← Chapters

အပိုင်း ၉၄၉-၉၅၂

Vol. 48 Ch. 949-952

အပိုင်း ၉၄၉-၉၅၂

Vol. 48 Ch. 949-952

အပိုင်း ( ၉၄၉ )

တိတ်တိတ်ဆိတ်ဆိတ် လက်ခံတာအပြင် တခြားဘာများ လုပ်နိုင်မှာမလို့လဲ။

ရှိနေသူအားလုံးသည် ထင်ယောင်ထင်မှား ဖြစ်နေသည်လားဟု ထင်မိကြသည်။

ဒီလို ချောမောတဲ့ကောင်လေးက လူတွေကို ယင်ကောင်သတ်သလို သတ်ခဲ့တဲ့ နတ်ဆိုးတစ်ကောင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ယဲ့ဖန်သည် တခြားဘာမှ မပြောတော့ဘဲ ချန်းဖေးအယ်နှင့်အတူ နေရာမှ ထွက်သွားတော့သည်။

ထိုအခါမှ အားလုံးသည် သက်ပြင်းချကာ သူတို့နှစ်ယောက် ထွက်ခွာသွားသည့် လမ်းကြောင်းကို ကြောင်အလျက် စိုက်ကြည့်နေကြသည်။

" ငါ .... ငါ့ခြေထောက်တွေ တုန်နေတုန်းပဲ။ သူတို့ကြောင့် ကြောက်လွန်းလို့ သေမတတ်ဘဲ "

" ငါရောပဲ၊ ရိုးရိုးသားသား ပြောရရင် ကျွန်တော်ဆို ဆီးနည်းနည်း ထွက်ကျသွားတယ် "

" ဒီလူငယ်နှစ်ယောက်က ရက်စက်လွန်းတယ်။ လူသုံးဆယ်ကျော်နဲ့ တိုက်ခိုက်ခဲ့တဲ့လူ နှစ်ယောက်က တကယ်ကြီး အန္တရာယ်ကင်းနေတယ်တဲ့ "

" ဒါက ရုပ်ရှင်ကားတစ်ကားလိုပဲ။ စိတ်လှုပ်ရှားစရာ ကောင်းလွန်းတယ် "

" အထူးသဖြင့် အဲ့ဒီ ညီလေးပဲ။ သူ့နည်းတွေက ရက်စက်လွန်းတယ် "

" မရက်စက်ရင် ဒီလို ရပ်တည်နိုင်မှာ မဟုတ်ဘူး။ ဒီညီလေးရဲ့ ခွန်အားက ဒီလောက်ထိ လုံလုံလောက်လောက် မသန်မာဘူးဆိုရင် ဒီနေ့ ဒီမှာတင် သူ သေသွားနိုင်တယ် "

" အဲ့တာ အမှန်ပဲ။ တစ်စုံတစ်ယောက်ကို အပြစ်တင်ချင်ရင်တော့ ဒီကိုရီးယားလူမျိုးတွေက လူမဆန်တာကိုပဲ အပြစ်တင်ရမယ်။ သူတို့က ပိုက်ဆံရှုံးတာနဲ့ လူတွေရဲ့ အသက်ကို လိုချင်နေကြတာလေ "

" ဟန်မိသားစုက ပိုပြီးတောင် ရွံစရာကောင်းသေးတယ်။ သူတို့က ကိုရီးယားတွေဘက်ကနေ ငါတို့ တရုတ်တွေကို ပြန်ပြီးအနိုင်ကျင့်ဖို့ ကူညီပေးခဲ့တာ "

" ဟေး၊ မင်းအသံကို လျှော့ဦး။ ဟန်အန်းထုံး ထွက်မသွားသေးဘူး။ မင်း သေချင်နေတာလား "

" သူတို့တောင် လုပ်ထားသေးတာ တခြားသူတွေက ဘာလို့ ပြောလို့မရတာလဲ "

" ........ "

ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ကားပေါ်သို့ ပြန်လာခဲ့ပြီး တစ်ယောက်ကို တစ်ယောက် ပြုံးလျက် ကြည့်နေကြသည်။

" ဒါ နင်ပြောခဲ့တဲ့ ကံကြမ္မာရဲ့ ခေါ်သံလား။ နင့်ကို နောက်တစ်ခါ ထပ်ခေါ်ရင် နင် အသက်တောင် ရှင်ပါဦးမလား "

ချန်းဖေးအယ်သည် သူမပါးစပ်ကို အုပ်လျက် ရယ်နေမိသည်။

သို့သော် ယခုတလော သူတို့နှစ်ယောက် ဘေးချင်းယှဉ်လျက် တိုက်ခိုက်ကြသည့် မြင်ကွင်းများကို သူမ တွေးလိုက်မိသောအခါ သူမ ခံစားချက်များ တဟုန်ထိုးတက်လာသည်ကို ခံစားမိသည်။

" ဟားဟားဟား၊ ကိုယ့်ကံကြမ္မာက ဒီလောက်ထိ မယုံစရာကောင်းဖို့ မမျှော်လင့်ထားဘူး "

ယဲ့ဖန်သည် အလွန်အားကိုးရာမဲ့နေခဲ့သည်။

ထိုအဆင့်အထိ ဖြစ်လာဖို့ သူသည်လည်း မမျှော်လင့်ထားခဲ့ပေ။

" ခဏလောက် အပြင်ထွက်ဦး "

ချန်းဖေးအယ် ရုတ်တရက် ပြောလိုက်ပြီး သူမ၏ အမူအရာမှာ အနည်းငယ်ရှက်ရွံံနေပုံရသည်။

" ဘာလို့လဲ "

ယဲ့ဖန်အနည်းငယ် ကြောင်အသွားသည်။

" ငါ့ .... ငါ့အင်္ကျီတွေက စိုနေတယ် "

ချန်းဖေးအယ် သူမ အင်္ကျီကို ညွှန်ပြလိုက်သည်။

သူမ၏ အင်္ကျီသည် ပိုးသားဖြစ်၍ မိုးရေကြောင့် လုံးဝ ကပ်နေသည်။

ခန္ဓာကိုယ်ကို တင်းကြပ်စွာ ထုပ်ပတ်ထားသလိုဖြစ်ကာ ကောက်ကြောင်းများကို ရှင်းလင်းစွာ ပြသနေတော့သည်။

ယဲ့ဖန် မတတ်နိုင်ဘဲ ရယ်မိသည်။

" မင်းလည်း စိုနေတာ၊ ကိုယ်လည်း စိုနေတော့ ပြီးမှ အတူတူခြောက်အောင် လုပ်ကြမလား "

ချန်းဖေးအယ်သည် ယဲ့ဖန်၏ စကားမှာ တစ်ခုခု မှားနေသည်ဟု ခံစားမိသော်လည်း ဘာမှားနေမှန်း သူမ အတိအကျ မသိချေ။

" ကျွန်မလည်း အဝတ်အစားလဲချင်တယ်။ ရှင်က ကြည့်ချင်လို့လား "

" မင်းသာ စိတ်မဆိုးရင် ကိုယ် စိတ်မပါပေမဲ့ ကြည့်ပေးလို့ရ ...... "

ယဲ့ဖန်၏စကား မပြီးခင်မှာပင် သူ့ကို မမလေးချန်းက တွန်းထုတ်လိုက်တော့သည်။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် Toyota SUVတစ်စီးကို ငှားခဲ့သည်။

ကားအထဲ၌ နေရာအလုံအလောက်ရှိသောကြောင့် လက်ခြေ မလှုပ်နိုင်မည်ကို စိုးရိမ်နေစရာ မလိုချေ။

သို့သော် ကားအတွင်းထဲ၌ လှပသော မိန်းမပျိုလေးမှ အဝတ်လဲနေကြောင်း တွေးလိုက်မိသောအခါ သူ၏သားရဲသွေးများ ဆူပွက်လာသည်။

ကံကောင်းစွာဖြင့် ယဲ့ဖန် အသိမလွတ်မီ စနစ်မှ သတိပေးချက် အချိန်မီ အသံထွက်လာသည်။

[ ရတနာရှာဖွေခြင်း တာဝန်ကို ပြီးမြောက်ခဲ့သည့် လက်ခံသူအား ဂုဏ်ယူပါသည်။ စနစ်မှ လက်ခံသူအား ကုသခြင်းအကျိုးသက်ရောက်မှု ၅၀% တိုးစေနိုင်သော မြင့်မြတ်သည့်ထိုက်ရွှမ်းအပ်အစုံကို ဆုချီးမြှင့်ပါသည်။ လက်ခံသူ၏ ကားနောက်ခန်းတွင် သိမ်းဆည်းထားပြီးပါပြီ ]

စနစ်မှ သတိပေးချက်ကို ကြားသောအခါ ယဲ့ဖန် အံ့အားသင့်သွားသည်။

အဲ့ဆေးထိုးအပ်တွေက အရမ်းမိုက်လွန်းတာမဟုတ်ဘူးလား။

အဲ့တာက တကယ်ကြီး ကုသခြင်းဆိုင်ရာ အကျိုးသက်ရောက်မှုကို မြှင့်တင်ပေးနိုင်တာလား။

၅၀%တောင် တန်းပြီး တိုးလာနိုင်လား။

ဒါက ဘယ်လို အယူအဆလဲ။

တစ်နည်းဆိုရသော် ယဲ့ဖန်သည် မူလက ကုသရန် အခွင့်အလမ်း ၅၀% သာရှိခဲ့သည်။

သို့သော် ဤဆေးထိုးအပ်များ၏ ပံ့ပိုးမှုဖြင့် အကျိုးသက်ရောက်မှုသည် ၁၀၀% ရှိလာနိုင်သည်။

ရောဂါ ကုသခြင်း၏ အကျိုးသက်ရောက်မှုကို ၁% တိုးနိုင်ရန်မှာပင် အလွန်ခက်ခဲနေပြီ ဖြစ်သည်။

ဒါကို ၅၀%တောင် တိုးမှာလား။

ဤအရာသည် အမှန်တကယ်ပင် မြင့်မြတ်သော အရာတစ်ခုဖြစ်သည်။

အထူးသဖြင့် သူ၏ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုများမှာ အလွန်အားကောင်းနေပြီ ဖြစ်သောကြောင့် ကုသခြင်း၏ အကျိုးသက်ရောက်မှု နောက်ထပ် ၅၀%ကို ထပ်ဖြည့်နိုင်ပါက ကောင်းကင်ဘုံကိုပင် အံတုနိုင်ပေတော့မည်။

သူသည် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ဆေးထိုးအပ်ကို ကြည့်ရန် ထုတ်ဖို့ ပြင်လိုက်သည်။

ထိုတခဏ၌ ပြဿနာတစ်ခုကို သူ ရုတ်တရက် သဘောပေါက်သွားသည်။

အဲ့ဒီဆေးထိုးအပ်က ... နောက်ထိုင်ခုံမှာလား။

ထိုအချိန်တွင် ချန်းဖေးအယ်သည် ကားအနောက်ခန်းမှ ရုတ်တရက် ထအော်လေသည်။

" အား .... ယဲ့ဖန် မင်းကို ငါသတ်မယ် ..... "

ငါးမိနစ်လောက် ကြာသွားလေသည်။

ယဲ့ဖန် ခေါင်းငုံ့ပြီး စကားမပြောရဲချေ။

မိန်းကလေးချန်းသည် သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသည်။

" ပြော၊ နင် အနောက်ထိုင်ခုံမှာ ဆေးထိုးအပ်တွေ ဘာလို့ ထည့်ထားတာလဲ။ နင် ငါ့ကို အန္တရာယ်ပေးဖို့ တမင်ကြိုးစားနေတာလား "

သူမလက်ထဲတွင် အနက်ရောင်အ၀တ်အိတ်တစ်ခုကို ကိုင်ထားသည်။

အဝတ်အိတ်အတွင်းတွင် နွားမွေးကဲ့သို့ ပါးလွှာသော ရွှေဆေးထိုးအပ်များရှိသည်။

အစောက သူမ အနောက်ခုံ၌ ပြောင်းထိုင်လိုက်ပြီး ..... ထိုင်ချလိုက်မိသည်။

အခုချိန်ထိ သူမ၏ တင်ပါးတွေ နာကျင်နေဆဲ ဖြစ်သည်။

အခု သူမ ဘယ်လောက် ဒေါသထွက်နေသည်လဲ ဆိုတာ တွေးကြည့်နိုင်သည်။

ယဲ့ဖန် ရှက်ရွံ့စွာ ပြုံးလိုက်သည်။

" ကိုယ် ပြောပြမယ် .... အပ်က ဘာလို့ အနောက်ထိုင်ခုံကို ရောက်သွားတာလဲ မသိဘူး။ ကိုယ့်ကို ယုံလား "

ချန်းဖေးအယ်သည် ယဲ့ဖန်မှ သတ္တိရှိရှိ ပြန်ဖြေသည်ကို ကြားသောအခါ သူမ ဒေါသအလွန်ထွက်ပြီး သူမ၏ လှပသော မျက်နှာသည် ဖျော့တော့သွားလေသည်။

" နင်ဆိုလိုတာက ဒီဆေးထိုးအပ်က သူ့ဘာသာသူ ခြေထောက်ပေါက်လာပြီး အနောက်ထိုင်ခုံကို သူ့ဘာသာသူ ပြေးသွားတာလား "

ယဲ့ဖန်သည် ခြောက်ကပ်စွာ ချောင်းဆိုးလိုက်သည်။

" အဲ့လိုက မဖြစ်နိုင်ဘူးလေ "

" နင် ........ "

ချန်းဖေးအယ် ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မတတ် ဖြစ်နေသည်။

" ပြော၊ နင်ငါ့ကို အန္တရာယ်ပြုဖို့ လျှို့ဝှက်လက်နက်ကို အသုံးပြုခဲ့တာလား။ ငါ့ကို ဘယ်လို လျော်ကြေးပေးမှာလဲ "

ယဲ့ဖန်သည် သူမ၏ တင်ပါးကို တစ်ချက်လှမ်းကြည့်လိုက်သည်။

" ကိုယ် မင်းကို နှိပ်ပေးမယ် "

ချန်းဖေးအယ် ဒေါသထွက်လွန်း၍ သွေးအန်လုမတတ် ဖြစ်လာသည်။

" နင် ..... နင် ရွံစရာကောင်းတယ် "

ယဲ့ဖန်သည် ခစ်ခစ်ရယ်လိုက်ပြီး သူမလက်ထဲမှ ဆေးထိုးအပ်အိတ်ကို ယူလိုက်သည်။

" ကောင်းပြီ၊ စိတ်အေးအေးထား။ မဟုတ်လည်း မင်းကိုယ့်ကို ဆဲဆိုကြိမ်းမောင်းတာ၊ ရိုက်နှက်တာတွေ မလုပ်နိုင်ဘူးလေ။ တိတ်တိတ်လေး သည်းခံလိုက်ရုံကလွဲပြီး တခြားဘာလုပ်နိုင်မှာလဲ "

ချန်းဖေးအယ်သည် ထိုတစ်ယောက်၏ ကောက်ကျစ်သော အတွေးအခေါ်ကြောင့် ချက်ခြင်း ဒေါသထွက်ကာ လှောင်ရယ်လိုက်သည်။

" နင်က သန်မာတိုင်း နင်ပြောတာ အကုန်မှန်တယ် ထင်နေလား "

ယဲ့ဖန်သည် အမှန်တရားတစ်ခုလို ခေါင်းညိတ်လိုက်သည်။

" ပညာရှိကြီးတစ်ယောက်က ပြောဖူးတယ် အမှန်တရားက လက်တစ်လှမ်း အကွာအဝေးအတွင်းမှာပဲ ရှိတယ်။ မင်းကိုယ့်ကို အနိုင်ယူလို့ မရဘူးလေ။ ကိုယ့်စကားကို နားထောင်ရမယ် "

ချန်းဖေးအယ်သည် သဘောမတူဘဲ ငြင်းခုံချင်သေးသည်။

ယဲ့ဖန်သည် သူမ၏ ညည်းတွားနေခြင်းကို နားထောင်ရန် စိတ်မ၀င်စားနိုင်ပေ။

ကားစက်ကို ဖွင့်လိုက်သည်။

" ကောင်းပြီ၊ သွားကြရအောင်။ ကိုယ် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီကို ဝယ်ရဦးမယ် "

ချန်းဖေးအယ်သည် ဒေါသအလွန်ထွက်သော်လည်း ဘာမှမတတ်နိုင်ဘဲ သူမတင်ပါးကို ပွတ်သပ်ကာ ရှေ့ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

ထို့နောက် Toyota SUV ကားသည် ကားသံကျယ်ကျယ်ဖြင့် မောင်းထွက်သွားတော့သည်။

အပိုင်း ( ၉၅၀ )

ငယ်ရွယ်မှုကြောင့် အထင်လွဲခံရခြင်း

လောင်းကစားမြို့တော်ရှိ မင်ကျင်းဆေးရုံ။

ဟန်အန်းထုံး ၊ လီယောင်းဂျီနှင့် ပတ်ဆန်းဝူတို့သည် အရေးပေါ်ကုသမှု ခံယူရန် ဆေးရုံသို့ ရောက်လာခဲ့ကြသည်။

နှိုင်းယှဉ်ပြောရလျှင် ပတ်ဆန်းဝူ၏ ဒဏ်ရာမှာ အသေးဆုံးဖြစ်သည်။

ရုပ်ပျက်ဆင်းပျက်သာ ဖြစ်ခဲ့ရသည်။

ဆေးရုံရောက်ပြီး သူ့မျက်နှာကို ဆေးပတ်တီးများဖြင့် ဖုံးအုပ်ထားပြီးဖြစ်သည်။

လီယောင်းဂျီ၏ ဒဏ်ရာမှာ သိပ်မပြင်းထန်သော်လည်း သူ့လက်နှင့်ခြေထောက်မှ အရွတ်နှင့် အဆစ်များအားလုံး ကျိုးသွားသည်။

ထို့အပြင် ဆရာဝန်၏ အဆိုအရ ပြန်လည်ကောင်းမွန်ရန် အခွင့်အလမ်း အလွန်နည်းပါးသည်။

သူ ပြန်ကောင်းလာလျှင်ပင် သူ၏ လက်ရှိ နည်းပညာတစ်ထောင် အထွတ်အထိပ်ကို ပြန်ရောက်ရန် မဖြစ်နိုင်တော့ချေ။

နည်းပညာတစ်ထောင်အား ဆယ်စုနှစ်တစ်စုမက လေ့ကျင့်ခဲ့သူ တစ်ယောက်အတွက် ထိုသည်မှာ ကပ်ဘေးကြီးတစ်ခုလို ဖြစ်သည်။

ဟန်အန်းထုံး၏ ဒဏ်ရာမှာ အပြင်းထန်ဆုံးဖြစ်သည်။

သူ၏ ညာဘက်လက်မောင်းမှာ အမြစ်မှ ပြတ်ထွက်သွားပြီး သွေးအလွန်အကျွံထွက်နေသောကြောင့် ဆေးရုံသို့ ပို့လိုက်သောအခါတွင် သူ သေလုဆဲဆဲဖြစ်နေပြီ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် အရေးပေါ်ကုသမှု ခံယူပြီးနောက် သူသည် ခေတ္တအန္တရာယ်မှလွတ်မြောက်ခဲ့သော်လည်း သတိလစ်နေဆဲဖြစ်သည်။

ဟန်မိသားစုခေါင်းဆောင် ဟန်ရှောင်ယွမ်က သူတို့သုံးယောက်ကို အေးစက်စွာကြည့်နေသည်။

သူ့နောက်တွင် ဟန်မိသားစု၏ ပင်တိုင်အဖွဲ့ဝင်များ ပါလာကြသည်။

" ဒီကလေးရဲ့ နောက်ကြောင်းကို စုံစမ်းပြီးပြီလား "

သူသည် အကြည့်များကို ထိုသုံးယောက်ဆီမှ ဖြည်းညှင်းစွာ ပြန်ရုတ်လိုက်ပြီး ဘေးနားမှလူကို လှည့်ကြည့်လိုက်သည်။

ထိုအမျိုးသားသည် မျက်မှန်ဝိုင်းကို ၀တ်ဆင်ထားပြီး နှုတ်ခမ်းတွင်လည်း နှုတ်ခမ်းမွေးရှိသည်။

သူ့မျက်လုံးများက အမြဲတမ်း ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုနေသည်။

ထိုလူသည် ရိုးရိုး သာမန်လူပုံပေါက်သော်လည်း သူသည် ဟန်မိသားစု၏ နံပါတ်တစ် စစ်ရေးအကြံပေး သွမ့်ရှစ်ကျင်းဖြစ်သည်။

ထိုလူသည် အချက်အလက်စုံ၊ ဉာဏ်ဖြတ်လတ်ပြီး ပြတ်သားလေသည်။

သူသည် ဟန်ရှုန်ယွမ်၏ အယုံကြည်ရဆုံးလူဖြစ်သည်။

အများသောအားဖြင့် သူ၏ စကားများသည် မိသားစု ခေါင်းဆောင်ထက်ပင် ပို၍ ထိရောက်သည်။

" ကျွန်တော် စစ်ဆေးပြီးပါပြီ။ ဒီကလေးက ပြည်မကြီးက ဖြစ်ပုံရပါတယ်။ မနေ့က ရှောင်မိသားစုရဲ့ သခင်ကြီး ရှောင်ယွမ်ရဲ့ အသက်ကို ကယ်တင်ခဲ့တယ်လို့လည်း ကြားထားပါတယ် ....... "

သွမ့်ရှစ်ကျင်းသည် သူကြားသိခဲ့ရသည့် အဖြစ်အပျက်ကို ချက်ချင်း ပြောပြသည်။

ဟန်ရှုန်ယွမ်သည် ထိုစကားကို ကြားပြီးနောက် ချက်ချင်း ဒေါသထွက်သွားသည်။

" မျှော်လင့်ထားသလို ရှောင်မိသားစုက ပို့လိုက်တာပဲ။ ရှောင်မိသားစုက အရမ်းလွန်လာပြီ "

သူ အလွန်ဒေါသထွက်နေရသည့် အကြောင်းရင်းမှာ သူ့သား ဟန်အန်းထုံးကြောင့် မဟုတ်ချေ။

သူ့တွင် သားငါးယောက်နှင့် သမီးသုံးယောက်ရှိပြီး ဟန်အန်းထုံးသည် သူတို့အားလုံးထဲမှ အသုံးမကျဆုံး ဖြစ်သည်။

သူသည် ဟန်အန်းထုံးကို ဘယ်တုန်းကမှ မကြိုက်၍ သိပ်ဂရုမစိုက်ချေ။

သို့သော် ထို လီယောင်းဂျီသည် သူ၏ ခမ်းနားသော အစီအစဉ်တစ်ခုနှင့် ဆက်စပ်နေသည်။

အခုအခါ ထိုလီယောင်းဂျီ၏ ခြေတွေ လက်တွေမှာ အချိုးခံထားရ၍ သူ၏ ကြီးကျယ်ခမ်းနားသည့် အစီအမံကြီးမှာ မအောင်မြင်နိုင်တော့ပေ။

ထိုအရာက သူ့ကို မုန်းတီးစိတ် ပွားစေပြီး အံကြိတ်လိုက်မိသည်။

သူသည် လက်စားချေရန် အခွင့်ရှာနေသည်ကို သွမ့်ရှစ်ကျင်း တွေ့လိုက်သည်။

ထို့ကြောင့် တိုးလျသော အသံဖြင့် သူ့ကို အမြန်သတိပေးလိုက်သည်။

" သခင်ကြီး၊ ကျွန်တော်တို့ရဲ့ အင်အားက ရှောင်မိသားစုလောက်တော့ မကောင်းဘူး။ ကျွန်တော်တို့ အတင်းစီစဉ်လို့ မရနိုင်ဘူး။ အကျိုးဆက်ကို မခံနိုင်ရင် ကျွန်တော်တို့ရဲ့ အစီအစဉ်ကို ဖျက်ဆီးလိမ့်မယ် "

ဟန်ရှုန်ယွမ်က ချက်ချင်း လှောင်ပြောင်လိုက်သည်။

" စိတ်မပူပါနဲ့၊ ငါ စိတ်မတိုသေးပါဘူး။ ရှောင် မိသားစုကို ငါ သေချာပေါက် ရှင်းပစ်မယ်။ ဒါပေမယ့် အခု မဟုတ်သေးဘူး။ သခင်ကို အနိုင်မယူနိုင်ပေမယ့် ခွေးကို ရိုက်နှက်တာကတော့ ပြဿနာမဟုတ်ဘူး "

သွမ့်ရှစ်ကျင်း မျက်မှောင်ကြုတ်လိုက်သည်။

" သခင်ကြီး ဆိုလိုတာက ..… "

ဟန်ရှုန်ယွမ်၏ ပါးပြင်များ လှုပ်ယမ်းသွားသည်။

" လောင်းကစားမြို့မှာ ငါ့ရဲ့ ဟန်မိသားစုကို ဘယ်သူက ထိရဲတာလဲ။ အဲ့လိုသူက အဖိုးအခမပေးရင် ငါ ဘယ်မှာ မျက်နှာပြရမှာလဲ။ အဲ့ဒီကလေးကို ရှာပြီး သတ်ပစ်လိုက် "

သွမ့်ရှစ်ကျင်း၏ မျက်မှောင်ကြုတ်ကာ မျက်နှာထား နက်မှောင်လာသည်။

" သခင်ကြီး၊ ဒီကလေးက လောင်းကစားမှာ လီယောင်းဂျီကို အနိုင်ယူပြီး သူ့ကိုယ်ပိုင်ခွန်အားနဲ့ ကျွန်တော်တို့ရဲ့ အယောက်သုံးဆယ်ကျော်ကို အဖွဲ့ကိုတောင် ဒုက္ခပေးနိုင်ပါတယ်။ သူက အသေးအဖွဲတစ်ယောက် မဟုတ်တာ အသိသာကြီးပါ။ ကျွန်တော်တို့မှာ အခုလုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။ ဒီလို အသေးအမွှားလေးတွေအတွက်နဲ့ ကြီးကြီးမားမားတွေ ဆုံးရှုံးလို့မရပါဘူး "

သူ့စကားကို နာခံလေ့ရှိသော ဟန်ရှုန်ယွမ်သည် ယခုတစ်ကြိမ်တွင် သူ့စကားကို နားမထောင်ခဲ့ပေ။

လက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်သည်။

" တခြား ဘာမှပြောစရာ မလိုဘူး။ ငါ စိတ်ဆုံးဖြတ်ပြီးသား "

သူသည် စကားပြောနေရင်းဖြင့် သူ့ဘေးနားမှ လူငယ်တစ်ယောက်ကို လှည့်ကြည့်လိုက်သည်။

" အားရှိန်း၊ မင်းရဲ့ လူတွေကို အခု သွားစုလိုက်။ မြေအောက်ထဲ သုံးပေထိ တူးရင်တောင် ဒီကလေးကို ငါတို့ ရှာရမယ်။ ပြီးရင် သူ့ခေါင်းကို ငါ့ဆီ ယူလာပေး "

အားရှိန်း၏ အမည်ရင်းမှာ ကျန်းချုရှိန်း ဖြစ်သည်။

သူသည် ဟန်မိသားစု၏ အယုံကြည်ရဆုံးသူတွေထဲကလည်း ဖြစ်သည်။

သူနှင့် သွမ့်ရှစ်ကျင်းတို့သည် သူ၏ ဘယ်ညာ လက်နှစ်ဖက် ဖြစ်ကြသည်။

ကျန်းချုရှိန်းသည် သူ့သူဌေး၏ အမိန့်ကို သဘာဝကျစွာဖြင့် နာခံပြီး ချက်ချင်း ထွက်ခွာသွားခဲ့သည်။

သွမ့်ရှစ်ကျင်း ထိုမြင်ကွင်းကို မြင်လိုက်ရပြီး ရုတ်တရတ် မကောင်းသော ခံစားချက် ဖြစ်သွားသည်။

အကယ်၍ ရက်စက်ကြမ်းကြုတ်သော နဂါးတစ်ကောင်သည် မြစ်ကို ဖြတ်၍ လာပြီး တောင်ပိုင်းကွမ်တုန်းပြည်နယ်မှ လောင်းကစားနယ်မြေထိ ရောက်လာကာ ဟန်မိသားစု၏ လက်အောက်ခံ အယောက်၃၀ကျော်ကိုပင် ဂရုမစိုက်ဘဲ ရိုက်ချိုးပစ်ခဲ့သည်။

ထို့ကြောင့် သူသည် လွယ်လင့်တကူ ဆက်ဆံလို့ရမည့်သူ မဟုတ်နိုင်ပေ။

တစ်ချက်တည်းဖြင့် မသတ်နိုင်ပါက တစ်ဖက်၏ ဒေါသကို ခံနိုင်ရည်ရှိရန်မှာ မသေချာသလောက် ဖြစ်သည်။

သို့သော်လည်း ဟန်ရှုန်ယွမ်သည် ဒေါသတကြီး ဖြစ်နေပြီး သူ၏ အကြံဉာဏ်ကို လုံးဝ နားမထောင်ခဲ့ပေ။

သူ၏ စိုးရိမ်မှုများ အမှန်တကယ် မဖြစ်လာစေရန်သာ မျှော်လင့်ရတော့သည်။

တစ်ဖက်တွင် ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့သည် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ ဌာနချုပ်သို့ ရောက်လာကြသည်။

ယဲ့ဖန်သည် လာရာလမ်း၌ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီမှ အထက်အရာရှိများကို ဆက်သွယ်ပြီး ဖြစ်သည်။

ထို့ကြောင့် သူတို့နှစ်ယောက် ကားပေါ်မှ ဆင်းလာသည်နှင့် ကုမ္ပဏီ အဆောက်အဦးရှေ့၌ လူ ၄၀ မှ ၅၀ လောက်ထိ သပ်ရပ်စွာ တန်းစီနေသည်ကို တွေ့လိုက်ရသည်။

ထိုလူများ အားလုံးသည် အနက်ရောင်ဝတ်စုံနှင့် နေကာမျက်မှန်ကို ၀တ်ဆင်ထားကြသည်။

သူတို့ခါး၌ ဖောင်းနေသည့်နေရာတွင် ပစ္စတိုများ ကိုင်ဆောင်ထားကြသည်။

ယဲ့ဖန်သည် သူတို့ကို အဝေးမှ ကြည့်လိုက်သည်။

အဝေးမှ ဖြစ်သော်လည်း ထိုလူများဆီမှ သွေးနံ့တွေကို သူ အနံ့ခံနိုင်သည်။

ဤအရာမှ ထိုလူများသည် သေခြင်းနှင့်ရှင်ခြင်းကို နဖူးတွေ့ဒူးတွေ့ ကြုံခဲ့ရသော ရက်စက်သူများဖြစ်ကြောင်း သူ ပြောနိုင်လေသည်။

ထိုလူများရှေ့၌ အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦး ရပ်နေသည်။

ထိုလူသည် သွေးနှောဖြစ်ပုံရသည်။

သူ့မျက်နှာ အသွင်အပြင်မှာ ကောင်းမွန်စွာ အချိုးကျနေသည်။

သူသည် ၁.၈ မီတာခန့် အရပ်ရှည်ပြီး ကြွက်သား အလွန်တောင့်တင်းသန်မာသည်။

သံမဏိတိုင်ကဲ့သို့ သူသည် ထိုနေရာတွင်သာ ရပ်နေသည်။

ယဲ့ဖန်နှင့် ချန်းဖေးအယ်ကို တွေ့သောအခါ သူ့မျက်နှာတွင် ရှုပ်ထွေးသောအမူအရာ ပေါ်လာသည်။

ယဲ့ဖန်သည် သူ ဘာကြောင့် စိတ်ရှုပ်နေလဲဆိုသည်ကို အသေအချာ သိသော်လည်း သူသည် မျက်လွှာမချဘဲ လျှောက်သွားလိုက်သည်။

" ခင်ဗျားက ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီဥက္ကဋ္ဌ လျုံဖုန်းဟိုင် ဖြစ်ရမယ် "

ထိုလူသည် ယဲ့ဖန်ကို လက်ဆွဲနှုတ်ဆက်ပြီး ကားဆီသို့ လှမ်းကြည့်လိုက်သည်။

" မင်းက ယဲ့လူကြီးမင်းရဲ့ လက်အောက်ငယ်သားလား။ ယဲ့လူကြီးမင်း၊ ဘယ်မှာလဲ။ သူကိုယ်တိုင် မလာဘူးလား "

ယဲ့ဖန်သည် အလွန်ငယ်သေးသောကြောင့် သူကို မြင်ပြီး ကားသမားဟု ထင်သွားကာ မေးလိုက်သည်။

ချန်းဖေးအယ်သည် ချက်ချင်းပင် ပါးစပ်ကို အုပ်ကာ ရယ်လေသည်။

သူတို့သည် ငယ်ရွယ်မှုကြောင့် အထင်မှားခံကြရသည်။

ယဲ့ဖန်သည် ကူကယ်ရာမဲ့စွာ နှုတ်ခမ်းကို မဲ့လိုက်သည်။

" မင်္ဂလာပါ၊ ကျွန်တော်က ယဲ့ဖန် ပါ "

လျုံဖုန်းဟိုင်သည် ခဏတာ အံ့အားသင့်သွားသည်။

" မင်းက ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီကို ဝယ်တဲ့သူလား။ မင်းက အရမ်းငယ်သေးတယ် မဟုတ်လား "

ယဲ့ဖန်သည် ချက်ချင်း မျက်လုံးပြူးသွားရသည်။

" ခင်ဗျားတို့ရဲ့ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီကို ၀ယ်ချင်တယ်ဆိုရင် အသက်ကန့်သတ်ချက်ရှိတာလား "

လျုံဖုန်းဟိုင် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" အဲ့လိုတော့ မဟုတ်ပါဘူး။ ကျွန်တော် ထင်တာက ..... နည်းနည်း အံ့သြသွားလို့ပါ "

ယဲ့ဖန် စိတ်မ၀င်စားချေ။

ထိုဥက္ကဌ အနောက်က လူတွေကို ကြည့်လိုက်သည်။

" ဥက္ကဌ လျုံ၊ ဒီလူတွေက ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီက လူတွေလား "

လျုံဖုန်းဟိုင်က သူတို့ကို အလျင်အမြန် မိတ်ဆက်ပေးသည်။

" မဟုတ်ပါဘူး၊ အဆောက်အဦထဲမှာ အရပ်သားဝန်ထမ်းတချို့ ရှိပါသေးတယ်။ အလုပ် ခန့်အပ်ထားတဲ့ လူ ၁၅၀ကျော်လည်း ရှိတယ်။ အခုလူတွေက အသစ်ခန့်ထားတဲ့ လူသစ်တွေပါ .... "

ယဲ့ဖန် မတတ်နိုင်ဘဲ အံ့သြသွားရသည်။

ရဲရင့်သော ရောင်ဝါကို ပေးဆောင်နေသည့် ထိုလူများကို ပထမဆုံး မြင်သောအခါ သူတို့သည် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ အဓိက အင်အားစုဖြစ်သည်ဟု သူထင်ခဲ့သည်။

သို့သော် လျုံဖုန်းဟိုင်၏ မိတ်ဆက်ချက်အရ သူတို့အားလုံးသည် အသစ်များသာ ဖြစ်ကြလေသည်။

ဒါဆို ဒီမှာ ငှားရမ်းခံရတဲ့ လူတွေရဲ့ ခွန်အားက ဘယ်လောက်ရှိမလဲ။

ကြည့်ရသည်မှာ ယဲ့ဖန်သည် သူ့ကုမ္ပဏီအသစ်၏ အင်အားကို ပြန်သုံးသပ်ရန် လိုနေပုံရသည်။

အပိုင်း ( ၉၅၁ )

ဒါက ရိုးရိုးရှင်းရှင်း သာမာန်မကောင်းတဲ့ သူဌေးပါ။

ရိုးရှင်းသော စစ်ဆေးမှုများအပြီးတွင် နှစ်ဖက်လုံးမှ လွှဲပြောင်းပေးအပ်သည့် လုပ်ငန်းစဉ်ကို စတင် ဆောင်ရွက်ခဲ့ကြသည်။

ယဲ့ဖန်သည် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီကို အပြီးအစီး ရယူထားပြီးဖြစ်ကာ ယနေ့မှသာ လက်လွှဲယူခြင်းဖြစ်ကြောင်း ချန်းဖေးအယ် အခုမှ သိလိုက်ရသည်။

ထိုသည်က သူမကို မယုံနိုင်စရာကောင်းသည်ဟု ခံစားရစေသည်။

သူတို့ နှစ်ယောက်သည် လောင်းကစားနယ်မြေသို့ ရောက်ကတည်းမှ သူတို့ နှစ်ယောက် ခွဲနေသည့်အချိန် မရှိသလောက်ဖြစ်သည်။

ယဲ့ဖန် ဝယ်လိုက်သည်ကို မတွေ့ဖူးချေ။

တစ်ခုတည်းသော ရှင်းပြချက်မှာ ယဲ့ဖန်သည် လောင်းကစားနယ်မြေသို့ မရောက်မီကတည်းက ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီနှင့် ဆွေးနွေးရန် တစ်စုံတစ်ဦးကို စေလွှတ်ထားခြင်းသာ ဖြစ်နိုင်သည်။

ဒီတစ်ယောက် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။

သူမ အနည်းငယ် စိတ်ရှုပ်သွားသည်။

ယဲ့ဖန်၏ သြဇာလွှမ်းမိုးမှုနယ်ပယ်သည် တောင်ပိုင်းကွမ်တုန်းပြည်နယ်တွင်သာ အမြဲရှိနေခဲ့သည်။

ဒါဆို လောင်းကစားနယ်မြေမှာ လုံခြုံရေးကုမ္ပဏီကို ဘာလို့ ဝယ်ချင်ရတာလဲ။

အမှန်တွင် သူမကို မပြောနှင့် ယဲ့ဖန် ကိုယ်တိုင်ပင် သူ့အကြောင်းကို သိပ်မသိရပေ။

ထိုအရာများမှာ စနစ်မှပေးသည့် လက်ဆောင်များသာ ဖြစ်သည်။

မယူပါက အလဟဿ ဖြစ်သွားပေမည်။

ထို့အပြင် ယခု အခြေအနေများအား နားလည်ပြီးနောက် ယဲ့ဖန်သည် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ အင်အားကို အလွန်ပင် ကျေနပ်နေမိသည်။

ထိုကုမ္ပဏီကို လုံခြုံရေးအဖွဲ့ဟု ခေါ်ရမည့်အစား အထူးတပ်ဖွဲ့များမှ အထက်တန်းအရာရှိများပါရှိသည့် ဂိုဏ်းငယ်တစ်ခုနှင့် ပိုတူလေသည်။

လက်ရှိ အမိန့်ပေးလိုက်သည်နှင့် လူ ၂၀၀ကျော်ရှိသော အဖွဲ့တစ်ဖွဲ့ကို လျင်မြန်စွာ စုစည်းနိုင်မည် ဖြစ်သည်။

လျုံဖုန်းဟိုင်၏ မိတ်ဆက်ချက်အရ ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီမှ စုဆောင်းခံရသူများသည် အခြေခံအားဖြင့် နိုင်ငံအသီးသီးမှ အငြိမ်းစား အထက်တန်းစား စစ်သားများ ဖြစ်ကြသည်။

စည်းကမ်းရှိရုံသာမက သန်မာလွန်းကြသည်။

နိုင်ငံငယ်များစွာ၏ အကြီးအကဲများသည်ပင်လျှင် နိုင်ငံခြားသို့ သွားရောက်လည်ပတ်သည့်အခါတွင် သူတို့၏ ကုမ္ပဏီမှ လုံခြုံရေးဝန်ထမ်းများကို ငှားရမ်းလေ့ရှိသည်။

ဤသည်က ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီမှာ အဘယ်ကြောင့် ၇ ဘီလီယံတန်ဖိုးရှိ ကုမ္ပဏီကြီးဖြစ်ကြောင်းကိုလည်း ရှင်းပြပေးလေသည်။

သာမန်လုံခြုံရေးကုမ္ပဏီတစ်ခုသာဆိုပါပ သန်း၇၀၀လောက်နှင့် လုံလောက်လေသည်။

ဤရွှေစွပ်ပြုတ်ကုမ္ပဏီမှာတော့ လူ ၂၀၀ ကျော်ရှိသော ရှေ့တန်းတပ်ဖွဲ့ကြီး ဖြစ်သည်။

ကောင်းစွာ အသုံးချမည်ဆိုပါက လျှော့တွက်၍မရနိုင်သော အင်အားတစ်ခု ဖြစ်လာမည် ဖြစ်သည်။

သူတို့သည် လွှဲပြောင်းပေးသည့် စာရွက်စာတမ်းများ အားလုံးကို လက်မှတ်ရေးထိုးပြီးနောက် လျုံဖုန်းဟိုင်သည် ခါးသီးသော အမူအရာဖြင့် ထရပ်လိုက်သည်။

" ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီက အခုမှစပြီး ယဲ့လူကြီးမင်းရဲ့အပိုင် ဖြစ်ပါတော့မယ်။ ဂုဏ်ယူစရာကောင်းတဲ့ တောင်းဆိုမှုတစ်ခု လုပ်လို့ရမလား။ သဘောမတူရင် ဘာမှ မပြောသလိုဘဲ ဟန်ဆောင်လိုက်ရင် ရပါတယ် "

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

" ဥက္ကဌ လျုံ ကျေးဇူးပြုပြီး ပြောပါ "

လျုံဖုန်းဟိုင် ခါးသက်စွာ ပြုံးလိုက်သည်။

" ကျွန်တော်က ဥက္ကဌ မဟုတ်တော့ပါဘူး။ ကျွန်တော့်ကို ဒီလို မခေါ်ပါနဲ့တော့။ ယဲ့လူကြီးမင်းက ကုမ္ပဏီက ညီအစ်ကိုတွေကို ကောင်းကောင်း ဆက်ဆံနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူတို့ အားလုံးက လူကောင်းတွေပါ။ သူတို့က အလုပ်ကြိုးစားပြီး အခက်အခဲတွေကို ကြံ့ကြံ့ခံကြတဲ့အပြင် ခံနိုင်ရည်လည်း ရှိကြတယ်။ သူတို့ကို ညီအစ်ကိုတွေလို ဆက်ဆံနေသရွေ့ သူတို့က လူကြီးမင်းအတွက် သေချာပေါက် ကြိုးစားကြမှာပါ "

သူ၏ တောင်းဆိုချက်ကို ကြားသောအခါ ယဲ့ဖန် အံ့အားသင့်သွားသည်။

မူလက လျုံဖုန်းဟိုင်သည် သူ့အား ဥက္ကဌရာထူးကို ဆက်ထားရန် တောင်းဆိုချင်သည်ဟု ယဲ့ဖန် ထင်ခဲ့သည်။

သူ့အတွက် ဘာအကျိုးအမြတ်မှ မတောင်းဘဲ သူ့လက်အောက်ငယ်သားများအတွက် ကိုယ်စား အသနားခံဖို့လည်း သူ မမျှော်လင့်ထားချေ။

" ဥက္ကဌ လျုံ၊ ရွှေစွပ်ပြုတ်လုံခြုံရေးက ဘာဖြစ်သွားတာလဲ "

ထိုမေးခွန်းကို ယဲ့ဖန် အနည်းငယ် သိချင်နေခဲ့သည်။

ချက်ကျလက်ကျ ပြောရလျှင် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီသည် အလွန်ခိုင်မာပြီး လျုံဖုန်းဟိုင်သည်လည်း အလွန်စွမ်းရည်ရှိသော လူတစ်ယောက် ဖြစ်သည်။

ထိုသည်ကို အဘယ်ကြောင့် ရောင်းရသည့်အဆင့်သို့ ကျရောက်သွားရသနည်း။

လျုံဖုန်းဟိုင် မတတ်နိုင်ဘဲ ခါးသီးစွာ ပြုံးလိုက်သည်။

" အဓိကကတော့ ကုမ္ပဏီက မြန်မြန်ဆန်ဆန်ကြီး ချဲ့ထွင်နေတာဆိုတော့ ကျွန်တော်လည်း စစ်သားဖြစ်တာကြောင့် တပ်မတော်ကနေ အငြိမ်းစားယူလာတဲ့ လူတစ်ယောက်က ထမင်းစားဖို့ လာတောင်းတိုင်း ငြင်းနိုင်စွမ်း မရှိဘူး ...... "

ထို့နောက် သူက လျင်မြန်စွာ ရှင်းပြပေးသည်။

"ဒါပေမယ့် စိတ်မပူပါနဲ့။ ကျွန်တော် စုဆောင်းထားတဲ့ လူတွေက သေချာပေါက် အရမ်းအားကောင်းတယ်။ သူတို့ရဲ့ အစွမ်းထက်တဲ့ ခွန်အားတွေ မြှုပ်နှံခံထားရတာကို သည်းမခံနိုင်ခဲ့ဘူး။ အဲ့တာကြောင့် ရင်းနှီးမြှုပ်နှံမှုမှာ ပြဿနာတွေ ဖြစ်လာခဲ့တာ ..... "

ယဲ့ဖန်သည် ထိုသို့သော အကြောင်းပြချက်ကြောင့် ဖြစ်မည်ဟု မမျှော်လင့်ခဲ့ပေ။

ရယ်ရမလား ငိုရမလား မသိတော့ချေ။

လျုံဖုန်းဟိုင်၏ အနောက်မှ အဆင့်မြင့်အရာရှိ အနည်းငယ်တို့သည်လည်း ယဲ့ဖန်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။

ဝန်ထမ်းအရေအတွက် အများအပြားကို ရာထူးမှ ထုတ်ပစ်မည်လားဆိုသည်ကို သူတို့ မသိနိုင်ကြပေ။

ယဲ့ဖန်သည် ခေါင်းငုံ့ကာ ခဏလောက် စဉ်းစားပြီး ဥက္ကဌလျုံကို ကြည့်ရန် ခေါင်းကို ပြန်မော့လိုက်သည်။

" စိတ်မပူပါနဲ့၊ ရွှေစွပ်ပြုတ်လုံခြုံရေးက ဝန်ထမ်းကို ကျွန်တော် အလုပ်ထုတ်မှာ မဟုတ်ပါဘူး "

" ခင်ဗျားလည်း အပါအဝင်ပေါ့။ ခင်ဗျား ဥက္ကဌ ဆက်လုပ်လို့ရတယ် "

လျုံဖုန်းဟိုင်နှင့် သူ့အနောက်ရှိ အကြီးတန်းအမှုဆောင်အရာရှိများသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြသည်။

သူဌေးအသစ်သည် ကုမ္ပဏီအား လွှဲပြောင်းယူပြီးပါက ကြီးမားသော အပြောင်းအလဲများ ဖြစ်လာမည်ဟု သူတို့ ထင်ခဲ့ကြသည်။

ကုမ္ပဏီအား အရောင်းတင်လိုက်ရသည် ဆိုကတည်းက သူတို့သည် အရည်အချင်း မပြည့်ဝသော ခေါင်းဆောင်များဖြစ်ကြောင်း သက်သေပြခဲ့သည်။

ဤသည်ကို တစ်ဖက်က သူတို့အား မထုတ်မည်ဟု မမျှော်လင့်ထားချေ။

ထိုအစား သူတို့ ရာထူးကိုပင် ထိန်းသိမ်းထားပေးသည်။

ဤသည်မှာ ကောင်းကင်က ပြုတ်ကျလာသည့် ဟင်းခွက်ကြီး ဖြစ်သည်။

သူတို့၏ စိတ်လှုပ်ရှားမှု မပြီးဆုံးခင်မှာပင် ယဲ့ဖန်မှ ထပ်ပြောလာသည်။

" ခင်ဗျားရဲ့ မူရင်းဗျူဟာမှာ ပြဿနာမရှိပါဘူး။ ဒီအတိုင်းပဲ ဆက်ပြီး ချဲ့ထွင်လိုက်ပါ။ ရန်ပုံငွေအတွက် စိတ်ပူနေစရာ မလိုဘူး။ ခင်ဗျား စုဆောင်းထားတဲ့သူတိုင်းက ခိုင်မာတဲ့ စွမ်းအားတွေရှိတာ သေချာဖို့ပဲ လိုတယ် "

လျုံဖုန်းဟိုင်နှင့် အခြားသူများသည် ဝမ်းသာလွန်း၍ မူးလဲလုနီးပါး ဖြစ်သွားကြသည်။

ထိုသူဌေးအသစ်သည် သူတို့ကို ထုတ်မပစ်သည့်အပြင် သူတို့ကိုပင် လုပ်ငန်း တိုးချဲ့ရန် ခွင့်ပြုပေးခဲ့သည်။

ဒါက တကယ် ပြိုင်ဘက်ကင်း သူဌေးကောင်းတစ်ယောက်ပဲ။

" ယဲ့လူကြီးမင်း၊ ကျွန်တော် ...... "

အရပ် ၁.၈ မီတာရှိတဲ့ လျုံဖုန်းဟိုင်သည် ထိတ်လန့်သွားပြီး မျက်ရည်ကျလာပြီ ဖြစ်သည်။

ယဲ့ဖန် သူ့ရင်ဘတ်ကို ထိုးလိုက်သည်။

" ဘာလို့ ငိုတာလဲ။ ဝန်ထုပ်ဝန်ပိုးက အရမ်းလေးတယ်လို့ ခံစားရရင် တခြားတစ်ယောက်ဆီ ပြောင်းပေးလိုက်လို့ ရတယ် ..... "

လျုံဖုန်းဟိုင်သည် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

" မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်တော် မသေမချင်း ယဲ့လူကြီးမင်းအတွက် အကောင်းဆုံးဆက်လုပ်သွားဖို့ ဆန္ဒရှိပါတယ်။ လူကြီးမင်းက ကျွန်တော့်ကို ဒီလောက်ယုံကြည်ပေစဖို့ မမျှော်လင့်ထားလို့ပါ "

ယဲ့ဖန် သူ့ပုခုံးကို ပုတ်လိုက်သည်။

" ကျွန်တော့်ဘဝမှာ စစ်သားတွေကို အလေးစားဆုံးပါပဲ။ ဒါက ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီကို ဝယ်ရတဲ့ အကြောင်းရင်းပါ။ ကျွန်တော်ဆိုလိုတာကို နားလည်လား "

လျုံဖုန်းဟိုင်သည် ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။

" လူကြီးမင်း၊ ကျွန်တော် နားလည်ပါတယ် "

ယဲ့ဖန်သည် မထိန်းနိုင်ဘဲ စိတ်ထဲမှ ကျိန်ဆဲမိသည်။

'ကိုယ့်ဟာကိုယ်တောင် ဘာပြောနေမှန်းတောင် မသိတာကို ခင်ဗျားက တကယ်နားလည်တာလား'

ချန်းဖေးအယ်သည် ထိုမြင်ကွင်းကို ကြည့်ပြီး တိတ်တဆိတ် အတွန့်တက်မိသည်။

ဒီကောင်က လူတွေရဲ့ နှလုံးသားကို ဝယ်ဖို့ ဘယ်လိုလုပ်ရမလဲ ကောင်းကောင်းသိတယ်။

စကားအနည်းငယ်ပြောရုံဖြင့် လျုံဖုန်းဟိုင်နှင့် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီမှ ထိပ်တန်းအရာရှိများသည် သူ့အပေါ် လုံးဝသစ္စာစောင့်သိကြတော့သည်။

ဤလုံခြုံရေးကုမ္ပဏီ၏ အင်အားသည် မည်မျှခိုင်မာကြောင်းကိုလည်း သူမက ရှင်းရှင်းလင်းလင်း သိထားသည်။

ရှေ့တန်းတပ်ဖွဲ့တစ်ဖွဲ့ဟု ဆိုခြင်းသည် ချဲ့ကားခြင်း မဟုတ်ပါချေ။

ယဲ့ဖန်သည် ထိုကုမ္ပဏီကို အမှန်တကယ် ဝယ်ယူနိုင်ခဲ့ကာ သူ၏ ခွန်အားသည် ပိုမို ကြီးမားလာမည်ဖြစ်ပြီး လောင်းကစားနယ်မြေ၌ပင် ကြီးမားသော အင်အားစု ဖြစ်လာမည်ဟု ယူဆနိုင်သည်။

ထိုသည်ကို တွေးကြည့်ပါက အနည်းငယ် ရယ်စရာကောင်းသည်။

ဤအဖြစ် မတိုင်မီက ယဲ့ဖန်သည် လောင်းကစားမြို့၌ မည်သည့်ပိုင်ဆိုင်မှုမျှ မရှိချေ။

သူသည် အပြင်လူတစ်ဦးမျှသာ ဖြစ်သည်။

လောင်းကစားနယ်မြေ၌ ဤမျှ လျင်မြန်စွာ လှုပ်ရှားပြီး သိမ်းပိုက်နိုင်ဟု သူမ မမျှော်လင့်ခဲ့ပေ။

အားလုံး ဝမ်းသာနေကြချိန်၌ တံခါးခေါက်သံ ကြားလိုက်ရသည်။

" ဝင်ခဲ့ပါ "

လျုံဖုန်းဟိုင် မသိစိတ်မှ အလိုလျောက် ပြန်ဖြေလိုက်မိသည်။

ယဲ့ဖန်သည် ကုမ္ပဏီ၏ တကယ့်သူဌေးဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။

ဒီလို လုပ်တာက စည်းဘောင်တွေကို ကျော်သွားတာ မဟုတ်ဘူးလား။

သို့သော် ခဏလောက် စောင့်ကြည့်ပြီးနောက် ယဲ့ဖန်သည် စိတ်ပြောင်းလဲခြင်း မရှိဘူးဆိုသည်ကို သူတွေ့ရှိခဲ့ရသည်။

သူ သက်ပြင်းတစ်ချက်ချလိုက်သည်။

သူတို့ သူဌေးအသစ်က စိတ်ထား သေးသိမ်တဲ့လူ မဟုတ်ဘူးဘဲ။

ထို့နောက် တံခါးကို တွန်းဖွင့်လိုက်ပြီး လက်အောက်ငယ်သားတစ်ဦး ပြင်းထန်သော ခြေလှမ်းများဖြင့် ဝင်လာခဲ့သည်။

" ဥက္ကဌ၊ အပြင်မှာ လုပ်ကြံသတ်ဖြတ်သူတွေ ရောက်နေပါတယ်။ သူတို့က ကျွန်တော်တို့ရဲ့ ရွှေစွပ်ပြုတ်လုံခြုံရေးကို အားကိုးချင်တယ်လို့ ပြောနေပါတယ် "

လျုံဖုန်းဟိုင်သည် သူ့လက်အောက်ငယ်သား၏ အစီရင်ခံမှုကို ကြားသောအခါ အနည်းငယ် အံ့သြသွားသည်။

" လူသတ်သမားတွေက ဘယ်ကလာတာလဲ "

" သူတို့က စီးရီးယပ်လုံခြုံရေးအင်အားစုကလို့ ပြောကြပါတယ် "

လက်အောက်ငယ်သားမှ ချက်ချင်း ပြန်ဖြေသည်။

" လုံခြုံရေးဝန်ထမ်းတွေ စုဆောင်းနေတယ်လို့ သူတို့က ကြားပြီး လုံခြုံရေးအင်အားစုမှာလည်း အတွင်းပိုင်းပဋိပက္ခတွေကြောင့် အလုပ်လျှောက်ဖို့ လာကြတာတဲ့ "

လျုံဖုန်းဟိုင်နှင့် ရွှေစွပ်ပြုတ်ကုမ္ပဏီမှ အခြားအဆင့်မြင့်အဖွဲ့ဝင်များသည် 'စီးရီးယပ်လုံခြုံရေးအင်အားစု'ဟူသော အမည်ကို ကြားသောအခါ သူတို့သည် မယုံကြည်နိုင် ဖြစ်သွားခဲ့ကြသည်။

ယဲ့ဖန်သည် သူတို့၏ အမူအရာ ကွဲပြားသွားသည်ကို မြင်နိုင်သည်။

" ဒီ စီးရီးယပ်လုံခြုံရေးအင်အားစုက အရမ်း အားကောင်းနေလို့လား "

လျုံဖုန်းဟိုင်၏ အံ့အားသင့်မှုက မှေးမှိန်သွားပြီး ပြန်ဖြေလေသည်။

" စီးရီးယပ်လုံခြုံရေးအင်အားစုသည် ကမ္ဘာကျော် လုံခြုံရေးအင်အားစုတစ်ခုပါ။ အဖွဲ့ဝင်တွေ အားလုံးက အယောက် တစ်သောင်းထဲမှ တစ်ယောက်သာ ရှိတဲ့ အထက်တန်းအဆင့်တွေပါ "

ယဲ့ဖန် အနည်းငယ် အံ့သြသွားသည်။

" အထက်တန်းစား၊ တစ်သောင်းမှာ တစ်ယောက်ဆို ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီထက် ပိုအစွမ်းထက်တာလို့ ဆိုလိုတာလား "

အပိုင်း ( ၉၅၂ )

အစွမ်းထက်တဲ့ စီးရီးယပ်လုံခြုံရေးအင်အားစု

လျုံဖုန်းဟိုင် ခါးသီးစွာ ပြုံးရုံမှလွဲ၍ မတတ်နိုင်ပေ။

" အဲ့ဒီလို နှိုင်းယှဉ်လို့ မရပါဘူး။ ကျွန်တော်တို့က ကာကွယ်ရေးတာဝန်တွေမှာ ပါရပေမဲ့ သူတို့က လုပ်လုပ်ကြံသတ်ဖြတ်ရေးနဲ့ ချေမှုန်းရေးတာဝန်တွေမှာ အဓိက ပါဝင်နေတာပါ။ အာရုံစူးစိုက်မှုကတော့ ကွဲပြားပါတယ် "

ချန်းဖေးအယ် ချက်ချင်း သဘောပေါက်လိုက်သည်။

" ကျွန်မ နားလည်ပြီ။ တစ်ခုက လှံဖြစ်ပြီး နောက်တစ်ခုက ဒိုင်းပဲ "

လျုံဖုန်းဟိုင် ခေါင်းညိတ်လိုက်သည်။

" အဲ့လို ပြောလို့ရပါတယ်။ ကျွန်တော်တို့ရဲ့ စစ်သားတစ်ယောက်ချင်းစီက အရည်အသွေးကို ပြောရရင် ကျွန်တော်တို့ကလည်း သိပ်အလှမ်းဝေးမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရုန်းရခက်တဲ့ အခြေအနေမှာ ရှင်သန်နိုင်မှုအကြောင်း ပြောရင် သူတို့က ပိုကောင်းပါတယ် "

ယဲ့ဖန် အကြမ်းဖျင်း သဘောပေါက်သွားသည်။

ပေါ်ထင်စွာ သုံးသပ်ပြောရလျှင် ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီသည် တရားဝင်စီးပွားရေးကို လုပ်ကိုင်နေပြီး ကဏ္ဍပေါင်းစုံ၌ ပိုမိုတရားဝင်သည်။

သို့သော် အခြားတစ်ဖက်တွင်မူ စီးရီးယပ်လုံခြုံရေးအင်အားစုသည် ညစ်ပတ်သောအလုပ်များကိုသာ လုပ်ဆောင်ခဲ့ရပြီး သူတို့၏န ည်းလမ်းများသည် ပို၍ ပြင်းထန်သည်။

လျုံဖုန်းဟိုင်သည် ခဏမျှ တုံ့ဆိုင်းသွားသည်။

" ယဲ့လူကြီးမင်း၊ သူတို့က ကျွန်တော်တို့ဆီ ခိုလှုံဖို့ လာနေကြတာ။ ကျွန်တော်တို့က သူတို့ကို ဘယ်လိုဖြေရမလဲ "

ယဲ့ဖန် ပုခုံးတွန့်လိုက်သည်။

" ကျွန်တော်က ကုမ္ပဏီကိစ္စတွေကို ဝင်မစွက်ဖက်ပါဘူး။ ခင်ဗျား ချင်သလို လုပ်လို့ရပါတယ် "

လျုံဖုန်းဟိုင်သည် ယဲ့ဖန်မှ သူ့ကို ဘယ်လောက်ယုံကြည်ကြောင်း တွေ့လိုက်ရပြီး အလွန်ကျေးဇူးတင်မိသွားသည်။

" ဒါဆို ယဲ့လူကြီးမင်း သူတို့နဲ့တွေ့ဖို့ လိုက်ခဲ့ပါလား "

ယဲ့ဖန်က မငြင်းခဲ့ချေ။

သူသည် ထိုစီးရီးယပ်လုံခြုံရေးအင်အားစုအကြောင်းကို သိချင်နေခဲ့သည်။

ထို့ကြောင့် သူတို့နောက်ကို လိုက်သွားလေသည်။

ခန်းမထဲသို့ ရောက်သောအခါ လူအုပ်စုနှစ်စု တစ်ဖက်ကိုတစ်ဖက် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

တစ်ဖက်တွင် ရွှေစွပ်ပြုတ်ကုမ္ပဏီမှ လုံခြုံရေးအစောင့်များ ရှိပြီး ကျန်တစ်ဖက်တွင် လူရှစ်ဦးရှိတေသည်။

သူတို့တစ်ဦးချင်းစီသည် ပြင်းထန်သော သွေးနံ့များ ရှိနေကြပြီး သူတို့၏ အကြည့်များသည် ဓားများကဲ့သို့ ထက်မြက်ကာ သတ်ဖြတ်ရန် ရည်ရွယ်ချက်များကို သယ်ဆောင်လာကြသည်။

ရွှေစွပ်ပြုတ်ကုမ္ပဏီလုံခြုံရေး အစောင့်များသည် အနည်းငယ် စိတ်မရှည် ဖြစ်နေသည်မှာ ထင်ရှားသည်။

သူတို့အားလုံးသည် လက်သီးများကို ပွတ်သပ်ကာ တိုက်ခိုက်ချင်နေကြသည်။

စီးရီးယပ်လုံခြုံရေးအင်အားစုမှ လူများသည် ထိုလူငါးဆယ်ကို လုံးဝဂရုမစိုက်သလို ကဲ့ရဲ့အထင်သေးနေကြသည်။

" မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ "

လျုံဖုန်းဟိုင် ရောက်ရှိလာပြီးနောက်တွင် သူသည် ရွှေစွပ်ပြုတ်လုံခြုံရေးအစောင့်များကို ဆုတ်ခွာရန် အမိန့်ပေးခဲ့သည်။

ထို့နောက် လူရှစ်ယောက်ကို လှည့်ကြည့်လိုက်သည်။

" ခေါင်းဆောင်က ဘယ်သူလဲ "

သူပြောပြီးသည်နှင့် ဆံပင်ရွှေရောင်ဖြင့် နိုင်ငံခြားသားတစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရသည်။

" ကျုပ်နာမည်က အာသာပါ။ ခင်ဗျားက ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီရဲ့ သူဌေး လျုံဖုန်းဟိုင် ဖြစ်ရမယ် "

ထိုလူသည် အရပ် ၁.၉ မီတာခန့်ရှိပြီး လျုံဖုန်းဟိုင်ထက် ဦးခေါင်းတစ်လုံးပိုမြင့်သည်။

ဖိနှိပ်စိုးမိုးနိုင်သော ရောင်ဝါကို ပေးစွမ်းသည်။

မထင်မှတ်စွာဖြင့် သူသည် တရုတ်စကားကို အမှန်တကယ် ကျွမ်းကျင်စွာ ပြောဆိုနိုင်သူဖြစ်နေသည်။

သူ၏ အသံထွက်နှင့် ပတ်သက်၍ ပြဿနာအချို့ရှိသော်လည်း ဆက်သွယ်ပြောဆိုရန် လုံလောက်သေးသည်။

" ငါက တစ်ကောင်တည်းသောဝံပုလွေအာသာဆိုလည်း ဟုတ်တယ်။ မင်းအကြောင်း ငါ အများကြီးကြားဖူးပါတယ် "

ထိုနာမည်ကို ကြားသောအခါ လျုံဖုန်းဟိုင်၏ မျက်လုံးများ တောက်ပလာသည်။

ထို တစ်ကောင်တည်းသောဝံပုလွေအာသာသည် စီးရီးယပ်လုံခြုံရေးအင်အားစု၏ လက်ထောက်တပ်မှူး ဖြစ်သည်။

သူ၏ ခွန်အားသည် တပ်မှူးစီးရီးယပ်ထက်ပင် အားကြီးသည်ဟု ဆိုကြသည်။

ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီတွင် ခိုလှုံရန် လာနိုင်သည့်သူများမှာ စီးရီးယပ်လုံခြုံရေးအင်အားစုမှ ကျောခိုင်းသူ အနည်းငယ်သာ ဖြစ်လိမ့်မည်ဟု သူ ထင်ခဲ့သည်။

သို့သော် ကျော်ကြားလှသည့် တစ်ကောင်တည်းသောဝံပုလွေအာသာ ဖြစ်နေမည်ဟု သူ တစ်ခါမှ မတွေးခဲ့မိပေ။

အကယ်၍ သူသည် ထိုလူကို အမှန်တကယ် ခေါ်ယူနိုင်ခဲ့ပါက ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီ၏ အင်အားသည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားမည် ဖြစ်သည်။

စိတ်လှုပ်ရှားနေသော်လည်း ချက်ချင်းလက်ကို ဝှေ့ယမ်းလိုက်သည်။

" ဒါပေမယ့် မင်း မှားနေတာတစ်ခု ရှိတယ်။ ငါက ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီရဲ့ သူဌေးမဟုတ်တော့ဘူး။ ဒီ ယဲ့လူကြီးမင်းကမှ တကယ့်သူဌေးပဲ "

ယဲ့ဖန်နှင့် မိတ်ဆက်ပေးရင်း ပြောလိုက်သည်။

အာသာက သူဌေးနာမည်ကို ကြားပြီးနောက် ဝမ်းသာသွားတယ်။

သို့သော် ယဲ့ဖန်ကို မြင်သောအခါ ချက်ချင်း မျက်မှောင်ကြုတ်သွားခဲ့သည်။

ယဲ့ဖန်သည် အရပ် ၁.၈ မီတာရှိသော်လည်း ပိန်လှီလေသည်။

ပိုလာဝက်ဝံနှင့်တူသော အာသာကို မဆိုထားနှင့် လျုံဖုန်းဟိုင်ပင်လျှင် သူ့ထက် သန်မာပုံရသည်။

" မင်္ဂလာပါ တစ်ကောင်တည်းသောဝံပုလွေအာသာ၊ ကျွန်တော်က ယဲ့ဖန်ပါ "

ယဲ့ဖန်သည် ဖော်ရွေသော ပုံစံဖြင့် သူ့လက်ကို ဖြန့်လိုက်သည်။

သို့သော် အာသာသည် သူ့ကို မကြည့်ပေ။

သူက ဥက္ကဌလျုံကို မကျေမနပ်ဖြင့် ချက်ချင်း ကြည့်လိုက်သည်။

" ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီက သူဌေးကို ဘယ်တုန်းက ပြောင်းလိုက်တာလဲ "

လျုံဖုန်းဟိုင်သည် သူ၏ အမူအရာကို မြင်ပြီး အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရသည်။

" မင်းမလာခင်ကပဲ ငါတို့ ဝယ်ယူမှု ပြီးသွားတာ။ ပြဿနာရှိလို့လား "

အာသာက ချက်ချင်း အော်ပြောလိုက်သည်။

" ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီရဲ့ သူဌေးက တော်တော် သတ္တိရှိပြီး ရဲရင့်တယ်လို့ ကြားထားတယ်။ အဲ့တာကြောင့် ခိုလှုံဖို့ လာခဲ့တာ "

" သူဌေးပြောင်းသွားပြီဆိုတော့ မေ့လိုက်တော့ "

သူသည် ပြောသည့်အတိုင်း လက်ကို ဝှေ့ယမ်းကာ သူ့လူများနှင့်အတူ ထွက်ခွာသွားတော့မည် ဖြစ်သည်။

လျုံဖုန်းဟိုင်က သူ့လက်ကို အမြန်ဆွဲလိုက်သည်။

" မင်း ရှင်းအောင် ပြောလို့ရမလား။ မေ့လိုက်ဆိုတာ ဘာကိုဆိုလိုတာလဲ "

အာသာသည် ယဲ့ဖန်အား အထင်သေးစွာဖြင့် ကြည့်လိုက်သည်။

" ခြင်္သေ့အုပ်စုက သူတို့ရဲ့ခေါင်းဆောင်ဖြစ်ဖို့အတွက် ကြောင်တစ်ကောင်ကို ရှာနေတာ တွေ့ဖူးလား "

" ငါတို့ စီးရီးယပ်လုံခြုံရေးအင်အားစုရဲ့ အဖွဲ့ဝင်တွေက လမ်းပေါ်မှာ တောင်းရမ်းစားသောက်ရရင်တောင် ဒီလို ငပျော့ကောင်ရဲ့ အမိန့်ကို မနာခံနိုင်ဘူး "

သူ့စကားကြောင့် ရွှေစွပ်ပြုတ်ကုမ္ပဏီ၏ လုံခြုံရေးအစောင့်အားလုံးသည် ချက်ချင်း ဒေါသထွက်သွားကြသည်။

သူတို့သည်လည်း ယဲ့ဖန်သည် အနည်းငယ် ပျော့ဖတ်သည်ဟု ခံစားမိသော်လည်း အနည်းဆုံး ခွန်အားအရ ယဲ့ဖန်သည် သူတို့၏ သူဌေးဖြစ်နေပြီဖြစ်သည်။

သူတို့၏ သူဌေးအား နှိမ့်ချခံရသည်ကို ရှက်ရွံ့ကြသည်။

အာသာသည် ယဲ့ဖန်၏မျက်နှာကို ရိုက်လိုက်သည်မဟုတ်၊ လူတိုင်း၏ မျက်နှာကို ရိုက်ချလိုက်ခြင်းဖြစ်သည်။

လျုံဖုန်းဟိုင် ချက်ချင်း ပြန်ပြောလိုက်သည်။

" ဒါပဲလား။ စီးရီးယပ်လုံခြုံရေးအင်အားစုရဲ့ အစွမ်းကို အမြဲစမ်းသပ်ချင်နေခဲ့တာ။ မင်းလို 'ခြင်္သေ့'က ဘယ်လောက် စွမ်းဆောင်နိုင်လဲ ဆိုတာ ငါ မြင်ချင်ပါသေးတယ် "

အာသာသည် သူ့ကို ကြောက်စိတ်ဖြင့် ကြည့်နေသည်။

" ကျုပ် ပြောနေတာ ဒီကလေးအကြောင်း။ ခင်ဗျား မဟုတ်ဘူး "

" ကျုပ်တို့က မင်းကို ချီးကျူးနေတုန်းပဲ၊ လျုံလူကြီးမင်း။ မဟုတ်ရင် ကျုပ်တို့က ခင်ဗျားဆီ ခိုလှုံဖို့ လာမှာမဟုတ်ဘူး "

ချီးမွမ်းခံရသော်လည်း လျုံဖုန်းဟိုင် လုံးဝ မပျော်ပေ။

သူသည် အေးစက်စက်ဖြင့်သာ သူ့ကို ဆက်ကြည့်နေသည်။

" ယဲ့လူကြီးမင်းက အခု ရွှေစွပ်ပြုတ်လုံခြုံရေးကုမ္ပဏီရဲ့ သူဌေးဖြစ်နေပါပြီ။ မင်းသူ့ကို နှိမ့်ချတာက ငါတို့ ရွှေစွပ်ပြုတ်လုံခြုံရေးကို နှိမ့်ချတာနဲ့ အတူတူပဲ "

" ငါတို့က အခု ယဲ့လူကြီးမင်းအတွက် အလုပ်လုပ်နေတာဆိုတော့ သူ့ရဲ့ ပြဿနာတွေကို ငါတို့က မျှရမှာပဲ "

" သွေးပူလေး လုပ်လိုက်ရအောင် "

လျုံလူကြီးမင်း ပြောပြီးသည်နှင့် အခင်းဖြစ်ပွားရာနေရာမှာ တင်းမာလာတော့သည်။

လူသတ်လိုသည့် ရည်ရွယ်ချက် နှစ်ခုသည် ချက်ချင်း ရောယှက်နေသည်။

တိုက်ပွဲကြီးတစ်ခု စတင်တော့ပေမည်။

All Chapters