အရှေ့ပင်လယ်မှ တန်ခိုးရှင်ဘုရင်
Vol. 131 Ch. 1696
“အစိမ်းရောင်နတ်မင်း၊ ခင်ဗျား ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ အညံ့ခံမှာလား”
ကျန်းပိုင်ကွေ့က အစိမ်းရောင်နတ်မင်း၏ ဝိညာဉ်ကို ချုပ်နှောင်၍ မေးသည်။ “ခင်ဗျားက ရှုံးနေပြီးပြီ… အညံ့မခံရင် သေလိမ့်မယ်… အညံ့ခံရင် အကျိုးသယ်ပိုးနိုင်တဲ့ ဝန်မင်းတစ်ယောက် ဖြစ်လာလိမ့်မယ်”
အစိမ်းရောင်နတ်မင်းက ကျန်းပိုင်ကွေ့၏ ကောင်းကင်နတ်ဘုံထဲတွင် ပျံသန်းလျက် ထွက်ပြေးရန် ကြိုးစားနေရင်း အော်ဟစ်လိုက်၏။ “ဧကရာဇ်ထိုက်ချူက ငါ့အပေါ် ကြင်နာခဲ့တယ်… ငါ သူ့ကို ဒီဘဝမှာ ဘယ်တော့မှ ပြန်ပြီး ကျေးဇူးဆပ်နိုင်မှာ မဟုတ်ဘူး…. ဒီဘဝမှာ ထိုက်ချူရဲ့ ၀န်မင်းပဲ လုပ်မယ်… ဘယ်တော့မှ အညံ့ခံဘူးကွ”
အစိမ်းရောင်နတ်မင်း၏ ရုပ်ခန္ဓာကို ကုန်းစွန်းယန်က ထိန်းချုပ်ထားသည်။ အစိမ်းရောင်နတ်မင်း၏ မူလဝိညာဉ်မှာ ရုပ်ခန္ဓာလောက် အားမကောင်းပေ။ ကျန်းပိုင်ကွေ့၏ ကောင်းကင်နတ်ဘုံထဲ ကျရောက်သွားသည့်အခါ မလွတ်မြောက်နိုင် ဖြစ်နေ၏။
ကျန်းပိုင်ကွေ့၏ ကောင်းကင်နတ်ဘုံမှာ အင်မတန် ထူးဆန်းသည်။ မွေးရာပါတာအိုတို့ဖြင့် ဖွဲ့တည်ထားသော ကောင်းကင်နတ်ဘုံ မဟုတ်ပေ။ ကောင်းကင်နန်းဆောင် ၃၆ ဆောင်မှာ လယ်စိုက်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ ငါးမျှားခြင်း၊ ကုန်သွယ်ခြင်း အစရှိသဖြင့် ကျင့်ကြံပြီးမှ ရရှိသော တာအိုတို့ဖြင့် ဖွဲ့တည်ထားခြင်း ဖြစ်လေသည်။
ကျန်းပိုင်ကွေ့၏ လမ်းစဉ်သည် ခွန်အားကို အသုံးပြု၍ တာအိုရရှိရန် ဖြစ်ကြောင်း သိသာသော်လည်း တွေ့မြင်နေကျ ခွန်အား အသုံးပြု၍ တာအိုရရှိသော လမ်းစဉ်မှ ကွဲပြားနေလေသည်။
တွေ့မြင်နေကျ ခွန်အားမှတဆင့် တာအိုရရှိသည့်လမ်းစဉ်မှာ ကောင်းကင်နတ်ဧကရာဇ်ဟောင်၊ ထိုက်ချူနှင့် တခြားသူများကဲ့သို့ မွေးရာပါတာအိုကို ကျင့်ကြံခြင်း ဖြစ်၏။ သူတို့သည် ကောင်းကင်နန်းဆောင်များ၊ ရတနာခန်းမများ ကျင့်ကြံလျက် ကောင်းကင်အထိ တက်ရောက်ကာ ပလ္လင်ပေါ်တွင် ထိုင်ပြီး အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ကြသည်။ ခွန်အားကို အသုံးပြု၍ ကြီးကျယ်ခမ်းနားသော အရာများ အောင်မြင်ကြခြင်းဖြစ်သည်။
သို့သော် ကျန်းပိုင်ကွေ့၏ လမ်းစဉ်ကတော့ ကျင့်ကြံပြီးမှ ရရှိသော မဟာတာအိုနှင့် မွေးရာပါမဟာတာအိုတို့ တစ်ခုနှင့်တစ်ခု လိုက်ဖက်ညီအောင် အသုံးပြုခြင်း ဖြစ်သည်။ ကောင်းကင်နန်းဆောင် ၃၆ ဆောင်က ကျင့်ကြံပြီးမှရရှိသော တာအိုတို့ ဖြစ်ကြပြီး ပလ္လင်ခန်းမ ၇၂ ခုကတော့ မွေးရာပါတာအို ဖြစ်ကြ၏။ ယင်းအတိုင်း ပြီးပြည့်စုံနေလေသည်။
အစိမ်းရောင်နတ်မင်းသည် ယခင်က ထိုသို့မဟာတာအိုမျိုးကို မြင်ဖူးသော်လည်း ဤသို့ မြင့်မားသောအဆင့်အထိ ကျင့်ကြံထားသည်ကိုတော့ မမြင်ဖူးပေ။
သူ မည်သည့်နေရာသို့ပြေးသည်ဖြစ်စေ မလွတ်မြောက်နိုင် ဖြစ်နေ၏။
ကျနိးပိုင်ကွေ့တွင် ကမ္ဘာခေတ်နှောင်းတာအိုနှင့် မွေးရာပါတာအို စုစုပေါင်း ၁၀၈ ခု ရှိနေသည်။ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်နှင့် မွေးရာပါတာအိုကျင့်စဉ်စနစ်တို့ စုစုပေါင်း ၁၀၈ ခု ရှိ၏။ နဂါးဟန်ခေတ်မှ စတင်၍ ပါရမီရှိသော သိုင်းပညာရှင်အများစုသည် မွေးရာပါတာအိုကို လိုက်စား၍ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်များကို ကျင့်ကြံခဲ့ကြသည်။
နဂါးဟန်ခေတ်မှ ယခုအချိန်အထိ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ် ၈၀၀ ကျော် ရှိ၏။ ခန်းမ ၇၂ ခုလုံးကို ကျင့်ကြံနိုင်ရန် မခက်ခဲပေ။
သို့သော် ကမ္ဘာခေတ်နှောင်း ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်များကတော့ အလွန်တရာ ရှားပါး၏။ ရှေးခေတ်များမှ ယခုအချိန်အထိ ကမ္ဘာခေတ်နှောင်းတာအိုကို ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံအောင်မြင်နိုင်ခဲ့သူ ဟူ၍ ခိုင်ဧကရာဇ်တစ်ယောက်တည်းသာ ရှိလေသည်။
ကောင်းကင်နတ်အရှင်မူပင်လျှင် ကမ္ဘာခေတ်နှောင်းတာအိုအားလုံး မကျင့်ကြံသည်သာမက ဧကရာဇ်ပလ္လင်အဆင့်သို့ပင် မရောက်ရှိသေးပေ။
ကျန်းပိုင်ကွေ့၏ ကောင်းကင်နန်းဆောင်မှာ ကမ္ဘာခေတ်နှောင်းတာအိုဖြင့် ဖွဲ့တည်ထားခြင်း ဖြစ်သည်။ ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ် ၃၆ ခု ဖြစ်၏။ တာအိုရရှိရန် ခက်ခဲမှုကို မှန်းဆ၍ပင် မရနိုင်ပေ။
သို့သော် ကျန်းပိုင်ကွေ့ကား ဤလမ်းစဉ်ကို လျှောက်လှမ်းပြီး ဖြစ်သည်သာမက ကျောက်စိမ်းမြို့တော်အဆင့်အထိ ကျင့်ကြံပြီးချေပြီ။
သူ၏ ကျောက်စိမ်းမြို့တော်သည် အခြားသူများနှင့် ကွဲပြား၏။ အစိမ်းရောင်နတ်မင်းမှာ တစ်ခါမှ မတွေ့မြင်ဖူးသဖြင့် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ကျန်းပိုင်ကွေ့ကြောင့် ပြန်တွန်းထုတ်ခြင်းခံရသည်။
ကျန်းပိုင်ကွေ့၏ မျက်နှာအမူအရာက တည်ကြည်လေးနက်နေပြီး သူက ခပ်ဩဩအသံဖြင့် ပြော၏။ “အစိမ်းရောင်နတ်မင်းက သူ့ရဲ့ အရှင်သခင်ကို ခန္ဓာကိုယ်နဲ့ ပြန်ပေးဆပ်ပြီး သစ္စာရှိချင်တာဆိုတော့ ဆန္ဒကို ဖြည့်ပေးရမှာပေါ့”
သူက သူ၏ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ပလ္လင်ခန်းမ ၇၂ ခုကို သိမ်းဆည်းလိုက်သောကြောင့် အစိမ်းရောင်နတ်မင်း၏ မူလဝိညာဥ်အပေါ် သက်ရောက်နေသည့် ဖိအားမှာလည်း လျော့ကျသွားသည်။ သူ ထွက်ပြေးတော့မည့်အချိန်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နယ်စားဝေ၊ သနင်္ဂဗျူဟာစစ်သူကြီးနှင့် တခြားသူများက စစ်တပ်များကို ဦးဆောင်လျက် သူ၏ လမ်းအား ပိတ်ထားသည်ကို တွေ့လိုက်ရ၏။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ စစ်တပ်သုံးတပ်၏ ၀င်္ကပါက ဖြန့်ကျက်သွားပြီး အသက်ဝင်လာသည်။ သူနှင့် သစ်သားအဖြစ် ပြောင်းလဲသွားသော သူ၏ ခန္ဓာကိုယ်ကို ပိတ်လှောင်လျက် အားကုန်တိုက်ခိုက်နေကြ၏။
ကျန်းပိုင်ကွေ့က ဩရှသော လေသံဖြင့် ပြောသည်။ “ဝိုင်းထားကြ၊ ဒါပေမယ့် မသတ်နဲ့…. အရှေ့ကောင်းကင်ရဲ့ စစ်တပ်ကို တံခါးပိတ်နေတာကနေ မျှားခေါ်ရမယ်..”
အစိမ်းရောင်နတ်မင်း၏ နှလုံးသားမှာ အေးခဲသွားတော့သည်။ ဝိုင်းထားသော်လည်း မသက်ဖြတ်ပေ။ ဤသည်က အရှေ့ကောင်းကင်၏ စစ်တပ် ၆၀ ထဲမှ တပ်မှူးများနှင့် စစ်သည်တော်များကို မျှားခေါ်၍ အရှေ့ကောင်ကင်းစစ်စခန်းရှိ ၀င်္ကပါအား ချိုးဖျက်ကာ အရှေ့ကောင်းကင်စစ်တပ်၏ စိတ်ဓာတ်ရေးရာကို ဖိနှိပ်ပျက်ပြားစေရန် ဖြစ်ပေမည်။
တံခါးပိတ်၍နေရာမှ သူတို့ကို လာရောက်ကယ်တင်မည့် စစ်တပ်သည် ကျန်းပိုင်ကွေ့ ဆင်ထားသော ထောင်ချောက်ထဲသို့ ကျရောက်ကာ အမြစ်ဖြတ်ချေမှုန်းခံရပေလိမ့်မည်။
ကျန်းပိုင်ကွေ့ ဦးဆောင်သော ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်က တစ်ချက်တည်းနှင့် အနိုင်ယူချေမှုန်းရန် စောင့်ဆိုင်းနေလိမ့်မည်သာ။
သူသည် ကျန်းပိုင်ကွေ့ အရှေ့ကောင်းကင်၏ နတ်ဘုရားမိစ္ဆာစစ်တပ်ကို ချေမှုန်းရာတွင် အသုံးပြုသည့် ငါးစာ ဖြစ်လာပေလိမ့်မည်။
“အရှေ့ကောင်းကင်ရဲ့ စစ်တပ်တွေက စစ်စခန်းကို ကာကွယ်နေကြမှာ…. ဘယ်တော့မှ ငါ့ကို လာကယ်တင်မှာ မဟုတ်ဘူး”
အစိမ်းရောင်နတ်မင်းအနေဖြင့် ဝိုင်းထားသည့်အကြားမှ ထွက်ပြေးနိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေသော်လည်း သူ၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက ပိုပို၍ ဆိုးရွားလာသည်။ ကျန်းပိုင်ကွေ့သည် ဤသို့ တမင်တကာ ကြံစည်ဆောင်ရွက်ခဲ့သည်ကို သူ သိထား၏။ အဓိကစစ်သူကြီးဖြစ်သော သူ၏ အသက်ဖြင့် အရှေ့ကောင်းကင်စစ်တပ်၏ ၀င်္ကပါကို ချိုးဖျက်ရန် ကြိုးစားနေလေသည်။
သို့သော် သူ မလွတ်မြောက်နိုင်ပေ။
“ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ… ငါ သေတော့မယ်”
စစ်သည်တော်များက အရှေ့နတ်မင်းချင်းလုံကို သယ်ဆောင်လာကြသည်။ အစိမ်းရောင်နတ်မင်းနှင့် တိုက်ခိုက်ခဲ့ရသည့်အတွက် သူသည် မီးစာကုန်တော့မည့် မီးအိမ်တစ်လုံးပမာ အလင်းရောင်ဖြော့ဖြော့သာ ကျန်တော့ပြီး ဝိညာဉ်ပျောက်ကွယ်တော့ပေမည်။ သူက အားနည်းစွာ မေးသည်။ “ငါ အကျိုးသယ်ပိုးခဲ့တယ်လို့ သတ်မှတ်လို့ရလား… ကောင်းကင်နတ်အရှင်မူက ငါ့ကို ပြန်ပြီး အသက်သွင်းပေးမှာလား…”
သူ၏ မျက်လုံးထဲတွင် မျှော်လင့်ချက်ရောင်ခြည်တို့ ပြည့်နှက်နေသည်။
ကျနိးပိုင်ကွေ့က ခေါင်းရမ်းသည်။ အရှေ့နတ်မင်းခင်ဗျာ၊ ခင်ဗျား သေလို့ မရသေးပါဘူး… ကျေးဇူးပြုပြီး ဆေးဆရာကို ခေါ်လိုက်ပါ”
သက်လတ်ပိုင်းဆေးဆရာတစ်ဦးက လူငယ်ဆေးဆရာတချို့ကို ဦးဆောင်လာ၍ အရှေ့နတ်မင်းဒဏ်ရာများကို စစ်ဆေးကြည့်လိုက်သည်။ သူက ပြော၏။ “သူ့ကို အသက်တစ်ရှိုက်အတွင်း ကယ်လို့ ရတယ်…. အဲဒီမြင်းကို ခေါ်လာခဲ့”
စစ်သည်တော်များက နဂါးမြင်းကို ခေါ်လာကြသည်။ နဂါးမြင်းသည် အရှေ့နတ်မင်းနှင့် အစိမ်းရောင်နတ်မင်းတို့အကြား တိုက်ပွဲတွင် မသေဆုံးခဲ့ပေ။ အစိမ်းရောင်နတ်မင်း စီးနင်းခဲ့သည့် နဂါးနှင့်အတူ အသက်ရှင်နိုင်ခဲ့သည်။
အစိမ်းရောင်နတ်မင်းနှင့် အရှေ့နတ်မင်းတို့သည် သူသေကိုယ်သေ တိုက်ခိုက်ခဲ့ကြ၏။ အနီးကပ်တိုက်ခိုက်နေကြစဉ် စီးတော်ယာဉ်များကို ဂရုစိုက်နေရန် အချိန် မရှိပေ။ ထို့ကြောင့် စီးတော်ယာဉ်များ လွတ်မြောက်လာနိုင်ခြင်းပင်။
ဆေးဆရာက လက်ဆန့်တန်း၍ အနည်းငယ် လှည့်လိုက်ရင်းအရှေ့နတ်မင်းချင်းလုံ၏ နဂါးချီကို မြင်းနဂါး၏ ခန္ဓာကိုယ်ထဲမှ နှုတ်ယူလိုက်သည်။ နဂါးချီ နှုတ်ယူခြင်း ခံရပြီးနောက် မြင်းနဂါးမှာ မြင်းနီအိုကြီးအဖြစ် ပြန်လည်ပြောင်းလဲသွားတော့၏။ ၎င်းမှာ ပိန်လှီနေပြီး အီးများ တဘွတ်ဘွတ် ပန်းနေသည်။
ဆေးဆရာက နဂါးချီကို အရှေ့နတ်မင်းချင်းလုံ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ထည့်ပေးလိုက်ကာ ဒဏ်ရာများ အနည်းငယ် သက်သာလာစေသည်။ ဆေးဆရာတချို့က ချက်ချင်း ရှေ့တက်လာပြီး အရှေ့နတ်မင်းချင်းလုံအား ကုသပေးနေကြသည်။
အရှေ့နတ်မင်းချင်းလုံမှာ မသေနိုင်သော်လည်း ဒဏ်ရာများက အလွန်ပြင်းထန်လေသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ကျင့်စဉ်စွမ်းအင် သိပ်မရှိတော့သည့်အပြင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဆေးဆရာများက ဆေးအပြင်းစားများဖြင့် ကုသနေသောကြောင့် သူ့မှာ အော်ဟစ်ညည်းညူနေရ၏။ သူက အံကြိတ်လျက် ပြောသည်။ “ငါ့ကို သေခိုင်းပြီး ပြန်ပြီးတော့သာ အသက်သွင်းလိုက်ပါတော့ကွာ”
“ဒီကမ္ဘာလောကမှာ အသက်သွင်းမန္တန်ကို ကျွမ်းကျင်တတ်မြောက်တဲ့သူ လက်တစ်ဆုပ်စာပဲ ရှိတယ်… ကျွန်တော်က အဲဒီသူတွေထဲကတစ်ယောက် ဖြစ်ပေမယ့် ခင်ဗျားကို အသက်သွင်းဖို့အထိ စွမ်းအားကြီးတဲ့ မှော်စွမ်းအင် မရှိဘူး”
ကျန်းပိုင်ကွေ့က အေးအေးလူလူ ရှင်းပြသည်။ “ခင်ဗျားကို အသက်သွင်းဖို့က အချိန်ကြာလိမ့်မယ်… ကျွန်တော့်အနေနဲ့ အရှေ့ကောင်းကင်မှာ အချိန်အများကြီး ဖြုန်းနေလို့လည်း မဖြစ်ဘူး… ခင်ဗျားရဲ့ ဒီရုပ်ခန္ဓာကို ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အစွမ်းထက်ဆုံး ကောင်းကင်လုပ်သားတွေ ဖန်တီးထားတာ… ကောင်းကင်လက်နက်အရှေ့နတ်မင်းက တစ်ဦးတည်း ရှိတဲ့အတွက် ပျက်စီးသွားလို့ မဖြစ်ဘူး…. ကျွန်တော် ခင်ဗျားကို လိုအပ်သေးတယ်…. အရှေ့ကောင်းကင်ကို ထိုးဖောက်တဲ့နေရာမှာ ခင်ဗျားက အသုံးဝင်တဲ့အတွက် ဘာပဲဖြစ်ဖြစ် သေလို့မရဘူး”
ဆေးဆရာများက တရစပ် ကုသပေးနေသောကြောင့် အရှေ့နတ်မင်းချင်းလုံမှာ သူ၏ ဝိညာဉ်ရှိ ဒဏ်ရာများ တဖြည်းဖြည်း သက်သာလာနေသည်ကို ခံစားနေရသည်။ သို့သော် နာကျင်လွန်းသဖြင့် အံကြိတ်ကာ တောင့်ခံနေရလေသည်။
သူ၏အကြည့် သက်လတ်ပိုင်းဆေးဆရာထံ ကျရောက်သွားသည့်အခါ မှင်သက်သွားမိသည်။ ဤပုဂ္ဂိုလ်မှာ ချောမောလွန်းနေသည်။ ပြိုင်ဘက်ကင်း ခံ့ညားမှုကို ပိုင်ဆိုင်ထားသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ သို့သော် သူ့ကို ဆေးအပြင်းစားများ ထည့်ခဲ့သည့်အတွက် သေချင်စိတ်ပါ ပေါက်သွားရသည်ကလည်း ဤလူချောကြောင့်သာ ဖြစ်လေသည်။
“မင်းက…” အရှေ့နတ်မင်းချင်းလုံက နာကျင်မှုကို တောင့်ခံ၍ မေးလိုက်၏။
ဆေးဆရာက ပြုံးသည်။ သူ၏ အပြုံးကြောင့် အရှေ့နတ်မင်းမှာ သိမ်ငယ်စိတ်ပင် ဝင်သွားမိလေသည်။ “ဒုက္ခိတဘိုးဘွားကျေးရွာရဲ့ ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်လို့ သိကြပါတယ်… ဧကရာဇ်အတိုင်ပင်ခံ၊ ဒီနဂါးရဲ့ ဒဏ်ရာတွေက သိပ်မပြင်းထန်တော့တဲ့အတွက် ကျုပ်ရဲ့ တပည့်တွေ ကုသပေးနိုင်ပြီ ... တခြားစစ်မြေပြင်တွေဆီကို ကျုပ် သွားပြီး ကုသပေးရဦးမယ်”
ဧကရာဇ်အတိုင်ပင်ခံမှာ သူ့ကို အထက်စီးမှ မဆက်ဆံရဲပေ။ သူက ဦးညွှတ်ရိုအသေပေးလိုက်သည်။ “ဂရုစိုက်ပါ ဦးရီးတော်”
ဆေးဆရာက အဝေးသို့ ပျံသန်းထွက်ခွာသွားတော့သည်။
“ဒီပုဂ္ဂိုလ်က ကောင်းကင်နတ်အရှင်မူရဲ့ အဘိုးအဘွားကိုးဦးထဲက တစ်ဦးပါ”
ကျန်းပိုင်ကွေ့သည် အရှေ့ကောင်းကင်စစ်စခန်းဆီသို့ လှမ်းကြည့်၍ အရှေ့နတ်မင်းချင်းလုံကို ရှင်းပြ၏။ “ဒါကြောင့် သူ့ကို ဦးရီးတော်လို့ ခေါ်တာပဲ… အရှေ့နတ်မင်း၊ ကျွန်တော် ဘာကြောင့် အခုလို ကြံစည်နေတာလဲ ခင်ဗျားသိလား… ခင်ဗျားကို ဘာလို့မသတ်သေးတာလဲဆိုတာကိုပေါ့”
အရှေ့နတ်မင်းက နာကျင်မှုကို သည်းခံ၍ ဖြေသည်။ “အရှေ့ဝင်ရိုးစွန်း ဘိုးဘေးနယ်မြေ နဂါးတစ်သောင်းအသိုက်ကြောင့်မလား… ဒ့ါအပြင် အရှေ့ကောင်းကင်စစ်တပ်နဲ့ အစိမ်းရောင်နတ်မင်းကြောင့်လေ”
ကျန်းပိုင်ကွေ့က ပြုံးလျက် တုံ့ပြန်၏။ “ဒီနေ့အချိန်အထိ အသက်ရှင်နိုင်ခဲ့ကြတဲ့ ရှေးဟောင်းနတ်ဘုရားတွေက တုံးအမနေကြဘူးပဲ… နယ်စားဝေ၊ အစိမ်းရောင်နတ်မင်းရဲ့ ဒဏ်ရာတွေကို နည်းနည်း ပိုဆိုးသွားအောင် လုပ်လိုက်”
အရှေ့ကောင်းကင်စစ်စခန်းထဲတွင်
ခြောက်ဆယ်သော စစ်တပ်ဖွဲ့များသည် စုစုရုံးရုံး နေရာယူထားကြ၏။ ကောင်းကင်နတ်မြစ်တပ်ဖွဲ့၊ အရှေ့ဝင်ရိုးစွန်းတပ်ဖွဲ့၊ အနောက်ဝင်ရိုးစွန်းတပ်ဖွဲ့၊ ကောင်းကင်ရထားလုံးတပ်ဖွဲ့ အစရှိသော တပ်ဖွဲ့များ စုံလင်စွာ စုဝေးနေကြသည်။ တပ်ဖွဲ့တို့၏ စစ်သည်တော်အများစုကား ရှေးဟောင်းနတ်ဘုရားများနှင့် နတ်ဘုရားတစ်ပိုင်းများသာ ဖြစ်ကြသည်။ သူတို့ကို ဦးဆောင်သော တပ်မှူးများအား အရှေ့ကောင်းကင်၏ ကြယ်စင်စုများမှ ကြယ်တာရာမြို့စားမင်းများဟု ခေါ်သည်။
လက်ရှိအခြေအနေတွင် ကြယ်တာရာမြို့စားမင်းများအကြား ပွက်လောရိုက်နေကြသည်။ အစိမ်းရောင်နတ်မင်းကို မည်သို့ကယ်တင်ရမည်လဲ ဆိုသည်နှင့် ပတ်သက်၍ ခေါင်းချင်းဆိုင် တိုင်ပင်နေကြပြီး ငြင်းခုံသံများ ထွက်ပေါ်နေကြသည်။ ရှေးဟောင်းနတ်ဘုရားလေးပါးက အရှေ့ကောင်းကင်စစ်စခန်း၏ ကြယ်တာရာများအထက်မှ ထရပ်လာကြသည်။ “အစိမ်းရောင်နတ်မင်းက ငါတို့ရဲ့ အဓိကစစ်သူကြီးပဲ… သူက စစ်သည်တော်တွေကို သားတွေလို တန်ဖိုးထားတယ်... သူ ဝိုင်းပြီး တိုက်ခိုက်ခံနေရတဲ့အချိန်မှာ မကယ်တင်လို့ ဖြစ်မလား… မင်းတို့ မကယ်ရင် ငါတို့ သွားကယ်မယ်” ရှေးဟောင်းနတ်ဘုရားလေးပါးက သူတို့၏ စစ်တပ်များကို အမိန့်ပေး၍ ကောင်းကင်လက်နက်မျိုးစုံ ပြင်ဆင်ကာ စစ်စခန်းထဲမှ ထွက်ခွာသွားတော့သည်။
ကျန်ကြယ်တာရာမြို့စားမင်းများသည် အစိမ်းရောင်နတ်မင်း အချိန်အတော်ကြာသည်အထိ တိုက်ခိုက်ရန် ငြင်းဆိုနေခဲ့သည့်အချက်ကို မကျေနပ်ကြသောကြောင့် သူတို့အား မတားဆီးကြပေ။
ကျန်းပိုင်ကွေ့လည်း အခြေအနေကို အကဲခတ်နေစဉ် အရှေ့ကောင်းကင်စစ်စခန်း၏ မုခ်၀များ ပွင့်လာပြီး စစ်တပ်လေးတပ် ချီတက်လာနေသည်ကို တွေ့မြင်လိုက်ရသည်။ “အစိမ်းရောင်နတ်မင်းက သူ့ရဲ့ စစ်သည်တော်ကို သားတွေလို တန်ဖိုးထားပြီး သူ့ရဲ့ လက်အောက်က စစ်သည်တော်တွေကို ကောင်းကောင်းဆက်ဆံတယ်... ဆိုတော့ စစ်သည်တော်တွေက သူ့ကို တန်ဖိုးထားလေးစားကြတယ်… သူ ပိတ်မိနေရင် အမိန့်ကို လွန်ဆန်ပြီး သူ့ကို ကယ်ဖို့ အသက်စတေးကြမှာပဲ” သူက အေးဆေးစွာ ပြော၏။
အစိမ်းရောင်နတ်မင်းက ဒဏ်ရာများကို တောင့်ခံထားသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ တပ်ဖွဲ့နည်းနည်းပဲ ရှိတယ်…. အရှေ့ကောင်းကင်ရဲ့ စစ်သည်တော်တွေအားလုံးကို သတ်ဖြတ်ဖို့ ခက်ခဲလိမ့်မယ်”
ကျန်းပိုင်ကွေ့က နတ်ဘုရားမိစ္ဆာစစ်တပ်လေးတပ် ချီတက်လာနေသည်ကို မှင်သေသေ ကြည့်နေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ တပ်ဖွဲ့အင်အား နည်းလွန်းတယ် ... မှန်တယ်... ကျွန်တော်က ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဉာဏ်ရည်အမြင့်ဆုံး ဆိုပေမယ့် အရှေ့ကောင်းကင်ကို ဖျက်ဆီးချင်တယ်ဆိုရင် အကျအရှုံးများမှာ စိုးရိမ်ရတယ်…. ဒါကြောင့် ကျွန်တော့်ရဲ့ ခွန်အားကို ထုတ်သုံးရုံက လွဲပြီး ရွေးချယ်စရာမရှိဘူး… ကျွန်တော်ရဲ့ စစ်တပ်တွေကို စေလွှတ်ပြီး တိုက်ပွဲကို ကြိုဆိုမယ်… ဝိုင်းထားလိုက်ကြ မသတ်ကြနဲ့”
သူ၏အမိန့်သံ ထွက်ပေါ်လာသည်နှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ စစ်တပ်တစ်တပ်သည် ချက်ချင်းပင် ကောင်းကင်ပေါ်မှ အမြောက်သင်္ဘောများနှင့်အတူ ချီတက်လာပြီး အရှေ့ကောင်းကင်၏ နတ်ဘုရားမိစ္ဆာစစ်တပ်များထံ ဦးတည်သွားသည်။။
တစ်ချိန်တည်းမှာပင် အရှေ့ကောင်းကင်၏ နတ်ဘုရားမိစ္ဆာစစ်တပ်များ ချီတက်လာသည့် ပင်လယ်ပြင်တွင် လှိုင်းများ ထန်လာပြီး ရေအောက်စစ်သင်္ဘောများက တစ်စင်းပြီးတစ်စင်း ထွက်ပေါ်လာကြ၏။
စစ်တပ်နှစ်တပ်တည်း ဖြစ်သော်လည်း တစ်ခုက အပေါ်တွင် ဖြစ်ပြီး တစ်ခုက အောက်တွင် နေရာယူထားသည်။ ၀င်္ကပါ အသက်ဝင်လာသည်နှင့် စစ်တပ်လေးတပ်ကို ပိတ်လှောင်ထားလိုက်နိုင်၏။ တခဏအတွင်း ဓားရောင်များ၊ ဓားရိပ်များနှင့် အသားစများ နေရာတိုင်းသို့ လွင့်စင်ထွက်လာကြသည်။
ကျန်းပိုင်ကွေ့၏ မျက်လုံးများထဲရှိ နတ်အလင်းရောင်တို့က သိပ်သည်းလေးနက်နေ၏။ တခဏအတွင်း သူသည် အရှေ့ကောင်းကင်စစ်တပ်လေးတပ်၏ ဝင်္ကပါပြောင်းလဲမှုများကို အဖြေထုတ်နိုင်သွားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ စစ်တပ်နှစ်တပ်၏ ၀င်္ကပါကို အဆက်မပြတ် ပြင်ဆင်ပြောင်းလဲနေသည်။
သူသည် မူလဝိညာဉ်သုံးသွယ်ညီလာခံအတတ်ဖြင့်က စစ်မြေပြင်တစ်ခုလုံးအပြင် စစ်မြေပြင်ရှိ ထောင့်နေရာပါမကျန် အရာအားလုံးကို ထိန်းချုပ်နေ၏။ သူ၏ဉာဏ်ပညာမှာ မြင့်မားလွန်းသည့်အတွက် အရှေ့နတ်မင်းချင်းလုံမှာ ဒဏ်ရာကိုပင် မေ့သွားပြီး သူ့ကို ကြောက်ရွံတုန်လှုပ်စွာ ကြည့်နေမိသည်။
“နတ်မိစ္ဆာ”
အရှေ့နတ်မင်းချင်းလုံမှာ ကြောက်စိတ်ကိုပင် မထိန်းနိုင်တော့ပေ။ ကျန်းပိုင်ကွေ့၏ မျက်လုံးများထဲတွင် ဖြူစင်သော အကြောင်းပြချက်များ ရှိနေသည်ကို ခံစားနေရ၏။ ဤအကြောင်းပြချက်က နှလုံးသား၏ခံစားချက်မဟုတ်၊ ဦးနှောက်ဖြင့် ဆုံးဖြတ်ထားသည့် ရပ်တည်ချက် ဖြစ်သည်။ ၎င်းက သူ့ကို ကြက်သီးမွှေးညှင်းများ ထလာစေ၏။ သူက အော်ဟစ်လိုက်သည်။ “ကျန်းပိုင်ကွေ့၊ မင်းက အစင်ကြယ်ဆုံး နတ်မိစ္ဆာပဲ…. နတ်မိစ္ဆာတစ်ပါးရဲ့ စွမ်းအားအကောင်းဆုံး နှလုံးသားကို ပိုင်ဆိုင်ထားတာ”
“ခင်ဗျားက ကျွန်တော့်ရဲ့ တာအိုနှလုံးသားကို နတ်မိစ္ဆာလို့ ခေါ်ပေမယ့် ကျွန်တော်ကတော့ စိတ်နှလုံးတန်ခိုးရှင်လို့ ခေါ်တယ်”’
ကျန်းပိုင်ကွေ့၏ မှင်သေသေ မျက်နှာအမူအရာက ပြောင်းလဲခြင်း မရှိပေ။ “သူတော်စင်တစ်ပါး မွေးဖွားခြင်းနဲ့ ဘုရင်တစ်ပါး ပေါ်ထွန်းလာခြင်း… မတူသယောင် ထင်ရပေမယ့်... နှစ်ခုလုံးဟာ အကြောင်းရင်းဇစ်မြစ် တူတူပဲ... အတွင်းစိတ်မှာ သူတော်စင်တစ်ပါးလို ကျင့်သုံးပြီး အပြင်ပန်းမှာ ဘုရင်တစ်ပါးလို ပြုမူရမယ် ဆိုတာက လူသားတွေရဲ့ အမှောင်အမိုက်တွေကို မြင်တွေ့ပြီး မိမိသန္ဓေထဲက အားနည်းချက်တွေ၊ အချုပ်အနှောင်ကို နားလည်ခြင်းလို့ အဓိပ္ပါယ်ရတယ်... လူအများစုက သူတို့အတ္တအတွက်ပဲ ရှင်သန်ကြတာ ... အဲဒီအတ္တတွေနဲ့ ဘဝကို ကျောင်းကြတယ်... ဒါပေမဲ့ ကျွန်တော့်လမ်းကတော့ မတူဘူး... ရမ္မက်၊ အတ္တတွေကို ဖယ်ခွာပြီး တန်ခိုးရှင်တစ်ပါးလို နေထိုင်ဖို့က ကျွန်တော့်လမ်းစဉ်ပဲ... အခုတော့ အဲဒီလမ်းစဉ်၊ အဲဒီတာအိုနဲ့ နီးစပ်လာခဲ့ပြီ”
အရှေ့နတ်မင်းချင်းလုံ၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး သူ၏နှလုံးသားထဲရှိ အကြောက်တရားက ပိုပို၍ကြီးမားလာသည်။ သူ၏ တာအိုသည် အတွင်းစိတ်တွင် တန်ခိုးရှင်နှင့် အပြင်ပန်းတွင် ဘုရင် ဖြစ်သည်ဟူသော သဘောတရားသာ ဟု ကျန်းပိုင်ကွေ့က ပြောခဲ့သော်လည်း အရှေ့နတ်မင်းချင်းလုံ၏ မျက်လုံးထဲတွင်တော့ ဤသည်က နတ်မိစ္ဆာတို့၏ တာအိုနှလုံးသား ဖြစ်၏။
တာအိုနှလုံးသားထဲတွင် နတ်ဘုရား မိစ္ဆာတို့ ယှဉ်တွဲတည်ရှိသည်။ တာအို၊ ကောင်းကင်၊ အကြောင်းအကျိုး၊ လူသား စိတ်ဆန္ဒ၊ ကျင့်စဉ်၊ ဥပဒေ၊ ၀င်္ကပါ စသည်ဖြင့် မည်သည့်အရာပင် ဖြစ်စေ နတ်မိစ္ဆာနှလုံးသား၏ ထိန်းချုပ်မှုအောက်တွင် တည်ရှိပေသည်။
အမှန်တွင် အနီရောင်မြင်းကြီးမှာလည်း ကျန်းပိုင်ကွေ့၏ တွက်ချက်မှုများတွင် ပါဝင်ခဲ့သည်။ မြင်း၏ခန္ဓာကိုယ်ထဲက နဂါးချီဖြင့် အရှေ့နတ်မင်း၏ အသက်ကို ကယ်ကာ မသေအောင် တားဆီးနိုင်ခဲ့ခြင်းသည် ကံကောင်းခြင်းမဟုတ်။ သူ တွက်ချက်ထားပြီးသားသာ ဖြစ်သည်။
တရားမျှတမှုနှင့် လူသားဆန္ဒတို့အားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ ဤသို့ပုဂ္ဂိုလ်မျိုးက မည်မျှကြောက်စရာကောင်းလွန်းသနည်း။
“တန်ခိုးရှင်သစ်ခုတ်သမားတောင် မလုပ်နိုင်တဲ့ အရာတွေကို သူ လုပ်နိုင်ခဲ့ပြီ… သူက တန်ခိုးရှင်သစ်ခုတ်သမားထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းသေးတယ်… ဒီလိုပုဂ္ဂိုလ်မျိုးက အမြင့်မားဆုံးဉာဏ်ပညာရှင် ဖြစ်ဖို့ ထိုက်တန်တယ်”
အရှေ့နတ်မင်းချင်းလုံမှာ ကြက်သီးတဖြန်းဖြန်း ထသွားသည်။ “သူက တန်ခိုးရှင်ဘုရင်… ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တန်ခိုးရှင်ဘုရင်ပဲ”
အရှေ့ကောင်းကင်၏ နတ်ဘုရားမိစ္ဆာများမှာ ပိတ်မိနေကြသောကြောင့် စစ်သည်တော်များ သေဆုံးနေကြသည်။ ကျန်းပိုင်ကွေ့က စစ်တပ်နှစ်တပ်ကို ထိန်းချုပ်လျက် အရှေ့ကောင်းကင်စစ်တပ်လေးတပ်၏ ကျန်ရှိသောခွန်အားကို ဖြည်းဖြည်းချင်း ဖဲ့ထုတ်နေသည်။ သူတို့က ၀န်းရံထားရုံသာဖြစ်ပြီး ချေမှုန်းခြင်း မပြုပေ။
အစိမ်းရောင်နတ်မင်းက အခြေအနေကို မြင်လျှင် မာန်မဲလိုက်သည်။ “ငါ့ကို ကယ်စရာမလိုဘူး… စစ်စခန်းကိုသာ အသေခံကာကွယ်ကြကွ”
သူ၏အသံမှာ လုံးဝမကြားရနိုင်ပေ။ ဤအခိုက်အတန့်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ နတ်ဘုရားတန်းတစ်တန်းက လူအုပ်ထဲမှ ထွက်လာသည်။ သူတို့၏ ပါးစပ်များမှ ထွက်ပေါ်လာသည့် အသံက သူ၏အသံနှင့် ထပ်တူညီနေကြ၏။ “ငါ့ကို ကယ်စရာမလိုဘူး… အရှေ့ကောင်းကင်ကို ကယ်ကြ”
ထိုနတ်ဘုရားမိစ္ဆာများကား အသံကို တုပခိုးယူနေကြခြင်းဖြစ်သည်။ အခြားသူများ၏ အသံကို တုပရာ၌ ထူးချွန်ကြသော သူတို့၏ စွမ်းရည်က အစိမ်းရောင်နတ်မင်း၏ နှလုံးသားကို အေးခဲသွားစေ၏။
ဤအသံကို အရှေ့ကောင်းကင်စစ်စခန်းသာ ကြားသွားလျှင် စစ်သည်တော်များက ပိုမို၍ ထွက်ခွာလာကြမည်ဖြစ်သည်။
ထိုစစ်သည်တော်များ တံခါးပိတ်နေရာမှ ထွက်လာသည်နှင့် ကျန်းပိုင်ကွေ့၏ ထောင်ချောက်ထဲ ကျဆင်းသွားကြမည်မှာ အသေအချာပင်။
အစိမ်းရောင်နတ်မင်းက အင်အားအကုန် သုံးလျက် ရုန်းကန် အော်ဟစ်လိုက်သည်။ “ငါ့အမိန့် မဟုတ်ဘူး မြို့ထဲက မထွက်ကြနဲ့”
ထိုအသံသူခိုးများကလည်း ပြိုင်တူအော်ဟစ်လိုက်ကြပြန်သည်။ “ငါအမိန့်ကို နာခံကြ… အနောက်ဝင်ရိုးစွန်းတပ်ဖွဲ့၊ ကောင်းကင်ကြယ်တပ်ဖွဲ့ တိုက်ခိုက်ကြတော့”
အစိမ်းရောင်နတ်မင်းမှာ အနောက်ဝင်ရိုးစွန်းတပ်ဖွဲ့၊ ကောင်းကင်ကြယ်တပ်ဖွဲ့တို့ စစ်တပ်လေးတပ်ကို ကယ်တင်ရန်အတွက် အရှေ့ကောင်းကင်စစ်စခန်းထဲမှ ထွက်ခွာလာသည်ကို မြင်လျှင် နှလုံးသားတစ်ခုလုံး လေးလံသွားတော့သည်။
ကျန်းပိုင်ကွေ့က ၀င်္ကပါကို အသက်သွင်းလိုက်၏။ ယခင်က သူသည် ကြယ်တာရာမြို့စားမင်းလေးပါး၏ စစ်တပ်လေးတပ်ကို အားအနည်းဆုံး သုံးလျက် တိုက်ခိုက်နေခဲ့သည်။ ယခုတွင်တော့ စွမ်းအားအကြီးဆုံး အသက်အဖြတ်၀င်္ကပါတစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲပစ်လိုက်၏။
တစ်ချိန်တည်းမှာပင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နောက်ထပ်စစ်တပ်တစ်တပ်က ဓားချွန်တစ်လက်ကဲ့သို့ ပျံထွက်လာပြီး အရှေ့ကောင်းကင်၏ စစ်တပ်လေးတပ်ဆီသို့ ထိုးစိုက်ဝင်ရောက်ကာ ချေမှုန်းပစ်လိုက်သည်။
အနောက်ဝင်ရိုးစွန်းတပ်ဖွဲ့နှင့် ကောင်းကင်ကြယ်တပ်ဖွဲ့တို့ ဝင်ရောက်မလာနိုင်ခင်မှာပင် စစ်တပ်လေးတပ်မှာ ချေမှုန်ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ ကျန်ရှိသော စစ်သည်တော်များမှာ အနောက်ဝင်ရိုးစွန်းတပ်ဖွဲ့နှင့် ကောင်းကင်ကြယ်တပ်ဖွဲ့ဆီသို့ တွန်းပို့ခံလိုက်ရသည့်အတွက် ဝင်္ကပါအနေအထားဖြင့် နေရာယူကာ ချီတက်လာနေကြသော အနောက်ဝင်ရိုးစွန်းတပ်ဖွဲ့နှင့် ကောင်းကင်ကြယ်တပ်ဖွဲ့ တစ်ခဏအတွင်း ဖရိုဖရဲ ဖြစ်ကုန်တော့သည်။
“အရှေ့ကောင်းကင်ရဲ့ စစ်တပ် ၆၀ ကတော့ ကိစ္စတုံးပြီပဲ”
အရှေ့နတ်မင်းချင်းလုံမှာ အလွန်တရာ အံ့အားသင့်နေရင်း ရေရွတ်လိုက်၏။ “အရှေ့ကောင်းကင်ရဲ့ စစ်တပ်အားလုံး သူ့လက်ထဲမှာ မြှုပ်နှံခံရလိမ့်မယ်… အစိမ်းရောင်နတ်မင်း သူ့ကို တွေ့ကတည်းက တိုက်ခိုက်ဖို့ ငြင်းဆန်ပြီး စစ်စခန်းကို အသေခံကာကွယ်နေတာ အံ့သြစရာမရှိဘူး… ဘာလို့လဲဆိုတော့ ကျန်းပိုင်ကွေ့အရှေ့မှာ မလှုပ်ရှားရင် အမှားအယွင်းဆိုတာ ရှိမှာမဟုတ်ဘူး… လှုပ်ရှားလိုက်ရင်တော့ အမှားတွေနဲ့ ပြည့်နှက်သွားလိမ့်မယ်”