လှပသေသပ်သော ဗျူဟာ
Vol. 131 Ch. 1697
“အစိမ်းရောင်နတ်မင်းက သိပ်ကို စွမ်းအားကြီးပေမယ့် ကျန်းပိုင်ကွေ့နဲ့ ရင်ဆိုင်ခဲ့ရတာတော့ ကံမကောင်းစရာပဲ…”
အစိမ်းရောင်နတ်မင်းမှာ စစ်တပ်များဖြင့် ဝန်းရံခံထားရသောကြောင့် အဆက်မပြတ် ဒဏ်ရာရနေသည်။ သို့သော် ကျန်းပိုင်ကွေ့က သူ့ကို သတ်ဖြတ်ရန် အမိန့်မပေးပေ။ ယင်းအချက်က ကြောက်စရာအကောင်းဆုံး ဖြစ်ချေသည်။
ဝန်းရံတိုက်ခိုက်နေခြင်းက စစ်ကူများကို မျှားခေါ်ရန် ရည်ရွယ်သည်။ အစိမ်းရောင်နတ်မင်းကို မသတ်ဖြတ်ပါက ပို၍များပြားသော စစ်ကူများကို မျှားခေါ်နိုင်လိမ့်မည်မဟုတ်လော။
ဤသည်က ဆန်းကြယ်သော ဗျူဟာတစ်ခုပင်။
ပို၍ များပြားသော စစ်ကူများ ရောက်လာသည်နှင့် သူတို့ အဝိုင်းမခံရစေရန် ပထမဦးဆုံး စစ်ကူတစ်သုတ်ကို မြန်နိုင်သမျှမြန်မြန် သတ်ဖြတ်ချေမှုန်းလိုက်သည်။ ဤသည်က အံ့မခန်း တိုက်ကွက်ပင်။
စစ်ကူပထမတစ်သုတ်ကို ချေမှုန်းပြီးနောက် ၀င်္ကပါကို ပြင်ဆင်ကာ နောက်ထပ်စစ်တပ်များ စေလွှတ်၍ စစ်ကူဒုတိယတစ်သုတ်ကို ဝန်းရံထားခြင်းကလည်း နောက်ထပ် အံ့မခန်းတိုက်ကွက် ဖြစ်ချေသည်။
ရန်သူကို သူတို့၏ စစ်တပ်များအပေါ် လက်မလျှော့ရန် ဖိအားပေးပြီး အဆက်မပြတ် သတ်ဖြတ်နေသော ဤဗျူဟာထက် မည်သည်က အံ့ဖွယ်ကောင်းပါမည်နည်း။
စစ်မြေပြင်ကို အသုံးပြုမှု၊ စစ်သည်တော်တို့၏ စိတ်ခွန်အားအပေါ် ထိန်းချုပ်ထားနိုင်မှုသည် အရေးကြီး၏။ စစ်ပွဲဆိုသည်မှာ စစ်သူကြီး၏ ဉာဏ်ပညာကို စမ်းသပ်သည့် စမ်းသပ်မှုသာ ဖြစ်သည်။ တစ်စုံတစ်ခုသာ မှားယွင်းသွားပါက မျှော်လင့်ထားသည့် ရလဒ်များ ရနိုင်လိမ့်မည်မဟုတ်ပေ။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ စစ်အင်အားမှာ အရှေ့ကောင်းကင်ထက် များစွာ နိမ့်ကျနေသည့်အတွက် အင်အားဖြင့် မည်သို့အနိုင်ယူမည် ၊ ရန်သူစစ်တပ်၏ ဝါးမြိုခြင်းမခံရအောင် မည်သို့ခုခံရမည် ဆိုသည်က ပို၍ပင် ကြီးမားသော စမ်းသပ်မှုဟု ဆိုရမည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့သည် သူမယှဉ်နိုင်သော စိတ်အခြေအနေကို ပိုင်ဆိုင်ထားပြီဖြစ်၍ စစ်မြေပြင်၌ သူ့ကို ယှဥ်ပြိုင်နိုင်သူ မရှိတော့ပေ။
အရှေ့ကောင်းကင်မှ ကောင်းကင်နတ်မြစ်စစ်တပ်၊ ရထားလုံစစ်တပ်၊ ဝင်္ကပါစစ်တပ်တို့ စစ်မြေပြင်သို့ ဝင်ရောက်လာသည်နှင့် အစိမ်းရောင်နတ်မင်း၏ နှလုံးသားမှာ ပို၍ပင် အေးခဲလာတော့သည်။ အရှေ့ကောင်းကင်၏ စစ်တပ်များ ပိုပို၍ ပါဝင်လာသည်နှင့်အမျှ လက်လျှော့ရန် ပို၍ပင် ခက်ခဲလာတော့သည်။
ဤသို့ ဧရာမစစ်တပ်ကြီးတစ်တပ်သာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ချေမှုန်းဖျက်ဆီးခြင်း ခံလိုက်ရပါက မည်သည့်စစ်သူကြီးမှ သည်းခံနိုင်လိမ့်မည်မဟုတ်ပေ။ ယခုအခြေအနေက သူ့ကို ဝိုင်းထား၍ မသတ်ဖြတ်ခြင်းတင် မဟုတ်တော့။ ကျန်းပိုင်ကွေ့ သူ့ကို လွှတ်ပေးလိုက်လျှင်တောင်မှ အရှေ့ကောင်းကင်စစ်တပ်သည် စစ်မြေပြင်မှ ထွက်ခွာနိုင်လိမ့်မည် မဟုတ်ချေ။
“အရှေ့နတ်မင်းရဲ့ ဒဏ်ရာတွေက အခု သိပ်မပြင်းတော့ဘူးမလား”
ကျန်းပိုင်ကွေ့က အရှေ့နတ်မင်းချင်းလုံဘေးသို့ ရောက်လာကာ မေးလိုက်သည်။ “အခု နဂါးတစ်သောင်းအသိုက်ကို အသက်သွင်းလို့ ရပြီမလား… ရုပ်ခန္ဓာနဲ့ အရှေ့ကောင်းကင်က နတ်နဂါးကို အသက်သွင်းလိုက်ပါ”
အရှေ့နတ်မင်းက ထရပ်၍ ရယ်မောလိုက်သည်။ “ကျန်းပိုင်ကွေ့ ၊ မင်းက တကယ်ရက်စက်တာပဲ”
သူက သံရှည်ဆွဲ၍ ဟိန်းဟောက်လိုက်ရာ သူ၏ချီနှင့် သွေးတို့က ပြင်းထန်အားကောင်းလာ၏။ ခေါင်းပြတ်နေသော မိုးပြာရောင်နဂါးခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ခါလာသည်။ နဂါးကြီးက လက်သည်းစွယ်များ ထုတ်လျက် နဂါးတစ်သောင်းအသိုက်အား ကုတ်ချလိုက်သည်။
နဂါးတစ်သောင်းအသိုက်မှာ သူ၏ အထွတ်အမြတ်နယ်မြေ ဖြစ်သလို၊ မွေးဖွားရာနေရာလည်း ဖြစ်၏။ ဤနဂါးတစ်သောင်းအသိုက်၏ စွမ်းအားသည် တောင်နတ်မင်း၏ တာအိုမီးတောက် ဘိုးဘေးနယ်မြေအောက် နိမ့်ကျနေခြင်းမရှိပေ။
တာအိုမီးတောက်ဘိုးဘေးနယ်မြေ၏ စွမ်းအားမှာ အလွန်တရာ ကြောက်စရာကောင်းသည်။ အချိန်နှင့် နေရာကို ပုံပျက်စေနိုင်ပြီး စကြ၀ဠာတစ်ခုလုံးကို ဘိုးဘေးနယ်မြေ၏ တာအိုမီးတောက်တို့ဖြင့် လွှမ်းမိုးသွားစေနိုင်သည်။
နဂါးတစ်သောင်းအသိုက်မှာ တာအိုမီးတောက် ဘိုးဘေးနယ်မြေလောက် စွမ်းအားမကြီးပေ။ သို့သော် ဤဘိုးဘေးနယ်မြေသည် ချီနှင့် သွေးကြောင့် နာမည်ကျော်ကြား၏။ နဂါးတစ်သောင်းအသိုက်ထဲရှိ ချီနှင့်သွေး ပေါက်ကွဲလာသည့် အချိန်တွင် အရှေ့ကောင်းကင်ရှိ နတ်နဂါးအားလုံး၏ ချီနှင့် သွေးတို့မှာလည်း အပြင်းအထန် မြင့်တက်လာကြတော့သည်။
ထိုနတ်နဂါးများသည် အရှေ့ကောင်းကင်၏ နတ်နဂါးများ ဖြစ်ကြကာ အရှေ့နတ်မင်းချင်းလုံ၏ မျိုးဆက်များ ဖြစ်ကြ၏။ နဂါးတစ်သောင်းအသိုက်၏ ချီနှင့်သွေးကို လက်ခံရရှိပြီးနောက် သူတို့၏ ခန္ဓာကိုယ်များက ကြီးထွားလာကြပြီး နဂါးထိန်းကြိုးများကို ဖျက်ဆီးပစ်လိုက်ကြသည်။
ခေါင်းဖြတ်ကွပ်မျက်ခံခဲ့ရသည်မှာ အရှေ့ကောင်းကင်၏ နတ်နဂါးလက်တစ်ဆုပ်သာ ဖြစ်သည်။ စစ်တပ်ထဲတွင် ထောင်သောင်းပေါင်းများစွာသော နတ်နဂါးများသည် ကျွန်အဖြစ် ရှိနေကြသေး၏။ ဤအခိုက်အတန့်တွင် အားလုံးမှာ လွတ်မြောက်သွားကြချေပြီ။ သူတို့က အစွယ်များနှင့် လက်သည်းများကို ထုတ်ဖော်ပြသထားကြပြီး ဟိန်းဟောက်သံများကို အရှေ့ကောင်းကင်စစ်စခန်းတလျှောက် တရစပ် ကြားနိုင်သည်။
အရှေ့နတ်မင်းက ဆက်လက် ဟိန်းဟောက်နေသဖြင့် နတ်နဂါးတို့၏ ခွန်အားမှာလည်း ပေါက်ကွဲတိုးတက်လာကြသည်။ သူတို့က အရှေ့ကောင်းကင်စစ်စခန်း၏ စစ်တပ်များကို ခုန်အုပ်တိုက်ခိုက်နေကြ၏။ အရှေ့ကောင်းကင်စစ်စခန်းမှာ တစ်ခဏအတွင်း ဖရိုဖရဲ ပြန့်ကြဲသွားပြီး အသွေးအသားစများ အရပ်လေးမျက်နှာသို့ လွင့်စင်နေကြသည်။
တစ်ချိန်တည်းမှာပင် ကျန်းပိုင်ကွေ့က စစ်တပ်တစ်ခုလုံးကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်ချေပြီ။ ကောင်းကင်ရှိ အမြောက်သင်္ဘောများက အရှေ့ကောင်းကင်စစ်စခန်းနှင့် မိုင်တစ်ထောင်အကွာတွင် တည်ရှိနေသော်လည်း အမြောက်အလင်းရောင်တို့က ပင်လယ်မျက်နှာပြင်ကို ဖြတ်သန်းကာ အရှေ့ကောင်းကင်စစ်စခန်းမုခ်၀များကို ဖောက်ထွက်သွားကြ၏။
မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာတို့က ပင်လယ်ပြင်ကို နင်း၍ အရှေ့ကောင်းကင်စစ်စခန်းဆီသို့ ပြေးဝင်သွားကြသည်။ ကောင်းကင်လက်နက်များကို အသက်သွင်းလိုက်ကြပြီး နေသူရိန်ခွင်းအမြှောက်မှာလည်း အသက်သွင်းခံလိုက်ရသည်။ အမျိုးမျိုးသော အသက်အဖြတ်စိတ်ဆန္ဒတို့သည် ကောင်းကင်ထိ ထိုးတက်သွားကြပြီး တိမ်တိုက်များ အုပ်ဆိုင်း၍ လေများ ထန်လာစေတော့၏။
တစ်ချိန်တည်းမှာပင် ပင်လယ်အောက်ခြေ၌ နေရာယူထားသော နတ်ဘုရားမိစ္ဆာများလည်း စစ်စခန်းအောက်ခြေသို့ ရောက်သွားကြ၏။ သူတို့က စစ်စခန်းအောက်ခြေကို ထိုးဖောက်၍ စခန်းအတွင်းသို့ ၀င်ရောက်သွားကြသည်။ ပင်လယ်ထဲတွင် သံချပ်ကာများ ဝတ်ထားသော ဧရာမခွန်ကြီးတစ်ကောင်က ရေထဲမှ ခုန်ထွက်ကာ ကောင်းကင်တွင် ပျံသန်းသွားသည်။ ခွန်တစ်ကောင်စီ၏ ကျောပေါ်တွင် နတ်ဘုရားမိစ္ဆာ ဒါဇင်ကျော်ရှိပြီး ဓားမျှော်စင်ကို အသက်သွင်းလိုက်ကြရာ ဓားစက်လုံးများက မိုးသီးများကဲ့သို့ ကြွေကျလာကြသည်။
ဤအခိုက်အတန့်တွင် ကုန်းစွန်းယန်က အရှေ့ကောင်းကင်စစ်စခန်းဆီသို့ ပျံသန်းသွားသည်။
မရေမတွက်နိုင်သော သစ်ရွက်နုများက စစ်ခခန်းထဲ၌ ပေါက်လာကြသည်။ ထိုသစ်ကိုင်းများက မြောက်တက်လာကြပြီး အရှေ့ကောင်းကင်၏ စစ်သည်တော်များအား တိုက်ခိုက်ကြတော့သည်။ အရှေ့ကောင်းကင်စစ်သည်တော်များအနေဖြင့် ၀င်္ကပါတစ်ခု ဖွဲ့တည်နိုင်ပါက ကုန်းစွန်းယန်အား ရင်ဆိုင်တိုက်ခိုက်နိုင်ဦးမည် ဖြစ်သည်။
ကုန်းစွန်းယန်သည် အမိကမ္ဘာမြေ၏ သမီးတော် ဖြစ်သော်လည်း သူမ၏ ကျင့်ကြံခြင်းအခြေခံက ကောင်းကင်နန်းဆောင် ၁၀ ဆောင်အထိ ကျင့်ကြံထားသော ဧကရာဇ်တစ်ဦးနှင့်သာ ညီမျှ၏။ သူမကို ကောင်းကင်နတ်အရှင်တစ်ပါးဟု ခေါ်ဆို၍ မရနိုင်ပေ။ ထိုမျှသာမက စစ်ပွဲများစွာ တိုက်ခိုက်ခဲ့ဖူးသော အတွေ့အကြုံမရှိသဖြင့် သူမကို ဖိနှိပ်လိုပါက နတ်ဘုရားမိစ္ဆာများအနေဖြင့် အားကောင်းသော ၀င်္ကပါတစ်ခုသာ ဖန်တီးရန် လိုအပ်သည်။ ထိုအခါ သူမကို တိုက်ခိုက်နိုင်ပေမည်။
သို့သော် ဤအခိုက်အတန့်တွင် စစ်တပ်မှာ သဲမှုန်များကဲ့သို့ ဖရိုဖရဲ ဖြစ်နေသည်။ မည်သူမှ ကုန်းစွန်းယန်ကို မရင်ဆိုင်နိုင်ကြပေ။
ကုန်းစွန်းယန်ကား အမိကမ္ဘာမြေငယ်လေး ဟုလည်း နာမည်ကျော်ကြားသည်။ အမိကမ္ဘာမြေနှင့် အဆင့်တူသော ပုဂ္ဂိုလ်တစ်ဦး မဟုတ်သော်လည်း သဲမှုန်များကဲ့သို့ ပြန့်ကြဲနေသည့် စစ်တပ်နှင့် ရင်ဆိုင်နေရသည့်အခါတွင်တော့ တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည့်အလားပင် ဖြစ်နေတော့သည်။
သူမ၏ ကောင်းကင်နတ်သိုင်း ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ အရှေ့ကောင်းကင် စစ်သည်တော်များမှာ အသွေးအသားအားလုံး သစ်သားစိုင်တို့အဖြစ် ပြောင်းလဲသွားပြီး သစ်သားရုပ်တုများ ဖြစ်ကုန်ကြသည်။
ကုန်းစွန်းယန်သည် သူတို့၏မူ လဝိညာဉ်များကိုတော့ သစ်သားအဖြစ် မပြောင်းလဲနိုင်သော်လည်း ရုပ်ခန္ဓာများမှ ထွက်ခွာလာရသော မူလဝိညာဉ်များတွင် အတိုက်အခိုက်စွမ်းအား မည်မျှကျန်ရှိနိုင်မည်နည်း။
အရှေ့ကောင်းကင်စစ်စခန်းတွင် အရှေ့ကောင်းကင်စစ်သည်တော်များ၏ မူလဝိညာဉ်တို့က ကောင်းကင်တွင် မြောလွင့်နေကြသည်။ သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် အရှေ့ကောင်းကင်နတ်နဂါးတို့၏ တိုက်ခိုက်မှုအောက်တွင် တစ်ယောက်ပြီးတစ်ယောက် ပြိုလဲပျောက်ကွယ်ကုန်ကြ၏။ သူတို့ထဲမှာ တချို့ဆိုလျှင် အနက်ရောင်ဝိညာဉ်သဲမှုန်များအဖြစ် ပြောင်းလဲသွားကြသည်။
အနက်ရောင်ဝိညာဉ်သဲမှုန်များက ပင်လယ်မျက်နှာပြင်တလျှောက် လွင့်မျောလျက် ကောင်းကင်ယင်ကမ္ဘာသို့ရောက်ရှိသွားကြ၏။
ပိတ်မိနေသည့် အစိမ်းရောင်နတ်မင်းမှာ အခြေအနေကို မြင်လျှင် မျှော်လင့်ချက်အလုံးစုံ ပျောက်ဆုံးသွားတော့သည်။ ကျန်းပိုင်ကွေ့၏ တိုက်ခိုက်မှုသည် သူ၏ မျှော်လင့်ချက်အားလုံးကို ရိုက်ချိုးပစ်ခဲ့၏။ အရှေ့ကောင်းကင်၏ စစ်တပ် ၆၀ ကား မရှုမလှ ရှုံးနိမ့်ပေလိမ့်မည်။
တိုက်ကွက်လေးတစ်ကွက် လှစ်ဟာသွားခြင်းက သူ၏ အရာအားလုံးကို ဆုံးရှုံးစေနိုင်သည်။
“ကျန်းပိုင်ကွေ့၊ ငါ..”
အစိမ်းရောင်နတ်မင်း “အညံ့ခံပါသည်” ဟူသော စကားလုံးများကို မပြောနိုင်ခင်မှာပင် အရှေ့နတ်မင်းချင်းလုံက စစ်တပ်သုံးတပ်၏ ၀င်္ကပါထဲသို့ ပျံသန်းဝင်ရောက်လာသည်။
တိုက်ခိုက်ရုန်းကန်ပြီးနောက် အရှေ့နတ်မင်းချင်းလုံသည် အစိမ်းရောင်နတ်မင်း၏ မူလဝိညာဉ်အား သတ်ဖြတ်ချေမှုန်းနိုင်ခဲ့၏။
အရှေ့နတ်မင်းချင်းလုံ၏ မျက်နှာအမူအရာက ခက်ထန်တင်းမာနေသည်။ သူ၏လက်သည်းစွယ်များက အစိမ်းရောင်နတ်မင်း၏ ခန္ဓာကိုယ်ထဲတွင် ထိုးစိုက်နေလေသည်။ သူက ပါးစပ်ဟ၍ နတ်ဘုရားမီးတောက်များ ထုတ်လွှတ်လိုက်ကာ သစ်ပင်ကြီးအား မီးတောက်များထဲတွင် ပြာကျသွားစေတော့သည်။
“အစိမ်းရောင်နတ်မင်း၊ မင်းက ငါ့မျိုးဆက်တွေ အများကြီးကို သတ်ဖြတ်ခဲ့တဲ့အပြင် ငါ့ရုပ်ခန္ဓာကို အရှက်ခွဲပြီး ငါ့ရဲ့ဘိုးဘေးနယ်မြေကို သိမ်းပိုက်လို့ ငါ့မျိုးဆက်တွေကိုပါ ကျွန်ပြုခဲ့သေးတယ်… မင်းရဲ့ အရိုးတွေ ပြာကျသွားတာက ကံကောင်းတယ် မှတ်ပါ”
အရှေ့နတ်မင်းချင်းလုံက ပါးစပ်ဟ နဂါးလေတစ်ချက် မှုတ်ထုတ်ကာ အစိမ်းရောင်နတ်မင်း၏ ပြာများကို ကောင်းကင်တလျှောက် လွင့်ထွက်သွားစေသည်။ သူက ခက်ထန်စွာ နှုတ်ဆက်လိုက်သည်။ “ကောင်းကောင်းသွားပါတော့ ရန်သူတော်ကြီး”
အစိမ်းရောင်နတ်မင်းကို တိုက်ခိုက်နေကြသည့် စစ်တပ်သုံးတပ်မှာ ဤအခြင်းအရာအား မြင်လျှင် ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်သွားကြသည်။
အရှေ့နတ်မင်းချင်းလုံမှာ ဒေါသဖြေဖျောက်ပြီးနောက် ကျန်းပိုင်ကွေ့ကို တစ်ချက် ကြည့်လိုက်သည်။ သူ၏မျက်နှာ လေးပင်သုန်မှုန်နေကြောင်း တွေ့လိုက်ရသဖြင့် အနည်းငယ် ထိတ်လန့်သွားမိသည်။
ကျန်းပိုင်ကွေ့၏ မျက်နှာအမူအရာမှာ ပို၍ပင် သုန်မှုန်လာသောကြောင့် အရှေ့နတ်မင်းချင်းလုံမှာ စိုးရိမ်ပူပန်လာတော့သည်။
“ကောင်းကင်နတ်အရှင်ချင်းလုံ၊ ခင်ဗျားက အရှေ့ပင်လယ်မှာ သတ္တိရှိရှိ သေချင်တာလား”
ကျန်းပိုင်ကွေ့၏ မျက်နှာအမူအရာက လေးလံထိုင်းမှိုင်းနေသည်။ “အစိမ်းရောင်နတ်မင်းက ကျွန်တော်ဆီ အညံ့ခံတော့မလို့” သူက မှင်သေသေ ပြော၏။ “သူသာ အညံ့ခံမယ်ဆိုရင် အရှေ့ကောင်းကင်စစ်တပ်ကလည်း ကျွန်တော့်ထိန်းချုပ်မှုအောက် ရောက်လာမှာပဲ … ထာဝရငြိမ်းချမ်းရေးအင်ပါယာ စစ်သည်တော်တွေ အရှေ့ကောင်းကင်စစ်တပ်နဲ့ တိုက်ခိုက်နေစရာ မလိုတော့မယ့်အပြင် အင်အားကိုလည်း ရလာဦးမှာ…. အခု အစိမ်းရောင်နတ်မင်း အသတ်ခံလိုက်ရပြီဆိုတော့ အရှေ့ကောင်းကင်က သေချာပေါက် အသေခံပြီး တိုက်ခိုက်မှာပဲ…. သူတို့ကို အနိုင်မယူနိုင်ခင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ စစ်သည်တော်တွေ ဘယ်လောက်တောင် သေဆုံးရဦးမလဲ မသိဘူး”
အရှေ့နတ်မင်းချင်းလုံမှာ ကျန်းပိုင်ကွေ့ကို ချင်မူ့ထက်ပင် ပို၍ ကြောက်နေမိ၏။ သူ့စကားကို ကြားလျှင် သူက ချက်ချင်း တောင်းပန်တိုလျှိုးစွာ ပြုံးလိုက်သည်။ “ငါ့ရဲ့စွမ်းဆောင်ရည်တွေက အစိမ်းရောင်နတ်မင်းထက် အများကြီးသာပါတယ်… အရှေ့ဝင်ရိုးစွန်း နတ်နဂါးစစ်တပ်ကလည်း အရှေ့ကောင်းကင်စစ်တပ်ထက် အားမနည်းနေပါဘူး…. ဧကရာဇ်အတိုင်ပင်ခံ၊ အစိမ်းရောင်နတ်မင်းကို အရေးပါတဲ့ ရာထူးပေးမယ့်အစား ငါ့ကို ပေးလိုက်လေ… တပ်မှူးကောင်းတစ်ယောက်ကို ရနိုင်ဖို့ ဆိုတာက ခက်ခဲတယ်နော်… ငါ ဧကရာဇ်အတိုင်ပင်ခံလက်အောက်က တပ်မှူးအနေနဲ့ စစ်မြေပြင်မှာ တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်”
ကျန်းပိုင်ကွေ့ နှုတ်ဆိတ်နေသည်။
အရှေ့နတ်မင်းချင်းလုံမှာ စိုးရိမ်ပူပန်စွာဖြင့် သူ၏ မျက်နှာကို အကဲခတ်နေမိသည်။
တခဏကြာသော် ကျန်းပိုင်ကွေ့က ပြောသည်။ “ဒါဆိုရင် အရှေ့နတ်မင်းက ဘာကိုစောင့်နေတာလဲ… သွားပြီး တိုက်ခိုက်တော့လေ”
အရှေ့နတ်မင်းချင်းလုံလည်း နောက်ဆုံးတွင်တော့ စိတ်အေးသွားတော့သည်။ သူက ချက်ချင်းပင် အရှေ့ကောင်းကင်စစ်စခန်းဆီသို့ ပြေးဝင်သွားရင်း စိတ်ထဲမှ တွေးနေသည်။ “သူ ငါ့ကို ကောင်းကင်နတ်အရှင်ချင်းလုံလို့ ခေါ်လိုက်တုန်းက ဒေါသနဲ့ အသက်အဖြတ်စိတ်ဆန္ဒ အပြည့်ဖြစ်နေခဲ့တာ…. အရှေ့နတ်မင်းလို့ ခေါ်တဲ့အချိန်ကျ ဒေါသနဲ့ အသက်အဖြတ်စိတ်ဆန္ဒ ပျောက်ကွယ်သွားပြီ…. ကြည့်ရတာ ငါ ဘေးကင်းပြီ ထင်ပါတယ်”
ကျန်းပိုင်ကွေ့က သူ အရှေ့ကောင်းကင်စစ်စခန်းထဲသို့ ပြေးဝင်သွားသည်ကို ကြည့်ရှုနေ၏။ ထိုအချိန်မှသာ နတ်ဓားကို ကိုင်ထားသည့်လက်အား ဖြေလျော့လိုက်သည်။
သူ၏ လက်ဆစ်များမှာ အတင်းအကြပ် ဆုပ်ကိုင်ထားခြင်းကြောင့် သွေးဆုတ် ဖြူလျော့နေ၏။
သနင်္ဂဗျူဟာစစ်သူကြီး၊ ထိုက်ရှန်စစ်သူကြီးနှင့် နယ်စားဝေတို့က ရှေ့သို့ တက်လာကြသည်။ နယ်စားဝေက ဦးညွှတ်အရိုအသေပေးလေသည်။ “ဂုဏ်ယူပါတယ် ဧကရာဇ်အတိုင်ပင်ခံ... တပ်မှူးကောင်းတစ်ယောက် ရသွားတာပဲ..”
ကျန်းပိုင်ကွေ့၏ မျက်နှာအမူအရာက တည်ငြိမ်အေးဆေးနေပြီး သူက ခပ်တိုးတိုးပြောသည်။ “ငါ သူ့ကို အခုလေးတင် သတ်မိတော့မလို့”
အားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။ နယ်စားဝေ့က စကားပြောတော့မည့်အချိန်တွင် သူ၏အသံမှာ ကျယ်လောင်လွန်းသည်ကို ရုတ်တရက် သတိရသွားသည်။ သူက ထိုက်ရှန်စစ်သူကြီးကို ချက်ချင်း တားကာ မေးလိုက်သည်။ “ဘာလို့ ဧကရာဇ်အတိုင်ပင်ခံက သတ်ချင်နေတာလဲ”
“အရှေ့နတ်မင်းချင်းလုံက ကောင်းကင်နတ်အရှင်ချင်းလုံလေ…. ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ အတူတူပဲ… သူ့လို ပုဂ္ဂိုလ်မျိုး အသက်ရှင်နေရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ထိပ်တန်းအဆင့်တွေထဲ ဝင်ရောက်ပြီး အကျိုးအမြတ်တွေကို ခိုးယူလိမ့်မယ်… အနာဂတ်မှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပျက်စီးသွားရရင် အဲဒီလိုပုဂ္ဂိုလ်မျိုးကြောင့် ဖြစ်လိမ့်မယ်”
ကျန်းပိုင်ကွေ့က ရှင်းပြသည်။ “ဧကရာဇ်ယန်ဖုန်းလက်ထက်ကစလို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာပြုပြင်ပြောင်းလဲမှု စတင်ခဲ့တာဟာ နှစ်ပေါင်း ၂၆၀ တိုင်ခဲ့ပြီ… ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးကို ကျော်လွှားခဲ့ပြီး နတ်ဘုရားတွေနဲ့ စွမ်းအားအာဏာကို လူသားတွေ အသုံးချနိုင်မယ့် ကမ္ဘာလောကတစ်ခု ဖန်တီးနိုင်ဖို့အတွက် မရေမတွက်နိုင်တဲ့ စစ်သည်တော်တွေဟာ အသက်တွေစတေးခဲ့ကြတယ်… ဒီကမ္ဘာလောကက လူသားတွေ ပါရမီကို အပြည့်အဝ အသုံးချနိုင်ပြီး မျှတတဲ့ ကမ္ဘာလောကတစ်ခု ဖန်တီးပေးနိုင်လိမ့်မယ်… နှစ်နှစ်ရာကနေ သုံးရာနီးပါးတောင် ကြာမြင့်လာခဲ့ပြီးပြီ… အရှေ့နတ်မင်းချင်းလုံလို ပုဂ္ဂိုလ်တစ်ဦးက နောက်ဆုံးအခြေအနေမှာမှ အသီးအပွင့်တွေ ခိုးယူသွားခဲ့မယ်ဆိုရင် သိပ်ကို ကြေကွဲဖို့ကောင်းတယ်မလား”
အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
“ဒါပေမဲ့ အရှေ့နတ်မင်းချင်းလုံရဲ့ အသုံးဝင်မှုက သိပ်ကို ကောင်းတယ်… သူ့ရဲ့ခွန်အားက ကြီးမားတဲ့အပြင် အရှေ့ဝင်ရိုးစွန်းရဲ့ နတ်နဂါးတွေက သူ့အမိန့်ကို နာခံကြတယ်… ကောင်းကင်ဘုံတွေရဲ့ အနန္တလောကတစ်သောင်းမှာ နတ်နဂါးတွေ မရေမတွက်နိုင်အောင် ရှိတဲ့အတွက် သူ့ရဲ့စွမ်းအားကို လျှော့တွက်ထားလို့ မရဘူး… သူ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကူညီမယ်ဆိုရင် အကျိုးအများကြီး ရနိုင်တယ်… ထာဝရငြိမ်းချမ်းရေးအင်ပါယာက အသက်တွေအများကြီးကိုလည်း ကယ်နိုင်လိမ့်မယ်”
ကျန်းပိုင်ကွေ့က ဆက်ပြောသည်။ “ဒါပေမဲ့ ဒီစစ်ပွဲမှာတော့ အကျိုးသယ်ပိုးခဲ့တဲ့အတွက် အလွယ်တကူ သတ်မရဘူး…. သူ့ကို သတ်လိုက်ရင် နဂါးမျိုးနွယ် ပုန်ကန်လာပြီး တခြားကောင်းကင်တွေကလည်း သူ သေသွားတာကြောင့် အညံ့ခံရဲမှာ မဟုတ်တော့ဘူး…. သူ့ကို ဘယ်လိုရှင်းလင်းရမလဲ အခက်တွေ့နေစေတယ်”
ထိုက်ရှန်စစ်သူကြီးက ပြောသည်။ “ဧကရာဇ်အတိုင်ပင်ခံ စိုးရိမ်စရာ မလိုပါဘူး… အနာဂတ်မှာ တိုက်ပွဲတွေ လျော့ကျသွားတဲ့ အချိန်ကျရင် သူ့ကို ရှင်းလင်းဖို့ ကျုပ်တို့ နည်းလမ်း ရှာထားလိုက်ပါမယ်”
ကျန်းပိုင်ကွေ့ ပြော၏။ “စစ်ပွဲကြီး အောင်မြင်ပြီးသွားလို့ အကျိုးများစွာ သယ်ပိုးခဲ့တဲ့သူတွေကို ရှင်းလင်းမယ်ဆိုရင် သေချာပေါက် ဆဲဆိုခံရလိမ့်မယ်… ငါပါ နာမည်ပျက်မယ့်အပြင် ဧကရာဇ်ပါ နာမည်ပျက်ရလိမ့်မယ်”
စစ်သူကြီးများ တိတ်ဆိတ်ငြိမ်သက်သွားကြပြန်သည်။
ကျန်းပိုင်ကွေ့သည် ထိုအတွေးများကို ဖယ်ရှားကာ ပြော၏။ “နောင်လာနောက်ကြောင်းပေါ့လေ… ကဲ အခု လက်ရှိ ဖြစ်နေတဲ့ ကိစ္စတွေကိုပဲ အာရုံစိုက်ကြစို့”
သူက သူ၏စစ်တပ်ကို ကိုယ်တိုင် ဦးဆောင်ပြီး အရှေ့ကောင်းကင်စစ်စခန်း၏ စစ်မြေပြင်ထဲသို့ ဝင်ရောက်သွားသည်။
ရွှင်ပျော်ပျော်ကျေးရွာ၏ ထိုက်ချင်းကောင်းကင်ဘုံတွင်
ချင်မူက ကောင်းကင်နတ်အရှင်ယွင်နှင့်အတူ စစ်တုရင် ကစားနေသည်။ သူက ပြုံးနေလေသည်။ “အရှေ့ကောင်းကင်ရဲ့ အခြေအနေက ညီတူမျှတူ ဖြစ်သွားပြီ… ကောင်းကင်နတ်ဧကရာဇ်ဟောင်ရဲ့ လက်သည်းစွယ်တစ်ခုတော့ ကျိုးသွားရှာပြီ”
သူ့စကားဆုံးသည်နှင့် ကောင်းကင်မှာ ပြင်းထန်စွာ တုန်ခါသွားသည်။ အနောက်အရပ်တွင် အဆုံးမရှိသော ရွှေရောင်ချီတို့က ချီစက်လုံးကြီးတစ်ခုအလား အရပ်လေးမျက်နှာသို့ ပြန့်ကားထွက်လာသည်။ အလွန်တရာချွန်ထက်သော အလင်းတန်းများဖြင့် ပေါက်ကွဲထွက်လာပြီး ကမ္ဘာဦးဘုံတစ်ဝက်ကျော်ကို ထွန်းလင်းတောက်ပသွားစေသည်။
တစ်ချိန်တည်းမှာပင် မြောက်ဘက်နယ်စပ်၊ မန်သီလူရိုင်းနယ်မြေတွင် လျှို့ဝှက်ဆန်းကြယ်သော ရေများ တဝေါဝေါ စီးဆင်းလာသည်။ ကောင်းကင်နတ်မြစ်၏ လမ်းကြောင်း ပြောင်းသွားပြီး မန်သီလူရိုင်းနယ်မြေကို တစ်ပတ်, ပတ်သွား၏။ ရေခဲနှင်းတို့ ဖုံးလွှမ်းနေသော မြေပြင်ထက်၌ ဧရာမနွံအိုင်ကြီး ပေါ်လာသည်။
ချင်မူက ပြုံးလျက် ပြောလိုက်သည်။ “ရွှမ်းဝူဧကရာဇ်နှစ်ပါးလည်း ရောက်လာပြီဆိုတော့ မြောက်ကောင်းကင်ကို စိတ်ချထားလို့ရပြီ”
“ဘာလို့ အနောက်နတ်မင်းအကြောင်း ဘာမှ မပြောတာလဲ”
ကောင်းကင်နတ်အရှင်ယွင်က စစ်တုရင်ခုံကို ကြည့်ပြီးနောက် သူ့ကို တစ်ချက်ပြန်ကြည့်လိုက်သည်။ “အနောက်နတ်မင်းကျားဖြူက အနောက်ကမ္ဘာကို ရောက်နေပြီ… အနောက်ကောင်းကင် အဖြူရောင်နတ်မင်းက သူ့ကို မရင်ဆိုင်နိုင်ပေမယ့် အနောက်ကမ္ဘာက သီးခြားတည်ရှိနေတာ… ကောင်းကင်နတ်ဘုံကနေ ကောင်းကင်နတ်အရှင်အဆင့် ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် လွှတ်လိုက်တာနဲ့ အနောက်နတ်မင်း အသတ်ခံရလိမ့်မယ်…. လူသားဧကရာဇ်ချင်ဝူ တောင်ကောင်းကင်ရဲ့ စစ်ရှုံးစစ်တပ်ကို မတားဆီးနိုင်ဘူးဆိုရင် ကောင်းကင်နတ်ဧကရာဇ်ဟောင်နဲ့ ညီတူညီမျှ ဖြစ်သွားပြီး ဘာအကျိုးအမြတ်မှ ရမှာ မဟုတ်တော့ဘူး… ကောင်းကင်နတ်ဘုံမှာ ကောင်းကင်နတ်အရှင်ဘယ်နှစ်ပါး ရှိလဲဆိုတာ မင်း သိလို့လား”
ချင်မူမှာ ကြောင်အသွားသည်။
“၃၅ ယောက်” ကောင်းကင်နတ်အရှင်ယွင်က ဖြေ၏။
ချင်မူမှာ မျက်ခုံးပင့်လိုက်မိသည်။
“ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်က လင်းကွမ်ခန်းအရှင်သခင်က သူတစ်ယောက်တည်းနဲ့ ထိပ်တန်းအဆင့် ကောင်းကင်နတ်အရှင်အယောက် ၃၀ အဖြစ် အသွင်ပြောင်းနိုင်တယ်”
ကောင်းကင်နတ်အရှင်ယွင်က နယ်ရုပ်တစ်ခုကို နေရာချပြီးနောက် မှင်သေသေ ပြောသည်။ “သူ့ရဲ့ ခန္ဓာကိုယ်က ကောင်းကင်နတ်အရှင်တစ်ပါးနဲ့ ကိုက်ညီတဲ့ ရှေးဟောင်းနတ်ဘုရားတွေအဖြစ် ပြောင်းလဲနိုင်တယ်… တစ်ယောက်ချင်းဆီက အံ့မခန်းလိလိ စွမ်းအားကို ပိုင်ဆိုင်ထားတာ… ဒီတစ်ပွဲ မင်း ရှုံးသွားပြီ”