← Chapters

လေဟုန်စီးပြီး မိုးကုတ်စက်ဝိုင်းသို့ တက်လှမ်းမည်

Vol. 5 Ch. 75

လေဟုန်စီးပြီး မိုးကုတ်စက်ဝိုင်းသို့ တက်လှမ်းမည်

Vol. 5 Ch. 75

ဤအကြိမ်သိုင်းဝိညာဉ်စမ်းသပ်ပွဲ၏ အလုပ်သင်တပည့်များကို တာဝန်ယူထားသော အကြီးအကဲဆယ်ဦးက ဦးဆောင်ကျင်းပသည်။

အကြီးအကဲများက တစ်ဦးပြီးတစ်ဦး ရှေ့သို့ထွက်လာကာ သိုင်းဝိညာဉ်စမ်းသပ်ပွဲ၏ စည်းကမ်းများကို အသေးစိတ်ရှင်းပြသည်။

ချီယွမ်ကျွန်းပေါ်တွင် ကြယ်နှစ်ပွင့်နတ်ဆိုးသားရဲများ မရေမတွက်နိုင်အောင် ရှိနေပြီး ထိုသားရဲများအားလုံးကို ရွှမ်ယွမ်ဂိုဏ်းက ထူးခြားသောနည်းလမ်းဖြင့် အမှတ်အသားပြုထားသည်။

ပြိုင်ပွဲဝင်များက နတ်ဆိုးသားရဲများကို အမဲလိုက်ပြီးနောက် သူတို့၏ အထောက်အထားတံဆိပ်ပြားကို သားရဲ၏သွေးဖြင့် စွန်းထင်းစေပြီး သားရဲ၏စွမ်းအားအဆင့်အလိုက် သက်ဆိုင်ရာရမှတ်များကို ရရှိနိုင်သည်။

ကြယ်နှစ်ပွင့်အစပိုင်းနတ်ဆိုးသားရဲအတွက် တစ်မှတ်၊ ကြယ်နှစ်ပွင့်ထိပ်တန်းသားရဲအတွက် ခြောက်မှတ်ဖြစ်သည်။

ကြယ်တစ်ပွင့်သားရဲများကိုမူ ရမှတ်တွက်ချက်မည်မဟုတ်ပေ။

စမ်းသပ်ပွဲမှာမူ တစ်ရက်ကြာမြင့်မည်ဖြစ်သည်။

နက်ဖြန်နံနက်မိုးသောက်ချိန်မတိုင်မီ စစ်သင်္ဘောသို့ ပြန်မရောက်သူများကို ပြိုင်ပွဲစွန့်လွှတ်သူအဖြစ် သတ်မှတ်မည်ဖြစ်သည်။

ချီယွမ်ကျွန်းမှ ပြိုင်ပွဲမပြီးမီ ထွက်ခွာသူများကိုလည်း ပြိုင်ပွဲဝင်ခွင့်အရည်အချင်း ဆုံးရှုံးမည်ဖြစ်သည်။

ဟယ်အကြီးအကဲ၏ အကြည့်က ကွင်းပြင်ထဲတွင် တစ်ပတ်လှည့်ပတ်ကြည့်ရှုပြီးနောက် လေသံဖျော့ဖျော့ဖြင့်...

“သိုင်းပညာဆိုတာ ဆူးပင်တွေနဲ့ ပြည့်နှက်နေတဲ့ လမ်းတစ်ခုပဲ... သေရေးရှင်ရေးကိစ္စတွေမှာ ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားလေ့ကျင့်မှ ကြီးကျယ်တဲ့အောင်မြင်မှုကို ရရှိနိုင်မယ်... ဒီစမ်းသပ်ပွဲမှာ သတ်ဖြတ်မှုကို တားမြစ်မထားဘူး... ဒီအချက်ကို မင်းတို့ မှတ်ထားကြပါ...”

သတ်ဖြတ်မှုကို တားမြစ်မထားဘူးဟူသော စကားလုံးလေးလုံးက မိုးခြိမ်းသံသကဲ့သို့ ကွင်းပြင်တစ်ခုလုံး၌ ပျံ့လွင့်သွားပြီး ထက်ရှသော သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်လာလေပြေညင်းက လူတိုင်း၏နှလုံးသားထဲသို့ အေးစက်မှုကို ဖြစ်ပေါ်စေသည်။

ထိုနေရာရှိလူများအားလုံး၏ မျက်နှာအမူအရာများ တစ်ချက်တုန်လှုပ်သွားသည်။

ဟယ်အကြီးအကဲက ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လော့ချန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ လော့ချန်၏ မျက်ခုံးများ အနည်းငယ်တွန့်ကွေးသွားသည်။

သူ့ပတ်ဝန်းကျင်တွင် ဝံပုလွေအုပ်စုများကဲ့သို့ ဝိုင်းအုံနေသော အန္တရာယ်ခံစားချက်က ပို၍ပင် ပြင်းထန်လာသည်။

ပြင်းထန်သော သတ်ဖြတ်လိုစိတ်က သူ့တစ်ကိုယ်လုံး၏ အရေပြားကို အပ်ဖြင့်ထိုးနှက်သည့်နှယ် အေးစက်စက်ဖြစ်ပေါ်စေသည်။

သို့သော် ဂရုတစိုက်စူးစမ်းကြည့်သောအခါ ထိုသတ်ဖြတ်လိုစိတ်က မည်သည့်နေရာမှ လာသည်ကို မသိရှိခဲ့ပေ။

မရှိသည့်နှယ် ခံစားရပြီး နေရာအနှံ့တွင်လည်း ရှိနေသည့်နှယ် ခံစားရသည်။

“ဟမ်... စစ်သားရောက်လာရင် ဗိုလ်ချုပ်နဲ့တားဆီးမယ်... ရေလွှမ်းလာရင် မြေဘောင်နဲ့ပိတ်ဆို့မယ်... ဘယ်သူက ငါ့ကို ပစ်မှတ်ထားရဲလဲဆိုတာ ကြည့်ရအောင်...”

လော့ချန်၏ အကြည့်များက စူးရှလှသည်။

စွမ်းအားသည်ပင် ယုံကြည်မှု၏ အခြေခံအုတ်မြစ်ဖြစ်သည်။ လူသာမန်ဘဝဖြတ်ကျော်အဆင့်လေးသို့ တက်လှမ်းပြီးနောက် ထိပ်တန်းပြိုင်ပွဲဝင်ဆယ်ဦးကို ရင်ဆိုင်ရသည်ပင်ဖြစ်စေ လော့ချန်က လုံးဝမကြောက်ရွံ့ပေ။

“အခု မင်းတို့ရဲ့ အထောက်အထားတံဆိပ်ပြားပေါ်က နံပါတ်အလိုက် စစ်သင်္ဘောပေါ်ကို တက်လှမ်းကြပါ...”

ဟယ်အကြီးအကဲ၏ အသံက ထပ်မံထွက်ပေါ်လာသည်။

လော့ချန်က သူ၏အထောက်အထားတံဆိပ်ပြားကို ထုတ်ကြည့်လိုက်ရာ ထိုပေါ်တွင် နံပါတ်ငါးဟူသော စာလုံးတစ်လုံး ထင်ရှားစွာပေါ်နေပြီး ၎င်းက စစ်သင်္ဘောနံပါတ်ငါးနှင့် ကိုက်ညီသည်။

ကွင်းပြင်ထဲရှိ လူအုပ်က ငါးဖွဲ့ခွဲကာ စစ်သင်္ဘောများဆီသို့ လျှောက်လှမ်းသွားသည်။

“လော့ချန် ဂရုစိုက်နော်” ကျမ်းလျန်က စိုးရိမ်တကြီး ပြောလိုက်သည်။

လော့ချန်က ခေါင်းညိတ်ပြလိုက်ကာ စိတ်ထဲမှအတွေးများကို ဖယ်ထုတ်ရင်း စစ်သင်္ဘောနံပါတ်ငါးဆီသို့ လှည့်ထွက်သွားသည်။

လော့ချန်က လူအုပ်ထဲတွင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြီး ကျမ်းလျန်က ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

ထိုအခါတွင် ရုတ်တရက် လူရိပ်တစ်ခုက ကျမ်းလျန်၏ဘေးတွင် ပေါ်လာသည်။

“ဟန်ဖုန်း”

ထိုလူကိုမြင်လိုက်ရသောအခါ ကျမ်းလျန်၏ မျက်ခုံးများ တွန့်သွားသည်။

ဟန်ဖုန်းက လော့ချန်ထွက်သွားသောဦးတည်ရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းကို တွန့်ကာ ပြုံးလိုက်သည်။

“ကျမ်းလျန် ဒါက မင်းနဲ့ အသုံးမကျတဲ့အဲ့ဒီကောင်ရဲ့ နောက်ဆုံးအကြိမ်တွေ့ဆုံမှုဖြစ်လိမ့်မယ်...”

ဟန်ဖုန်း၏ စကားထဲတွင် အဓိပ္ပာယ်တစ်ခုခုပါသည်ကို ကျမ်းလျန်သဘောပေါက်သွားကာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“ဘာကိုဆိုလိုတာလဲ...”

“ဟား... ဟား...တစ်ယောက်ယောက်က သူ့အသက်ကို လိုချင်နေတယ်... ချီယွမ်ကျွန်းပေါ်မှာ လော့ချန်ကို သတ်လိုက်ရင် အပြင်စည်းတပည့်အဖြစ် ချက်ချင်းဖြစ်လာနိုင်တယ်တဲ့.... ဒီသတင်းက ဒီမနက်ကတည်းက ပျံ့နှံ့နေပြီ... လော့ချန်က ချီယွမ်ကျွန်းပေါ် ခြေချလိုက်တာနဲ့ သေမယ့်ကိန်းပဲ... ဘယ်သူမှ သူ့ကို ကယ်လို့မရဘူး...”

“ဘာ...”

ကျမ်းလျန်က အံ့အားသင့်သွားသည်။

လော့ချန်ကို သတ်လိုက်ရင် အပြင်စည်းတပည့်အဖြစ် ချက်ချင်းဖြစ်လာနိုင်သည်လား။ ဤအခြေအနေက အလွန်အံ့ဩဖွယ်ကောင်းလှပြီး မရေမတွက်နိုင်သောလူများ၏ စိတ်ကို လှုပ်လှုပ်ရှားရှားဖြစ်စေမည်မှာ သေချာပေသည်။ လော့ချန်တစ်ယောက်တည်းမဟုတ်ပေ။ ထိပ်တန်းပြိုင်ပွဲဝင်ဆယ်ဦးပင်ဖြစ်ပါစေ ဤအခြေအနေကို ရင်ဆိုင်ရလျှင် ချီယွမ်ကျွန်းပေါ်တွင် သေဆုံးရမည်သာဖြစ်သည်။

ရွေးချယ်စရာလမ်းပင်မရှိချေ။

ကျမ်းလျန်က ရှေ့သို့ထွက်ကာ လော့ချန်ကို တားရန်ကြံရွယ်လိုက်သည်။

သို့သော် ပတ်ဝန်းကျင်က ဆူညံနေကာ လော့ချန်မှာမူ အဝေးသို့ရောက်ရှိနေပြီဖြစ်သည်။ ကျမ်းလျန်ပါးစပ်ဟလိုက်စဉ်မှာပင် သူ၏အသံက လူအုပ်၏ဆူညံသံထဲတွင် နစ်မြုပ်သွားသည်။

“လက်လျှော့လိုက်တော့... သူဒီတစ်ကြိမ် ချီယွမ်ကျွန်းမှာ သေမယ်ဆိုတာ သေချာတယ်...”

ဟန်ဖုန်းက မျက်လုံးထဲတွင် ရက်စက်မှုအရိပ်အယောင်များဖြင့် ပြုံးလျက်ပြောလိုက်သည်။

“ဟား... ဟား... ငါက သူ့ဦးခေါင်းကို ယူပြီး အပြင်စည်းတပည့်ဖြစ်ခွင့်ကို လဲလှယ်ရမယ်...”

ပြိုင်ပွဲဝင်တပည့်တစ်သောင်းနီးပါးက မကြာမီအချိန်အတွင်း စစ်သင်္ဘောများပေါ်သို့ တစ်ဦးပြီးတစ်ဦး တက်ရောက်သွားကြသည်။

ဧရာမမည်ဟီးသံကြီးနှင့်အတူ စစ်သင်္ဘောများက မိုးကုတ်စက်ဝိုင်းသို့ ထိုးတက်သွားပြီး ချီယွမ်ကျွန်းဆီသို့ ရွက်လွှင့်ထွက်ခွာသွားသည်။

“လော့ချန်... မင်းဘေးကင်းစွာ ပြန်လာနိုင်ပါစေကွာ…”

လျင်မြန်စွာ ဝေးကွာသွားသော စစ်သင်္ဘောငါးစီးကို ကြည့်ရင်း ကျမ်းလျန်က တိုးညင်းစွာ ဆုတောင်းလိုက်သည်။

သို့သော် သူ၏အသံထဲတွင် ယုံကြည်မှုအနည်းငယ်မျှပင် မပါဝင်ခဲ့ပေ။

ဟန်ဖုန်းပြောသည့်စကားများသာ မှန်ကန်မည်ဆိုပါက လော့ချန်မှာ ချီယွမ်ကျွန်းသို့ သွားရောက်ခြင်းသည် အမှန်ပင် သေရေးရှင်ရေးအန္တရာယ်ကြီးတစ်ခုကို ရင်ဆိုင်ရမည်ပင်။ မဟုတ်သေးပေ။ သေရေးရှင်ရေးထက်ပင် ပို၍အန္တရာယ်ကြီးပေသည်။

စစ်သင်္ဘောငါးစီးက ကောင်းကင်ထက်တွင် လွှမ်းမိုးလျက် မြားတစ်စင်းပမာ ရှေ့သို့ တဟုန်ထိုးပျံသန်းသွားသည်။ သင်္ဘောရှေ့တွင် အပြာရောင်အလင်းကာက ပြင်းထန်သော ကောင်းကင်လေပြင်းများကို လုံးဝပိတ်ဆို့ထားသည်။

စစ်သင်္ဘောနံပါတ်ငါးပေါ်တွင် ပြိုင်ပွဲဝင်တပည့်များက ဒူးထောက်ထိုင်ကာ တရားထိုင်နှလုံးငြိမ်အောင်ပြုလုပ်ရင်း မကြာမီရောက်ရှိလာမည့် စမ်းသပ်ပွဲအတွက် ပြင်ဆင်နေကြသည်။

လော့ချန်က သင်္ဘောကုန်းပတ်အစွန်တွင် တစ်ယောက်တည်းရပ်နေပြီး အောက်တွင် လျင်မြန်စွာ ပျောက်ကွယ်နေသော တောင်တန်းများနှင့် ရေမြောင်းများကို ကြည့်ရင်း အံ့ဩမှုများဖြင့် မျက်လုံးများ ပြူးကျယ်လာသည်။

ဤမျှကြီးမားသော စစ်သင်္ဘောတစ်စီးက ကောင်းကင်ယံတွင် ပျံသန်းနိုင်သည်ဆိုသည်မှာ မယုံနိုင်စရာပင်။ လော့ချန်က ရွှမ်ယွမ်မှတ်တမ်းစာအုပ်တွင် ထိုစစ်သင်္ဘောအကြောင်းကို ဖတ်ဖူးပေသည်။ ထိုသင်္ဘော၏ မူလအမည်မှာ ကောင်းကင်ပျံဝိညာဉ်သင်္ဘောဟူ၍ဖြစ်ကာ ရှေးဟောင်းဂိုဏ်းတစ်ခုမှ ဖန်တီးခဲ့သည်ဟု ဆိုကြသည်။ ၎င်းက သမုဒ္ဒရာကြီးများကို ဖြတ်ကျော်နိုင်ပြီး ကောင်းကင်ယံတွင်လည်း ပျံသန်းနိုင်ကာ မဖျက်ဆီးနိုင်သော ခိုင်ခံ့မှုရှိပေသည်။

သန်းပေါင်းများစွာသော နှစ်များကုန်လွန်သွားပြီးနောက် တစ်ချိန်က ကမ္ဘာကို လွှမ်းမိုးခဲ့သော ထိုရှေးဟောင်းဂိုဏ်းမှာ မဟာသမိုင်းမြစ်ကြီးထဲတွင် ပျောက်ကွယ်သွားခဲ့သော်လည်း ကောင်းကင်ပျံဝိညာဉ်သင်္ဘောက ယခုထိ ဆက်လက်တည်ရှိနေသေးပေသည်။

လော့ချန်က အချိန်ကာလ၏ ရက်စက်မှုကို အာရုံစူးစိုက်နေစဉ် ရုတ်တရက် အေးစက်သော အကြည့်တစ်ခုကို ခံစားမိလိုက်သည်။ နောက်လှည့်ကြည့်လိုက်ရာ ဟန်ဖုန်းကို မြင်လိုက်ရသည်။

“ဟား... ဟား... မင်းလည်း စစ်သင်္ဘောနံပါတ်ငါးပေါ်မှာပဲ ရှိနေတာပဲ... ငါ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ...”

ဟန်ဖုန်းသည် လော့ချန်ကို စူးစိုက်ကြည့်ရင်း မျက်နှာပေါ်တွင် ပြုံးရွှင်မှုဖြင့် ပြောလိုက်သည်။

လော့ချန်က အနည်းငယ် ဆွံ့အသွားသည်။ ဤနေရာတွင်ပင် သူနှင့်တွေ့ရသည်မှာ ထူးဆန်းလှသည်။ လော့ချန်က တည်ငြိမ်သည့်အမူအရာဖြင့်...

“ငါကတော့ မင်းကံသိပ်မကောင်းဘူးလို့ ထင်တယ်...”

ဟန်ဖုန်းက ဒေါသမထွက်ဘဲ ပြုံးလျက်ပြောလိုက်သည်...

“ကြည့်ရတာပေါ့... မင်းလည်း သိပ်ပြီး မာနကြီးနေလို့မရတော့မှာဆိုးတယ်...”

လော့ချန်က ထပ်မံဂရုမစိုက်တော့ဘဲ အကြည့်ကို လွှဲလိုက်သည်။

တစ်နာရီခန့်အကြာတွင် ကောင်းကင်ပျံဝိညာဉ်သင်္ဘောက တဖြည်းဖြည်းနှေးကွေးလာပြီး တိမ်လွှာများထဲမှ ထွက်ပေါ်လာသည်။

လော့ချန်က အောက်သို့ တစ်ချက်ကြည့်လိုက်ရာ စိမ်းလန်းသောကျွန်းငယ်တစ်ခုက မျက်စိထဲသို့ ဝင်ရောက်လာသည်။

ထိုကျွန်း၏ ဘေးပတ်လည်၌ ရာနှင့်ချီသော မိုင်အကျယ်ရှိပြီး လော့ယန်မြစ်၏ မြစ်ကလေးများဖြင့် ဝိုင်းထားသည်။

ကျွန်းအတွင်းတွင် တောင်တန်းများနှင့် သစ်တောများ ဆက်လက်ဆန့်ထွက်နေပြီး စိမ်းလန်းတင့်တယ်နေပေသည်။ အလယ်ဗဟိုတွင် ခမ်းနားကြီးကျယ်လှသော ဧရာမတောင်ထွတ်တစ်ခု ရှိသည်။

ထိုတောင်ထွတ်က တစ်ခုတည်း ထူထောင်လျက်ရှိပြီး တိမ်မြူခိုးများဖြင့် ဝိုင်းထားကာ မိုးကုတ်စက်ဝိုင်းနှင့် ယှဉ်ပြိုင်နိုင်မည့် တင့်တယ်မှုကို ပြသနေသည်။

ချီယွမ်ကျွန်းကို အမြင့်မှ ငုံ့ကြည့်လိုက်ရာ ကျွန်းတစ်ခုလုံးက စိမ်းညှို့ညှို့သလင်းပြာတစ်ခုနှယ် ဖြစ်နေကာ မည်သည့်နတ်ဆိုးသားရဲဖြစ်မှန်းမသိသော အော်ဟစ်သံများက ဝေးကွာသောနေရာမှ ထွက်ပေါ်လာသည်။

'ကောင်းသောလေညင်းအားဖြင့် ငါ့ကို မိုးကုတ်စက်ဝိုင်းသို့ ပို့ဆောင်လိုက်ပါ... ချီယွမ်ကျွန်း... သိုင်းဝိညာဉ်စမ်းသပ်ပွဲ... ဒီနေရာက ငါ့သိုင်းလမ်းကြောင်းရဲ့ စတင်မှုအဖြစ် ဖြစ်ပေါ်လာပါစေ...'

ထိုတစ်ဦးတည်းရပ်တည်နေသော ဧရာမတောင်ထွတ်ကို ကြည့်ရင်း လော့ချန်၏စိတ်ထဲတွင် ကောင်းကင်နှင့်ယှဉ်ပြိုင်နိုင်မည့် ထူးကဲသောစိတ်ဓာတ်တစ်ခု ပေါ်ပေါက်လာသည်။

ကောင်းကင်ပျံဝိညာဉ်သင်္ဘောက ကျွန်းအပြင်ဘက်ရှိ သစ်တောထက်တွင် လှည့်ပတ်ပျံသန်းနေပြီး သံကြိုးငါးဆယ်က သင်္ဘောပေါ်မှ ဆင်းလာကာ သစ်တောအတွင်းသို့ ဆန့်ထွက်သွားသည်။

အကြီးအကဲတစ်ဦးက သင်္ဘောရှေ့တွင် ပေါ်လာပြီး ကျယ်လောင်စွာပြောလိုက်သည်။

“သိုင်းဝိညာဉ်စမ်းသပ်ပွဲက တစ်ရက်ကြာမြင့်မယ်... နက်ဖြန်နံနက်အချိန်မှာ ကောင်းကင်ပျံဝိညာဉ်သင်္ဘောက ဂိုဏ်းကို အချိန်မှန်ပြန်လည်ထွက်ခွာမယ်... အခုကစပြီး အထောက်အထားတံဆိပ်ပြားပေါ်က နံပါတ်အလိုက် သင်္ဘောကနေ ဆင်းကြပါ...”

“တစ်ကနေ ငါးဆယ်နံပါတ်အထိ... သင်္ဘောကနေ ဆင်းကြပါ...”

အကြီးအကဲ၏အသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူငါးဆယ်က သံကြိုးများကို နင်းကာ အောက်သို့ လျှောဆင်းသွားကြသည်။

“ငါးဆယ်တစ်ကနေ တစ်ရာအထိ... သင်္ဘောကနေ ဆင်းကြပါ...”

လူရိပ်များတစ်ခုပြီးတစ်ခု ကျယ်ပြောလှသော သစ်တောထဲသို့ ဝင်ရောက်သွားကာ ရေထဲသို့ နွံသားရဲများနှယ် ပျောက်ကွယ်သွားသည်။

သင်္ဘောတက်သည်ဖြစ်စေ၊ ယခုသင်္ဘောမှဆင်းသည်ဖြစ်စေ အားလုံးက ကျပန်းစီစဉ်ထားခြင်းဖြစ်သည်။

ဤသည်မှာ ပြိုင်ပွဲဝင်တပည့်များအကြား အစောပိုင်းကတည်းက အဖွဲ့ဖွဲ့ပြီး မမျှတမှုဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန်ဖြစ်သည်။

လော့ချန်က အထောက်အထားတံဆိပ်ပြားကို တစ်ချက်ကြည့်လိုက်ရာ နံပါတ် ၆၁၃ ဖြစ်သည်။

“မင်းနံပါတ်ဘယ်လောက်လဲ...”

ထိုစဉ်ရုတ်တရက် ဟန်ဖုန်းက မေးလိုက်သည်။

ထိုအခါ နေရာ၌ လေထုက ရုတ်တရက်ပြောင်းလဲသွားပြီး လူများစွာက လော့ချန်ကို လှမ်းကြည့်လာသည်။

လော့ချန်က အထောက်အထားတံဆိပ်ပြားကို သိမ်းလိုက်ပြီး တည်ငြိမ်စွာဖြင့်...

“မင်းသိစရာမလိုဘူး...”

ဟန်ဖုန်း၏မျက်လုံးများထဲတွင် အေးစက်သောအရိပ်အယောင်များ ပေါ်လွင်လာသည်။

ထိုအခါ အကြီးအကဲ၏အသံထွက်ပေါ်လာသည်။

“နှစ်ရာ့တစ်ကနေ နှစ်ရာ့ငါးဆယ်နံပါတ်အထိ... သင်္ဘောကနေ ဆင်းကြပါ...”

“ကောင်လေး... ငါ အောက်မှာ မင်းကိုစောင့်နေမယ်... သိပ်ဝေးဝေးမပြေးသွားနဲ့နော်...”

လော့ချန်ကို သွားများပေါ်အောင် ပြုံးပြလိုက်ပြီးနောက် ဟန်ဖုန်းက သံကြိုးပေါ်သို့ တက်ကာ လျှောဆင်းသွားပြီး မျက်စိတစ်မှိတ်အတွင်း သစ်တောထဲ၌ ပျောက်ကွယ်သွားသည်။

“ခြောက်ရာ့တစ်ကနေ ခြောက်ရာ့ငါးဆယ်နံပါတ်အထိ... သင်္ဘောကနေ ဆင်းကြပါ...”

All Chapters