မောက်မာသော သဘောထား
Vol. 149 Ch. 2112
ရီဖူရှင်းက မုယွင်လန်နှင့် သူ့အနီးရှိ နန်ဟိုင်မိသားစုမှ လူများကို ကြည့်လိုက်သည်။ သူက ပြောသည် "မင်းဘေးက လူတွေလည်း အပြင်လူတွေပဲလေ။ အဲဒါ ပြဿနာရှိလို့လား။"
"မရှိဘူး။" မုယွင်လန်က ပြန်ဖြေလိုက်၏။
နန်ဟိုင်ဝူကျီး၏ ခန္ဓာကိုယ်မှ မမြင်နိုင်သော စွမ်းအားများ ထွက်ပေါ်လာပြီး ရီဖူရှင်းထံ ဖိနှိပ်လာသည်။ ရီဖူရှင်းက မျက်မှောင်ကြုတ်ကာ နန်ဟိုင်ဝူကျီးအား စိုက်ကြည့်လိုက်သည်။
သူသည် နန်ဟိုင်ဝူကျီးက မည်မျှ အန္တရာယ်များကြောင်း သေချာခံစားမိ၏။
"ကျုပ်ကြားတာတော့ မဟာအင်ပါယာက ဆရာသခင်အဆင့်ကျွမ်းကျင်သူတွေကို လေးမျက်နှာကျေးရွာအတွင်း ခြေချမှာ တားမြစ်ထားတယ်တဲ့။" ရီဖူရှင်းက ပြောလိုက်သည်။
နန်ဟိုင်ဝူကျီး၏ အမူအရာက တည်ငြိမ်နေသည်။ သေချာပေါက် သူက ထိုတားမြစ်ချက်ကို သိရှိပေသည်။ ရှန်ချင်းနယ်မြေရှိ မည်သူမှ ထိုအကြောင်းအား မသိသူမရှိပေ။ ၎င်းသည်ပင် ယခင်က သူတို့ လေးမျက်နှာကျေးရွာသို့ လာရောက်ခြင်းမရှိသည့် အကြောင်းရင်းဖြစ်၏။
ယခုကား ထိုအခွင့်အရေးကို ရလာခဲ့ပြီဖြစ်သည်။ ကျေးရွာသို့ လာလျှင်ပင် သူသည် အပြစ်ပေးခံရတော့မည် မဟုတ်တော့ပေ။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက မဟာအင်ပါယာရဲ့ သံတမန်တွေက အမိန့်သစ် ထုတ်ပြန်လိုက်တယ်။ လေးမျက်နှာကုန်းမြေ၊ လေးမျက်နှာကျေးရွာနဲ့ ပတ်သတ်တဲ့ တားမြစ်ချက်ကို အခု ပယ်ဖျက်လိုက်ပြီ။" မုယွင်လန်က ရီဖူရှင်းအား ပြောလိုက်သည်။ သူ့စကားလုံးများက လူအများကို ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေသည်။ အချို့လူများသည် ပြင်ပဘုံ၌ နေထိုင်သော မိသားစုများမှတဆင့် ထိုအကြောင်းကို ကြားသိပြီးသား ဖြစ်သော်လည်း ဤနေရာရှိ လူအများစုက ထိုအကြောင်းကို မသိကြသေးပေ။
လေးမျက်နှာကျေးရွာမှ လူများသည် အတော်လေး ဝေခွဲမရဖြစ်သွားကြ၏။ သူတို့က မဟာအင်ပါယာ၏ ကာကွယ်ပေးမှု၌ အသားကျနေခဲ့ပြီး ဖြစ်သည်။ ယခု တားမြစ်ချက်အား ပယ်ဖျက်လိုက်ခြင်းက မည်သည့်သဘောကို ဆောင်သနည်း။
ရီဖူရှင်း အံ့အားသင့်သွားသည်။ မဟာအင်ပါယာက မည်သည့်အတွက်ကြောင့် တားမြစ်ချက်အား ရုတ်သိမ်းလိုက်ရသနည်း။
"ဘယ်တုန်းကလဲ" အဘိုးမာက မျက်လုံးများကို ကျဥ်းမြောင်းကာ မေးလိုက်သည်။
"မဟာအင်ပါယာက ကောင်းကင်ဒေသကို အုပ်စိုးတယ်။ သူမသိတဲ့ အရာ ဘာတစ်ခုမှ မရှိဘူး။ လေးမျက်နှာကျေးရွာမှာ ဖြစ်သမျှ အရာအားလုံးကလည်း သူ့အာရုံစိုက်မှုကနေ ပြေးမလွတ်ဘူး။ အခု လေးမျက်နှာကျေးရွာက ပြောင်းလဲမှုတွေ ကြုံတွေ့ရပြီး ပြင်ပဘုံနဲ့ အဆက်အသွယ်ပြုမယ်ဆိုမှတော့ တားမြစ်ချက်က ဘယ် လိုအပ်တော့မှာလဲ။" မုယွင်လန်က တည်ငြိမ်စွာ ပြောသည်။
ရီဖူရှင်း၏ မျက်နှာထက်တွင် ထူးဆန်းသော အမူအရာဖြစ်လာသည်။ သူသည် လွန်ခဲ့သော နှစ်များစွာက အရှေ့မြေရိုင်းလွင်ပြင်၌ ရှိခဲ့သော အချိန်ကို ပြန်အမှတ်ရ၏။ အရှေ့မြေရိုင်းလွင်ပြင်ဒေသနှင့် ပတ်သတ်သော ဥပဒေက ရုတ်သိမ်းခံလိုက်ရပြီး မကြာခင်၌ မင်းသမီးဒွန်ဟောင်ရောက်ရှိလာကာ ဆရာဒူကို ခေါ်ဆောင်သွားခဲ့ပေသည်။
ထို့နောက်တွင် သူသည် အထက်ဘုံသို့ ဝင်ရောက်ခဲ့ပြီး လေဟာနယ်ဘုံ၌ သေလုနီးပါး ဖြစ်ခဲ့ရ၏။ မင်းသမီးဒွန်ဟောင်က သူ့ကို လေဟာနယ်ဘုံ၏ တံခါးကို ဖြတ်သန်းခွင့်ပြုခြင်းဖြင့် အသက်ဆက်ရှင်စေခဲ့သည်။
ယခု သူ ရောက်ရှိလာပြီးနောက် လေးမျက်နှာကျေးရွာ၏ တားမြစ်ချက်က ရုတ်သိမ်းသွားခဲ့သည်။ ထိုကိစ္စနှစ်ခုက တစ်ခုခု ဆက်စပ်နေသကဲ့သို့ပင်။
သူ သွားသမျှ နေရာတိုင်း အရှင်ဒွန်ဟောင်၏ စောင့်ကြည့်မှု၌သာ ရှိနေသည်ဟု ဆိုလိုသည်လား။ မဟာအင်ပါယာက လေးမျက်နှာကျေးရွာ၌ ဖြစ်ပျက်သမျှ အားလုံးကို သိရှိလေရာ ရီဖူရှင်း ရောက်နေသည့်အကြောင်းကိုလည်း သိမည်မှာ သေချာ၏။
ဤသည်က ကောင်းသော အချက်မဟုတ်ပေ။ ထို့အပြင် အရှင်ဒွန်ဟောင်က တားမြစ်ချက်ကို ပယ်ဖျက်လိုက်ခြင်းအား သူ နားမလည်ပေ။
လေးမျက်နှာကျေးရွာက ယခုအချိန်၌ စည်းမျဥ်းများကို ပယ်ဖျက်ကာ ပြင်ပလောကနှင့် ထိတွေ့ဆက်ဆံတော့မည် ဖြစ်သည့်အတွက် ထပ်မံ ကာကွယ်ပေးရန် မလိုတော့ဟု တွေးမိ၍ပေလော။
"တားမြစ်ချက်က ပျက်ပြယ်သွားပြီဆိုမှတော့ အခု အပြင်လူတွေလည်း လေးမျက်နှာကျေးရွာထဲမှာ တိုက်ခိုက်လို့ရပြီ။" မုယွင်လန်က ရီဖူရှင်းအား စိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။ မမြင်နိုင်သည့် ဖိအားတစ်ခုက ချက်ချင်းပင် ရီဖူရှင်းအား လွှမ်းခြုံသွားခဲ့သည်။ ရီဖူရှင်းသည် ယခင်က သူ နင်ဟွာနှင့် ရင်ဆိုင်ခဲ့ရသည့် အချိန်အား အမှတ်ရလိုက်သည်။
မုယွင်လန်သည် ရှန်ချင်းနယ်မြေ၌ ကျော်ကြားသူ ဖြစ်၏။ သူ့တွင် ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားပေလိမ့်မည်။
ရီဖူရှင်း တစ်ယောက်တည်းသာ မုယွင်လုံ၏ စွမ်းအား သက်ရောက်မှု ခံရသူမဟုတ်ပေ။ မျက်မမြင်ထျယ်၊ အဘိုးမာနှင့် အခြားလူများသည်လည်း မမြင်နိုင်သော ဖိအားကို ခံစားလိုက်ရပေသည်။ အပြင်လူများက ရွာအတွင်း၌ တိုက်ခိုက်နိုင်ပါက တစ်ရွာလုံး အန္တရာယ်ကျရောက်ရပေလိမ့်မည်။ အဆုံးမှာတော့ ရွာသား အများစုက သာမန်လူများသာ ဖြစ်ကြ၏။
သူတို့သည် ဤသို့သော ကျပ်တည်းနေသည့် အခိုက်အတန့်တွင် မဟာအင်ပါယာက မည်သည့်အတွက်ကြောင့် တားမြစ်ချက်ကို ရုတ်သိမ်းလိုက်ရခြင်းအား မတွေးတတ်ကြပေ။
"မင်း အပြင်မှာနေနေတာနဲ့ပဲ မင်းကိုယ်မင်း ဘယ်သူဆိုတာ မမေ့သင့်ဘူး။" မျက်မမြင်ထျယ်က မုယွင်လန်အား ရင်ဆိုင်ကာ ပြောလိုက်သည်။ ယခု ရွာထဲတွင် တိုက်ခိုက်ခွင့်ရှိလျှင်ပင် မုယွင်လန်သည် သူကိုယ်တိုင်က လေးမျက်နှာကျေးရွာ၌ မွေးကာ ရွာထဲတွင် ကြီးပြင်းလာသည်ကို မမေ့သင့်ပေ။ ရွာအတွင်း၌ တိုက်ခိုက်ခြင်းသည် သူ့မွေးရပ်မြေကိုသာ ထိခိုက်စေပေလိမ့်မည်။
"ဒါပေါ့။ ကျုပ် ဘယ်သူလဲဆိုတာ မမေ့ပါဘူး။" မုယွင်လန်က မျက်မမြင်ထျယ်အား ကြည့်ကာ ပြောလိုက်သည်။ "ဒါက မုယွင်မိသားစု နေထိုင်ရာဖြစ်ပြီး ကျုပ် ကြီးပြင်းခဲ့တဲ့ နေရာပဲ။ ဘယ်သူကမှ ကျုပ်ထက်ပိုပြီး ရွာကို ကြီးပွားတိုးတက်စေချင်မှာ မဟုတ်ဘူး။ ကျုပ်က ရွာသားတွေကို ပြင်ပဘုံသွားလာနိုင်ပြီး အမြင်ကျယ် အတွေ့အကြုံ ရလာစေနိုင်ဖို့ မျှော်လင့်တယ်။ ဒါကြောင့် ကျုပ်က ရွာထဲမှာ တိုက်ခိုက်တာမျိုးကို သေချာပေါက် မကြိုက်ဘူးပေါ့။ ကိုယ်တိုင် စတိုက်ဖို့မပြောနဲ့ ဒီနေရာမှာ တစ်ယောက်ယောက်က စတင်တိုက်ခိုက်မှာကိုတောင် မမြင်ချင်ဘူး။"
"မင်း သိတယ်ဆိုလည်း ဘာလို့ ဆက်ပြောနေသေးလဲ။" အဘိုးမာက ပြောလိုက်သည်။
"ကျုပ်က ခင်ဗျားတို့ ဘယ်သူဆိုတာ ကိုယ့်ကိုယ်ကိုယ် မမေ့ကြဖို့ သတိပေးတာ။ ခင်ဗျားတို့အားလုံး ဘယ်သူက ရွာမှာ ကြီးပြင်းလာပြီး ဘယ်သူက အပြင်ဘက်က လာတယ်ဆိုတာ မမေ့သင့်ဘူး။" မုယွင်လန်က လူအုပ်ကြီးကို ကြည့်ကာ ထပ်ပြောလိုက်သည်။ "နတ်ဘုရားနည်းစနစ်ခုနစ်ပါးက ထွက်ပေါ်လာပြီး ရွာထဲက လူတွေလည်း အနာဂတ်မှာ ကျင့်ကြံနိုင်ကြတော့မယ်။ ကျုပ် ဆရာသခင်ကို ကူညီပြီး ကျင့်ကြံသူတွေ ပိုကျင့်ကြံနိုင်ဖို့ အရင်းအမြစ်တွေ ရွာအတွက် ထောက်ပံ့ပေးမယ်။ အဲဒါမှသာ လေးမျက်နှာကျေးရွာက ရှန်ချင်းနယ်မြေအတွင်းမှာ ခြေကုပ်ကောင်းကောင်း ယူနိုင်လိမ့်မယ်။ ဖြစ်ပြီးတာတွေကို ကျုပ်က ဗွေမယူဘဲ ခွင့်လွှတ်ပေးမယ်။"
သူ့အစ်ကိုကြီး၏ စကားကို ကြားသောအခါ မုယွင်ရှု အမူအရာက ပြောင်းလဲသွားသည်။ သူက ခေါင်းကို မော့ကာ သူ့အစ်ကိုကြီးအား ဇဝေဇဝါနှင့် ကြည့်လိုက်၏။ မုယွင်လန်က သူတို့ကို လွှတ်ပေးလိုက်တော့မည်လား။ မုယွင်ရှုသည် ထိုသို့သော ဆုံးဖြတ်ချက်အား မကျေနပ်ပေ။ သို့သော် သူက ရွေးချယ်စရာမရှိသဖြင့် သူ့အစ်ကို စကားကို နားထောင်ရန်သာ တတ်နိုင်သည်။ သူက ရီဖူရှင်းနှင့် အခြားလူများအား အေးစက်သော မျက်လုံးများနှင့် ကြည့်လိုက်သည်။
"ကျုပ် ကြားတာတော့ မင်းက တုန်းဟွာနယ်မြေကနေ လာခဲ့ပြီး လေးမျက်နှာကျေးရွာအတွက် အများကြီး အကျိုးဆောင်ပေးခဲ့တယ်တဲ့။ နောက်ပိုင်းမှာ မင်းက လေးမျက်နှာကျေးရွာက လူတစ်ယောက်အဖြစ် နေနိုင်တယ်။ လေးမျက်နှာကျေးရွာက ရွာသားတွေရဲ့ ကျင့်ကြံရေးအတွက် ကူညီပေးတာကို ကျေးဇူးဆပ်တဲ့ အနေနဲ့ တုန်းဟွာနယ်မြေက အန္တရာယ်တွေကနေ မင်းကို ကာကွယ်ပေးမယ်။"
ရီဖုရှင်းက မုယွင်လန်ပြောတာကို နားထောင်ကာ ထိုနေရာ၌သာ တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ အခြားတစ်ဖက်တွင် အဘိုးမာသည် မုယွင်လန်အား စူးစူးရဲရဲ စိုက်ကြည့်နေ၏။ မုယွင်လန်၏ သဘောထားပြည့်ဝသလို အဆိုပြုချက်က သူ့ကို စိတ်ကြီးဝင်နေသော လူတစ်ယောက်အဖြစ် ဖော်ပြနေသည်။ သူ၏ မောက်မာသော သဘောထားက သူ့ကိုယ်သူ လေးမျက်နှာကျေးရွာ၏ အုပ်ချုပ်သူတစ်ယောက်ကဲ့သို့ မှတ်ယူကာ ရီဖူရှင်းအား အပြင်လူမျှသာ ဖြစ်ကြောင်း ရည်ညွှန်းနေသည်။
မုယွင်လန်သည် ရီဖူရှင်းက ရွာအတွက် လုပ်ပေးခဲ့သည့် အရာများအတွက် လျော်ကြေးအနေနှင့် ရွာသားတစ်ယောက် ဖြစ်လာရန် အခွင့်အရေး ပေးခဲ့သည်။ ရီဖူရှင်းသည် ရွာကို အကာအကွယ်ယူကာ တုန်းဟွာနယ်မြေမှ ရန်သူများထံမှ ပုန်းရှောင်နိုင်၏။
"မင်းကိုယ်မင်း လေးမျက်နှာကျေးရွာရဲ့ အုပ်ချုပ်သူလို့ ထင်နေလား။" မျက်မမြင်ထျယ်က မုယွင်လန်ကို အေးစက်သော အသံနှင့် ပြောလိုက်သည်။ သူက မုယွင်လန်နှင့် နန်ဟိုင်ဝူကျီးကဲ့သို့ ဆရာသခင်အဆင့် တန်ခိုးရှင်မျိုးနှင့် ရင်ဆိုင်ရလျှင်ပင် မတွန့်ဆုတ်ဘဲ ကျောက်ရုပ်တစ်ခုကဲ့သို့ မားမားမတ်မတ် ရပ်နေသည်။
"ဒါပေါ့။ ရွာရဲ့ ဆုံးဖြတ်ချက်ကို ရွာသားတွေက ချမှတ်တာမလား။ ကျုပ်က လေးမျက်နှာကျေးရွာက ရွာသားတစ်ယောက်ပဲ။ ရွာအတွက် အကျိုးရှိစေမယ့် ဘယ်လို အကြံပြုချက်မဆို ပေးလို့ရတယ်။ လေးမျက်နှာကျေးရွာက လူတိုင်း ကျုပ်ကို နားလည်မယ်လို့ ထင်တယ်။" မုယွင်လန်က ပြောလိုက်သည်။ "ခင်ဗျားကလည်း ရွာရဲ့ တစ်စိတ်တစ်ပိုင်းပဲဆိုတာ မမေ့ဖို့ မျှော်လင့်ပါတယ်။"
"ဒါပေါ့။ ငါ မမေ့ပါဘူး။ ဒါပေမယ့် ဒီသူတော်ကောင်းယောင်ဆောင်တဲ့ အကြံဉာဏ်နဲ့ စိတ်ကြီးဝင်နေတဲ့ ဆုံးဖြတ်ချက်ကို မလုပ်ခင် မင်း ရွာအတွက် ဘာတွေ လုပ်ပေးခဲ့ဖူးလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် အရင်တွေးကြည့်သင့်တယ်။" မျက်မမြင်ထျယ်က တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။ "သူ ရွာမှာ နေတာ မနေတာ မင်း အပူတပြားသားမှ မပါဘူး။ ရွာကပဲ အဲဒါကို ဂရုစိုက်လိုက်မယ်။"
မုယွင်လန်က မျက်မမြင်ထျယ်အား စိုက်ကြည့်ရင်း ခေတ္တမျှ တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူက ပြန်ဖြေလိုက်သည်။ "ကျုပ် စောင့်ကြည့်နေမယ်။"
ထို့နောက် သူက ရှေးဟောင်းသစ်ပင်သို့ လျှောက်သွားကာ ထိုဘေး၌ ကျင့်ကြံနေသော လူငယ်လေးများကို ကြည့်လိုက်သည်။ လေးမျက်နှာကျေးရွာမှ လာသော လူတစ်ယောက်အနေနှင့် သူသည် ထိုလူငယ်လေးများ အားလုံးက ပြင်ပဘုံ၌ ထူးချွန်ထက်မြက်သူများ ဖြစ်လာမည်ကို နားလည်ပေသည်။
ရီဖူရှင်းက မုယွင်လန်နှင့် ပတ်သတ်ပြီး ဂရုမစိုက်ပေ။ သူက အမှန်တကယ် အပြင်လူတစ်ယောက်သာ ဖြစ်သည်။ သို့သော် ယနေ့တွင် သူက လေးမျက်နှာကျေးရွာတွင် မုယွင်လန်ထက် ပို၍ အရေးကြီးပေသည်။
ပြောရလျှင် သူက သူ၏ လုံခြုံရေးအတွက် လေးမျက်နှာကျေးရွာတွင် နေထိုင်ရန် လိုအပ်သည်မဟုတ်ဘဲ ရွာမှ လူများက သူ့ကို လိုအပ်နေခြင်း ဖြစ်ပေသည်။
ထို့ကြောင့် သူက မုယွင်လန်၏ စကားများကို အများကြီး အာရုံစိုက်မနေပေ။ အရာအားလုံးက အဆုံး၌ အဖြေပေါ်လာမည် ဖြစ်သည်။
နန်ဟိုင်မိသားစုကဲ့သို့ပင် လေးမျက်နှာကျေးရွာသို့ ပိုမိုများပြားသော တန်ခိုးရှင်များ ရောက်ရှိလာသည်။ ထိပ်သီးအဆင့်တန်ခိုးရှင်များသည် တားမြစ်ချက်များကို ပယ်ဖျက်လိုက်ကတည်းက စူးစမ်းလိုစိတ်ဖြင့် လာလည်ကြပေသည်။
ထိုအချိန်၌ အခြားသော လူစုက လေးမျက်နှာကျေးရွာ၏ အဝင်သို့ ရောက်ရှိလာသည်။ ဦးဆောင်လာသူများမှာ ဆရာသခင်အဆင့် ဖြစ်ပေသည်။ သူက နက်ရှိုင်းသော အရှိန်အဝါနှင့် ရွာကို ဂရုတစိုက် စစ်ဆေးလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။ "ဒါက သီးခြားလောကတစ်ခုအဖြစ် ပြောင်းလဲသွားတာပဲ။"
သူသည် လေးမျက်နှာကျေးရွာက ယခုကဲ့သို့ အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ဟု ကြားခဲ့သည်။ ယခင်က မည်သည့်ပုံစံ ဖြစ်သနည်း။ သူက အဖြေကို မည်သည့်အခါမှ ရှာတွေ့လိမ့်မည်မဟုတ်ဟု ယူဆခဲ့သည်။
ပိုမိုများပြားသော လူများက လေးမျက်နှာကျေးရွာအတွင်းသို့ ပျားပန်းခတ်မျှ ရောက်ရှိလာသည်။ ထိုစဥ်တွင် လေးမျက်နှာကုန်းမြေမှ တန်ခိုးရှင်များသည်လည်း ထိုနေရာ၌ စုစည်းနေကြသည်။ ရှန်ချင်းနယ်မြေမှ အင်အားစုများစွာကလည်း ဤနေရာသို့ လူများစေလွှတ်ကာ လေးမျက်နှာကျေးရွာ၌ အခြေအနေကို စနည်းနာခိုင်းထားခြင်းဖြစ်သည်။
ထို့ကြောင့် လေးမျက်နှာကုန်းမြေ၌ လူများစွာ စုဝေးလာကြပေသည်။
လေးမျက်နှာကျေးရွာ၏ အနာဂတ်ကို လာမည့်နေ့ရက်များ၌ အဆုံးအဖြတ် ဖြစ်လာနိုင်ပေသည်။ ဤမှော်ဆန်လှသော ရွာလေးက ရှန်ချင်းနယ်မြေမှ ထိပ်သီးအင်အားစု ဖြစ်လာလိမ့်မည်လား။
လက်ရှိတွင် ထိုရွာလေး၏ ခွန်အားကို မည်သူကမှ အမှန်တကယ် မသိရှိကြပေ။
***