← Chapters

အမိန့်ပေးတာ ပိုတော်လာသော တပည့်ဆိုးတစ်ယောက်

Vol. 58 Ch. 861

အမိန့်ပေးတာ ပိုတော်လာသော တပည့်ဆိုးတစ်ယောက်

Vol. 58 Ch. 861

ဝူမင်းသည် အလွန်ဝမ်းသာအားတက်သွား၏။ ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦးက သူ့ကို ထောက်ခံလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့ပေ။ ထိုကဲ့သို့သော ထောက်ပံ့မှု ရရှိပါက ဧကရာဇ်ဖြစ်လာဖို့ ခက်ခဲတော့မည် မဟုတ်ပေ။

ဝူမင်း စကားဆုံးသောအခါ ယွမ်ထျန်းက “မင်းသား။ ထျန်းဝူဂိုဏ်းရဲ့ တပည့်တွေက ရန်ခရိုင်နားကို ရောက်နေကြပြီ။ အာဏာရှင် ထွက်သွားတာနဲ့ ကျုပ်တို့ဂိုဏ်းက တပည့်တွေကို စုပြီး ရန်ခရိုင်ကို တိုက်ခိုက်မယ်။ အဲ့ဒီအချိန်ကျရင် ရန်ခရိုင်က ကျုပ်တို့လက်ထဲကို သေချာပေါက် ရောက်လာမှာပဲ။”

ဝူမင်းက

“ဂိုဏ်းချုပ်ယွမ်။ ကျွန်တော် နည်းနည်းသိချင်လို့ပါ။ ခင်ဗျားတို့ မဟာမိတ်ဖွဲ့ထားတဲ့ ဂိုဏ်း ဘယ်နှစ်ဂိုဏ်းရှိပြီလဲ။”

ယွမ်ထျန်းက

“ဆယ့်ငါးဂိုဏ်းပါ”

ဝူမင်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် “ဂိုဏ်းချုပ်ယွမ်။ ဒီဂိုဏ်းတွေမှာလည်း သူတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေ ရှိကြမှာပဲ။ သူတို့က ကျွန်တော့်ကို ဧကရာဇ်အသစ်အဖြစ် ရွေးချယ်ချင်မှာ မဟုတ်လောက်ဘူး။”

ယွမ်ထျန်းက ပြုံးလိုက်ရုံသာ ပြုံးလိုက်ပြီး “မင်းသား။ အဲ့ဒီအတွက်တော့ စိတ်ပူစရာမလိုပါဘူး။ ဒီဂိုဏ်းအင်အားစုတွေအားလုံးက

ထျန်းဝူဂိုဏ်းကိုပဲ ထောက်ခံကြမယ်လို့ ကျုပ်တို့ သဘောတူထားပြီးသားပါ။”

ဝူမင်း နောက်ဆုံးတွင် စိတ်အေးသွား၏။ သူ၏အကြီးမားဆုံး စိုးရိမ်မှုက ဂိုဏ်းများ၏ စိတ်ကြိုက်ကိုယ်စားလှယ်မှာ ကျူးနိုင်ငံတော် တော်ဝင်မိသားစုမှ တစ်ဦးဦး သို့မဟုတ် အခြားသူတစ်ယောက် ဖြစ်နေပြီး နောက်ဆုံးတွင် သူ စွန့်ပစ်ခြင်းခံရမည်ကို ဖြစ်သည်။

ဝူမင်းက

“ ကျွန်တော် ကတိပေးပါတယ်ဂိုဏ်းချုပ်ယွမ်။ တကယ်လို့သာ ကျွန်တော်တို့က ဆွမ်အာဏာရှင်ကို အနိုင်ယူနိုင်ခဲ့ပြီး ကျွန်တော် နန်းတက်ခဲ့မယ်ဆိုရင် ခင်ဗျားတို့ရဲ့ ထျန်းဝူဂိုဏ်းနဲ့အတူ ကမ္ဘာကြီးကို အုပ်ချုပ်သွားပါ့မယ်။”

ယွမ်ထျန်းက ပြုံးလိုက်ပြီး

“မင်းသား ဘာတွေပြောနေတာလဲ။ ကျွန်တော်တို့ဂိုဏ်းက လောကီရေးရာတွေကို သိပ်စိတ်မဝင်စားပါဘူး။ ထျန်းဝူဂိုဏ်းရဲ့ တပည့်တွေက တာအိုလမ်းစဉ်ကို ကျင့်ကြံအားထုတ်ပြီး တန်ခိုးရှင်တွေ ဖြစ်လာဖို့ပဲ ဆန္ဒရှိကြတာပါ။”

“အာဏာရှင်ရဲ့ သည်းမခံနိုင်တဲ့ ဖိနှိပ်မှုတွေ၊ ကမ္ဘာပေါ်က ဂိုဏ်းအားလုံးကို ဖျက်သိမ်းချင်တဲ့ သူ့ရဲ့ဆန္ဒသာ မရှိခဲ့ရင် ကျွန်တော်တို့ ထွက်လာမှာတောင် မဟုတ်ဘူး။ စိတ်ချပါ မင်းသား။ အာဏာရှင်ကို ဖယ်ရှားပြီး ရှနိုင်ငံတော် ပျက်သုဉ်းသွားတာနဲ့ ကျွန်တော်တို့ ထျန်းဝူဂိုဏ်းက ကိုယ့်နေရာကိုယ် ပြန်ကြမှာပါ။”

ယွမ်ထျန်း၏ စကားများကြောင့် ဝူမင်းအလွန်ပျော်ရွှင်သွား၏။ အကယ်၍ အမှန်တကယ် ထိုမျှရိုးရှင်းပါက မည်သည့်အရာကမျှ ယခုထက် ပို၍ကောင်းနိုင်တော့မည် မဟုတ်ပေ။

ထိုသို့တွေးနေရင်း ဝူမင်း၏ မျက်နှာပေါ်တွင် မခိုးမခန့် အပြုံးတစ်ခု ပေါ်လာသည်။ လုချန်းသည် ဤဘေးဒုက္ခကို သူ့ဘာသာသူ ရှာခဲ့ခြင်း ဖြစ်သည်။ သေခြင်းတရား ဘာလဲဆိုတာကို သူအမှန်တကယ် မသိသဖြင့် ကမ္ဘာပေါ်ရှိ ဂိုဏ်းတိုင်းကို စစ်ကြေညာရဲခဲ့ခြင်းဖြစ်သည်။ ယခုမူ သူသည် သူ၏လုပ်ရပ်နှင့် ထိုက်တန်သောအရာကို နောက်ဆုံးတွင် ရရှိတော့မည်။

ထိုအပြစ်ဒဏ်က တံခါးခေါက်နေပြီဖြစ်သည်။

ဤလုချန်း မည်မျှကြာကြာ ရှင်သန်နိုင်မည်ကို သူမြင်လိုသည်။

ထို့နောက်တွင် ယွမ်ထျန်းနှင့် ဝူမင်းတို့သည် သူတို့၏ အစီအစဉ်တစ်ခုလုံးကို ဆွေးနွေးခဲ့ကြသည်။ မည်သည့်အချိန်တွင် လှုပ်ရှားမည်။ ရန်ခရိုင်ကို မည်သို့ထိန်းချုပ်မည် စသည်ဖြင့် အရာအားလုံးကို အသေးစိတ်ရေးဆွဲထားခဲ့ကြသည်။ ယခု သူတို့လိုအပ်သည်က လုချန်း ရန်ခရိုင်မှ ထွက်ခွာသွားရန်သာ ဖြစ်သည်။

…….

နေ့လယ်ခင်း။

နေရောင်သည် ကမ္ဘာမြေပေါ်သို့ ပူပြင်းစွာ ကျရောက်နေ၏။ လုချန်းသည် စာကြည့်ခန်း၏ ဝင်ပေါက်တွင် လက်နှစ်ဖက်ကို နောက်ပစ်၍ ရပ်ကာ အတွေးနက်နေလျက် ရှိသည်။

ထိုစဉ် အေးစက်စက်ပုံစံရှိသော ပိုင်ချင်းချင်းက

“မင်းကြီး။ အပြင်မှာ နေအရမ်းပူနေပါတယ်။ မင်းကြီးအတွက် နေကာတစ်ခု ပြင်ဆင်ခိုင်းလိုက်ရမလား။”

လုချန်းက အနည်းငယ်ပြုံးလိုက်ပြီး

“မလိုပါဘူး။ ကိုယ် နေရောင်ခြည် နည်းနည်းခံချင်လို့ပါ။ နောက်ပိုင်း နေ့တိုင်း အိမ်ထဲမှာပဲနေနေရတော့ မှိုတက်တော့မလိုတောင် ဖြစ်နေပြီ။”

လူချန်းက ထိုသို့ပြောသဖြင့် ပိုင်ချင်းချင်းလည်း ထိုကိစ္စကို အတင်းမတိုက်တွန်းတော့ပေ။

ခဏအကြာတွင် အမျိုးသမီးကိုယ်ရံတော်တစ်ဦး ချဉ်းကပ်လာပြီး

“မင်းကြီး။ ဥက္ကဋ္ဌရှက တွေ့ခွင့်တောင်းနေပါတယ်။”

နေဝင်ဆည်းဆာ ဓားဂိုဏ်းနှင့် တိုင်ချူးနတ်ဘုရားကျောင်းတို့ ဖျက်သိမ်းပြီးနောက် ရှနိုင်ငံတော်တွင် သိုင်းပညာသင်ကျောင်းနှစ်ခုကို တည်ထောင်ခဲ့ပြီး ရှထျန်းယွမ်သည် ထိုကျောင်းများထဲမှ တစ်ခု၏ ဥက္ကဋ္ဌ ဖြစ်သည်။

“သူ့ကို လာခိုင်းလိုက်”

ဟု လုချန်းက ပြောလိုက်သည်။

မကြာမီ ရှထျန်းယွမ် ရောက်ရှိလာသည်။

“မင်းကြီးကို ဂါရဝပြုပါတယ်၊ အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ “

“ထုံးစံတွေ လုပ်မနေပါနဲ့တော့”

“အခြေအနေတွေ ဘယ်လိုတိုးတက်နေလဲဥက္ကဋ္ဌရှ။”

ရှထျန်းယွမ်က အလျင်အမြန် ပြန်ဖြေလိုက်သည်။

“မင်းကြီးက ကျွန်တော့်ကို ချီးမြှင့်ခဲ့တဲ့ ယင်ယန်မှန်က အလွန်အစွမ်းထက်ပါတယ်။ ဂိုဏ်းအင်အားစုတွေထဲက ဘယ်သူမှ သူ့ရဲ့ သရုပ်မှန်ကို မရိပ်မိကြပါဘူး။”

လုချန်းက ရယ်မောလိုက်ပြီး

“အချိန်တန်တဲ့အခါကျရင် ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ လက်ဆောင်က သူတို့အတွက် အကြီးအကျယ် အံ့အားသင့်စရာ ဖြစ်လာမှာ သေချာတယ်။ အဲ့ဒီဂိုဏ်းတွေထဲမှာ ကောင်းကင်လူသား စွမ်းအားရှင်တွေ ဘယ်နှစ်ယောက်လောက်ရှိလဲ။”

“ကျွန်တော်အပြင် ကောင်းကင်လူသား စွမ်းအားရှင် နှစ်ယောက်ပဲ ရှိပါတယ်။”

ကောင်းကင်လူသား စွမ်းအားရှင် နှစ်ဦးတည်းဖြင့်ဆိုလျှင် ယွမ်ရှန်ရှန်သာ လာခဲ့ပါက ရန်ခရိုင်၏ သွေးကြောခုနစ်ချက် ပုံစံကိုပင် အသုံးပြုရန် လိုအပ်မည် မဟုတ်ဟု

လုချန်း တွေးလိုက်သည်။

လျှို့ဝှက်လဝန်းနန်းတော်သို့ စာတစ်စောင် ပို့ထားပြီးဖြစ်သောကြောင့် ယွမ်ရှန်ရှန်လည်း အခြေအနေကို သိရှိနေလောက်ပြီ ဖြစ်သည်။ အရာအားလုံးသည် သူမ၏ တုံ့ပြန်မှုအပေါ်တွင် မူတည်နေသည်။

ရိုးရိုးသားသားပြောရလျှင် သူမ လာလိမ့်မည်ဟု လုချန်း မထင်ခဲ့ပေ။ လျှို့ဝှက်လဝန်းနန်းတော်သည်လည်း ဂိုဏ်းတစ်ခုဖြစ်၏။ လုချန်းက ဂိုဏ်းများကို ဖျက်သိမ်းနေပါက သူမ၏ဂိုဏ်းလည်း ပါဝင်မည် မဟုတ်ပါလား။ တည်ထောင်သူဖြစ်သော သူမက ထိုအရာကို မည်သို့ခွင့်ပြုနိုင်မည်နည်း။

သို့သော် လျှို့ဝှက်လဝန်းနန်းတော်ကို ပစ်မှတ်ထားရန် လုချန်းတွင် ရည်ရွယ်ချက်မရှိပေ။ ထိုသို့ပြုလုပ်ခြင်းက သူ၏ဆရာမကို စော်ကားရာ ရောက်ပေမည်။

လုချန်း ထိုသို့တွေးတောနေစဉ် အမျိုးသမီးကိုယ်ရံတော်တစ်ဦး သူ့ထံ ချဉ်းကပ်လာသည်။

“မင်းကြီး။ မိဖုရားကြီးချန်နဲ့ အကြီးအကဲ ယွမ်တို့ ရန်ခရိုင်ကို ရောက်ရှိလာကြပါပြီ။”

လုချန်း ရင်အနည်းငယ် ခုန်သွားပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ချန်ဝမ်ရွန် လိမ်ပြောခဲ့ခြင်း မဟုတ်ပေ။ လျှို့ဝှက်လဝန်းနန်းတော်က သူ့ကို အပြည့်အဝ ထောက်ခံမည်ဟု သူမပြောခဲ့ဖူးသည်။ ထိုအရာက ယွမ်ရှန်ရှန်၏ သဘောထားဖြစ်သည်ဟု ဆိုလိုသည်။

ထို့နောက် လုချန်းက ရှထျန်းယွမ်အား

“အဲ့ဒီဂိုဏ်းအင်အားစုတွေကို ဆက်ပြီး စည်းရုံးထားပါ။ ပြီးတော့ သူတို့ကို ဘာမှ မရိပ်မိအောင် ကြိုးစားပါ။”

ရှထျန်းယွမ်က ဦးညွှတ်လိုက်ပြီး

“စိတ်ချပါ မင်းကြီး။ ကျွန်တော် သတိကြီးစွာနဲ့ ဆောင်ရွက်ပါ့မယ်။”

လုချန်းက

“ကောင်းပါပြီ။ တခြားကိစ္စမရှိတော့ရင် ခင်ဗျားအလုပ်တွေ သွားလုပ်လို့ရပြီ။ “

“ဟုတ်ကဲ့။ ကျွန်တော့်ကို သွားခွင့်ပြုပါ”

ထိုသို့ပြောပြီး ရှထျန်းယွမ်သည် ထွက်ခွာသွား၏။

လုချန်းသည် ယွမ်ရှန်ရှန်နှင့် ချန်ဝမ်ရွန်တို့ကို စောင့်ရန် ဝမ်ရွန်ဆောင်သို့ တန်းတန်းမတ်မတ် သွားလိုက်သည်။

သို့သော် သူရောက်သည်နှင့် အပြေးအလွှားသွားလာနေသော အစေခံများနှင့် အမျိုးသမီးအချို့ စကားပြောနေသံကို ကြားလိုက်ရသည်။

“ဒီကျေးဇူးမသိတတ်တဲ့ တပည့်က အမိန့်ပေးတာတွေ ပိုတော်လာတယ်”

“တစ်ပြည်လုံးက ဂိုဏ်းတွေကို ဖျက်သိမ်းဖို့ စဉ်းစားရဲရုံတင် မကဘူး ငါ့ကိုတောင် ဒီနေရာဖိတ်ရဲသေးတယ်။ ငါက သူ့ကို ပလ္လင်ပေါ်က အရင်ဆွဲချမှာကို မကြောက်ဘူးလား။”

ထိုအေးစက်သော အသံနှင့် ကြောက်မက်ဖွယ် အငွေ့အသက်အရ ယွမ်ရှန်ရှန်၏ အသံဖြစ်သည်မှာ ထင်ရှား၏။ လုချန်း ခြံဝင်းထဲသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။

“ဆရာမ။ ဆရာမ ဒီလိုမျိုး လုံးဝလုပ်မှာမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်။”

ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ဖြစ်သောယွမ်ရှန်ရှန်သည် လုချန်း ရောက်လာသည်ကို သိရှိပြီး ဖြစ်လိမ့်မည်။ သူမ၏စကားများက သူ့ကို ရည်ရွယ်၍ ပြောခြင်းဖြစ်သည်မှာ ထင်ရှားလှသည်။

သူ၏ အသံကို ကြားသောအခါ ခြံဝင်းထဲရှိ အမျိုးသမီးငယ်က ဂိတ်တံခါးဘက်သို့ ခေါင်းလှည့်လိုက်သည်။ ယွမ်ရှန်ရှန်က အေးစက်စွာ မေးလိုက်သည်၊

“ဘာလဲ။ မင်းရဲ့ဆရာမက မင်းကို ပလ္လင်ပေါ်က ဆွဲမချဘူးလို့ အဲ့ဒီလောက်တောင် သေချာနေတာလား။”

လုချန်းက ပြုံးလိုက်ပြီး

“ကျွန်တော့်မှာ လျှို့ဝှက်လဝန်းနန်းတော်ကို ဖျက်သိမ်းဖို့ အစီအစဉ်မရှိပါဘူး။ ဒါကြောင့် ဆရာမမှာလည်း ဒီလိုလုပ်ဖို့ အကြောင်းပြချက်မရှိဘူးလေ။”

ယွမ်ရှန်ရှန်၏ မျက်နှာက ခံစားချက်ကင်းမဲ့နေသည်။

“မင်းက တစ်ပြည်လုံးက ဂိုဏ်းတွေကို ဖျက်သိမ်းချင်တယ်။ ဒါပေမဲ့ လျှို့ဝှက်လဝန်းနန်းတော်ကိုတော့ မဖျက်သိမ်းဘူး။ အဲ့ဒီအခါကျရင် ဖျက်သိမ်းခံလိုက်ရတဲ့ ဂိုဏ်းတွေက မင်းကို ဘယ်လိုမြင်မလဲ။”

လုချန်းက တည်ငြိမ်စွာ ပြောလိုက်သည်၊ “လျှို့ဝှက်လဝန်းနန်းတော်က အစကတည်းက ကျွန်တော့်ဘက်မှာ ရှိခဲ့တာ။ သူ့ရဲ့ရပ်တည်ချက်က ရှင်းလင်းတယ်။ လျှို့ဝှက်လဝန်းနန်းတော်ကို ကျွန်တော် မဖျက်သိမ်းရင်တောင် ဘယ်သူမှ ဘာမှပြောမှာမဟုတ်ဘူး။ နောက်ပြီး လျှို့ဝှက်လဝန်းနန်းတော်ရဲ့ နန်းတော်သခင်က ကျွန်တော့်ရဲ့ မိဖုရားလည်း ဖြစ်တယ်။ ဒီအဆင့်အတန်းနဲ့ဆိုရင် လျှို့ဝှက်လဝန်းနန်းတော်က ကျွန်တော်ထောက်ခံတဲ့ အင်အားစုတစ်ခုဆိုတာ သိသာပါတယ်။”

All Chapters