင်စားလာကြသည်။
သူ့အရှေ့တွင် မဟာအလင်းမြို့တော်မှ ထိပ်သီးများသည် အားနည်းသူများကဲ့သို့ဖြစ်နေပေသည်။
သို့သော် ထိုသူများက အားနည်း၍မဟုတ်ဘဲ ရီဖူရှင်းက လွန်စွာသန်မာနေ၍ဖြစ်လေသည်။
“ထပ်ပြီး စမ်းသပ်ဖို့မလိုလောက်တော့ဘူးလို့ ငါထင်ပါတယ်”
မျက်မမြင်ချန်က ပြောလိုက်၏။
“သူက အလင်းဘုံကျောင်းရဲ့ ရှေးဟောင်းအမွေအနှစ်ကို ဖွင့်နိုင်မယ့်သူပဲလို့ ငါပြောထားပြီးပြီမလား... သူကတကယ်ပဲဖွင့်နိုင်စွမ်းရှိတယ်။ မင်းတို့အကုန်လုံး မဟာအလင်းမြို့တော်မှာ ရှိနေခဲ့တာကြာပြီး... မင်းတို့လည်း အလင်းဘုံကျောင်းရဲ့ ရှေးဟောင်းအမွေအနှစ်ကို ဖွင့်ချင်တယ်ဆိုရင် ငါပြောတာကို ယုံကြည်ပေးပြီး ငါတို့ရဲ့မိတ်ဆွေလေးကို ကူညီပေးကြ”