ကောင်းကင်ကို နင်းမည့် မြင်း
Vol. 131 Ch. 1694
ကောင်းကင်နတ်ဘုံ၏ စစ်စခန်းအတွင်း၌ ဖရိုဖရဲ ဗြောင်းဆန်နေသည်။ မဟာခြုံလွှမ်းကောင်းကင်ဘုံသာ ပြုတ်ကျလာခဲ့လျှင်် ဖြစ်ပေါ်လာမည့် အပျက်အစီးများက ကြီးမားပေလိမ့်မည်။
မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများက ပျံတက်၍ ကောင်းကင်နတ်သိုင်းများကို အသုံးပြုကာ ခန္ဓာကိုယ်များအား အားဖြည့်လိုက်ကြသည်။ သူတို့က ဘီလူးကြီးများအသွင် ပြောင်းလဲ၍ ကျဆင်းလာနေသော မဟာခြုံလွှမ်းကောင်းကင်ဘုံကို မြှောက်တင်ရန် ကြိုးစားနေကြသည်။
သူတို့ မဟာခြုံလွှမ်းကောင်းကင်ဘုံနှင့် ထိတွေ့မိတော့မည့်အချိန်တွင် တာအိုပန်းပွင့်တစ်ပွင့်က ရုတ်တရက် ထွက်ပေါ်လာ၏။ ၎င်းက စကြာကဲ့သို့ လည်ရင်းဖြင့် တဖြည်းဖြည်း ပိုမိုကြီးမားလာကာ ပြုတ်ကျလာနေသည့် မဟာခြုံလွှမ်းကောင်းကင်ဘုံကို မြှောက်တင်လိုက်သည်။
ထိုက်ချူမှာ သွေးမရှိသော မျက်နှာဖြင့် တာအိုသစ်ပင်အား အသက်သွင်းရင်း ပျံသန်းလာ၏။ တာအိုသစ်ပင်၏ အမြစ်များက အရက်လေးမျက်နှာသို့ ဆန့်ထွက်သွားပြီး နှစ်ခြမ်းကွဲနေသော မဟာခြုံလွှမ်းကောင်းကင်ဘုံအား ထိုးဖောက်၍ ပြန်ချိတ်ဆက်နေသည်။
မဟာခြုံလွှမ်းကောင်းကင်ဘုံသည် အန္တိမဟင်းလင်းပြင်တွင် မဟာတာအို တံဆိပ်ခတ်နှိပ်ထားမှုအား ကိုယ်စားပြုခြင်းသာ ဖြုစ်သည်။ ချင်မူက သူ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံကို နှစ်ခြမ်းကွဲစေခဲ့သော်လည်း သူ၏တာအိုကို ထိခိုက်စေနိုင်ခြင်း မရှိခဲ့ပေ။
ထိုက်ချူအနေဖြင့် နှစ်ခြမ်းကွဲသွားသော မဟာခြုံလွှမ်းကောင်းကင်ဘုံကို ပြန်ဆက်နိုင်သည်နှင့် အကောင်းအတိုင်း ပြန်ဖြစ်လိမ့်မည်။ သို့သော် ချင်မူ သူ၏တာအိုနှလုံးသားအပေါ် ထိခိုက်စေခဲ့သည့် တိုက်ကွက်ကတော့ အချိန်တစ်ခုအထိ သက်သာလာလိမ့်မည်မဟုတ်ပေ။
သူသည် ချင်မူ့ကို အကောက်နိုင်ရန် ဟိုးအရင်အချိန်များကတည်းက ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့၏။ သို့သော် ချင်မူက ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးမှ ချင်မူ မဟုတ်တော့သည့်အခါ သူ့မှာ ကူကယ်ရာမဲ့ခဲ့ရသည်။ ဉာဏ်ပညာဖြစ်စေ နည်းလမ်းများဖြစ်စေ သူ့ထက် များစွာသာလွန်နေပြီ ဖြစ်သည်။
ယခင်က ချင်မူဆိုသည့် သကောင့်သားလေးမှာ သူ့လက်ခုပ်ထဲက ရေအဖြစ်သာ ရှိခဲ့သည်။ ဦးတည်ချက် ရေရေရာ မရှိဘဲ တွေဝေငေးမှိုင်နေခဲ့သည်။ ဇဝေဇဝါဖြစ်နေသည့် ကောင်လေးတစ်ယောက်ထက် မပိုခဲ့ပေ။
ယခုတွင်တော့ အရာအားလုံးက ပြောင်းပြန်ဖြစ်သွားသည့်အလားပင်။ သူ နှစ်နှစ်ဆယ်ကျော် ကြိုတင်ပြင်ဆင်ခဲ့သည့် အကြံအစည်မှာ ချင်မူ့ရှေ့၌ ဇဝေဇဝါ ဖြစ်နေသော ကောင်လေးတစ်ယောက်နှင့် တူခဲ့၏။ အလွယ်တကူ ဖျက်ဆီးခံခဲ့ရသည်သာမက နက်ရှိုင်းသော ဒဏ်ရာများလည်း တန်ပြန်ရခဲ့သည်။
ရုတ်တရက် မဟာခြုံလွှမ်းကောင်းကင်ဘုံက နောက်တစ်ကြိမ် ကွဲအက်လာပြန်၏။ ထိုက်ချူက ညည်းညူလိုက်ပြီး သူ၏ လည်ချောင်း၌ သွေးများ ပျို့လာသည်။ သူက ပါးစပ်ကို အတင်းအကြပ် ပိတ်ထားသော်လည်း သွေးတို့က သူ၏နှာခေါင်းပေါက်များမှ စီးကျလာ၏။
သူ့မှာ ဒဏ်ရာများ မသက်သာသေးပေ။ ချင်မူသည် ချင်းလုံ၏ ဝိညာဉ်ကို လုယူသွားနိုင်ခဲ့သည်သာမက သူ့ကိုပင် အပြင်းအထန် ဒဏ်ရာရစေခဲ့၏။
“နန်းစွန့်ဧကရာဇ်၊ အနာဂတ်မှာ ခင်ဗျားတစ်ခုခု လုပ်မယ်ဆိုရင် ကျုပ်ကို ကြိုပြီး အသိပေးတာကောင်းမယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ့အရှေ့သို့ ရောက်လာပြီး မှင်သေသေ သတိပေးလိုက်သည်။ ထိုက်ချူမှာ သူ၏နှာခေါင်းမှ စီးကျနေသော သွေးများကို မသုတ်ရဲဘဲ ခပ်ဩဩလေသံဖြင့် ပြန်ဖြေ၏။ “အရှင်မင်းကြီး၊ သင်ပြပေးတာကို နားလည်ပါတယ်… ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူလည်း ဒဏ်ရာရသွားလောက်ပါတယ်… ကျုပ်ကို အကောက်ကြံဖို့အတွက် ချင်းလုံ ဝိညာဉ်ကို ဆင့်ခေါ်ခဲ့ရတာ… ဒါပေမဲ့ သူ့ကိုယ်သူ ကာကွယ်နိုင်မယ့်နည်းလမ်း မရှိခဲ့တဲ့အတွက် ကျုပ်ရဲ့ မှော်စွမ်းအင်ကြောင့် သေချာပေါက် ဒဏ်ရာရသွားလောက်ပါတယ်”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က ခပ်မဲ့မဲ့ ပြုံးသည်။ “ခင်ဗျားရဲ့မှော်စွမ်းအင်ကြောင့် ဒဏ်ရာရသွားမယ် တကယ်ထင်နေတာလား… နန်းစွန့်ဧကရာဇ်၊ ခင်ဗျားက ကိုယ့်ကိုယ်ကို အထင်ကြီးနေတုန်းပဲ…. ဒီလောကမှာ သူ့ကို အကောက်ကြံပြီး အပြင်းအထန် ဒဏ်ရာရစေနိုင်တဲ့သူ မရှိဘူး… ခင်ဗျားက အိုနေပြီ သူ့ကို အနိုင်မယူနိုင်တော့ဘူး… ခင်ဗျားလုပ်သင့်တာက ကျုပ်အမိန့်ကို နာခံပြီး ကိုယ့်ကိုယ်ကို အထင်ကြီးနေတာ လျှော့ဖို့ပဲ”
ကောင်းကင်နတ်ဧကရာဇ်ဟောင် လက်ကို မြှောက်လိုက်သည့်အခါ ကျယ်ပြန့်သော မှော်စွမ်းအင်များ ထွက်ပေါ်လာပြီး နှစ်ခြမ်းကွဲတော့မည့် မဟာခြုံလွှမ်းကောင်းကင်ဘုံကို တည်ငြိမ်သွားစေသည်။ “ခင်ဗျားတို့တွေက အိုနေကြပြီ… သူ့ကို မရင်ဆိုင်နိုင်တော့ဘူး”
ထိုက်ချူမှာ တိတ်ဆိတ်ငြိမ်သက်သွားပြီး တခဏကြာသော် ပြောသည်။ “သူ ဒဏ်ရာရသွားတယ်လို့ ကျုပ်ထင်နေတုန်းပဲ”
ကောင်းကင်နတ်ဧကရာဇ်ဟောင်က မည်သည်မှ ထပ်မပြောတော့ပေ။ မဟာခြုံလွှမ်းကောင်းကင်ဘုံကို တည်ငြိမ်အောင် ကူညီပေးပြီးနောက် ထွက်ခွာသွားတော့သည်။
တစ်ချိန်တည်းမှာပင် ချင်မူက ချင်းလုံ၏ ဝိညာဉ်သုံးခုကို ဆင့်ခေါ်ကာ နဂါးအကြေးခွံထဲတွင် ချိတ်ပိတ်၍ စစ်သည်တော်အား ပေးလိုက်သည်။ စစ်သည်တော်က အကြေးခွံကို ယူ၍ နေရာရွှေ့ပြောင်းမုခ်၀မှတဆင့် ဧကရာဇ်အတိုင်ပင်ခံဆီသို့ ပြန်လည်ထွက်ခွာသွားတော့၏။
ချင်မူက ယဇ်ပလ္လင်ကို ပျောက်ကွယ်သွားစေပြီးနောက် မူလဝိညာဉ်ကို သိမ်းဆည်းကာ လေးစားအားကျစွာ သက်ပြင်းချလိုက်သည်။ “ထိုက်ချူက တကယ်ကို စွမ်းအားကြီးတာပဲ…. ငါ့ကို ဒဏ်ရာရစေနိုင်ခဲ့တယ်… ငါ သူ့ကို လျှော့တွက်ထားခဲ့မိတာ.. ပလ္လင်ခန်းမ ၇၂ ခုအထိ ကျင့်ကြံပြီးပြီဆိုတော့ သူ့ရဲ့ မှော်စွမ်းအင်က နောက်အဆင့်တစ်ဆင့်အထိ ရောက်နေလောက်ပြီ…. သူ့ရဲ့ ခွန်အားနဲ့ဆိုရင် ပိုပြီးအားကောင်းလာလိမ့်မယ်”
လင်ယွိရှို့က ရှေ့သို့ တက်လာ၍ ပရဆေးလုံးများ ထုတ်ကာ သူ့လက်ဆစ်ရှိ ဒဏ်ရာများပေါ် သုတ်လိမ်းပေးလိုက်သည်။ သူမမှာ သူ့အတွက် ရင်ထဲ နာကျင်နေဟန်တူသည်။ “နောက်တစ်ခါဆို ကိုယ့်ကိုယ်ကို ဒီလို ဖိအားမပေးပါနဲ့”
ချင်မူက ပြောသည်။ “မိန်းမပြောတာ မှန်ပါတယ်… နောက်တစ်ကြိမ်ကြောင့် ရှန့်ကျွင်းကို ကာကွယ်ခိုင်းလိုက်မယ်”
ကောင်းကင်နတ်အရှင်ယွင်သည် သူ့လက်ဆစ်ရှိ ဒဏ်ရာများကို စိုက်ကြည့်နေပြီး မည်သည်မှ မပြောပေ။
ချင်မူ မန္တန်အသက်သွင်း၍ ချင်းလုံ၏ ဝိညာဉ်ကို ဆင့်ခေါ်လိုက်သည့်အချိန်တွင် ထိုက်ချူ၏ ကောင်းကင်နတ်သိုင်းများက မည်သည့် သတိပေးချက်မှမရှိဘဲ သူ့အပေါ် ကျရောက်လာခဲ့သည်။ ၎င်းက အလွန်တရာ အန္တရာယ်များ၏။
ထိုက်ချူ၏ ကောင်းကင်နတ်သိုင်းများသည် သဲလွန်စများကို ခြေရာခံ၍ ဝိညာဉ်လမ်းညွှန်၏ အရင်းအမြစ်အထိ ရောက်လာခဲ့ခြင်းဖြစ်သည်။ ၎င်းက ကာကွယ်နိုင်ရန် မလွယ်သောကြောင့် ကောင်းကင်နတ်အရှင်ယွင်ပင်လျှင် အင်မတန် အန္တရာယ်များသည်ဟု ခံစားရသည်။
နောက်တစ်ခဏတွင် ချင်မူက သူ၏ လမ်းစဉ်အားလုံး ထုတ်သုံး၍ ယဇ်ပလ္လင်ပေါ်တွင် ရပ်နေခဲ့သည်။ ကောင်းကင်နတ်သိုင်းမျိုးစုံ ပေါက်ကွဲထွက်လာပြီး ထိုက်ချူ၏ ကောင်းကင်နတ်သိုင်းများကို တစ်ခုပြီးတစ်ခု ကာကွယ်ကာ ဖျက်ဆီးခဲ့၏။
ကြောက်စရာအကောင်းဆုံးအရာက ထိုက်ချူ၏ ကောင်းကင်နတ်သိုင်းများမှာ ယဇ်ပလ္လင်အပြင်သို့ပင် မရောက်နိုင်ဘဲ ချက်ချင်း လွင့်ပျယ်ပျက်စီးသွားကြခြင်းဖြစ်သည်။
ဤသည်က ကောင်းကင်နတ်အရှင်ယွင်ကို အံ့အားအသင့်စေဆုံးအရာ ဖြစ်ခဲ့လေသည်။
ကောင်းကင်နတ်အရှင်မူ၏ ကောင်းကင်နတ်သိုင်းအောင်မြင်မှုများမှာ နားမလည်နိုင်သောအဆင့်တစ်ခုသို့ ရောက်နေချေပြီ။ ကောင်းကင်နတ်အရှင်ယွင်သည် ထိုက်ချူနှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဖူးသောကြောင့် ထိုက်ချူ၏ ကောင်းကင်နတ်သိုင်းအောင်မြင်မှုများကို ကောင်းကောင်းသိရှိထား၏။ ထိုက်ချူကိုလည်း အတော်လေး လေးစားမိသည်။ ထိုက်ချူက ခွန်အားကို အသုံးပြု၍ တာအိုရရှိခဲ့သော်လည်း သူ၏ မူလချီအောင်မြင်မှုများကလည်း အတော်လေးမြင့်မား၏။ မူလချီအရာ၌ နံပါတ်တစ်ပုဂ္ဂိုလ်ဟုပင် ဆိုနိုင်လေသည်။
ထို့အတူ ထိုက်ချူလမ်းစဉ်တွင်လည်း ကျွမ်းကျင်၏။ သူ၏ တာအိုအဆင့်သည် အလွန်တရာ မြင့်မားသောအခြေအနေသို့ ရောက်နေပြီး ကောင်းကင်ဘုံ ၂၀ ထက် သာလွန်နေပြီဖြစ်သည်။
သို့သော် ထိုသို့ပုဂ္ဂိုလ်မျိုး အလစ်တိုက်လာခဲ့သည့်အခါ၌ပင် သူ၏ ကောင်းကင်နတ်သိုင်းများကား ယဇ်ပလ္လင်၏ အပြင်ဘက်သို့ ထိုးဖောက်နိုင်ခဲ့ခြင်း မရှိပေ။
တာအိုရထားသော ပုဂ္ဂိုလ်တစ်ယောက်၏ ကောင်းကင်နတ်သိုင်းစွမ်းအား ပေါက်ကွဲထွက်လာလျှင် ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှ ရွှင်ပျော်ပျော်ကျေးရွာတစ်၀က်ကျော်အထိ ဖျက်ဆီးပစ်နိုင်သည်။ သို့သော် ထိုသို့စွမ်းအားမျိုးကို ချင်မူ့ယဇ်ပလ္လင်က ထိန်းချုပ်ထားနိုင်ခဲ့သည်။
နောက်ဆုံးတွင် ထိုက်ချူကောင်းကင်နတ်သိုင်းသည် ချင်မူ့လက်ဆစ်များကိုသာ ဒဏ်ရာရစေခဲ့သည်။ သူ၏ကောင်းကင်နတ်သိုင်းက မပြည့်စုံဟု ချင်မူသည် ညည်းညူလေ့ရှိသော်လည်း တခြားသူများမှာ သူ၏ကောင်းကင်နတ်သိုင်းများကြောင့် ပါးစပ်အဟောင်းသားဖြစ်ရစမြဲပင်။
လင်ယွိရှို့က ချင်မူ့လက်ဆစ်မှ ဒဏ်ရာပျောက်အောင် ဆေးထည့်ပေးနေသည်။ ချင်မူ ကောင်းကင်သို့ မော့ကြည့်လိုက်ရာ ကောင်းကင်နယ်စားမင်း၏ ဧရာမမျက်နှာကြီးသည် အနောက်အရပ်အား လွှမ်းမိုးထားသည်ကို တွေ့လိုက်ရ၏။ မရေမတွက်နိုင်သော နေစောင့်ရှောက်သူများက နေလုံးများကို ဆွဲလျက် ကောင်းကင်နယ်စားမင်း၏ မျက်နှာအောက်တွင် စုဝေးနေကြသည်။ ရွှမ်တုစစ်တပ်မှာလည်း ပြင်ဆင်ပြီးချေပြီ။
‘ကောင်းကင်နတ်ဘုံရဲ့ အင်အားက တကယ်ကို ကြီးမားတာပဲ”
ချင်မူ မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်နတ်ဘုံသည် ရွှင်ပျော်ပျော်ကျေးရွာထက် စစ်တပ်အင်အား ဆယ်ဆကျော် ပိုင်ဆိုင်ထား၏။ ယခုတွင် ကောင်းကင်နတ်ဘုံ၏ စစ်တပ်ကို ရွှင်ပျော်ပျော်ကျေးရွာမှ ပိတ်ဆို့ထားသောကြောင့် စစ်မြေပြင်မှ ပျံ့နှံ့မလာသေးချေ။ သို့သော် စစ်မြေပြင်ပြန့်နှံ့လာသည်နှင့် ရွှင်ပျော်ပျော်ကျေးရွာသည် အကောင်းပကတိအတိုင်း လွတ်မြောက်နိုင်လိမ့်မည် မဟုတ်။
“အဲဒီအချိန်ကျရင် ကောင်းကင်နတ်အရှင်တွေနဲ့ တာအိုသိုင်းပညာရှင်တွေလည်း ဝင်တိုက်ရတော့မယ်”
ချင်မူ ရင်ကို မတ်လိုက်၏။ အန္တရာယ်အများဆုံးက ရွှင်ပျော်ပျော်ကျေးရွာ မဟုတ်ဘဲ အနောက်ကမ္ဘာမြေဖြစ်သည်။ အနောက်ကမ္ဘာမြေသည် သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။
အရှေ့ပင်လယ်တွင်…
စစ်သည်တော်သည် နေရာရွှေ့ပြောင်းခြင်းမုခ်၀ထဲမှ ထွက်လာပြီး အရှေ့ပင်လယ်၏ စစ်စခန်းဆီသို့ ခပ်သုတ်သုတ် ရောက်လာကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားမိစ္ဆာစစ်တပ်ကို ဖြတ်သန်းလာသည်။
နားနေရာတဲအောက်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကျန်းပိုင်ကွေ့ မော့ကြည့်လိုက်ရာ သူ့ကို တွေ့လိုက်ရ၏။ သူ၏မျက်လုံးထဲတွင် မည်သည့်စိတ်ခံစားချက်မှ မရှိသော်လည်း ထရပ်လိုက်သည်။
သံတမန်က အလျင်အမြန် ရှေ့သို့ တက်၍ ချင်းလုံ၏ အကြေးခွံကို ဆက်သ၏။ သူက တည်ကြည်လေးနက်စွာ လျှောက်တင်သည်။ “ဧကရာဇ်အတိုင်ပင်ခံခင်ဗျာ၊ ကောင်းကင်နတ်အရှင်မူက ချင်းလုံရဲ့ ဝိဉာဉ်သုံးခုကို ဆင့်ခေါ်ပြီး ဒီအကြေးခွံထဲမှာ ချိတ်ပိတ်ပေးလိုက်ပါတယ်…”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက နဂါးအကြေးခွံကို ယူသည်။ “မင်း ပင်ပန်းသွားပြီ… သွားနားလိုက်တော့”
“ကျွန်တော် မပင်ပန်းသေးပါဘူး” ဧကရာဇ်အတိုင်ပင်ခံက သူ့ကို ကြည့်ပြီးနောက် ပြုံး၏။ “ကောင်းပြီလေ…. စစ်ပွဲစတင်တဲ့အခါ ငါနဲ့အတူ လိုက်ပြီး တိုက်ခိုက်ပါ… စစ်သည်တော်တို့ မြေကမ္ဘာကောင်းမှုနန်းတော်သခင်ကို ဖိတ်ခေါ်လိုက်ကြ”
“မလိုပါဘူး... ကျွန်မ ရောက်နေပါပြီ”
နူးညံ့သောအသံတစ်သံ ထွက်ပေါ်လာသဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အသံလာရာသို့ ကြည့်လိုက်သည်။ မြေကမ္ဘာကောင်းမှုနန်းတော်သခင် ကုန်းစွန်းယန် လျှောက်လာနေသည်ကို တွေ့လိုက်ရ၏။ ဧကရာဇ်အတိုင်ပင်ခံမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ တည်ရှိရာသို့ အလောတကြီး ပြန်လှည့်ကြည့်လိုက်သည်။ အမိကမ္ဘာမြေ ရှိနေသေးကြောင်း တွေ့လိုက်ရတော့မှ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်၏။
ကုန်းစွန်းယန်က ပြောသည်။ “ကျွန်မရဲ့ ပင်မခန္ဓာကိုယ်ကို မြို့တော်မှာ ထားခဲ့ပြီး အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်း သတိမထားမိအောင် ရုပ်ခန္ဓာပဲ ယူလာခဲ့တာ”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက နှုတ်ဆက်လိုက်သည်။ “မြေကမ္ဘာကောင်းမှုနန်းတော်သခင် မှန်ပါတယ်… ပင်မခန္ဓာကိုယ်သာ ရောက်လာခဲ့ရင် အစိမ်းရောင်နတ်မင်း အရှေ့နတ်မင်းအပေါ် ဘယ်လောက်ပဲ ခါးသီးအောင်မုန်းတီးပါစေ တိုက်ခိုက်ရဲမှာ မဟုတ်ဘူး… ကျုပ်တို့ သူ့ကို ချိုးနှိမ်နိုင်အောင် အရှင်လတ်လတ် ဖမ်းဆီးနိုင်မှာ မဟုတ်ဘူး… အားလုံးပဲ အမိန့်နာခံကြ…. စစ်တပ်သုံးတပ်ကို နေရာချလိုက်တော့”
သူ၏အမိန့် ရသည်နှင့် စစ်ခရာသံများက ပင်လယ်ပေါ်ရှိ စစ်စခန်းများထံမှ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ နယ်စားဝေ၊ သနင်္ဂဗျူဟာစစ်သူကြီး၊ ချင်ဖေးယွဲ့နှင့် ကျန်အရာရှိများက စစ်တပ်များကို စစ်ဆေးကြ၏။
ပင်လယ်ပေါ်တွင် စစ်စခန်းများက မြို့နံရံများကဲ့သို့ မိုင်ပေါင်းသောင်းနှင့် ချီလျက် ဆန့်တန်းတည်ရှိနေကြသည်။ ကောင်းကင်တွင် နတ်ဘုရားမြို့များ ပျံသန်းနေပြီး ပင်လယ်ထဲတွင်တော့ ဧရာမနတ်ဘုရားမိစ္ဆာကြီးများက အလစ်တိုက်ခိုက်ရန် စောင့်ဆိုင်းနေကြ၏။ သူတို့က စနစ်တကျ နေရာယူ၍ အချိန်မရွေး အမိန့်နာခံရန် အသင့်ဖြစ်နေသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အသေးမွှားဆုံး ကိစ္စလေးအထိ အတိအကျ အချိန်ကို တွက်ချက်ပြီးနောက် လေးနက်စွာ ပြောလိုက်သည်။ “ဗုံတီးပြီး အရှေ့နတ်မင်းကောင်းကင်လက်နက်ကို ဖိတ်ခေါ်လိုက်တော့”
သူ၏အမိန့်ရသည်နှင့် ဗုံသံတစ်သံက ကောင်းကင်ကို တုန်လှုပ်စေကာ ထွက်ပေါ်လာပြီး အရှေ့ပင်လယ်ကို လှိုင်းများ ထန်လာစေ၍ ကောင်းကင်အား နှစ်ခြမ်းကွဲလာစေသည်။ လှိုင်းလုံးကြီးများအလယ်တွင် စစ်စခန်း၏မုခ်၀ ပွင့်လာပြီး နှိုင်းယှဉ်မရနိုင်အောင် ကြီးမားသော နဂါးစိမ်းကြီးကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ နတ်ဘုရားထောင်ပေါင်းများစွာက တွန်းထုတ်လာကြ၏။
အရှေ့နတ်မင်း ကောင်းကင်လက်နက်က မြစ်ရေပြင်အထက် ဧရာမစင်မြင့်ကြီးအပေါ်တွင် တည်ရှိနေသည်မှာ အရှေ့နတ်မင်း အသက်ရှင်နေသေးသည့်အလားပင်။
နဂါးစိမ်းသည် ရစ်ပတ်နေပြီး ၎င်း၏ အရှေ့တွင် သွားကိုသွေးရန် ဝိညာဉ်ရတနာတောင်တန်းတစ်ခု တည်ရှိနေသည်။
ဤသည် ချင်မူ ယခင်က အရှေ့၀င်ရိုးစွန်းသို့ သွားရောက်လည်ပတ်ခဲ့စဉ်က အရှေ့နတ်မင်း ချင်းလုံဆီမှ အနိုင်အဖြစ် ရခဲ့သော တောင်တန်း ဖြစ်လေသည်။
ဤ အရှေ့နတ်မင်း ကောင်းကင်လက်နက်မှာ အရှေ့နတ်မင်းချင်းလုံအသွင်အတိုင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဖန်ဆင်းထားသော ဖန်ဆင်းခြင်းကောင်းကင်လက်နက်တစ်ခု ဖြစ်သည်။ ၎င်းက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် ဆင်တူ၏။
သို့သော် ဤကောင်းကင်လက်နက်မှာ အသွေးအသားဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး အရှေ့နတ်မင်း ချင်းလုံ၏ မဟာတာအို ပါရှိသည်။ ၎င်း၏ စွမ်းအားက အတော်လေးကြီးမား၏။
ကောင်းကင်လက်နက် အရှေ့နတ်မင်းချင်းလုံ ထွက်ပေါ်လာသည်နှင့် စစ်စခန်း၏ ဆန့်ကျင်ဘက်တွင် ကောင်းကင်နန်းဆောင်များနှင့် ပလ္လင်များကို တွေ့မြင်လိုက်ရသည်။ နတ်ဘုရားမြို့က အဆုံးမရှိအောင် ကျယ်ပြန့်ပြီး အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်း ဦးဆောင်သည့် စစ်တပ် ၆၀ မှာ ပင်လယ်ပြင်၌ ကုန်းမြေထုကြီး တည်ရှိနေသကဲ့သို့ အဆုံးမရှိ ကျယ်ပြန့်စွာ နေရာယူထား၏။ နှိုင်းယှဉ်ပါက ဧကရာဇ်အတိုင်ပင်ခံတို့ဘက်မှ ၀င်္ကပါမှာ အတော်လေး သေးငယ်နေတော့သည်။
တစ်ဖက်က အလွန်တရာကြီးမားပြီး တစ်ဖက်က သေးငယ်ကာ စစ်တပ်အင်အားမှာလည်း အလွန်ကွာခြားသည်။ သို့သော် အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်းသည် သူ၏စစ်စခန်းကို ခုခံကာကွယ်ထား၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ မည်မျှပင် ရန်စသော်လည်း လှုပ်ရှားလာခြင်း မရှိပေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေဖြင့် အတင်းအကြပ်တိုက်ခိုက်ပါက အရေးနိမ့်သွားနိုင်သောကြောင့် ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေ၌ တည်ရှိနေကြသည်။
ကောင်းကင်လက်နက် အရှေ့နတ်မင်းချင်းလုံကို ထုတ်ဖော်လိုက်သည့်အချိန်တွင် တစ်ဖက်ရှိ စစ်စခန်းကလည်း အငြိမ်မနေပေ။ သူတို့က မုခ်၀များ ဖွင့်ဟလိုက်ရာ ဧရာမနဂါးစိမ်းကြီးတစ်ကောင် ထွက်ပေါ်လာ၏။
ဤနဂါးကြီး၏ ပုံပန်းသွင်ပြင်က အလွန်တရာ ခက်ထန်ပြီး ၎င်း၏ ရုပ်ခန္ဓာသည် ရှေးဟောင်းနတ်ဘုရားများသာ ပိုင်ဆိုင်နိုင်သော မဟာတာအိုတို့ဖြင့် ရောယှက်နေသည်။ ၎င်းက အရှေ့ပင်လယ်ကိုပင် ဖိနှိပ်ထားနိုင်၏။ သို့သော် နဂါး၌ ဦးခေါင်းမှာ ဖြတ်တောက်ခံရထားသောကြောင့် လစ်လပ်နေသည်။ ဤသည်က အရှေ့နတ်မင်း၏ ရုပ်ခန္ဓာပင်။
ထိုက်ချူသည် အရှေ့နတ်မင်းချင်လုံးကို သတ်ဖြတ်ပြီးနောက် သူ၏ဦးခေါင်းကို သေတ္တာတစ်လုံးထဲ၌ ချိပ်ပိတ်၍ ကောင်းကင်နတ်ဧကရာဇ်ဟောင်အား ပေးခဲ့၏။ ရုပ်ခန္ဓာကိုတော့ အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်းအား ပေးခဲ့သည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၌ ကောင်းကင်လက်နက် အရှေ့နတ်မင်းချင်းလုံသာ ရှိသော်လည်း ရန်သူကတော့ အရှေ့နတ်မင်းချင်းလုံ၏ ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသည်။ အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်းသည် သူ၏အင်အားကို ကြွားဝါ၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ယုံကြည်ချက်ကို ချိုးဖျက်ချင်နေသည်မှာ သိသာပေ၏။
ထိုမျှသာမက အရှေ့ကောင်းကင်စစ်စခန်း၏ ချီနှင့်သွေးတို့မှာလည်း ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်တည်ရှိနေသည့်အလားပင်။ ချီနှင့် သွေးတို့က ကောင်းကင်နတ်ဘုံ၏ စစ်တပ် ၆၀ အထက် ကောင်းကင်ကို လွှမ်းမိုးထားကြသည်။ နှိုင်းယှဉ်၍မရနိုင်အောင် သိပ်သည်းပြီး အရှေ့နတ်မင်း၏ မွေးဖွားရာနေရာဖြစ်သည့် ဘိုးဘေးနယ်မြေ နဂါးတစ်သောင်းအသိုက်မှာလည်း ရွှေ့ပြောင်းခံထားရသည်။
နဂါးတစ်သောင်းအသိုက်ထဲရှိ ချီနှင့်သွေးတို့က ပြိုင်ဘက်ကင်း ကြွယ်၀သော အသက်စွမ်းအင်တို့ဖြင့် ပြည့်နှက်နေ၏။ ၎င်းက စစ်တပ် ၆၀ မှ မရေမတွက်နိုင်သော စစ်သည်တော်များ၏ ခြေလက်များကို ပြန်လည်ပေါက်လာစေနိုင်ရန် လုံလောက်သောကြောင့် စစ်မြေပြင်၌ ဒဏ်ရာရမည်ကို ကြောက်စရာမလိုပေ။
သူတို့၏ ခွန်အားနှင့် စွမ်းအားက ထာဝရငြိမ်းချမ်းရေးအင်ပါယာထက် များစွာအားကောင်းပြီး အရင်းအမြစ်များကလည်း ပေါများနေသည့်တိုင် အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်းသည် မုခ်၀များကို ပိတ်ထားဆဲဖြစ်ပြီး တိုက်ခိုက်မလာသေးပေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့က လက်ဝှေ့ရမ်းလိုက်ရာ ကောင်းကင်လက်နက် အရှေ့နတ်မင်းအား တွန်းထုတ်နေကြသည့် နတ်ဘုရားများက စခန်းထဲသို့ ပြန်လည်ဝင်ရောက်သွားကြသည်။
ထိုအခိုက်အတန့်တွင် လှေငယ်လေးတစ်စီးက စစ်စခန်းထဲမှ ထွက်ခွာလာသည်။ ကျန်းပိုင်ကွေ့က လှေငယ်ထိပ်တွင် ရပ်နေပြီး လှေ၏ အလယ်တွင်တော့ အိုမင်းနေသည့် မြင်းနီကြီးတစ်ကောင် ရပ်နေသည်။ လှေငယ်က ပင်လယ်တလျှောက် တန်းတန်းမတ်မတ် လှော်ခတ်လာပြီး ကောင်းကင်လက်နက် အရှေ့နတ်မင်း၏ ဦးခေါင်းဆီသို့ ရောက်လာ၏။
အခြားတစ်ဖက်တွင် အရှေ့ကောင်းကင်စစ်တပ်မှာ တည်ငြိမ်အေးဆေးနေဆဲ ဖြစ်သည်။ မည်သူကမှ တိုက်ခိုက်ရန် ထွက်မလာကြပေ။
ကျန်းပိုင်ကွေ့၏ လှေငယ်လေးက ရပ်တန့်သွား၏။ ကျန်းပိုင်ကွေ့၏ သူ၏ဦးခေါင်းပေါ်မှ သရဖူကို ကိုင်၍ လှေထိပ်တွင် တင်လိုက်သည်။ ထို့နောက် ဆံထိုးများကို ဖယ်ကာ သူ၏ဆံပင်ရှည်တို့အား ပခုံးတလျှောက် ပြေကျသွားစေသည်။
သူက နတ်ဓားနှင့် နဂါးအကြေးခွံကို ထုတ်ကာ နဂါးဦးခေါင်းအရှေ့တွင် ထား၍ မန္တန်တစ်ခု အသက်သွင်းလိုက်၏။
အခြားတစ်ဖက်၌ လှုပ်ရှားလာမှု မရှိသေးပေ။
အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်းက မြို့မျှော်စင်ပေါ်သို့ တက်၍ တည်ငြိမ်းအေးဆေးစွာ ထိုင်လိုက်သည်။ သူက အကောင်းတကာ့ အကောင်းဆုံး ဝိုင်များနှင့် ဟင်းပွဲများကို လာရောက်ချစေသည်။ သူက ဤမြင်ကွင်းကို အဝေးမှ ကြည့်နေရင်း ပြုံးလာ၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကျန်းပိုင်ကွေ့ဆိုတဲ့ ငနဲလေးက တော်တော် ဉာဏ်နီဉာဏ်နက် များတယ်.. အခုလည်း ငါ တိုက်ခိုက်အောင် မျှားခေါ်ဖို့ ထူးခြားဆန်းကြယ်သလို လုပ်ပြနေပြန်ပြီ”
သူ၏စကားဆုံးသည်နှင့် ပင်လယ်ရေမျက်နှာပြင်၌ ရုတ်တရက် လှိုင်းများ ထန်လာပြီး နဂါးအကြေးခွံမှ အစိမ်းရောင်အလင်းတန်းတို့က အရပ်လေးမျက်နှာသို့ ထွန်းလင်းတောက်ပသွားစေသည်။ နှိုင်းယှဉ်၍ မရနိုင်အောင် ကြီးမားသော နဂါးကြီးတစ်ကောင်သည် အကြေးခွံထဲမှ ထွက်ကာ ကောင်းကင်သို့ ပျံတက်သွား၏။ ၎င်းက ကြီးမားကျယ်ပြန့်ပြီး တခဏကြာသည်အထိ နဂါးတွန်သံတို့အား ပဲ့တင်ရိုက်ခတ်နေစေသည်။ ပင်လယ်ကြီးမှာ ဝုန်းခနဲ အက်ကွဲလာပြီး မိုင်ထောင်သောင်းပေါင်းများစွာ ရှည်လျားသည့် ဧရာမကျုံးကြီးတစ်ခု ပေါ်ထွက်လာ၏။
တခဏကြာသည့်အထိ အရှေ့ကောင်းကင်စစ်စခန်းရှိ မရေမတွက်နိုင်သော နတ်နဂါးကျွန်များမှာ အဆက်မပြတ် ဟိန်းဟောက်နေကြသည်။ ၎င်းတို့က ခေါင်းများမော့လျက် ဟိန်းဟောက်နေကြပြီး သူတို့ခန္ဓာကိုယ်များရှိ နဂါးထိန်းကြိုးများကို အက်ကွဲတုန်ခါလာစေ၏။
ထိုနတ်နဂါးများက အရှေ့ကောင်းကင်၏ နတ်နဂါးများ ဖြစ်ကြသည်။ အရှေ့နတ်မင်း သေဆုံးပြီးနောက် အစိမ်းရောင်နတ်မင်းသည် အရှေ့ကောင်းကင်ကို သိမ်းပိုက်ကာ ချင်းလုံ၏ မျိုးဆက်မှန်သမျှ ဖမ်းဆီးခဲ့သည်။ တစ်ယောက်မကျန် သတ်ဖြတ်ပြီးနောက် နဂါးအသည်းဖြင့် စားပွဲပင် တည်ခဲ့သေးသည်။
ရှင်သန်နိုင်ခဲ့သည့် နဂါးများကတော့ ကျွန်အဖြစ် အဆင့်ချခံရပြီး နဂါးထိန်းကြိုးများဖြင့် ချုပ်နှောင်ခံခဲ့ရသည်။ ထိုသူတို့ကို သူ့လက်အောက်ရှိ စစ်တပ်များအတွက် စားသုံးရန်နှင့် သူ့အတွက် ရန်ငြိုးဖြေပေးနိုင်မည့် မွေးမြူရေးအစာအဖြစ် အသုံးပြု၏။
ထိုနတ်နဂါးများကား သူတို့၏ မျိုးဆက်အရှိန်အဝါကို ခံစားလိုက်မိကြသဖြင့် လှုပ်ရှားလာကြပြီး စစ်တပ်ထဲတွင် သောင်းကျန်းတော့သည်။ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများက နဂါးများကို ရိုက်နှက်နေသောကြောင့် သွေးတို့ချင်းချင်းနီနေချေသည်။
သို့သော် အရှေ့နတ်မင်းချင်းလုံ၏ ဘိုးဘေးနယ်မြေ နဂါးတစ်သောင်းအသိုက်က သူတို့၏ ချီနှင့်သွေးကို ရုတ်တရက် လည်ပတ်လာစေသောကြောင့် မရေမတွက်နိုင်သော စစ်သည်တော်များကို မအီမသာ ဖြစ်လာစေသည်။
အစိမ်းရောင်နတ်မင်း သိသိသာသာ မျက်နှာပျက်သွားသည်။ သူလက်ထဲရှိ ဝိုင်ခွက်သည် ခွမ်းခနဲ ကွဲသွား၏။ သူက ထရပ်၍ ပင်လယ်ပြင်၌ ရုတ်တရက် ပေါ်လာသော အရှေ့နတ်မင်းချင်းလုံဝိညာဉ်ကို ကြည့်လိုက်သည်။
အရှေ့နတ်မင်းချင်းလုံဝိညာဉ်မှာ အလွန်တရာ စွမ်းအားကြီး၏။ ကျန်းပိုင်ကွေ့၏ ထိန်းချုပ်မှုအောက်တွင် ၎င်းသည် ကောင်းကင်လက်နက် အရှေ့နတ်မင်းချင်းလုံ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။
“ခွမ်း…”
ကောင်းကင်လက်နက် အသက်ဝင်လာချေပြီ။ အရှေ့နတ်မင်းချင်းလုံက ခန္ဓာကိုယ်ကို အကြောဆန့်လိုက်ရာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မရေမတွက်နိုင်သော နဂါးစိမ်းတာအိုအမှတ်အသားများက တောက်ပလာကြ၏။ ၎င်းတို့က နှိုင်းယှဉ်၍ မရနိုင်အောင် ထွန်းလင်းနေကြသည်။ ကျယ်လောင်လှသော အသံကြီးနှင့်အတူ အက်ကွဲနေသည့် ပင်လယ်ပြင်မှာ ရုတ်တရက် ပေါက်ကွဲလာသည်။
ဝုန်း… ဝုန်း… ဝုန်း
အရှေ့ပင်လယ်က မြွေလိမ်မြွေကောက် အက်ကွဲသွားပြီး အရှေ့ကောင်းကင်စစ်တပ်၏ အရှေ့ဆုံးနေရာအထိ ရောက်သွားသောကြောင့် ကောင်းကင်ဘုံများအား လွင့်သွားစေသည်။
ချင်းလုံက ၎င်း၏ ခန္ဓာကိုယ်ကို ရစ်ခွေကာ သွားသွေးရန် ဝိညာဉ်တောင်တန်းကို ဆွဲယူလိုက်သည်။ သွားများ တောက်ပလာသည့်အထိ သွေးနေပြီးနောက် ၎င်း၏ အသံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ “အစိမ်းရောင်နတ်မင်း၊ မင်းက ငါ့ရဲ့အလောင်းနဲ့ ငါ့ရဲ့မျိုးဆက်တွေကို ဒီလိုအရှက်ခွဲရဲတယ်ပေါ့လေ… မင်း မသေမချင်း ငါ အနားမယူဘူးကွ… ကျန်းပိုင်ကွေ့”
ချင်းလုံ၏ ဦးခေါင်းကြီး ငိုက်ကျလာသည့်အခါ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကျန်းပိုင်ကွေ့အရှေ့တွင် မြောလွင့်နေသည့် ဧရာမတောင်တန်းကြီးပမာ ကြီးမားနေသည်။ ၎င်း၏အရှိန်အဝါဆီမှ ရိုက်ခတ်မှုကြောင့် ကျန်းပိုင်ကွေ့၏ အဝတ်များ လွင့်ခါနေသည်။ လှေပေါ်ရှိ မြင်းနီကြီးမှာ ကြောက်ရွံလွန်းသဖြင့် ခွေကျကာ လှေပေါ်၌ သေးများပင် စီးကျနေတော့သည်။
“ကျန်းပိုင်ကွေ့၊ မင်းမှာ ငါ့အတွက် တပ်ဖွဲ့ဘယ်လောက် ရှိသလဲ…. ရန်သူစစ်တပ်ထဲကို ဝင်ရောက်သတ်ဖြတ်ပြီး အစိမ်းရောင်နတ်မင်းရဲ့ ခေါင်းကို ယူလာပေးမယ်”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မြင်းနီကို ဆွဲထူ၍ တည်ကြည်လေးနက်စွာ ဖြေသည်။ “ကောင်းကင်နတ်အရှင် ချင်းလုံ… နာမည်ကြီးတပ်မှူးတစ်ယောက်အတွက် မြင်းတစ်ကောင် ပိုင်ဆိုင်သင့်သလို၊ သူရဲကောင်းတစ်ဦးအနေနဲ့လည်း ဓားတစ်လက် ရှိသင့်ပါတယ်… ဒါက မီးနဂါးမြင်းပါ သိပ်ကို ရဲရင့်ပြီး ကောင်းကင်နတ်အရှင်ကို တိုက်ပွဲမှာ ကူညီပေးနိုင်ပါတယ်’’
ချင်းလုံလည်း ခေါင်းငုံ့ကြည့်လိုက်ရာ မြင်းသည် ပိန်လှီနေကြောင်း တွေ့လိုက်ရ၏။ ၎င်းမှာ သူ၏အင်အားကြောင့် ကြောက်ရွံ့သွားသည့် သာမန်မြင်းတစ်ကောင်နှင့် တူပြီး မတ်မတ်ပင် မရပ်နိုင်ချေ။
ကျန်းပိုင်ကွေ့၏ အသံက မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်လာသည်။ “ကောင်းကင်နတ်အရှင်ရဲ့ မြင်းက ကောင်းကင်ကို နင်းချေပေးပါလိမ့်မယ်… ကျုပ် ဗုံတီးပြီး အားပေးနေပါ့မယ်… ဒီတိုက်ပွဲက သေချာပေါက် အောင်မြင်စေရမယ်”