နတ်ဘုရားနည်းစနစ်ခုနစ်ပါး ထွက်ပေါ်လာခြင်း
Vol. 149 Ch. 2113
အချို့သော ထိပ်သီးအင်အားစုများမှ ဆရာသခင်အဆင့် ကျင့်ကြံသူများ အပါအဝင် ပို၍ များပြားသော လူများက လေးမျက်နှာကျေးရွာသို့ ရောက်ရှိလာကြသည်။ တားမြစ်ချက်က ပျက်ပြယ်သွားပြီး စည်းမျဥ်းများ ပြောင်းလဲသွားကတည်းက ဤနေရာထံသို့ လူများ တဖွဲဖွဲ ရောက်လာနေ၏။ သူတို့၏ ရောက်ရှိလာမှုက ရွာကို ပို၍ လူသူထူထပ်ပြီး သက်ဝင်လှုပ်ရှားလာစေလေရာ အချို့သော ရွာသားများအတွက် အသားကျရန် မလွယ်ကူလှပေ။
ရွာတစ်ရွာလုံးက ပြင်ပဘုံမှ တန်ခိုးရှင်များနှင့် ပြည့်နှက်နေခဲ့သည်။ သူတို့အားလုံးက ကြီးမားသော စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည့်အတွက် ရွာအတွင်းမှ သာမန်လူများအတွက် ကြီးစွာသော ဖိအားကို ဖြစ်စေသည်။
ရီဖူရှင်းနှင့် အဘိုးမာတို့သည် ခြံဝန်းအတွင်း ထိုင်ကာ ရောက်တတ်ရာရာ စကားပြောနေကြ၏။
"ရွာထဲမှာ လူတွေက ပိုပိုများလာတယ်။ ဒါက ကောင်းတဲ့ ကိစ္စမဟုတ်ဘူး။ ဒီလိုသာ ဆက်ဖြစ်နေရင် လေးမျက်နှာကျေးရွာက လေးမျက်နှာကျေးရွာနဲ့ တူတော့မှာ မဟုတ်ဘူး။" အဘိုးမာက ဖြေးလေးစွာ ပြောသည်။ "ပြီးတော့ ရွာသားတွေက ကျင့်ကြံဖို့ စတင်နေကြပြီ။ အပြင်လောကရဲ့ အစွမ်းထက်တန်ခိုးရှင်တွေ အများကြီးက သူတို့ကို ဝန်းရံနေရင် သူတို့ ဖိအားတွေ ခံစားရလိမ့်မယ်။ ရွာထဲမှာ အပြင်လူတွေ အများကြီး သွားလာလှုပ်ရှားနေကြတာမလား။"
"အပြင်လူတွေအားလုံးက ရွာသားတွေနဲ့ ပူးပေါင်းချင်ကြတာ။ အထူးသဖြင့် နတ်ဘုရားနည်းစနစ်တွေကို ဆက်ခံထားတဲ့ သူတွေနဲ့ပေါ့။" ရီဖူရှင်းက ပြောလိုက်သည်။
"နတ်ဘုရားနည်းစနစ် ခုနစ်ပါးထဲမှာ နောက်ဆုံး နတ်ဘုရားနည်းစနစ်က မကြာခင် ထွက်ပေါ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် နတ်ဘုရားနည်းစနစ်တွေရဲ့ ဆက်ခံသူခုနစ်ယောက်က လေးမျက်နှာကျေးရွာ အရေးကိစ္စတွေကို အတူတူ ဆုံးဖြတ်ရမှာ။ အဲဒီအချိန်ကို ရောက်ရင် မင်း ဘယ်လို စီစဥ်ထားလဲ။" အဘိုးမာက မေးလိုက်သည်။
"သူတို့က လေးမျက်နှာကျေးရွာကို လွတ်လပ်တဲ့ အင်အားစုတစ်ခု ဖြစ်လာစေချင်ရင် ရွာကို လာနေတဲ့ အပြင်လူတွေကို အရင်ဆုံး ပိတ်ပင်ရမယ်။ အဲဒီလိုလုပ်ချင်ရင် သူတို့က ဖိအားတွေ အများကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်။" ရီဖူရှင်းက ပြောလိုက်သည်။ "ဆရာသခင်သာ ဝင်မပါရင်..."
ရီဖူရှင်းသည် လေးမျက်နှာကျေးရွာမှ လူများ၏ အင်အားကို သေချာမသိသေးပေ။ သို့သော် ကြီးမားသော အမွေအနှစ်များနှင့် နက်ရှိုင်းသော ရိုးရာနောက်ခံများ ရှိလျှင်ပင် လေးမျက်နှာကျေးရွာသည် နယ်မြေတစ်ခွင်မှ အစွမ်းထက်တန်ခိုးရှင်များကို ယှဥ်နိုင်ရန် ခက်ခဲပေလိမ့်မည်။ ထို့အပြင် မုယွင်မိသားစုလည်း ရှိသေးသည်။
ရီဖူရှင်းက မုယွင်မိသားစုနှင့် မဟာမိတ်ဖွဲ့ရန် သဘောတူနိုင်သည်။ သို့သော် မုယွင်လန်၏ အကြံပြုချက်အရ ရီဖူရှင်းသည် လေးမျက်နှာကျေးရွာ၏ ကာကွယ်မှုအောက် ခိုလှုံသူပုန်းကွယ်နေသူထက် မပိုပေ။ မုယွင်မိသားစုက ရွာကို ဦးဆောင်လိမ့်မည်ဖြစ်ပြီး အနာဂတ်တွင် မည်သို့မည်ပုံဖြစ်မည်ကို မည်သူမှ မသိကြပေ။ မုယွင်မိသားစုက အတိတ်ကိစ္စများကို လက်လွှတ်ပြီး သူတို့၏ ကတိကို တည်ပါမည်လော။
ထိုအခိုက်အတန့်တွင် လူတချို့ အဘိုးမာအိမ်သို့ ရောက်လာကြသည်။ ခြံဝန်း၏ အပြင်ဘက်မှ အသံတစ်ခု ထွက်ပေါ်လာပေသည်။ "ဆရာရီရှိလား။"
"ဝင်လာခဲ့ပါ။" ရီဖူရှင်းက ပြောလိုက်သည်။ ထိုလူက ယဥ်ကျေးမှုအရသာလျှင် မေးခြင်းဖြစ်သည်။ သူတို့က အပြင်၌ ရောက်နေခဲ့ပြီး ခြံထဲရှိ ရီဖူရှင်းကို မြင်တွေ့ပြီးဖြစ်သည်။
ရီဖူရှင်းက ပြန်ဖြေလိုက်သည်နှင့် လူအများအပြား လမ်းလျှောက်ဝင်လာကြသည်။အဖွဲ့ခေါင်းဆောင်က ကျက်သရေရှိသော ဟန်ပန်အမူအရာနှင့် သက်လတ်ပိုင်းလူကြီးတစ်ယောက် ဖြစ်သည်။ သူက ပြီးပြည့်စုံသော မဟာလမ်းစဥ် မရှိလျှင်ပင် အဆင့်ကိုးရန်ဟောင်တစ်ပါး ဖြစ်လေရာ ထိပ်ဆုံးအဆင့်၌ ရပ်တည်နေသော ဆရာသခင် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ သူက ပြုံးလျှက် ရီဖူရှင်းကို ပြောလိုက်သည်။ "ကျုပ်တို့က ရှန်းယွီနတ်ပြည်ထောင်ကနေ လာခဲ့တာပါ။ ဆရာရီနဲ့ ပူးပေါင်းချင်ပါတယ်။"
ရှန်းယွီနတ်ပြည်ထောင်သည် အဆင့်မြင့်ကောင်းကင်တတိယအလွှာမှ ထိပ်သီးအင်အားစုတစ်ခုဖြစ်သည်။ သူတို့သည် အင်အားကြီးမားကာ ကြွယ်ဝသော အမွေအနှစ်တို့ကို ပိုင်ဆိုင်၏။ ဒဏ္ဍာရီများအရ ရှန်းယွီနတ်ပြည်ထောင်သည် လွန်ခဲ့သည့် နှစ်သန်းပေါင်းများစွာကပင် ကောင်းကင်ဒေသ၌ တည်ရှိခဲ့သည်။ ၎င်းတို့သည် ဆုတ်ယုတ်သွားလျှင်ပင် ခေါင်းဆောင်တစ်ယောက် ပေါ်လာမြဲဖြစ်ကာ သူတို့အား ပြန်လည်ဦးမော့စေလေ့ရှိသည်။
"ဘယ်လိုပူးပေါင်းမှာလဲ။" ရီဖူရှင်းက မေးလိုက်၏။
"လေးမျက်နှာကျေးရွာက အခု လူအမျိုးမျိုး စုစည်းနေတဲ့ နေရာတစ်ခု ဖြစ်နေပြီ။ အများစုက ကွယ်ဝှက်ထားတဲ့ ရည်ရွယ်ချက်တွေနဲ့ လာခဲ့ကြတာ။ ရှန်းယွီနတ်ပြည်ထောင်က ဆရာရီ ရွာကို ထိန်းချုပ်နိုင်အောင် ကူညီပေးဖို့ ဆန္ဒရှိပါတယ်။ ပြီးတော့လည်း ကျုပ်တို့က ရွာရဲ့ ဖွံဖြိုးတိုးတက်မှုနဲ့ စွမ်းအားကို မြန်မြန်တိုးတက်လာအောင် လုပ်ပေးနိုင်တယ်။ ရှန်းယွီနတ်ပြည်ထောင်က လေးမျက်နှာကျေးရွာရဲ့ ရင်းနှီးတဲ့ မဟာမိတ်ဖြစ်လာပေးနိုင်တယ်။" အသံထွက်ကာ ထုတ်ပြောရမည့်အစား ထိုလူက ရီဖူရှင်းထံ အသံတိုက်ရိုက် ပို့လွှတ်ကာ ပြောလိုက်ခြင်း ဖြစ်သည်။ အဘိုးမာပင်လျှင် မကြားနိုင်ပေ။
အပြင်လူများက လေးမျက်နှာကျေးရွာအကြောင်း စစ်ဆေးစုံစမ်းနေကြသည်။ ရီဖူရှင်းက ရွာသားများကြား၌ အတော်လေး ကျော်ကြားပြီး ကြီးမားသည့် ကံကြမ္မာကောင်းများလည်း ရှိသည်။ သူက ရွာမှ ဆယ်ကျော်သက်လေးများစွာကို ကျင့်ကြံခြင်း စတင်စေနိုင်ရန်နှင့် နတ်ဘုရားနည်းစနစ်များ ဆက်ခံနိုင်ရန်ပင် ကူညီပေးခဲ့သည်။
ယခုအချိန်တွင် လေးမျက်နှာကျေးရွာမှ လူများသည် သူက အပြင်လူတစ်ယောက် ဖြစ်ကြောင်း မေ့ပျောက်နေပြီ ဖြစ်သည်။ သူတို့အားလုံးက သူ့ကို ရွာသားတစ်ယောက်အဖြစ် ဆက်ဆံနေကြပြီ ဖြစ်သည်။ ထို့ကြောင့် ရီဖူရှင်းက လေးမျက်နှာကျေးရွာကို ထိန်းချုပ်ရန် အခွင့်အရေးကောင်း ရှိပေသည်။ မည်သို့ဖြစ်စေ နန်ဟိုင်မိသားစု နှင့် မုယွင်မိသားစုက ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေဆဲဖြစ်ကာ သူတို့က ရွာကို ထိန်းချုပ်ရန် အခွင့်အရေး ရှိနေဆဲ ဖြစ်သည်။
ထိုအကြောင်းပြချက်ကြောင့် ရှန်းယွီနတ်ပြည်ထောင်က ရီဖူရှင်း၏ ကျောထောက်နောက်ခံ ဖြစ်ပေးကာ သူ့ကိုယ်စား နန်ဟိုင်မိသားစုကို ကိုင်တွယ်ပေးလျှင် သူတို့သည် ရီဖူရှင်းအား ဖိအားမှ သက်သာရာရစေနိုင်ပြီး ရွာသားများ၏ ယုံကြည်ချက်ကိုလည်း မြှင့်တင်နိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့က မုယွင်မိသားစုကို ကစားပွဲမှ ကန်ထုတ်နိုင်ပေလိမ့်မည်။
ရှန်းယွီနတ်ပြည်ထောင်က နှစ်ပေါင်းများစွာ ကံကြမ္မာကောင်းများရှိခဲ့သော်လည်း အသစ်မြင့်တက်လာသော အင်အားစုများကြောင့် ဖိအားနှင့် ခြိမ်းခြောက်မှုကို ခံနေရဆဲ ဖြစ်ပေသည်။ အထူးသဖြင့် နန်ဟိုင်မိသားစု၏ အင်အားက ပိုမိုကြီးမားလာခဲ့သည်။ သူတို့က မုယွင်လန်ကို သားမက်အဖြစ် ခေါ်ဆောင်နိုင်ခဲ့ပြီး မုယွင်လန်၏ ညီငယ်လေး မုယွင်ရှုက လေးမျက်နှာကျေးရွာ၌သာ ရှိနေသေးသော်လည်း အနာဂတ်တွင် ထူးချွန်ထက်မြက်သော တန်ခိုးရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။
ရှန်းယွီနတ်ပြည်ထောင်သည်လည်း ထူးချွန်ထက်မြက်ကာ အလားအလာကောင်းမွန်သော တန်ခိုးရှင်များကို သူတို့နှင့် ပူးပေါင်းလာစေရန် လိုအပ်ပေသည်။ သူတို့က လေးမျက်နှာကျေးရွာကို အုပ်ချုပ်နိုင်လျှင် ပို၍ အားကောင်းလာပေလိမ့်မည်။
"အဖိုးအခက ဘာလဲ။" ရီဖူရှင်းသည်လည်း အပြင်၌ ထုတ်မပြောဘဲ အသံပို့လွှတ်ကာ ပြောလိုက်သည်။
"အဖိုးအခရယ်လို့ မရှိပါဘူး ဆရာရီ။ ခင်ဗျား ရွာကို တာဝန်ယူအုပ်ချုပ်ပြီးနောက်မှာ ကျုပ်တို့ ရှန်းယွီနတ်ပြည်ထောင်က လူတွေကို လေးမျက်နှာကျေးရွာဆီ ဝင်ရောက်ခွင့်ပြုပေးဖို့ပဲ လိုတာပါ။ ရွာက နတ်ဘုရားတွေရဲ့ ကောင်းချီးပေးခံထားရတဲ့ မှော်ဆန်ဆန် နေရာတစ်ခုဖြစ်ပြီး ရှန်းယွီနတ်ပြည်ထောင်က အဲဒီကြမ္မာအခွင့်အလမ်းကောင်းတွေကို မျှဝေခံစားဖို့ပဲ မျှော်လင့်မိတာပါ။ ပြီးတော့ ရှန်းယွီနတ်ပြည်ထောင်က ပြင်ပဘုံကို သွားလာချင်တဲ့ ရွာက ဘယ်သူ့ကိုမဆို စောင့်ရှောက်ပေးဦးမှာပါ။ ကျုပ်တို့က လေးမျက်နှာကျေးရွာရဲ့ အားကောင်းတဲ့ မဟာမိတ်ဖြစ်လာပြီး ရှေ့ဆက်ဖို့ မျှော်လင့်ပါတယ်။" ထိုသူက ပြန်ဖြေလိုက်သည်။
ထိပ်သီးအင်အားစုတစ်ခုသာလျှင် ထိုသို့သော ကမ်းလှမ်းချက်မျိုးကို ပြုလုပ်ရဲပေလိမ့်မည်။ လေးမျက်နှာကျေးရွာ၏ အခြေအနေက ရှုပ်ထွေးပြီး အချိန်တိုအတွင်း ရှင်းလင်းနိုင်မည် မဟုတ်ပေ။ ရွာကို ထိန်းချုပ်မည့် ဘယ်သူမဆို ပစ်မှတ်ထားခံရပေလိမ့်မည်။.
ရီဖူရှင်းက ထိုအကြံပြုချက်အား အတိအလင်း ငြင်းပယ်ခြင်းမရှိသလို လက်ခံခြင်းလည်း မပြုခဲ့ဘဲ ခေါင်းသာ ညိတ်လိုက်၏။ သူက ပြောလိုက်သည်။ "ကျုပ်က ရွာခံတစ်ယောက်မဟုတ်ဘူးဆိုတာ ခင်ဗျား သိမယ်လို့ ထင်ပါတယ်။ ကျုပ်က ခင်ဗျားလိုပဲ တခြားနေရာက လာခဲ့တာ။ ကျုပ် ရောက်ကတည်းက အများကြီး ပါဝင်ပတ်သတ်နေခဲ့မိရင်တောင် လေးမျက်နှာကျေးရွာရဲ့ အနာဂတ်ကို ချုပ်ကိုင်လွှမ်းမိုးနိုင်မယ်လို့ မဆိုလိုဘူးလေ။ ရွာသားတွေက ဆရာသခင်ကို အယုံကြည်ဆုံးပဲ။ သူက နတ်ဘုရားနည်းစနစ်ခုနစ်ပါးရဲ့ ဆက်ခံသူတွေက ရွာကို အတူတကွ အုပ်ချုပ်လိမ့်မယ်လို့ ပြောပြီးပြီ။ ခင်ဗျား စိတ်ထဲမှာ အစီအစဥ်ရှိရင် အချိန်ကျလာတဲ့အခါ သူတို့နဲ့ သွားဆွေးနွေးသင့်တယ်။"
ထိုလူက ရီဖူရှင်းကို ကြည့်လိုက်ပြီး သူဆိုလိုသည်ကို အနည်းနှင့်အများ နားလည်သွားပေသည်။ ထို့နောက် သူက ခေါင်းညိတ်ကာ အပြုံးနှင့် ပြောလိုက်သည်။ "ဒီလိုဆို ကျုပ်က နည်းနည်းပိုပြီး စောင့်ရတော့မှာပေါ့။ အနှောက်အယှက်ပေးမိလို့ အားနာပါတယ် ဆရာရီ။"
သူက အဘိုးမာကိုလည်း ခေါင်းညိတ်ပြလိုက်ပြီး သူ့လူများနှင့်အတူ ထွက်ခွာသွားပေသည်။
ထို့နောက် အခြားအဖွဲ့များလည်း ရီဖူရှင်းထံ ရောက်လာကြပြီး သူနှင့် ပူးပေါင်းရန် အကြံပြုလာကြသည်။ အချို့လူများက လေးမျက်နှာကျေးရွာတစ်ခုလုံးနှင့် ပူးပေါင်းချင်သော်လည်း အချို့က နတ်ဘုရားနည်းစနစ် ရရှိခြင်းကိုသာ စိတ်ဝင်စားကြပေသည်။
"အတော်ခက်ခဲတဲ့ အခြေအနေပဲ။" ရီဖူရှင်းက ခြံဝန်းထဲမှ ထွက်သွားရင်း ရှေးဟောင်းသစ်ပင်ထံ လျှောက်သွားခဲ့၏။ ဆယ်ကျော်သက်လေးများက သု့ညွှန်ကြားချက်ကို လိုက်နာကာ သစ်ပင်ရှေ့၌ လိမ္မာစွာ ထိုင်ရင်း ကျင့်ကြံနေကြသည်။ အချို့အပြင်လူများသည်ပင် ကျင့်ကြံခြင်း အခွင့်အလမ်းများ ရရှိကြ၏။
သို့သော် သူတို့သည် ရိုးရှင်းသော နားလည်သဘောပေါက်မှုမှ လွဲ၍ မည်သည့် နတ်ဘုရားနည်းစနစ်ကိုမှ မရရှိကြပေ။
"ဆရာရီ။"
"မင်္ဂလာပါ ဆရာရီ။" ဆယ်ကျော်သက်လေးများက သူ လျှောက်လာနေသည်ကို မြင်သည့်အခါ တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်လာကြသည်။ သူတို့အားလုံးက သူ့ကို အလွန် လေးစားကြ၏။
ရီဖူရှင်းက ခေါင်းညိတ်ရင်း သူတို့အား နူးညံ့စွာ ပြုံးပြလိုက်သည်။ သူက သူတို့အား ဖြတ်လျှောက်သွားသည့်အခါ ပခုံးလေးများကို ပုတ်သလို ခေါင်းလေးများကို ခပ်ဖွဖွ ပွတ်ပေးလိုက်သည်။
"ဆရာရီ.. အခု နောက်ထပ် ငါးယောက် ကျင့်ကြံနိုင်ပြီ။" ဖန်းချွင့်က ရီဖူရှင်းထံ လျှောက်လာကာ စိတ်လှုပ်ရှားစွာ အစီရင်ခံလိုက်သည်။ ပိုပို၍ များပြားသော လူငယ်လေးများက ရှေးဟောင်းသစ်ပင်၌ ကျင့်ကြံရန် လာရောက်ကြသည်။ ကြည့်ရသည်မှာ ဆရာသခင် ပြောသကဲ့သို့ ရွာရှိ ဆယ်ကျော်သက်လေးများ အားလုံးက ကျင့်ကြံနိုင်စွမ်းရှိလာကြပြီ ထင်သည်။.
"မဆိုးဘူး။" ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "မင်းလည်း ပိုပြီး ကြိုးစားဖို့ လိုတယ်။"
"ဟုတ်ကဲ့။" ဖန်းချွင့်က ပြောလိုက်သည်။ "ကျွန်တော် သူတို့ကို စောင့်နေတာ။"
ရီဖူရှင်းက ဖန်းချွင့်၏ နဖူးကို တောက်လိုက်သည်။ ထို့နောက် သူ့ မျက်လုံးများက အနီးရှိ လူငယ်လေးတစ်ယောက်ပေါ် ကျရောက်သွားသည်။ သော်ယွီက ထိုနေရာ၌ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ သူ့အနီးတွင် စွမ်းအင်လှိုင်းများက ရစ်ပတ်နေ၏။ မဟာလမ်းစဥ်၏ ပေါကြွယ်သော စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲကို စီးဝင်လာပြီး သူ့ကို အသွင်ပြောင်းလဲ သန့်စင်ပေးနေ၏။
လေဟာနယ်လောကက ရှေးဟောင်းနတ်ဘုရားများ၏ ဝိညာဥ်များနှင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဤနေရာ၌ ကျင့်ကြံနေသော လူငယ်လေးများသည် အတွင်းမှ စွမ်းအင်များဖြင့် တဖြေးဖြေး လွှမ်းခြုံခံလာရပေသည်။ လေးမျက်နှာကျေးရွာအတွင်း နေရာသေးသေးလေးသည် မဟာအင်ပါယာ၏ စွမ်းအားများဖြင့် သီးခြားနေရာတစ်ခုအဖြစ် တည်ဆောက်ထားခြင်း ဖြစ်သည်။
ထို့အပြင် ရှေးဟောင်းသစ်ပင်က ဤလောက၏ အမြစ်ဖြစ်သည်။
ရီဖူရှင်းက ရှေးဟောင်းသစ်ပင်ဘေး၌ တိတ်ဆိတ်စွာ ရပ်နေခဲ့ပြီး သစ်ပင်ကို မှီရပ်ရင်း လူငယ်လေးများကို အပြုံးနှင့် ကြည့်နေခဲ့သည်။ လူငယ်လေးများသည် သူတို့၏ ခန္ဓာကိုယ်ထဲသို့ မမြင်နိုင်သော စွမ်းအင်များ ဝင်ရောက်လာသည်နှင့် ချက်ချင်းပင် လောကကြီးက ပို၍ ရှင်းလင်းလာကြောင်း ခံစားလိုက်ရပေသည်။
တခဏကြာပြီးနောက် ရီဖူရှင်းက ထွက်ခွာသွားသည်။ သူ ထွက်သွားပြီးနောက် မကြာခင်မှာပင် လေးမျက်နှာကျေးရွာ၏ ကောင်းကင်ထက်၌ ထူးခြားဆန်းကြယ်လှသော သဘာဝဖြစ်စဥ်တစ်ခု ထွက်ပေါ်လာသည်။ အဘိုးမာ၏ ခြံဝန်းအတွင်း ပြန်ရောက်နေသည့် ရီဖူရှင်းက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ထိုသည်မှာ ရှေးဟောင်းသစ်ပင် ရှိရာဘက်၌ ဖြစ်ပေသည်။
ကောင်းကင်ထက်မှ ထူးခြားသော ဖြစ်စဥ်ကို သတိပြုမိသည့်အခါ သူက ပြုံးလိုက်သည်။ နတ်ဘုရားနည်းစနစ်ခုနစ်ပါး အားလုံး ထွက်ပေါ်လာပြီ ဖြစ်၏။
"သော်ယွီ...."
"အဲဒါ သော်ယွီပဲ။" လူအများက ထိုနေရာသို့ ကြည့်ရင်း အံ့အားသင့်စွာ ရေရွတ်လိုက်ကြသည်။ သူတို့သည် နောက်ဆုံးကျန်ရှိသည့် နတ်ဘုရားနည်းစနစ်ကို သော်ယွီက ဆက်ခံနိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြပေ။
အပြင်လူများက ထူးခြားဆန်းကြယ်သော ဖြစ်စဥ်ကို ကြည့်နေခဲ့ကြသည်။ နောက်ဆုံး၌ နတ်ဘုရားနည်းစနစ်ခုနစ်ပါးက အားလုံး ထွက်ပေါ်လာပြီ ဖြစ်သည်။
လေးမျက်နှာကျေးရွာ၏ အနာဂတ်က မည်သို့သော အပြောင်းအလဲမျိုး ဖြစ်လာမည်နည်း။
ထိုအခိုက်အတန့်တွင် ရွာတစ်ခွင်လုံး၌ တင်းမာမှုများနှင့် ပြည့်နှက်နေခဲ့သည်။
***