ရွာသို့ ပြန်လာခြင်း
Vol. 148 Ch. 2111
လေးမျက်နှာကျေးရွာအပြင်ဘက်တွင် တန်ခိုးရှင်တစ်စု ဆင်းသက်လာကြသည်။ ထိုလူစုတွင် ကြောက်မက်ဖွယ် အရှိန်အဝါများ ရှိကြ၏။ ခေါင်းဆောင်က ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး လွှမ်းမိုးနိုင်သော အရှိန်အဝါ ရှိသည်။
ဤလူစုက နန်ဟိုင်မိသားစုမှ အဖွဲ့ဝင်များ ဖြစ်သည်။ ခေါင်းဆောင်လာသူက နန်ဟိုင်ဝူကျီး ဖြစ်၏။ သူသည် ရှန်ချင်းနယ်မြေအတွင်း ထိပ်သီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်ကာ နန်ဟိုင်မိသားစု ခေါင်းဆောင်ဖြစ်သည်။ သူ့စွမ်းရည်က မကောင်းဆိုးဝါးဆန်လောက်အောင် ထူးချွန်သည်။ ဤတစ်ကြိမ်၌ သူက သူ့လူများကို ကိုယ်တိုင် ဦးဆောင်လာခဲ့သည်။ သူသည် ဤတစ်ကြိမ်၌ လေးမျက်နှာကျေးရွာ၏ အပြောင်းအလဲက မည်မျှ အရေးကြီးသည်ကို သိပုံရ၏။
နန်ဟိုင်မိသားစုသည် ရှန်ချင်းနယ်မြေမှ အခြားအင်အားစုများထက် ပို၍ နက်ရှိုင်းသော ပတ်သတ်မှုရှိသည်။ အရေးကြီးဆုံးအချက်မှာ ကျေးရွာအတွက် ဂုဏ်ယူဖွယ် ကောင်းကင်သားတော် မုယွင်လန်က နန်ဟိုင်မိသားစု၏ သားမက်ဖြစ်သည်။
မုယွင်လန်သည်လည်း လိုက်ပါလာသည်။ သူက နန်ဟိုင်ဝူကျီး ဘေး၌ ရပ်နေသည်။ သူက ရှည်လျားသည့် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန် ကျက်သရေတင့်ကာ သီးသန့်ဆန်သော ခံစားချက်အား ပေးစွမ်းနေသည်။ ကြောက်မက်ဖွယ် ထက်ရှသော အရှိန်အဝါကို သူ့မျက်လုံးများမှ ထုတ်လွှတ်နေ၏။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ဤသည်မှာ မုယွင်လန်အတွက် ရွာသို့ပြန်လာခြင်းက ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ လေးမျက်နှာကျေးရွာ၏ စည်းမျဥ်းများတွင် ရွာမှထွက်သွားသူက ထူးခြားသော အခြေအနေမရှိဘဲ ရွာသို့ ပြန်လာရန် မဖြစ်နိုင်ပေ။ မုယွင်လန်မှာ ထိုစည်းမျဥ်းကို မကျေမနပ်ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း သူက လာရောက်လည်ပတ်ကာ လေးမျက်နှာကျေးရွာမှ လူများကို ပြင်ပလောကသို့ ထွက်ခွာနိုင်ရန် ဦးဆောင်ချင်ခဲ့သော်လည်း သူက ရွာ၏ စည်းမျဥ်များကို မပြောင်းလဲနိုင်ပေ။
ယခု အခွင့်အရေးက ရောက်ရှိလာပြီ ဖြစ်၏။ လေးမျက်နှာကျေးရွာသည် နောက်ဆုံး၌ အပြင်လောကနှင့် ထိတွေ့ဆက်ဆံရန် ဆုံးဖြတ်ခဲ့ပြီ ဖြစ်သည်။
"လန်.. ရှေ့ကဦးဆောင်လိုက်ပါ။" သူ့ဘေးမှ နန်ဟိုင်ဝူကျီးက ပြောလိုက်သည်။ မုယွင်လန်က ခေါင်းညိတ်လိုက်၏။ ထို့နောက် လူစုသည် မှုန်မှိုင်းကောင်းကင် လမ်းကျဥ်းကို လျှောက်သွားခဲ့ကြသည်။
ယခု လေးမျက်နှာကျေးရွာ၏ စည်းမျဥ်းများက ပြောင်းလဲသွားပြီ ဖြစ်သည်။ ယခင်က လေးမျက်နှာကျေးရွာသည် ပုံရိပ်ယောင်ကမ္ဘာတစ်ခု ဖြစ်ခဲ့သော်လည်း ယခု အစစ်အမှန်နေရာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ အခြားလူများသည် လေးမျက်နှာကျေးရွာ၏ တည်ရှိမှုကို အမှန်တကယ် ခံစားနိုင်ကြသည်။ ထို့ကြောင့် ထိုလမ်းကျဥ်းက တန်ခိုးရှင်များ ဝင်ရောက်လာခြင်းကို တားဆီးခြင်း မပြုတော့ပေ။
သူတို့ လူစုဝင်သွားပြီးနောက် ပို၍ များပြားသော တန်ခိုးရှင်များ ဆင်းသက်လာကြသည်။ သူတို့က အခြားအင်အားစုများမှ တန်ခိုးရှင်များ ဖြစ်သည်။ ဤနေရာ၏ သတင်းကို လက်ခံရရှိပြီးနောက် သူတို့က လေးမျက်နှာကျေးရွာသို့ အလျင်အမြန် ရောက်ရှိလာကြသည်။ သူတို့က တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာကြ၏။
လေးမျက်နှာကျေးရွာအတွင်း နန်ဟိုင်မိသားစုဝင်များ ဝင်ရောက်သွားပြီးသောအခါ မုယွင်လန်က ရှေ့သို့ ခြေလှမ်းအနည်းငယ်မျှ လှမ်းလိုက်သည်။ ရင်းနှီးနေသော အငွေ့အသက်များက သူ့ကို လွှမ်းခြုံသွား၏။ သူက ရောင်စုံအလင်းများ ပြည့်နှက်နေသည့် ကောင်းကင်နှင့် သီးခြားလေဟာနယ်ကို ကြည့်လိုက်သည်။ လေးမျက်နှာကျေးရွာက တူညီစွာ ရှိနေဆဲပင်။ သို့သော်လည်း အချို့သော ကိစ္စများက ပြောင်းလဲသွားပေသည်။ ရောင်စုံအလင်းများက အမွေအနှစ်နယ်မြေနှင့်အတူ ပေါင်းစပ်သွားပြီး လေဟာနယ်ကို လွှမ်းခြုံကာ ဆန်းကြယ်သော နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားစေသည်။
ရွာအတွင်းမှ တစ်စုံတစ်ယောက်က လှည့်ကြည့်လိုက်ပြီး သူတို့အဖွဲ့ထဲမှ မုယွင်လန်အား တွေ့လိုက်ရသည့်အခါ ထိုသူ၏ နှလုံးသားက အနည်းငယ် တုန်ယင်သွားခဲ့သည်။ ထိုလူက သူ့ကို ညွှန်ပြကာ တုန်ယင်နေသော အသံနှင့် ပြောလိုက်သည်။ "မင်း... မင်းက မုယွင်မိသားစုရဲ့ သခင်လေးလား။"
မုယွင်လန်က တစ်ဖက်လူကို လှမ်းကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ရွာအတွင်းသို့ ဆက်လျှောက်သွားခဲ့၏။
ရွာမှ လူများက အခြေအနေကို ကြည့်ရန် ဆက်လက်စုစည်းလာကြသည်။သူတို့က ဆွေးနွေးရင်း အလုပ်များနေကြပြီး အော်ဟစ်လိုက်ကြ၏။ "မုယွင်လန် ပြန်လာပြီ။"
အဝေးတွင် ကံကြမ္မာအခွင့်အလမ်းများ ရှာဖွေပြီး ကျင့်ကြံရင်း အလုပ်များနေသည့် လူများက ထိုနေရာသို့ လှမ်းကြည့်လိုက်ကြသည်။ မုယွင်လန် ပြန်လာပြီလား။
သူတို့က မုယွင်လန်တို့ဘက်သို့ ကြည့်လိုက်ကြ၏။ ထိုသူများမှာ နန်ဟိုင်မိသားစုမှ တန်ခိုးရှင်များဖြစ်ပြီး မုယွင်လန်လည်း ပါဝင်သည်။
မုယွင်လုံနှင့် မုယွင်မိသားစုမှ အခြားလူများက အလျင်စလို ရောက်လာကြ၏။ တခဏအတွင်းမှာပင် မုယွင်လုံနှင့် အခြားလူများ မျက်နှာချင်းဆိုင် တွေ့ဆုံသွားကြသည်။ မုယွင်လုံက ပျော်ရွှင်စွာ ပြုံးရင်း ပြောလိုက်သည်။ "မင်း ပြန်လာပြီလား။"
"အဖေ။" မုယွင်လန်က အရိုအသေပေးလိုက်သည်။
"အစ်ကိုကြီး။" မုယွင်ရှုက ခေါ်လိုက်သည်။ သူ၏ အသံက ရင်းနှီးသော်လည်း ဝေးကွာနေသလိုပင်။
"ရှောင်ရှု။" မုယွင်လန်က အပြုံးနှင့် မုယွင်ရှုထံသို့ လျှောက်သွားကာ ပြောလိုက်သည်။ သူက မုယွင်ရှု၏ ပခုံးကို ဖက်လိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။ "ရှောင်ရှုက ဒီလောက် ထွားလာမယ်လို့ ထင်မထားမိဘူး။"
"မုယွင်လန် ပြန်လာပြီ။"
"မင်းဘေးက နန်ဟိုင်မိသားစုဝင်တွေ ဖြစ်မယ်။" အဝေးမှ မရေတွက်နိုင်သော အကြည့်များက သူတို့ဘက်သို့ ကြည့်လာခဲ့သည်။ မရေတွက်နိုင်သည့် တီးတိုးသံများကိုလည်း ကြားနိုင်ပေသည်။
အပြင်လောကမှ တန်ခိုးရှင်များသည်ပင် အာရုံစိုက်နေကြ၏။ မုယွင်လန် ပြန်ရောက်လာပြီ ဖြစ်ကာ လေးမျက်နှာကျေးရွာက သက်ဝင်လှုပ်ရှားလာပုံပေါ်လေသည်။
"အစ်ကိုကြီး တစ်ယောက်ယောက်က ကျွန်တော့်ကို အနိုင်ကျင့်တယ်။" မုယွင်ရှုက မုယွင်လန်အား ပြောလိုက်သည်။ ကြည့်ရသည်မှာ သူက သတ္တိရှိလာပုံရသည်။
သူသည် အပြင်လောက၌ ကျော်ကြားပြီး အလွန်မြင့်မားသော ကျင့်ကြံဆင့်နှင့် ထူးချွန်လှသည့် သူ့အစ်ကိုကြီး အကြောင်း ကြားဖူးခဲ့သည်။
"ဘယ်သူက မင်းကို အနိုင်ကျင့်တာလဲ။" မုယွင်လန်က မေးလိုက်သည်။
“မျက်မမြင်ထျယ်နဲ့ ရီဖူရှင်း။" မုယွင်ရှုက အဝေးသို့ လှမ်းကြည့်ကာ ပြောလိုက်သည်။ မျက်မမြင်ထျယ်နှင့် ရီဖူရှင်းက သစ်ပင်၏ ခြေရင်း၌ ရပ်နေကြသည်။ သူတို့ နှစ်ယောက်အနီးတွင် လူငယ်လေးများစွာ ရှိနေကြ၏။
မျက်မမြင်ထျယ်က ထိုနေရာ၌ တစ်လက်မမှ မလှုပ်ဘဲ ရပ်နေသည်။ ရီဖူရှင်းက သူတို့ဘက်သို့ လှမ်းကြည့်လိုက်၏။ အမှတ်မထင် မုယွင်လန်ကလည်း သူကို လှမ်းကြည့်လိုက်သည်နှင့် သွားဆုံသည်။ သူတို့၏ အကြည့်များက အချင်းချင်း ကြာရှည်စွာ ဆုံတွေ့နေခဲ့သည်။
ရီဖူရှင်းက မုယွင်လန်၏ အကြည့်များကို မြင်သောအခါ မုယွင်လန်က အလွန် ထက်မြက်သူဖြစ်ကြောင်း ခံစားမိလိုက်သည်။ သူကို ရင်ဆိုင်ရန် ခက်ခဲလိမ့်မည်။
ရီဖူရှင်းသည် အဘိုးမာထံမှ မုယွင်လန်က အပြင်လောက၌ ကျော်ကြားကြောင်း ကြားသိဖူးသည်။ ယခု သူက နန်ဟိုင်မိသားစုတွင် ကျင့်ကြံနေပြီး နန်ဟိုင်မိသားစု၏ မင်းသမီးနှင့် လက်ထပ်ထားသည်။
မုယွင်လန်က ရီဖူရှင်းအား ကြည့်လိုက်ပြီးနောက် သူ့အကြည့်များကို အဝေးသို့ ရွှေ့ကာ ပြောလိုက်၏။ "အချိန်ခဏလောက်ပေး။"
သူက ပြောပြီးသည်နှင့် ရှေ့သို့ ခြေလှမ်းလိုက်သည်။ သိပ်မကြာခင်မှာပင် သူက သီးသန့်ကျောင်း၏ အပြင်ဘက်သို့ ရောက်ရှိလာသည်။ မုယွင်လန်က အနည်းငယ် အရိုအသေပြုကာ ပြောလိုက်သည်။ "ကျောင်းသားမုယွင်လန်က ဆရာသခင်ကို နှုတ်ဆက်ပါတယ်။"
ယခင်နေ့ရက်များတွင် မုယွင်လန်က ဆရာသခင်၏ သင်ကြားပြသပေးမှုကို ခံယူခဲ့ရသည်။ သူသာလျှင် မဟုတ်ဘဲ ရွာအတွင်းမှ ကျင့်ကြံနိုင်သူ မည်သူမဆို ဆရာသခင်၏ ကျောင်းသားများ ဖြစ်ကြသည်။
ဤသည်မှာ ကျောင်းသားနှင့် ဆရာကြားမှ ပတ်သတ်မှု ဖြစ်သည်။ မုယွင်လန်က ယခု မည်မျှ မြင့်မားသော အဆင့်အတန်းဖြစ်ပါစေ သူက လောကဝတ်ကို နားလည်ရန် လိုအပ်ပြီး ဆရာသခင်ကို သွားရောက်နှုတ်ဆက်ရပေလိမ့်မည်။
"ပြင်ပဘုံကို စွန့်စားသွားပြီးနောက် မင်းက ငါ့ရဲ့ ကျောင်းသားမဟုတ်တော့ဘူး။ ဘယ်လို လုပ်ထုံးလုပ်နည်းမှ မလိုအပ်ဘူး။" ဆရာသခင်က ပြောလိုက်သည်။ သူ့အသံက အလွန် တည်ငြိမ်နေ၏။ သူသည် လေးမျက်နှာကျေးရွာမှ ရွာသားများကို ရွာမှ ထွက်ခွာမသွားရဟု စည်းမျဥ်းတစ်ခုချမှတ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုလူများ ရွာမှ ထွက်ခွာသွားသည်နှင့် သူတို့၏ ဆရာတပည့် ဆက်ဆံရေးက အဆုံးသတ်သွားလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဆရာသခင်က မုယွင်လန်ကို သူ့ကျောင်းသား မဟုတ်တော့ဟု ပြောခဲ့ခြင်း ဖြစ်သည်။
"အရင်တုန်းက ကျွန်တော့် ကျင့်ကြံမှုမှာ ဆရာသခင်ရဲ့ လမ်းညွှန်မှု ရရှိခဲ့ပြီး အကျိုးအမြတ်တွေ အများကြီး ရခဲ့တယ်။ ကျွန်တော် ရွာကနေ နှစ်တွေအများကြီး ထွက်သွားပေမယ့် ဆရာသခင်ရဲ့ ကျောင်းသား ဖြစ်နေတုန်းပါပဲ။" မုယွင်လန်က ပြောလိုက်သည်။
"ဘယ်လောက်တွေးတတ်လိုက်သလဲ။" ဆရာသခင်က ပြန်ဖြေလိုက်သည်။
မုယွင်လန်က ဆက်ပြောလိုက်၏။ "ဆရာသခင် ကျွန်တော် ကြားတာတော့ လေးမျက်နှာကျေးရွာက ပြောင်းလဲသွားပြီး အပြင်လောကနဲ့ အဆက်အသွယ် ပြုလုပ်တော့မယ်တဲ့။ ဆရာသခင်ရဲ့ အမြင်မှာရော အနာဂတ်မှာ ရွာက ဘယ်လို ဖြစ်လာမယ်ထင်လဲ။"
"မင်းမလာခင်တုန်းက လေးမျက်နှာကျေးရွာရဲ့ ကိစ္စတွေကို ရွာရဲ့ ဆန္ဒနဲ့ပဲ ဆုံးဖြတ်မယ်လို့ ပြောခဲ့ဖူးတယ်။ နတ်ဘုရားနည်းစနစ်ခုနစ်ပါးရဲ့ ဆက်ခံသူတွေ ထွက်ပေါ်လာပြီးရင် သူတို့က ရွာရဲ့ အနာဂတ်ကို အတူတကွ ဆုံးဖြတ်ကြလိမ့်မယ်။ ငါက ရွာအရေးကိစ္စ နည်းနည်းမှ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။" ဆရာသခင်က ပြောလိုက်သည်။
မုယွင်လန်က ထပ်မပြောတော့ပေ။ သူက သီးသန့်ကျောင်းဆီသို့ ဦးညွှတ်အရိုအသေပေးကာ ပြောလိုက်သည်။ "နားလည်ပါပြီ။"
သူက ပြောပြီးသည်နှင့် ပြန်လှည့်လျှောက်သွားကာ ထိုနေရာမှ ထွက်ခွာသွားသည်။
မုယွင်လန်က ရှေးဟောင်းသစ်ပင်သို့ လျှောက်သွားခဲ့၏။ ရွာမှ လူအများစုက ထိုနေရာ၌ ရှိနေကြသည်။
မုယွင်ရှုနှင့် အခြားလူများက သူ့နောက်မှ လိုက်ကာ ထိုနေရာသို့ ဦးတည်လိုက်သည်။ မုယွင်ရှုက အေးစက်ပြီး ဂရုမစိုက်သော အမူအရာနှင့် ရှိနေခဲ့သည်။ သူက ပြင်းထန်လှသော သတ်ဖြတ်လိုသည့် အမူအရာဖြင့် ရီဖူရှင်းနှင့် မျက်မမြင်ထျယ်အား ကြည့်နေ၏။ သူက ကျင့်ကြံနေသော လူငယ်လေးများကိုလည်း ကြည့်နေခဲ့၏။ သူက ထိုသူတို့အား ရပ်ကြည့်မနေနိုင်ပေ။ သူတို့အားလုံးက ယခု ရီဖူရှင်း၏ လက်ပါးစေများ ဖြစ်သည်။ သူတို့အားလုံးက မဖြစ်နိုင်သည့်အရာကို မျှော်လင့်နေသော နိမ့်ကျသည့် ပုရွက်ဆိတ်များသာ ဖြစ်ပေသည်။ သူတို့က ကျင့်ကြံနိုင်လျှင်ပင် မည်သည့် အသုံးဝင်မှု ရှိနိုင်မည်နည်း။
မုယွင်လန်က လမ်းလျှောက်နေခြင်းအား ရပ်တန့်ကာ မျက်မမြင်ထျယ်နှင့် ရီဖူရှင်းထံ ကြည့်လိုက်သည်။ မျက်မမြင်ထျယ်က ရှေ့သို့ ခြေအနည်းငယ် လှမ်းလိုက်၏။ သူက မမြင်နိုင်သော်လည်း မုယွင်လန်နှင့် ရင်ဆိုင်လိုက်သည်။ သဏ္ဌာန်မဲ့ အရှိန်အဝါက သူ့ထံမှ ထွက်ပေါ်လာကာ လေဟာနယ်ကို မွန်းကြပ်မှု ဖြစ်လာစေသည်။
"အပြင်လူတစ်ယောက်လား။" မုယွင်လန်က မျက်မမြင်ထျယ်ကို ကျော်ကာ ရီဖူရှင်းအား ကြည့်လိုက်သည်။ လေးမျက်နှာကျေးရွာမှ လူများအတွက် ရီဖူရှင်းက အပြင်လူသာ ဖြစ်သည်။
***