တောင်ပိုင်းသို့ စစ်ချီခြင်း
Vol. 58 Ch. 869
သူ၏မိဖုရားများအား ပြန်လည်သန်စွမ်းစေသောစွမ်းအားကို ပေးပြီးနောက် သူတို့ ကလေးမွေးဖွားချိန်တွင် ပြဿနာတစ်စုံတစ်ရာ ရှိမည်ကို လုချန်း မစိုးရိမ်တော့ပေ။
သူ အနားတွင် မရှိလျှင်ပင် သူ၏ အခြားမိဖုရားများက မီးဖွားမှုတွင် ကူညီရန် ပူးပေါင်းဆောင်ရွက်နိုင်၏။ သူတို့သည် ထိုစွမ်းအား၏ အခြေခံများကို ကျွမ်းကျင်ထားသဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ကူညီခြင်းက ခက်ခဲသောကိစ္စ မဟုတ်ပေ။ ရန်ခရိုင်ရှိ အခြေအနေများ အများစုကို ကိုင်တွယ်ဖြေရှင်းပြီးဖြစ်သောကြောင့် သူ၏စစ်ဆင်ရေးကို စတင်ရန် အချိန်ကျရောက်ပြီ ဖြစ်၏။
……
ခြောက်ရက်ကြာပြီးနောက်။
လုချန်းသည် အင်အားငါးသိန်းရှိသော စစ်တပ်ကို တောင်ဘက်သို့ ဦးဆောင်ကာ ချွမ်နိုင်ငံတော်သို့ တန်းတန်းမတ်မတ် ချီတက်သွား၏။
ထိုအချိန်တွင် တစ်ချိန်လုံး စည်ကားသိုက်မြိုက်နေခဲ့သော ရန်ခရိုင်သည် ထူးဆန်းစွာပင် တိတ်ဆိတ်သွားခဲ့သည်။
…….
ဝူစံအိမ်။
ဝူမင်းသည် ကြာကန်ဘေး၌ ရပ်နေပြီး သူ၏လက်ထဲတွင် သတင်းစာတစ်စောင်ကို ဆုပ်ကိုင်ထား၏။ သူသည် သူ၏စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ပဲ ရယ်မောလိုက်သည်။
“သူသွားပြီ။ နောက်ဆုံးတော့ သူသွားပြီ။ ငါတို့အခွင့်အရေး ရောက်လာပြီ။”
“နောက်ဆုံးတော့ ငါ အဲဒီရာထူးကို ရနိုင်တော့မယ်။ ဟားဟားဟား။”
“လုချန်းပြန်လာတဲ့အခါ ရန်ခရိုင် သိမ်းပိုက်ခံထားရပြီး သူ့မိဖုရားတွေ ကလေးတွေ အဖမ်းခံထားရတာကို တွေ့သွားတဲ့အခါ သူ့မျက်နှာက ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာ ငါသိချင်လိုက်တာ။”
ဝူမင်းဘေးရှိ အစေခံတစ်ဦးက ဝင်ပြောသည်။
“သခင်ကြီး။ ဆွမ်ဧကရာဇ်ရဲ့ မိဖုရားတွေအားလုံးက အလွန်လှပတဲ့သူတွေလို့ ကျွန်တော်ကြားပါတယ်။ နန်းတော်ကို သိမ်းလိုက်ရင် သူတို့က မင်းသားကိုပြုစုပေးလို့ရသွားပြီပေါ့။ ဘယ်လိုသဘောရပါသလဲ မင်းသား။”
အစေခံ၏စကားကြောင့် ဝူမင်း၏ ရယ်သံသည် ပို၍ပင် ကျယ်လောင်လာသည်။
“လုချန်းက မိန်းမလိုက်စားတဲ့သူပဲ။ သူ့မိဖုရားဆောင်ထဲက အမျိုးသမီးတိုင်းက ရှားပါးအလှပိုင်ရှင်တွေပဲတဲ့။ နန်းတော်ကို သိမ်းပြီးတာနဲ့ အဲ့ဒီမိန်းမတွေက ဘာတွေများ ဒီလောက်ထူးခြားနေလဲဆိုတာ ကြည့်ပြီး ပျော်ပါးရမယ်။”
ဝူမင်းသည် နန်းတော်ကို သိမ်းပိုက်ပြီးနောက် သူရရှိမည့် ခမ်းနားထည်ဝါသော ဘဝအကြောင်း စိတ်ကူးယဉ်ထားခဲ့ပြီး ဖြစ်၏။ လုချန်း၏ အမျိုးသမီးများကို အသုံးချပြီး လုချန်းက သူ့အား ပြုလုပ်ခဲ့သော အရှက်ရမှုတိုင်းအတွက် လက်စားချေရန် စီစဉ်ထားသည်။
………
ရန်ခရိုင်မြို့ဟောင်း။
အရက်ဆိုင်တစ်ဆိုင်။
ဆိုင်သည် ယခင်ကဲ့သို့ပင် လူများဖြင့်စည်ကားနေသော်လည်း အဓိကတံခါးများကို ခိုင်ခံစွာပိတ်ထားပြီး အတွင်းတွင် အခြားဖောက်သည်များ မရှိပေ။ အဓိကဂိုဏ်းကြီးများမှ ကိုယ်စားလှယ်များသာရှိကြသည်။
ယွမ်ထျန်းသည် ဒုတိယထပ်တွင် ရပ်ကာ ပထမထပ်ရှိ အုပ်စုကို အပေါ်စီးမှ ကြည့်လိုက်သည်။
“အာဏာရှင်က သူ့စစ်ဆင်ရေးအတွက် ထွက်သွားနှင့်ပြီ။ ကျုပ်တို့အခွင့်အရေး မကြာခင် ရောက်လာတော့မယ်။”
အရက်ဆိုင်ထဲရှိ သိုင်းပညာရှင်များ စိတ်အားထက်သန်လာကြ၏။ ဂိုဏ်းသားအများစုသည် သူတို့၏ ဂိုဏ်းစည်းကမ်းများကြောင့် လူသတ်ခြင်း သို့မဟုတ် မကောင်းမှုများ ပြုလုပ်ခဲ၏။
သို့သော် ဤအကြိမ်က ကွဲပြားသည်။
ဤအကြိမ်တွင် အဓိကဂိုဏ်းကြီးများသည် ၎င်းတို့၏တပည့်များကို မကန့်သတ်ထားတော့ပေ။
သူတို့ ရန်ခရိုင်ကို စီးနင်းသောအခါ လုယက်ခြင်း၊ လူသတ်ခြင်းနှင့် မကောင်းမှုအမျိုးမျိုးကို ပြုလုပ်နိုင်သည်။။ သူတို့အတွက် ယခုလိုလုပ်ခွင့်ရခြင်းက ပထမဆုံး အခွင့်အရေးဖြစ်သဖြင့် သူတို့အားလုံး အလွန်စိတ်လှုပ်ရှားကာ တက်ကြွနေကြသည်။
ဂိုဏ်းခေါင်းဆောင်အချို့တွင်တော့ ဝူမင်းနှင့် တူညီသော အကြံအစည်ရှိကြ၏။ လုချန်း၏မိဖုရားများကို စိတ်ဝင်စားနေကြခြင်း ဖြစ်သည်။
ယွင်လန်ဂိုဏ်းမှ ဂိုဏ်းချုပ် စစ်ယုဟွာက
“ဂိုဏ်းချုပ်ယွမ်။ ဘယ်တော့လောက် စလှုပ်ရှားဖို့ စီစဉ်ထားလဲ။”
ယွမ်ထျန်းက
“ငါးရက်အတွင်း။”
“ရှနိုင်ငံတော်ရဲ့ ချီတက်နှုန်းအရဆိုရင် ငါးရက်ကြာပြီးတဲ့အခါ သူတို့ အချိန်မီ ပြန်မလာနိုင်တော့ဘူး။”
“ရန်ခရိုင်ကို စောင့်ကြပ်နေတဲ့ ကောင်းကင်လူသား စွမ်းအားရှင်ကို သတ်နိုင်ရင် အာဏာရှင်မှာ အနိုင်ရဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး။”
ယွမ်ထျန်း၏စကားကို ကြားသောအခါ ကျင်းယုဂိုဏ်း၏ ဂိုဏ်းချုပ် ကျိုးယန်က လှောင်ရယ်ရယ်လိုက်သည်။
“ဒီအာဏာရှင်က ကျုပ်တို့ကို တကယ်ပဲ အထင်သေးနေတာပဲ။ ကျုပ်တို့က နာခံပြီးတော့ ကျုပ်တို့ဂိုဏ်းတွေကို ဖျက်သိမ်းလိမ့်မယ်လို့ ထင်နေတာ။”
စစ်ယုဟွာက ဝင်ပြောလိုက်သည်။
“နတ်ဘုရားတွေက ဖျက်ဆီးချင်တဲ့သူကို အရင်ဆုံး ရူးသွပ်စေတတ်တယ်။ အာဏာရှင်က အရမ်း မောက်မာပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတယ်။ သူ့ရဲ့ကျဆုံးခန်း ဒီလောက်မြန်မြန်ရောက်လာတာ သဘာဝကျပါတယ်။”
“အဲ့ဒီလိုဆိုရင်တော့ နောက်နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့။”
ကျိုးယန် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ
“စကားမစပ်။ ယွဲ့ဧကရာဇ်နဲ့ အခြေအနေ ဘယ်လိုရှိလဲ။”
ယွမ်ထျန်းက
“ယွဲ့ဧကရာဇ်က ပြောတယ်။ ကျုပ်တို့ မြို့ကို တိုက်ခိုက်တာနဲ့ သူက နန်းတော်ကို ချက်ချင်း ထိန်းချုပ်ပြီးတော့ မြို့တံခါးတွေ ဖွင့်ပေးဖို့ လူတွေ လွှတ်မယ်တဲ့။”
“ရန်ခရိုင်ကို ကာကွယ်နေတဲ့ ကောင်းကင်လူသား စွမ်းအားရှင်ကို ကျုပ်တို့ မနိုင်ရင် သူကလည်း ကူညီပေးနိုင်တယ်။”
ကျိုးယန်က
“ဒါဆိုရင်တော့ အကောင်းဆုံးပဲပေါ့။”
ကျိုးယန် သူ၏လက်ထဲရှိ အရက်ခွက်ကို မြှောက်လိုက်သည်။
“ဒါဆိုရင် ကျုပ်တို့ရဲ့ခရီး ချောမွေ့ပြီး အောင်ပွဲအမြန်ရဖို့အတွက် သောက်ကြစို့။”
အရက်ဆိုင်ထဲရှိ လူအားလုံးလည်း သူတို့၏ခွက်များကို မြှောက်ကြပြီး အတူတကွ သောက်လိုက်ကြသည်။
ထိုစဉ် ယွမ်ထျန်း၏ မျက်နှာပေါ်ရှိ အပြုံးသည် စိတ်ကျေနပ်ဖွယ် အရာတစ်ခုကိုတွေးတောမိသွားသည့်အလား ပို၍နက်ရှိုင်းသွားသည်။
.........
ချွမ်နိုင်ငံတော်။
အချိန်က လျင်မြန်စွာကုန်ဆုံးသွားသည်။ မကြာမီ လုချန်း တောင်ပိုင်းသို့ စစ်ချီလာသော သတင်းသည် ချွမ်နိုင်ငံတော်သို့ ရောက်ရှိသွား၏။
ချွမ်နိုင်ငံတော်ရှိ ခရိုင်အုပ်ချုပ်ရေးမှူးအချို့သည် ဆွမ်ဧကရာဇ်ဆိုသော ထိုကြမ်းကြုတ်သည့် အာဏာရှင်က သူတို့ကို တိုက်ခိုက်ရန် ကိုယ်တိုင်စစ်တပ်ကို ဦးဆောင်လာသည်ဟု ကြားသိသောအခါ ချက်ချင်းပင် လက်နက်ချစာများကို ပြင်ဆင်လာကြသည်။
ချွမ်နိုင်ငံတော်တွင် ကပ်ရောဂါတစ်ခု ဆိုးရွားစွာဖြစ်ပွားနေသောကြောင့် ပြည်သူများ ဒုက္ခရောက်နေပြီး ချွမ်စစ်တပ်တွင် တကယ့်တိုက်ခိုက်ရေးအင်အား မရှိပေ။
ရှနိုင်ငံတော်၏ ထိပ်တန်းစစ်သည်တော်များကို တားဆီးရန် နည်းလမ်းမရှိသောကြောင့် လူများကို သေမင်းထံသို့ ပို့မည့်အစား လက်နက်ချလိုက်ခြင်းက ပို၍ ပညာရှိရာရောက်၏။
လက်နက်ချခြင်းကသာ သူတို့၏အသက်ကိုပင် ကယ်တင်နိုင်ပေမည်။ အဘယ်ကြောင့်ဆိုသော် ဆွမ်ဧကရာဇ်သည် ဤမျှကြီးမားသော နယ်မြေကို အုပ်ချုပ်ရန် အရည်အချင်းရှိသူများစွာကို လိုအပ်မည်ဖြစ်သောကြောင့်ဖြစ်သည်။
ချွမ်နိုင်ငံတော်မှ အရာရှိများ၏ စိတ်ထဲတွင် သူတို့၏အလုပ်များကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်ချက် ရှိနေသေး၏။ သူတို့၏ ယူနီဖောင်းများကို ပြောင်းလဲလိုက်ရုံသာ ဖြစ်သည်။
……
ထိုအချိန်တွင်။
ချွမ်နိုင်ငံတော်။
နန်းတော်။
တော်ဝင်ဥယျာဉ်ထဲတွင် ထိုင်နေသော လျှိုချင်းချိုသည် အစိမ်းရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထား၏။ တောက်ပသော ဝတ်စုံသည် သူမ၏ ခန္ဓာကိုယ်အလှကို ပြည့်စုံစွာ ဖော်ပြနေသည်။ သူမ၏ဆံပင်ကို ရွှေရောင်ဆံထိုးများဖြင့် ထုံးဖွဲ့ထားပြီး ရင့်ကျက်ပြီး ကျက်သရေရှိ နေစေသည်။
လျှိုချင်းချို မုယန်စီနှင့် စကားပြောနေစဉ် စစ်သည်တစ်ဦး ဥယျာဉ်ဝင်ပေါက်တွင် ရုတ်တရက် ပေါ်လာသည်။
“အရှင်မ ဒုက္ခရောက်ပါပြီ။ ရှနိုင်ငံတော်က တပ်တွေ လွှတ်လိုက်ပါပြီ။”
စစ်သည်သည် ထိုသို့ပြောဆိုရင်း ထောက်လှမ်းရေးအစီရင်ခံစာကို မြှောက်ကိုင်ကာ ဒူးထောက်လိုက်သည်။
လျှိုချင်းချို လက်ဝှေ့ယမ်းလိုက်ရာ အစီရင်ခံစာက သူမ၏လက်ထဲသို့ ပျံသန်းဝင်ရောက်လာ၏။ သူမ အစီရင်ခံစာကို အလျင်အမြန် ဖွင့်ဖတ်လိုက်သည်။ စာပါ အကြောင်းအရာကို မြင်သောအခါ သူမ၏အမူအရာ ပို၍ပင် အေးစက်သွား၏။
“ဟမ်။ ဆွမ်ဧကရာဇ်က တကယ်ပဲ သူ့ကိုယ်သူ ယုံကြည်မှုရှိနေတာပဲ။ တပ်အင်အား ငါးသိန်းနဲ့ ချွမ်နိုင်ငံတော်ကို သိမ်းနိုင်မယ်လို့ ထင်နေတာ။”
ဘေးမှ မုယန်စီက ဝင်ပြောလိုက်သည်။
“သူ့ကို အထင်မသေးသင့်ဘူး။ သူက ဝူနိုင်ငံတော်ကိုရော ကျူးနိုင်ငံတော်ကိုပါ သိမ်းပိုက်ခဲ့တာ။ သူက သာမန်လူမဟုတ်ဘူး။”
လျှိုချင်းချိုက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။
“သူက လာရဲတယ်ဆိုတော့ သူ့အတွက် အသွားပဲရှိပြီး အပြန်မရှိတဲ့ ခရီးဖြစ်အောင် ကျွန်မက သေချာလုပ်ပေးရမှာပေါ့။”
ထိုသို့ပြောပြီးနောက် လျှိုချင်းချိုက
“ရှင့်ဆီမှာလည်း စိတ်ဝိညာဉ် ပစ္စည်းတစ်ခု ရှိတယ်မဟုတ်လား။ သူ လှုပ်ရှားရင် ရှင်က ကျွန်မအတွက် တားထားပေး။ ကျွန်မက သူ့ကို ရှင်းပစ်ဖို့ အချိန်ကောင်းကို ရှာမယ်။”
လျှိုချင်းချို၏ စကားကို ကြားသောအခါ မုယန်စီ၏ မျက်လုံးများထဲတွင် အရောင်တစ်ချက်လက်သွားကာ ပြုံးလိုက်ပြီး
“ကောင်းပြီလေ။ အဲ့ဒီ အချိန်ကျရင် ရှင် ဆွမ်ဧကရာဇ်ကို ကြောက်ပြီး ပုန်းမနေဖို့ပဲ ကျွန်မ မျှော်လင့်ပါတယ်။”
လျှိုချင်းချို ဘာကြံစည်နေသည်ကို မုယန်စီ အသေအချာ သိ၏။ လျှိုချင်းချို၏ အကြံမှာ သူမနှင့် လုချန်းကို အရင်တိုက်ခိုက်စေပြီး နှစ်ဦးစလုံး အင်အားချည့်နဲ့သွားစေပြီးမှ သူမက ဝင်ရောက်၍ အောင်ပွဲခံရန် ဖြစ်သည်။
သို့သော် လျှိုချင်းချို၏ အကြံအစည်ကို ထုတ်မပြောရန် မုယန်စီ ရွေးချယ်ခဲ့၏။ အခြေအနေများ မကောင်းပါက သူမလည်း ချက်ချင်း ထွက်ပြေးပြီး လျှိုချင်းချိုနှင့် လုချန်းကို သူတို့ဘာသာ ရင်ဆိုင်စေရန် စီစဉ်ထားသည်။
မူလအစကမ္ဘာ၏ နယ်ပယ်မှ စွမ်းအားရှင်တစ်ဦးဖြစ်သော သူမအတွက် လွတ်မြောက်ရန်က ပြဿနာမဟုတ်ပေ။ ကောင်းကင်လူသား စွမ်းအားရှင်များကို သတ်နိုင်သော လက်နက်တစ်ခု ပိုင်ဆိုင်ထားသည့် လုချန်းကို ရင်ဆိုင်ပြီး လျှိုချင်းချိုအတွက် သူမ၏အသက်ကို စွန့်စားမည် မဟုတ်ပေ။
ထိုလက်နက်က သူမကို တစ်ချက်ထိမှန်လျှင်ပင် သူမ အပြင်းအထန် ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်း ဖြစ်နိုင်မည်။
ထိုအခိုက်အတန့်တွင် လျှိုချင်းချိုက
“ကျွန်မ ရှင့်ကို သတိပေးဖို့ လိုတယ်။ လုချန်းကို ရှင်းပြီးတာနဲ့ ကျွန်မတို့ရဲ့ မဟာမိတ်ဖွဲ့မှုက ချက်ချင်း ပျက်ပြယ်သွားမှာ။”
လျှိုချင်းချို၏ သတိပေးစကားကို ကြားသောအခါ မုယန်စီ ညင်သာစွာ ရယ်မောလိုက်၏။ ထိုနောက် မေးလိုက်သည်။
“မိဖုရားခေါင်က စစ်မြေပြင်မှာ ကျွန်မကို အရေးယူဖို့များ စီစဉ်နေတာတော့ မဟုတ်ပါဘူးနော်။”
လျှိုချင်းချိုက မျက်နှာသေဖြင့်
“ကျွန်မ အဲ့ဒီလို အောက်တန်းကျတဲ့ အလုပ်မျိုး မလုပ်ဘူး။”