လောကအသေးအတွင်း၌
Vol. 169 Ch. 2419
ရီဖူရှင်းသည် မျက်မမြင်ထျယ်၊ ဟွာဂျီယူနှင့် အခြားသူများကို အပြင်၌သာနေခဲ့ရန် ပြောလိုက်သည်။ ထိုသို့အပြင်တွင်နေခဲ့ခိုင်းရခြင်းမှာ အဓိကအင်အားစုကြီးလေးစုက လျှို့ဝှက်အကြံအစည်များရှိနေနိုင်သဖြင့် ထိုအင်အားစုကြီးများကို စောင့်ကြည့်နေရန်နှင့် ဖန်းစွင်နှင့် ကျန်လူငယ်များကို စောင့်ရှောက်ထားရန်ဖြစ်သည်။
ချန်ယိနှင့် ရီဖူရှင်းတို့နှစ်ဦးသာ မျက်မမြင်ချန်နှင့်အူ အလင်းဂိတ်တံခါးအတွင်းသို့ ဝင်ခဲ့လေသည်။ ထိုအရာသည် သူတို့၏ ရည်ရွယ်ချက်ဖြစ်သည်။ မျက်မမြင်ချန်သည် ရီဖူရှင်းကို အလင်းဘုံကျောင်း၏ရှေးဟောင်းအမွေအနှစ်ကို ဖွင့်ခိုင်းရချင်းမှာ ချန်ယိ အမွေဆက်ခံနိုင်ရန်ဖြစ်သည်။ အခြားသူများ လိုက်ဝင်ရန် မလိုအပ်ပေ။
ကျင့်ကြံသူများ အလင်းဂိတ်တံခါးအတွင်းသို့ ဝင်နေကြပြီး မျက်မမြင်ချန်၊ ချန်ယိနှင့် ရီဖူရှင်းတို့သည်လည်း တံခါးကိုဖြတ်လျှောက်လိုက်ကြသည်။
ရီဖူရှင်းသည် ထူးဆန်းသည့်ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။ သူသည် အခြားလောကတစ်ခုအတွင်းသို့ ဝင်ရောက်သွားသကဲ့သို့ပင်။ ရုတ်ခြည်းအတွင်းမှာပင် အဆုံးမဲ့သော အလင်းများသည် ထိုနေရာတွင် ပြည့်နှက်သွားသည်။ ထိုအလင်းများ၏အောက်တွင် မည်သူမှ သူတို့၏မျက်လုံးများကို မဖွင့်နိုင်ပေ။ ထိုနေရာတွင် အလင်းမှလွဲ၍ အခြားအရာများမရှိပေ။
ထိုလောကသည် အလင်းလောကတစ်ခုဟု ထင်ရပေသည်။
အခြားသူများလည်း ဝင်လာကြသည်။ ထိုအလင်းလောကအတွင်းတွင် လူတိုင်းသည် မျက်ကန်းကဲ့သို့ဖြစ်နေကြ၏။ သူတို့သည် ထိုလောကအတွင်း၌ မဟာလမ်းစဉ်၏စွမ်းအားများကို လိုက်လျောညီထွေဖြစ်ရန် ကြိုစားလိုက်၏။ သို့သော် လောကတစ်ခုလုံးကို အလင်းများဖုံးလွှမ်းနေသည်ဖြစ်သည် သူတို့သည် အပြင်လောက၏မဟာလမ်းစဉ်ကို ထိုလောက၏လမ်းစဉ်နှင့် လိုက်လျောညီထွေဖြစ်အောင် မလုပ်နိုင်ဖြစ်နေသည်။
ထိုလောကအတွင်းတွင် ကျင့်ကြံသူတစ်မျိုးသာ ထိုကဲ့သို့ အတော်အသင့်လုပ်နိုင်ပေသည်။ ထိုသို့လုပ်နိုင်သည့် ကျင့်ကြံသူများမှာ အလင်းလမ်းစဉ်ကို ကျင့်ကြံသူများဖြစ်ကြသည်။
ချန်ယိသည် သူ၏ကောင်းကင်အာရုံကို ထုတ်လွှတ်လိုက်ပြီး သူ၏ကိုယ်ပိုင်လမ်းစဉ်နှင့် ထိုလောက၏ မဟာလမ်းစဉ်နှင့် ပေါင်းစည်းလိုက်သည်။ သို့သော် သူသည် သူ့ပတ်လည်ရှိနေရာအသေးလေးကိုသာ ထိန်းချုပ်နိုင်ကြောင်း သိရှိသွားသည်။ သူ၏ကျင့်ကြံခြင်းအစွမ်းသည် လုံးဝမလုံလောက်သည့်ပုံပင်။
“ဒီနေရာက တစ်ချိန်တုန်းက အလင်းဘုံးကျောင်းက သူတို့ရဲ့တပည့်တွေကို ရွေးချယ်တဲ့နေရာပဲ။ ဒီနေရာက သူတို့တွေ အလင်းရဲ့ သန့်စင်ပေးခြင်းကိုခံရတဲ့နေရာပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများက အလင်းဘုံကျောင်းကို ဝင်ချင်တဲ့သူတွေက ဒီအလင်းစမ်းသပ်ချက်ကို ဖြတ်ကျော်ရတယ်... အဲ့ဒါကို အလင်းသန့်စင်ခြင်းလို့လည်း ခေါ်တယ်... အဲ့ဒါက အလင်းဂိတ်တံခါးရဲ့ ရှေ့တည့်တည်မှာပင်။ ရှုံးနိမ့်သွားတဲ့သူက အသတ်ခံရတယ်။ အလင်းသန့်စင်ခြင်းမှာ ရှင်သန်နိုင်ခဲ့တဲ့သူတွေသာ အလင်းဘုံကျောင်းကို ဝင်ခွင့်ရတယ်”
မျက်မမြင်ချန် ဆက်ပြောလိုက်သည်။
“အလင်းဂိတ်တံခါးရဲ့နောက်မှာ သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေရှိတဲ့ အလင်းကွန်ရက်တစ်ခုရှိတယ်။ ငါ သူတို့ကို ငါတို့နဲ့အတူဝင်ခိုင်းလိုက်တာက ငါ့တို့အတွက် လမ်းရှင်းပေးဖို့ပဲ။ အာရုံစိုက်ထား မိတ်ဆွေလေး... ငါလည်း မင်းကို ကာကွယ်ပေးနေမှာပါ”
“ကျွန်တော် နားလည်ပါတယ်”
ရီဖူရှင်းသည် သတိပေးသည်ကို အသိအမှတ်ပြုလိုက်သည်။ မဟာအလင်းမြို့တော်မှ လူများသည် မျက်မမြင်ချန်ကို ရှေ့ဖြစ်ဟောဘိုးဘိုးဟု သိကြသည်။ မဟာအလင်းမြို့တော်မှ ကျင့်ကြံသူများသည် သူ့ကိုအသုံးချ၍ ရှေးဟောင်းအလင်းအမွေအနှစ်ကို ဖွင့်လိုနေကြခြင်းပင်။ ထို့ကြောင့်မျက်မမြင်ချန်သည်လည်း အဓိကအင်အားစုကြီးလေးခုကို ပြန်အသုံးချ၍ သူတို့၏လူများကို အလင်းကွန်ရက်၏အစာအဖြစ် အလင်းဂိတ်တံခါးအတွင်းသို့ စေလွှတ်ခိုင်းခဲ့လေသည်။
မျက်မမြင်ချန်ကဲ့သို့သော လူများသည် စိတ်ထားကောင်း၍ နူးညံ့သူများမဟုတ်ကြပေ။
သို့သော် မျက်မမြင်ချန်သည် သူက အမွေအနှစ်ကို ဖွင့်နိုင်သည့်သူဟု ခိုင်ခိုင်မာမာယုံကြည်နေသည်ကို ရီဖူရှင်းနားလည်သော်လည်း အမွေအနှစ်ကို မည်သို့ဖွင့်ရမည် သို့မဟုတ် သူသည် မည်ကဲ့သို့သော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသည်ကို သူမသိပေ။
မျက်မမြင်ချန်ကို ကြိုးကိုင်ခဲ့သော နောက်ကွယ်မှလူသည် ပိုသိနိုင်ပေလိမ့်မည်။ ထိုသူသည် သူ့အကြောင်းကိုသာမက အလင်းဂိတ်တံခါး၏နောက်ကွယ်မှလျှို့ဝှက်ချက်ကိုလည်း သိပေလိမ့်မည်။ သူသည် ရီဖူရှင်းက အမွေအနှစ်ကို ဖွင့်နိုင်လိမ့်မည်ဟု ယုံကြည်နေပေသည်။
ရီဖူရှင်းသည် ယခုတွင် သူ၏ထိုးထွင်းဉာဏ်ကို လွတ်လွတ်လပ်လပ် ထုတ်လွှတ်လိုက်ရာ သူ့ပတ်လည်တွင် အရှိန်အဝါတန်းတစ်ခု လှည့်ပတ်သွားသည်။ သူ့ကိုယ်တွင်းတွင် ရှေးဟောင်းသစ်ပင်၏ အသက်ဝိညာဉ်သည် မှိတ်ဖျော့ဖျော့ အင်ပါယာအလင်းတစ်ခုနှင့်အတူ လှည့်လည်နေသည်။ ထိုအလင်းလောကအတွင်း၌ ကောင်းကင်စွမ်းအားသည် ထိုလောကကို လည်ပတ်စေသည့်အရာတစ်ခုဖြစ်ကြောင်း သူနားလည်လေသည်။ မဟုတ်လျှင် ထိုလောကသည် ထိုမျှစွမ်းအားကြီးမည်မဟုတ်ကြောင်း သူသိပေသည်။
ထို့ကြောင့် သာမန်ကျင့်ကြံသူများသည် ထိုအလင်းလောကအတွင်းတွင် မျက်စိကန်းကုန်ခြင်းဖြစ်သည်။ ယင်းစွမ်းအားနှင့်တူညီသော ကျင့်ကြံခြင်းအဆင့်ရှိသည့်သူသာ ထိုလောအတွင်း၌ လှည့်လည်သွားလာနိုင်ပြီး ထိုလောကကို မြင်နိုင်ပေသည်။ ထိုစွမ်းအားထက်ပို၍ မြင့်သောစွမ်းအားရှိသည်သာ ထိုလောကကို လေ့လာနိုင်ရန် အရည်အသွေးရှိလေသည်။
ရီဖူရှင်းသည် သူ့ကိုယ်တွင်းရှိ အရှိန်အဝါကို ထုတ်လွှတ်ရန် တုံ့ဆိုင်းမနေပေ။ သူသည် သူ၏ကိုယ်ပိုင်အသက်ဝိညာဉ်ကို ထိုအလင်းလောကအတွင်းသို့ တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏မျက်လုံးများပွင့်လာ၏။ ထိုမျက်လုံးများသည် အနည်းငယ် ဝေဝါးနေသည်။ သူငယ်အိမ်များအတွင်း၌ အစင်းကြောင်းများရှိနေပြီး ထိုမျက်လုံးများသည် နတ်မျက်လုံးများသဖွယ် ယင်းလောက၏လျှို့ဝှက်ချက်များကို စူးစမ်းနေလေသည်။
ထိုအခိုက်တွင် ရီဖူရှင်းသည် သူ့ပတ်ပတ်လည်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ သူ့ပတ်ဝန်းကျင်တွင် အပျက်အစီးများရှိ၏။ ပျက်စီးသွားသော လောကတစ်ခု၏ အကြွင်းအကျန်များဖြစ်ပုံရလေသည်။ အလင်းစွမ်းအားသည် အဝေးမှနေ၍ ဖြာကျလာခြင်းဖြစ်သော်လည်း အရာအားလုံးသည် အတန်ငယ်မှုန်ဝါးဝါးဖြစ်နေပေသည်။ သူ၏ကျင့်ကြံခြင်းအဆင့်နှင့် သူသည် သူ၏ပတ်ဝန်းကျင်ကိုသာ စူးစမ်းနိုင်၏။
“ဒီနေရာက ဘုံကျောင်းပျက်ကြီးတစ်ခုပဲ”
ရီဖူရှင်းသည် အပျက်အစီးများအပေါ်သို့ တက်ရပ်လိုက်သည်။
သူ့ရှေ့ရှိ ကျင့်ကြံသူများသည် ရှေ့သို့ဆက်သွားနေကြသည်။ ရုတ်တရက် စူးစူးဝါးဝါးအော်လိုက်သံတစ်ခု ထွက်ပေါ်လာ၏။ ရီဖူရှင်းသည် ထိုအော်သံထွက်ပေါ်လာသည့်ဘက်သို့ ကြည့်လိုက်ရာ ကောင်းကင်ပေါ်မှနေ၍ အလင်းတစ်ခုသည် ထိုလူ့အပေါ်သို့ တိုက်ရိုက်ကျဆင်းနေသည်ကို တွေ့လိုက်ရသည်။ ထိုလူသည် မျက်စိများ မခံမရပ်နိုင်အောင်နာကျင်နေသဖြင့် သူ့လက်များဖြင့် မျက်လုံးကို ကာထားသည်ကို တွေ့နိုင်ပေသည်။ မျက်လုံးများအတွင်းမှ သွေးများစီးကျနေသည်။ ထိုမြင်ကွင်းသည် အလွန်တုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းပင်။
ရီဖူရှင်းသည် ကောင်းကင်ပေါ်တွင် ရှိနေသောအရာကို ကြည့်ချင်သော်လည်း ၎င်းသည် အတန်ငယ်မထင်မရှားဖြစ်နေသည်။ ထိုလောကကို ထူးဆန်းသောစွမ်းအားတစ်ခုက လွှမ်းခြံထားသကဲ့သို့ပင်။ အထက်ကောင်းကင်ပေါ်တွင် သတ်ဖြတ်အလင်းကွန်ရက်ကြီး လှည့်လည်နေပုံရပေသည်။
“အလင်းသန့်စင်ခြင်းလား”
ရီဖူရှင်းသည် သူ့ဘာသာရေရွတ်လိုက်ပြီး ထိုနေရာတွင် ခြေတစ်လှမ်းပင်ချ၍မရကြောင်း ချက်ချင်းနားလည်သွားသည်။ ထိုနေရာတွင် လွန်စွာတောက်ပသော ကောင်းကင်အလင်းသည် အောက်သို့ကျဆင်းကာ ဖြတ်သွားသူတိုင်းကို သတ်ရန် စောင့်ဆိုင်းနေပေသည်။
မျက်မမြင်ချန်သည်လည်း ထိုအရာကို သိရှိသွားပုံပေါ်လေသည်။ သူ၏လက်ထဲရှိတုတ်ကောက်သည် မြေပြင်နှင့်ထိခတ်သွားပြီး အသံတစ်ခုထုတ်လွှတ်လိုက်သည်။ မျက်မမြင်ချန်သည် ထိုလမ်းကြောင်းမှနေ၍ ဦးတည်ချက်ပြောင်းကာ သူ့ရှေ့ရှိ မတော်တဆမှုနှင့်မကြုံခဲ့ရသော လူအနောက်သို့ လိုက်သွားလေသည်။ သူသည် ထူးကဲသောအာရုံကိုပိုင်ဆိုင်ပြီး အန္တရာယ်ရှိရာနေရာ အတိအကျကို သိနိုင်စွမ်းရှိသဖြင့် အန္တရာယ်ကိုရှောင်ရှားနိုင်ကြောင်း ထင်ရှားပေသည်။
လူများသည် တစ်ဦးပြီးတစ်ဦး တိုက်ခိုက်ခံလိုက်ရပြီး လူအများအပြား ကျဆုံးခဲ့လေသည်။ ရီဖူရှင်းသည် လွန်စွာဝေးသောနေရာမှ လူများမှလွဲ၍ ထိုအခြင်းအရာများကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပေသည်။
အဓိကအင်အားစုကြီးလေးစုမှ ကျင့်ကြံသူများသည် လွန်စွာသတိကြီးကြီးထား၍ ဆက်သွားနေကြသည်။ တချို့သည် နှေးကွေးသွားပြီး ရှေ့ပိုင်းတွင် ချီတုံချတုံဖြစ်နေလေသည်။ သူတို့သည် မျက်မမြင်ချန်က အမွေအနှစ်ဆီသို့ရောက်နိုင်ရန် သူတို့ကို စတေးခံများအဖြစ် အသုံးချနေသည်ကို သိရှိသွားပြီဖြစ်ကြောင်း ထင်ရှားပေသည်။
ထိုအချိန်တွင် အဓိကအင်အားစုကြီးလေးစုမှ ကျင့်ကြံသူများ၏ရင်ထဲတွင် မကျေမနပ်ဖြစ်လာကြသည်။
“ရှေ့ဖြစ်ဟောဘိုးဘိုးက ဒီထဲကအခြေအနေတွေကို သိပုံရတယ်မလား”
တည်ငြိမ်သောအသံတစ်ခုက မေးလိုက်သည်။ ထိုသူကား အကြီးအကဲလင်းပင်။ အကြီးအကဲများသည် အခြားလူများနှင့်အတူ လိုက်ဝင်သွားကြသည်။ မျက်မမြင်ချန်ပင် အတွင်းသို့ဝင်သွားပြီဖြစ်၍ သူတို့သည် ကြောက်ရန်မရှိဟု ခံစားနေကြရသည်။
သို့သော် သူတို့သည်ပင် လွန်စွာသတိထားနေသည်။ သူတို့သည် လူအုပ်နောက်မှလိုက်၍ မျက်မမြင်ချန်အနောက်တွင် ဖြန့်ကျက်နေကြသည်။ မျက်မမြင်ချန်က သူတို့၏လူများအနောက်သို့ လိုက်သကဲ့သို့ သူတို့သည် မျက်မမြင်ချန်အနောက်သို့ လိုက်နေကြသည်။
မျက်မမြင်ချန်သည် ထိုအခြင်းအရာကို မြင်ပုံမရပေ သို့မဟုတ် ဂရုစိုက်ပုံမရပေ။ သူသည် သူရည်ရွယ်သည့်အတိုင်း ရမည်ဆိုလျှင် အခြားမည်သည်ကိုမှ အရေးမစိုက်ပေ။
“ငါ နည်းနည်းပါးပါးတော့ ကြားဖူးပါတယ်”
မျက်မမြင်ချန်က ပြန်ဖြေလိုက်သည်။
“မင်းတို့အားလုံး ရပ်လိုက်ကြ”
ယွီမိသားစုအကြီးအကဲက အမိန့်ပေးလိုက်သည်။
“ရပ်လိုက်ကြ”
အခြားသူအများအပြားလည်း အော်ပြောလိုက်ကြသည်။ အဓိကအင်အားစုကြီးလေးစုမှ ကျင့်ကြံသူများသည် ရုတ်တရက် ရပ်သွားကြသည်။ အချိန်တစ်ခုကြာအောင် အလင်းတံခါးအတွင်းရှိ ထိုလောကအသေးထဲတွင် အရာအားလုံးသည် တိတ်ဆိတ်သွားရာ လူများသည် သူတို့၏အသက်ရှူသံကိုပင် ပြန်ကြားနေရလေသည်။
“ဒီရှေ့ဖြစ်ဟောဘိုးဘိုးက ကျုပ်တို့ကို ဒီထဲမှာ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်ဖြစ်အောင် လုပ်ထားလိုက်ပြီး။ အနည်းဆုံးတော့ ဘာတွေဖြစ်နေတာလဲဆိုတာ ကျုပ်တို့ကို ပြောပြပါ”
အကြီးအကဲယွီသည် အေးစက်စက်ပြောလိုက်သည်။ မျက်မမြင်ချန်သည် သူတို့ကို အမှန်တရားတချို့တဝက်ကိုသာ ပြောထားသည်ကို သူတို့သိကြောင်း သိသာပေသည်။
မျက်မမြင်ချန်သည် အလင်းဂိတ်တံခါးအတွင်းရှိ လောကအသေး၏ အခြေအနေကို သိနိုင်ချေများလေသည်။
မျက်မမြင်ချန်သည် သူနေရာတွင် တိတ်တဆိတ်ရပ်ကာ ပြန်ပြောလိုက်သည်။
“ငါနည်းနည်းပဲသိတယ်လို့ မင်းတို့ကို ငါပြောပြီးပြီလေ။ ဒီထဲမှအန္တရာယ်များတာကို မင်းတို့လည်းမဝင်လာခင်ကတည်းက သိပြီးသားပဲ... ဘာလို့ထပ်မေးနေဦးမှာလဲ”
“ရှေ့မှာ ဘာရှိတာလဲ”
ခုနစ်စင်ကြယ်ခြံဝင်း၏အကြီးအကဲက မေးလိုက်သည်။
ထိုလောကအသေးလေးသည် အန္တရာယ်များနှင့် ပြည့်နှက်နေပြီး ယခုတွင် ရှေ့၌မည်သည့်အရာရှိနေကြောင်း သူတို့သိလိုလာပေပြီ။
မျက်မမြင်ချန်သည် တစ်ခဏမျှ တုံဏိဘာဝေဖြစ်သွားပြီးနောက် ပြောလိုက်သည်။
“အလင်းဘုံကျောင်းရဲ့ အမွေအနှစ်အစစ်ပဲ”
သူထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူအားလုံးသည် တိတ်ဆိတ်သွားလေတော့သည်။