မင်းကြီးသည် မေတ္တာတရားကြီးသော ဘုရင်တစ်ပါး ဖြစ်သည်
Vol. 58 Ch. 870
လျှိုချင်းချို၏ တုံ့ပြန်မှုကို ကြားသောအခါ
မုယန်စီက ထိုစကားကို အလေးအနက်မထားသည့်အလား ဖျော့တော့စွာ ပြုံးလိုက်သည်။
အကယ်၍ လုချန်း စစ်မြေပြင်တွင် အမှန်တကယ် သေဆုံးသွားခဲ့ပါက ဘုံရန်သူမဲ့သွားသည့် အချိန်တွင် လျှိုချင်းချို သူမကို တိုက်ခိုက်လာနိုင်ခြေ အလွန်များ၏။
ဘုံ ရန်သူမရှိလျှင် သူတို့သည် ရန်သူများသာ ဖြစ်ကြပေမည်။
ဟုတ်ပါသည်။ ဒါတွေက နောင်မှ ဖြစ်လာမည့် ကိစ္စဖြစ်၏။
ပထမဦးစွာ သူတို့သည် အခက်ခဲဆုံးသော ရန်သူဖြစ်သည့် လုချန်းကို အရင်ဖြေရှင်းရန် လိုအပ်သည်။ အကယ်၍ လုချန်းသာ အသက်ရှင်နေသေးပါက သူတို့နှစ်ယောက်လုံး၏ ရည်မှန်းချက်များ အောင်မြင်ပြည့်ဝနိုင်မည် မဟုတ်သလို ဤကမ္ဘာမှလည်း ထွက်ခွာနိုင်မည် မဟုတ်ချေ။
…….
တစ်ချိန်တည်းမှာပင်…
ရန်ခရိုင်။
ယနေ့နံနက်တွင် ရန်ခရိုင်ကို မိုးတိမ်မည်းများက ဖုံးလွှမ်းထား၏။ ထူထပ်သော တိမ်တိုက်များသည် ကောင်းကင်ကြီး ပြိုကျတော့မည့်အလား မြေပြင်ကို ဖိနှိပ်ထားသည်။
လေထုသည်လည်း အလွန်ပင် ဖိအားများနေပြီး လူများအတွက် အသက်ရှူရပင် ခက်ခဲစေ၏။
ရန်ခရိုင် အန္တရာယ်ကျရောက်လာတော့မည်ဟု ရာသီဥတုအခြေအနေက နိမိတ်ပြနေခြင်းတော့ မဟုတ်ပါ။ ချူးယုချင်က သွေးကြောခုနှစ်ချက်ကာကွယ်ရေးပုံစံကို အသက်သွင်းထားသောကြောင့်သာ ဖြစ်သည်။ ထိုပုံစံသည် စိတ်ဝိညာဉ်စွမ်းအင်များကို အငမ်းမရ စုပ်ယူနေခဲ့သဖြင့် ကောင်းကင်တွင် ထူးဆန်းသော ဖြစ်ရပ်များ ဖြစ်ပေါ်စေပြီး လေထုကို လေးလံစေ နေခြင်းသာဖြစ်သည်။
ယနေ့တွင် ဂိုဏ်းပေါင်းစုံက ရန်ခရိုင်ကို လာရောက်တိုက်ခိုက်မည်ဟူသော သတင်းကိုချူးယုချင်တို့ ကြိုတင်ရရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် နံနက်စောစောကတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့၏။
ထိုအချိန်တွင် အခြားဂိုဏ်းအင်အားစုများကို ဦးဆောင်နေသော ထျန်းဝူဂိုဏ်းသည်လည်း အသင့်ဖြစ်နေခဲ့ပြီဖြစ်သည်။ သူတို့သည် ရန်ခရိုင်မှ ကီလိုမီတာအနည်းငယ်အကွာရှိ တောအုပ်တစ်ခုတွင် စုရုံးနေခဲ့ကြသည်။
ရန်ခရိုင်ကို ဝင်ရောက်တိုက်ခိုက်ရန် အမိန့်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။
အချိန်အတန်ကြာပင်ပြီးနောက် ရန်ခရိုင်၏ မြို့တံခါးတွင် အဝါရောင်အလံတစ်ခု ရုတ်တရက် ပေါ်လာလေသည်။ ထိုအလံကို မြင်သောအခါ ယွမ်ထျန်းက အခြားဂိုဏ်းအင်အားစုများမှ လူများကို ချက်ချင်း ပြောလိုက်သည်။
“ယွဲ့ဧကရာဇ် စလှုပ်ရှားပြီ။ သူက ရန်ခရိုင်ကို စောင့်နေတဲ့ ကောင်းကင်လူသားကို မကြာခင် ဆွဲထုတ်တော့မှာ။ ကျုပ်တို့လည်း လှုပ်ရှားသင့်ပြီ။”
ထိုသို့ပြောပြီးနောက် ယွမ်ထျန်းလည်း တပည့်တစ်စုကို ဦးဆောင်ကာ ရန်ခရိုင်ဘက်ဆီသို့ ဦးတည်လိုက်သည်။
ခဏအကြာတွင် ရန်ခရိုင်အထက်ရှိ ကောင်းကင်ယံ၌ တိုက်ခိုက်နေကြပုံရသော ပုံရိပ်နှစ်ခု ပေါ်လာခဲ့၏။ ခဏအကြာတွင် ထိုပုံရိပ်နှစ်ခုသည် ရန်ခရိုင်၏ မြို့ရိုးအပြင်ဘက်တွင် ပေါ်လာခဲ့သည်။
ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားသော ယွဲ့ဧကရာဇ်သည် အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော အခြားအမျိုးသမီးတစ်ဦးကို လိုက်လံတိုက်ခိုက်နေ၏။
ပုံရိပ်နှစ်ခု ရန်ခရိုင်အပြင်ဘက်သို့ ရောက်လာသောအခါ ယွမ်ထျန်းက စစ်ယုဟွာနှင့် ကျိုးယန်တို့ကို ချက်ချင်း ပြောလိုက်သည်။
“ယွဲ့ဧကရာဇ်က ရန်ခရိုင်ကို စောင့်ရှောက်နေတဲ့ ကောင်းကင်လူသား စွမ်းအားရှင်ကို ဆွဲထုတ်လိုက်ပြီ။ ကျုပ်တို့ အတူတူ တိုက်ခိုက်ကြစို့။”
စကားဆုံးသည်နှင့် ယွမ်ထျန်းသည် ယွဲ့ဧကရာဇ်၏ နောက်မှလိုက်ကာ အစိမ်းရောင်ဝတ်အမျိုးသမီးကို လိုက်လံတိုက်ခိုက်လိုက်သည်။
ယွမ်ထျန်း လှုပ်ရှားသည်ကို မြင်သောအခါ စစ်ယုဟွာနှင့် ကျိုးယန်တို့သည် တွေဝေမနေ တော့ပဲ သူမနောက်သို့ လျင်မြန်စွာ လိုက်သွားကြသည်။
သို့သော် အစိမ်းရောင်ဝတ် အမျိုးသမီးသည် သူတို့နှင့် တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ရန် ရည်ရွယ်ချက် ရှိပုံမရပေ။ သူမသည် ရန်ခရိုင် အရှေ့ဘက်တောအုပ်ဆီသို့ အဆက်မပြတ် ပြေးလွှားနေခဲ့၏။ သူမ၏အရှိန်က အလွန်မြန်ဆန်လှသည်။
စစ်ယုဟွာနှင့် ကျိုးယန်တို့လည်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း တဖြည်းဖြည်း ခံစားလာမိကြ၏။ ဤကောင်းကင်လူသား စွမ်းအားရှင်ကို ဆွမ်ဧကရာဇ်က ရန်ခရိုင်ကို စောင့်ရှောက်ရန် ထားခဲ့ခြင်းဖြစ်သောကြောင့် သူမက ရန်ခရိုင်ကိုသာ တိုက်ရိုက်ကာကွယ်ရမည် ဖြစ်သည်။ အဘယ်ကြောင့် ယခုကဲ့သို့ အလွန်မြန်ဆန်စွာ ပြေးလွှားနေရသနည်း။
အကယ်၍ ဤကောင်းကင်လူသားသာ ထွက်ပြေးသွားပါက ရန်ခရိုင် ကျဆုံးသွားနိုင်သည်။ လုချန်း၏ ဇနီးများနှင့် ကလေးများသည်လည်း သူတို့ ဂိုဏ်းအင်အားစုများ လက်ထဲသို့ ရောက်ရှိသွားနိုင်၏။ ထိုအခါ လုချန်း ပြန်လာခဲ့လျှင် ဤကောင်းကင်လူသားကို အပြစ်တင်မည် မဟုတ်ပါလား။
ဒါမှမဟုတ် ဤကောင်းကင်လူသား စွမ်းအားရှင်သည် သူတို့နှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိကြောင်း သိသောကြောင့် ရန်ခရိုင်ကို လက်လွတ်လိုက်ခြင်းများလား။ လုချန်း၏ ဇနီးများနှင့် ကလေးများအားလည်း သူမ၏အသက်ထက် ပို၍ဂရုမစိုက်နိုင်တော့သောကြောင့်လား။
အကယ်၍ ထိုသို့သာ ဖြစ်ပါက ဤကောင်းကင်လူသားကို မညှာမတာ လိုက်လံတိုက်ခိုက်ရန် မလိုအပ်တော့ပေ။ မည်သို့ပင်ဖြစ်စေ လုချန်း ပြန်လာ၍ ရန်ခရိုင်ကို ဂိုဏ်းအင်အားစုများက သိမ်းပိုက်ထားပြီး သူ၏မိသားစု အခြားသူများ၏ လက်ထဲသို့ ကျရောက်နေသည်ကို မြင်ပါက ဤကောင်းကင်လူသားကို လုချန်း အလွယ်တကူ ခွင့်လွှတ်မည် မဟုတ်သည်မှာ သေချာ၏။
ကျိုးယန်က ယွမ်ထျန်းကို သူတို့ ဆက်လိုက်ရန် မလိုအပ်တော့ကြောင်း ပြောတော့မည့်ဆဲဆဲတွင် အစိမ်းရောင်ဝတ်အမျိုးသမီး ရုတ်တရက် ရပ်တန့်သွားလေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ကျိုးယန်နှင့် စစ်ယုဟွာတို့ အံ့အားသင့်သွားကြသည်။
ဤအမျိုးသမီး သူတို့နှင့် တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဟု သူတို့ ယူဆလိုက်ကြပြီ သူမကို လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည့် အချိန်မှာပင် သူမ ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။
ယွမ်ရှန်ရှန် ရပ်တန့်သွားပြီးနောက် လီချင်ရို့လည်း လေထဲတွင် ခေတ္တရပ်တန့်သွား၏။ ထိုအချိန်အထိ ကျိုးယန်နှင့် စစ်ယုဟွာတို့သည် သူတို့ ထောင်ချောက်ထဲသို့ ကျရောက်နေပြီဖြစ်ကြောင်း လုံးဝ သတိမထားမိသေးချေ။
စစ်ယုဟွာက စကားစလိုက်သည်။ “မိန်းကလေး။ ခင်ဗျား ဘယ်ဂိုဏ်းကလဲဆိုတာ ကျွန်တော် မသေချာပေမဲ့ ခင်ဗျားသာ ကိုယ့်အမှားကိုယ်သိပြီး အာဏာရှင်ဘက်ကနေ ထွက်သွားမယ်ဆိုရင် ကျွန်တော်တို့ ခင်ဗျားကို လက်ဖျားနဲ့တောင် မထိပါဘူး။”
ယွမ်ရှန်ရှန်က စစ်ယုဟွာ၏ စကားများကို တုံ့ပြန်ခြင်းမပြုပဲ သူတို့ကို အေးစက်သော အကြည့်ဖြင့် ဝေ့ကြည့်လိုက်သည်။
ထို့နောက် သူမက အေးစက်စွာ ပြောလိုက်သည်။
“ကောင်းကင်လူသား အဆင့်နှစ်ယောက်တည်းအတွက် ဒီလောက်အဝေးကြီးထိ လာပြီး လှုပ်ရှားရတာ တကယ်ကို အချိန်ဖြုန်းရတာပဲ။”
ယွမ်ရှန်ရှန်၏ စကားကို ကြားသောအခါ စစ်ယုဟွာနှင့် ကျိုးယန်တို့ တုန်လှုပ်သွားကြသည်။
ကောင်းကင်လူသား အဆင့်နှစ်ယောက်အတွက်လား။ နှစ်ယောက်သာဟု သူဆိုလိုနေခြင်းလား။
ယွဲ့ဧကရာဇ် အပါအဝင် သူတို့ဘက်တွင် ကောင်းကင်လူသား လေးယောက်ရှိသည် မဟုတ်ပါလား။ အဘယ်ကြောင့် ဤအမျိုးသမီးက နှစ်ယောက်ဟု ပြောရသနည်း။
တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သူတို့ ချက်ချင်း သတိထားလိုက်ကြသည်။
သို့သော် အချိန်နှောင်းသွားခဲ့လေပြီ။ ထိုအချိန်တွင် ယွမ်ထျန်း ရုတ်တရက် လှုပ်ရှားလိုက်ပြီး စစ်ယုဟွာ၏ ကိုယ်ကို ဓားဖြင့် ထိုးလိုက်သည်။
စစ်ယုဟွာထံမှ သွေးများ ပန်းထွက်လာပြီး ဖြစ်ပျက်နေသည့်အရာကို သူ ချက်ချင်း သဘောပေါက်သွား၏။
“ယွမ်ထျန်း… မင်း။”
ကျိုးယန်သည်လည်း တစ်ခုခု အလွန်မှားနေကြောင်း သဘောပေါက်သွားသည်။ သူကယွမ်ထျန်းကို လျင်မြန်စွာ တိုက်ခိုက်လိုက်ပြီး ယွမ်ထျန်းနှင့် သူ၏ကြားတွင် အကွာအဝေးတစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်သည်။
ထိုအချိန်တွင် ယွမ်ရှန်ရှန်၊ လီချင်ရို့နှင့် ရှထျန်းယွမ်တို့သည် တြိဂံပုံစံဖြင့် နေရာယူထားကြပြီး ကျိုးယန်နှင့် စစ်ယုဟွာတို့မှာ ထိုတြိဂံအတွင်းတွင် ရှိနေကြ၏။
ကျိုးယန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ယွမ်ထျန်း၊ ယွဲ့ဧကရာဇ် ဒါ ဘာအဓိပ္ပာယ်လဲ။”
ဤအချိန်တွင် ရှထျန်းယွမ်က ပြုံးလျက် ပြောလိုက်သည်။
“ကိုယ့်ကိုယ်ကိုယ် ပြန်မိတ်ဆက်ခွင့်ပြုပါ။ ကျွန်တော့်နာမည်က ရှထျန်းယွမ်။ အရင်က နေဝင်ဆည်းဆာ ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ။ အခုတော့ လော့ယန်အကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး ဖြစ်ပါတယ်။”
စကားပြောနေစဥ်မှာပင် ရှထျန်းယွမ်၏ မူလရုပ်သွင်သည် ပေါ်ထွက်လာခဲ့သည်။ သူ၏ မျက်နှာအမှန်ကို မြင်လျှင် မည်သူမဆို ဘာဖြစ်နေသည်ကို သဘောပေါက်သွားမည် ဖြစ်၏။
ဤအချိန်တွင် စစ်ယုဟွာက သူ၏ သွေးထွက်နေဆဲ ဒဏ်ရာကို ဖုံးအုပ်ကာ အားနည်းစွာဖြင့် ပြောလိုက်သည်။
“ဒါဆို ဒါတွေအားလုံးက အာဏာရှင်ရဲ့ ပရိယာယ်ပဲပေါ့။”
စစ်ယုဟွာသည် ရှထျန်းယွမ်၏ ဓားဖြင့် ထိုးဖောက်ခံခဲ့ရသော်လည်း သူသည် ကောင်းကင်လူသား စွမ်းအားရှင်တစ်ဦး ဖြစ်သောကြောင့် အလွယ်တကူ သေဆုံးမည်တော့ မဟုတ်ပေ။
သို့သော် ဤအခြေအနေတွင် စစ်ယုဟွာ ဒဏ်ရာမရခဲ့လျှင်လည်း သူတို့နှစ်ယောက်အတွက် ကောင်းကင်လူသားအဆင့် သုံးယောက်ကို ရင်ဆိုင်ရန် ခက်ခဲမည်ဖြစ်သည်။ အထူးသဖြင့် သူတို့ထဲမှ တစ်ယောက်က ဓားပညာ၏ သဘောတရားကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားသူ တစ်ဦးဖြစ်နေလျှင်ဖြစ်သည်။
ထို့နောက် စစ်ယုဟွာက ဆက်ပြောလိုက်သည်။
“ကျုပ် အရမ်းသိချင်တာက ဘာလို့ ကျုပ်တို့ မြို့ဟောင်းမှာ ရှိနေတုန်းက အာဏာရှင်က တိုက်ရိုက်မလှုပ်ရှားခဲ့တာလဲ ဆိုတာပဲ။”
ရှထျန်းယွမ်သည် သူတို့၏ ဂိုဏ်းအင်အားစုများ၏ အစီအစဉ်များကို အစကတည်းက သိခဲ့၏။ အကယ်၍ အာဏာရှင်က သူတို့ကို ဖြေရှင်းလိုခဲ့ပါက သူတို့နှစ်ယောက်လုံးကို တိုက်ရိုက်ရှင်းလင်းရန် မြို့ဟောင်းသို့ တစ်စုံတစ်ယောက် စေလွှတ်လိုက်ရုံသာ ဖြစ်သည်။ ယခုအချိန်ထိ စောင့်ဆိုင်းနေရန် မလိုအပ်ပေ။
ရှထျန်းယွမ်က ပြုံးလျက်
“ကျုပ်တို့ရဲ့မင်းကြီးက မေတ္တာတရား ကြီးမားပြီး ဖြောင့်မတ်မှုရှိတဲ့ ဘုရင်တစ်ပါးပါ။ ခိုင်မာတဲ့ သက်သေ ထောက်အထား မရှိပဲနဲ့ သူက လူတွေကို ပေါ့ပေါ့ဆဆ မသတ်ပါဘူး။”
ရှထျန်းယွမ်၏ အဖြေကို ကြားသောအခါ ကျိုးယန်က မထီမဲ့မြင်ဟန်ဖြင့်
“အဓိပ္ပာယ်မရှိတဲ့ မေတ္တာတရားနဲ့ ဖြောင့်မတ်မှုပဲ။ သိပ်ကို ဟန်ဆောင်ကောင်းတာပဲ။”
အာဏာရှင်က သူတို့အား ပုန်ကန်ဖို့ သွေးဆောင်ရန်အတွက် ရှထျန်းယွမ်ကို စေလွှတ်ခဲ့ပြီး မေတ္တာတရားနှင့် ဖြောင့်မတ်မှုအကြောင်းကို ပြောနေသေးသည်။ အာဏာရှင်သည် ဤဂိုဏ်းအင်အားစုများကို ရှင်းလင်းရန်အတွက် အကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်တစ်ခုကို ရှာဖွေနေခြင်းသာ ဖြစ်၏။
ယခု ဤဂိုဏ်းအင်အားစုများသည် တက်ကြွစွာ ပုန်ကန်ခဲ့ကြပြီဖြစ်သောကြောင့် ဂိုဏ်းအင်အားစုများ သူ့အလိုလို ပြိုကွဲသွားသည်ကို စောင့်ဆိုင်းနေရန်မလိုတော့ပဲ တိုက်ရိုက်အရေးယူနိုင်ပြီ ဖြစ်သည်။
ရှထျန်းယွမ်က
“ကဲ။ ခင်ဗျားတို့နှစ်ယောက်လုံး အကြောင်းစုံ သိသွားကြပြီဆိုတော့ ခင်ဗျားတို့ကို ခရီးဆုံးထိ ပို့ပေးလိုက်ပါရစေ။”