← Chapters

ဝင်ကြပြီ

Vol. 169 Ch. 2418

ဝင်ကြပြီ

Vol. 169 Ch. 2418

လူတိုင်းတိတ်ဆိတ်နေသည်။ သူတို့သည် ရီဖူရှင်း၏ စွမ်းအားအစစ်အမှန်ကို မြင်တွေ့ခဲ့ပြီဖြစ်ပြီး ထိုစွမ်းအားသည် အမှန်ပင် ထူးကဲပေသည်။

မျက်မမြင်ချန်ပြောသောအရာသည် မှန်နိုင်လေသည်။

သို့သော် အလင်းဂိတ်တံခါးအတွင်းသို့ ဝင်ခြင်းသည် သူ့အန္တရာယ်နှင့်သူရှိပေသည်။ အလင်းဂိတ်တံခါးနှင့်ပတ်သတ်၍ ကောလဟာလများစွာရှိသည် မဟုတ်ပေလော။ ၎င်းသည် အလင်းဘုံကျောင်း၏ရွှေခေတ်မှ တစ်ခုတည်းသောလက်ကျန်ဖြစ်သဖြင့် လျှို့ဝှက်ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသည်။

ထိုနေရာရှိလူများအကြားတွင် မျက်မမြင်ချန်သာ အလင်းဂိတ်တံခါး၏အကြောင်းကို အများဆုံးသိသူဖြစ်သည်။ ထို့ပြင် သူတို့သည် မျက်မမြင်ချန် မည်သည်ကိုစဉ်းစားနေသည်၊ မည်သည့်အရာကိုလုပ်တော့မည်ကို သူတို့မခန့်မှန်းနိုင်ပေ။ သူတို့သည် သူတို့မခန့်မှန်းနိုင်သည့် မျက်မမြင်ချန်၏ရည်ရွယ်ချက်ကြောင့် စိုးရိမ်ကာ တုံ့ဆိုင်းနေခြင်းပင်။

“မင်းတို့ထဲက ဘယ်သူက အလင်းဘုံကျောင်းရဲ့‌ ရှေးဟောင်းအမွေအနှစ်ကို ပေါ်မလာစေချင်ဘူးဆိုရင် ငါဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါတော့မယ်”

မျက်မမြင်ချန် ဆက်ပြောလိုက်သည်။

“အဲ့ဒါကို ဖွင့်နိုင်တဲ့သူကို တွေ့ပြီးပြီ.. ဒါပေမဲ့ မင်းတို့ရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ကူညီမှုတွေလိုတယ်။ မင်းတို့က မကူညီချင်ဘူးဆိုရင် ငါ့အနေနဲ့ နောက်တစ်နည်းရှာရမှာပဲ”

လူအားလုံးသည် မျက်မမြင်ချန်၏စကားကိုကြားသောအခါ တုံဏိဘာဝေဖြစ်သွားကြသည်။ ရီဖူရှင်းကိုယ်တိုင်ပင် မျက်မမြင်ချန်၏ ခေါင်းထဲတွင် မည်သည့်အတွေးများရှိသည် သို့မဟုတ် အဘယ်ကြောင့် မျက်မမြင်ချန်သည် သူက အလင်းဂိတ်တံခါး၏လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်လိမ့်မည်ဟု ထင်နေသည်တို့ကို မသိချေ။

သူသည် မဟာအင်ပါယာများ၏ ရှေးဟောင်အမွေအနှစ်အများပြားကို ဖွင့်ခဲ့ဖူးသော်လည်း မျက်မမြင်ချန် သူ့ကိုယုံကြည်နေခြင်းမှာ နောက်ကွယ်မှကြိုးကိုင်နေသူကြောင့်ပေလော။

တစ်နည်းဆိုရလျှင် ချန်ယိနှင့်သူ့ကို ဆုံတွေ့စေရန် စီစဉ်ခဲ့ပြီး သူ့ကိုဤနေရာသို့ လမ်းညွှန်ခဲ့သူကြောင့်ပေလော။

“ခင်ဗျားက လူဘယ်နှစ်ယောက်လိုတာလဲ”

တစ်စုံတစ်ယောက် မေးလိုက်သည်။ ထိုကျင့်ကြံသူသည် အ‌စောပိုင်းက မျက်မမြင်ချန်နှင့် အဖုအထစ်လေးများဖြစ်ခဲ့သူ အကြီးအကဲလင်းပင်။ မကြာသေးခင်က သူသည် မျက်မမြင်ချန်နှင့် တိုက်ခိုက်မလိုလိုဖြစ်နေကြသော်လည်း ယခုတွင် သူက အရင်ဆုံးစကားစပြောသူဖြစ်ပေရာ အတန်ငယ် အံ့ဩစရာကောင်းပေသည်။

သူတို့၏ကိုယ်ပိုင်ရည်မှန်းချက်များ၏ရှေ့တွင် ပူဆွေးမှုအားလုံးကို အချိန်တစ်ခုအထိ ဘေးဖယ်ထားနိုင်သည်ဆိုသည်မှာ မှန်ပေသည်။

“များလေပိုကောင်းလေပေါ့... အဲ့လိုဆို အခွင့်အရေးလည်းပိုများတယ်”

မျက်မမြင်ချန်က ပြန်ဖြေလိုက်သည်။

“ပြီးတော့ ပိုပြီးသန်မာတဲ့ကျင့်ကြံသူဆို ပိုကောင်းတယ်။ ကျင့်ကြံခြင်းအဆင့်နိမ့်တဲ့ ကျင့်ကြံသူတွေကို ဝင်ခိုင်းရင်လည်း ဘာမှအကျိုးထူးမှာမဟုတ်ဘူး”

အကြီးအကဲလင်းသည် သူ့ကို ချက်ချင်းပြန်မဖြေလိုက်ဘဲ တစ်ခဏမျှတွေးတောနေလေသည်။ လန်မိသားစုကလန်၏ခေါင်းဆောင်က ထပြောလိုက်သည်။

“ဘိုးဘိုးက ဘာလို့ ကျွန်တော့်တို့ကို အထဲကိုဝင်ခိုင်းရတာလဲ”

ထိုအချိန်အထိ သူတို့သည် မျက်မမြင်ချန်၏အစီအစဉ်ကို အရိပ်အမြွက်မျှပင် မသိသေးပေ။ သူသည် သူတို့ကို အရာအားလုံးပြောပြမည်မဟုတ်သော်လည်း သူတို့ဘက်က မေးစရာရှိသည်ကို မေးရပေမည်။

“အခြေအနေကြည့်ခိုင်းဖို့ပေါ့”

မျက်မမြင်ချန်၏အဖြေသည် တိုတောင်းရိုးရှင်းပေသည်။

“အလင်းဂိတ်တံခါးရဲ့အနောက်မှာ လောကတစ်ခုပုန်းအောင်းတည်ရှိနေတယ်ဆိုတာ မင်းတို့အကုန်လုံးလည်း သိတာပဲ။ ဒါပေမဲ့ အဲ့လောကထဲမှာ ဘာရှိလဲဆိုတာ ငါတောင်မသိဘူး။ တစ်ယောက်ယောက်ကတော့ ငါတို့မိတ်ဆွေလေးအတွက် အထဲကအခြေအနေကို သွားစုံစမ်းပေးရမယ်မဟုတ်လား... အဲ့ဒါမှ သူ ရှေးဟောင်းအမွေအနှစ်ကို ဖွင့်နိုင်ဖို့ အခွင့်အရေးရှိမှာ။ ဒါကြောင့် ငါမင်းတို့ရဲ့အကူအညီကို လိုတာပဲ”

မျက်မမြင်ချန်၏တဲ့တိုးအဖြေကို လူအများအပြား လက်ခံသွားသည်။ မျက်မမြင်ချန်သည် အမှန်ပင် သူတို့ကို အလင်းဂိတ်တံခါးအတွင်းရှိ လမ်းကြောင်းကို ရှာခိုင်းရန် လိုအပ်ခြင်းဖြစ်ပေလိမ့်မည်။

“အဲ့ဒါက ဘယ်လောက်အန္တရာယ်များလဲ”

ယွီမိသားစုမှ တစ်ယောက်က မေးလိုက်သည်။

“ငါဘယ်လိုလုပ်သိမှာလဲ”

မျက်မမြင်ချန်က ပြန်ပြောလိုက်သည်။

“ငါလည်း အလင်းဂိတ်တံခါးအကြောင်းကို အများကြီးမသိဘူး။ ဒီရှေးဟောင်းအမွေအနှစ်ကိုဖွင့်ဖို့ အဖြေက ဒီအလင်းတံခါးဂိတ်တံခါးတစ်ဖက်မှာ တည်ရှိနေတယ်ဆိုတာပဲသိတာ။ အဲ့ဒါကြောင့် ငါရှေ့ဖြစ်ဟောပြီး ဒီ‌နေ့အတွက် အစီအစဉ်ဆွဲထားတာပဲ။ ဒီနေ့က အလင်းပေါ်ပေါက်မယ့်နေ့ပဲ။ ဒါက ငါ့ရဲ့တွက်ချက်မှုတွေအရပဲ... ငါ့ရဲ့ခန့်မှန်းမှုသာမှန်ရင် ဒီနေ့မှာ ဘယ်လိုဖြစ်ဖြစ် မင်းတို့က ငါပြောတာကိုသဘောတူမှာပဲ”

လူအားလုံးသည် ထိုစကားကိုကြားလိုက်ရသောအခါ မျက်နှာထားများတစ်မျိုးဖြစ်သွားကြသည်။ အထူးသဖြင့် လင်းမိသားစုမှလူများသည် ပို၍မျက်နှာပျက်သွားကြသည်။

ထိုစကားများသည် သူတို့အတွက် အလွန်ရင်းနှီးနေသည်။ သူတို့သည် လင်းရှီအတွက် ရှေ့ဖြစ်ဟောခြင်းကို ကြားထားသည်မှာ မကြာသေးပေ။

သူသည် လင်းရှီတစ်ယောက် သေရမည့်‌ဘေးဒုက္ခနှင့် ကြုံရမည်ဟု ရှေ့ဖြစ်ဟောခဲ့၏။ သို့သော် အကြောင်းပြချက်မှာ လင်းရှီက စတင်တိုက်ခိုက်ရန် ရွေးချယ်မည်ဖြစ်သောကြောင့်ဟုဆိုခဲ့သည်။ အမှန်ပင် လင်းရှီသည် ကိုယ့်သေတွင်းကိုယ်တူးသွားလေသည်။

ထိုကိစ္စအားလုံးကို ထည့်စဉ်းစားလျှင် ယနေ့တွင် သူတို့သည် မျက်မမြင်ချန်ပြောသည့်ကိစ္စကို သဘောတူရပေလိမ့်မည်။ သို့ဖြစ်လျှင် ကြာရှည်စွာစောင့်စားခဲ့ရသော အလင်းဘုံကျောင်း၏ရှေးဟောင်းအမွေအနှစ်သည် ယနေ့တွင် လောကကြီးထဲ၌ ထပ်မံပေါ်ပေါက်လာတော့မည်လော။

“မင်းတို့အားလုံးရောက်နေပြီပဲ... အမှောင်ထဲမှာ ခိုးကြောင်းခိုးဝှက်လုပ်နေဖို့မလိုပါဘူး”

အကြီးအကဲလင်းသည် ကျယ်လောင်စွာပြောလိုက်သည်။ ရုတ်တရက် အဝေးရှိ အဓိကဦးတည်ချက်သုံးခုမှနေ၍ စွမ်းအားကြီးသောအရှိန်အဝါများ ထွက်‌ပေါ်လာသည်ကို အာရုံခံမိသွားသည်။

ခေတ္တမျှကြာပြီးနောက် စွမ်းအားကြီးသော ကျင့်ကြံသူသုံးဦး ထွက်ပေါ်လာပြီး သူတို့ဆီသို့ လျှောက်လာလေသည်။ သူတို့သည် အခြားထိပ်သီးအင်အားစုသုံးစု၏ ဆရာသခင်များဖြစ်သည်။

ထိုသူများမှာ လန်မိသားစု၏အကြီးအကဲ၊ ယွီမိသားစု၏အကြီးအကဲနှင့် ခုနစ်စင်ကြယ်ခြံဝင်း၏အကြီးအကဲတို့ ဖြစ်ကြသည်။

ရန်ဟောင်အဆင့်၏အထက်တွင်ရှိသော ကျင့်ကြံသူသုံးဦးရောက်ရှိလာပေပြီ။ သူတို့၏အရှိန်အဝါသည် ကြောက်မက်ဖွယ်ကောင်းပြီး သူတို့၏ဩဇာသည် ကောင်းကင်ကိုပင် ဖိနှိပ်ထားနိုင်လေသည်။

“ခင်ဗျားတို့ဘယ်လိုထင်လဲ”

အကြီးအကဲလင်းသည် ထိုသုံးဦးကို မျက်လုံးဝေ့ကြည့်၍ မေးလိုက်သည်။

“ရှေ့ဖြစ်ဟောဘိုးဘိုးက ပြောလာပြီဆိုတော့လည်း ကျုပ်တို့ ကူညီရတော့မှာပေါ့”

အကြီးအကဲယွီက ပြောလိုက်သည်။ အခြားသူများကလည်း သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။ လန်မိသားစု၏အကြီးအကဲသည် သူတို့ကိုကြည့်၍ ပြောလိုက်သည်။

“ဒီလိုဆိုတော့လည်း မိသားစုတွေက ကျင့်ကြံသူနည်းနည်းကို အရင်ဆုံးဝင်ခိုင်းပြီး ရှေ့ဖြစ်ဟောဘိုးဘိုးကို ကူညီပေးကြတာပေါ့”

“ကောင်းပြီ”

သူတို့သဘောတူညီချက်ရသွားသောအခါ အဓိကအင်အားစုကြီးများမှ ကျင့်ကြံသူများသည် သူတို့၏အိမ်တော်များသို့ပြန်၍ ကျင့်ကြံသူများကို ထပ်မံသွားခေါ်ကြလေသည်။

“တကယ်လို့ ဒီနေ့မှာ အလင်းဘုံကျောင်းရဲ့ ရှေးဟောင်းအမွေအနှစ်ပေါ်ပေါက်လာမယ်ဆိုရင် မင်းတို့အကုန်လုံးကို ဆုချီးမြှင့်မှာပါ”

မျက်မမြင်ချန်သည် ထိုသို့ပြော၍ တိတ်တဆိတ်စောင့်နေလေသည်။

တစ်ခဏမျှကြာပြီးနောက် ထိုအဓိကအင်အားစုကြီးများမှ ကျင့်ကြံသူများရောက်ရှိလာသည်။ ထိုရောက်လာသူများမှာ ထိုအဓိကမိသားစုကြီးများ၏ အရေးပါသောသူများမဟုတ်ကြောင်း ရီဖူရှင်းသိပေသည်။ သူတို့ကို လွန်စွာအန္တရာယ်များသောနေရာဆီသို့ စေလွှတ်ရမည်မဟုတ်ပါလား။ ထို့ကြောင့် ထိုအဓိကအင်အားစုကြီးများသည် သူတို့၏အရေးပါသောသူများ၏အသက်များကို ရင်းမည်မဟုတ်ချေ။

ကျင့်ကြံခြင်းအဆင့်မြင့်သူများကို ပို၍သွားစေလိုသည်ဟု မျက်မမြင်ချန်ကပြောထားသော်လည်း သူတို့သည် အဘယ်သို့ မျက်မမြင်ချန်၏စကားများကို အလွယ်တကူလိုက်နာနိုင်ပေမည်နည်း။

ထိုကျင့်ကြံသူများသည် ထိုအခိုက်တွင် အတန်ငယ်စိုးရိမ်ကြောင့်ကြနေကြသည်။ သူတို့သည် အလင်းဂိတ်တံခါးအတွင်းသို့ ဝင်ရမည်မဟုတ်ပါလား။ သို့သော် သူတို့၏အကြီးအကဲများ၏အမိန့်သည် ကောင်းကင်ဘုံ၏အမိန့်သကဲ့သို့ပင်ဖြစ်ရာ သူတို့သည် တွန့်ဆုတ်နေသော်လည်း လိုက်နာရပေတော့မည်။

အချိန်တစ်ခုမျှစောင့်ဆိုင်းပြီးနောက် မျက်မမြင်ချန်သည် ထပ်မံပြော၍ မေးလိုက်သည်။

“အကုန်လုံး အဆင်သင့်ဖြစ်ပြီလား”

“အသင့်ပါပဲ... ကျုပ်တို့ဘာလုပ်ဖို့လိုတယ်ဆိုတာကို ပြောပါ ရှေ့ဖြစ်ဟောဘိုးဘိုး”

အကြီးအကဲလန်ကပြောလိုက်သည်။

“ကောင်းပြီ”

မျက်မမြင်ချန်သည် ခေါင်းညိတ်၍ ဆက်ပြောလိုက်သည်။

“မင်းတို့မဝင်ချင်ဘူးဆိုရင်လည်း ဘာမှမဖြစ်ဘူးဆိုတာကို ငါထပ်ပြောချင်တယ်... ဒါပေမဲ့ မင်းတို့ဝင်သွားပြီဆိုရင်တော့ အလင်းဂိတ်တံခါးအတွင်းမှာ ဖြစ်မယ့်အရာတွေကို ငါအာမမခံနိုင်ဘူး။ တကယ်လို့ တစ်ခုခုဖြစ်လာရင် ငါ့ကိုအပြစ်မတင်ပါနဲ့”

လူအားလုံးသည် မျက်မမြင်ချန်၏စကားများကို ကြားလိုက်သောအခါ ထပ်မံ၍ တွေဝေသွားပြန်လေသည်။ သို့သော် ထိုအချိန်တွင် ယွီဟိုဝင်ပြောလိုက်သည်။

“အကြီးအကဲ... ကျွန်တော်လည်း ဝင်သွားပါမယ်”

ပြီးခဲ့သော ရီဖူရှင်းနှင့်တိုက်ပွဲတွင် ယွီဟိုသည် တစ်ကွက်တည်းဖြင့် ရှုံးသွားခဲ့၏။ သူ့အတွက် ထိုအရှက်ရမှုသည် လတ်ဆတ်နေဆဲဖြစ်ကြောင်း ထင်ရှားပေသည်။ ယခုတွင် သူ့တို့၌ အလင်းဂိတ်တံခါးအတွင်းသို့ဝင်ရန် အခွင့်အရေးရှိလာပြီဖြစ်၍ သူသည်ထိုမှနေ၍ ဂုဏ်သိက္ခာပြန်ရလိမ့်မည်လားဟု သိချင်နေ၏။

ယွီမိသားစုအကြီးအကဲသည် ယွီဟိုကိုကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“မင်းကြိုက်သလိုလုပ်ပါ”

ထို့နောက် အဓိကအင်အားစုကြီးများအားလုံးမှ ထိပ်သီးများသည် အလင်းဂိတ်တံခါးအတွင်းသို့ ဝင်ခွင့်ပြုရန် သူတို့မိသားစုများ၏အကြီးအကဲများကို တောင်းဆိုခဲ့လေသည်။

မကြာမီမှာပင် အလင်းဂိတ်တံခါးအတွင်းသို့ဝင်မည့် ကျင့်ကြံသူများကို အတည်ပြုပြီးသွားလေသည်။ သူတို့အားလုံးရှေ့သို့ထွက်လာသောအခါ မျက်မမြင်ချန်က ပြောလိုက်၏။

“အားလုံးပဲ အထဲကို တိုက်ရိုက်ဝင်သွားလိုက်ပါ.. ဒါပေမဲ့ ကြိုတင်ပြင်ဆင်ထားတာတော့ ကောင်းလိမ့်မယ်။ ရှေ့တည့်တည့်ကိုသာ လျှောက်သွားကြပါ”

ထို့နောက် သူသည် ရီဖူရှင်းကို အသံပို့လွှတ်၍ ပြောလိုက်သည်။

“မင်း အလင်းဂိတ်တံခါးထဲကို ဝင်သွားရင် မင်းရဲ့ဖြတ်ထိုးဉာဏ်ကိုပဲ အားကိုးရမယ် မိတ်ဆွေလေး။ ငါ‌တောင် မင်းအတွက် အကူအညီသိပ်ဖြစ်မှာမဟုတ်ဘူး... ဒါပေမဲ့ ငါမင်းနဲ့အတူ အထဲကိုလိုက်ဝင်မှာပါ”

“ကျွန်တော်နားလည်ပါတယ်”

ရီဖူရှင်းပြန်ပြောလိုက်သည်။

“သွားစို့”

မျက်မမြင်ချန်သည် သူတို့ရှေ့ရှိကျင့်ကြံသူများက အလင်းဂိတ်တံခါးအတွင်းသို့ ဝင်နေပြီဖြစ်ကကြောင်း တွေ့လိုက်သောအခါ လေသံတိုးတိုးဖြင့်ပြောလိုက်သည်။ ရီဖူရှင်းသည် ‌ရှေ့သို့မျှော်ကြည့်လိုက်၏။ အလင်းဂိတ်တံခါးကိုဖြတ်သန်းသွားသူများသည် ပျောက်ကွယ်သွားသည်ကို သူမြင်လိုက်ရသည်။ သူတို့သည် မှန်တစ်ချပ်အတွင်းဝင်သွားသကဲ့သို့ပင်။ ထိုအရာသည် အမှန်ပင် အံ့အားသင့်ဖွယ်ကောင်းပေသည်။

အလင်းဂိတ်တံခါး၏တစ်ဖက်တွင် လျှို့ဝှက်ဆန်းကြယ်၍ ခန့်မှန်းရခက်သော စကြဝဠာကြီးတစ်ခုလုံး ရှိလေသည်။

“မင်းဝင်သွားပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ...”

မျက်မမြင်ချန် ပြောလိုက်၏။

“ငါ မင်းကိုကာကွယ်ဖို့ အကောင်းဆုံး ကြိုစားမှာပါ မိတ်ဆွေလေး”

ရီဖူရှင်း အတန်ငယ်တည်ကြည်သွား၏။ မျက်မမြင်ချန်၏လေသံသည် လေးနက်ပြီး သူတို့၏ယခုတစ်ခေါက်တာဝန်သည် လွန်စွာအန္တရာယ်များကြောင်း ဖော်ပြနေပေသည်။

ပို၍အရေးကြီးသည်မှာ မျက်မမြင်ချန်ပြောပုံအရ သူ၏ကျင့်ကြံခြင်းအဆင့်သည် ရီဖူရှင်းထက်ပို၍ မြင့်ပုံရလေသည်။

All Chapters