← Chapters

တစ်ယောက်တည်း

Vol. 131 Ch. 1698

တစ်ယောက်တည်း

Vol. 131 Ch. 1698

“လင်းကွမ်ခန်းမသခင်ရဲ့ ရုပ်ခန္ဓာက ရှေးကျလွန်းတယ်…. သူ့ရုပ်ခန္ဓာရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုစီတိုင်းက ရှေးဟောင်းနတ်ဘုရားအဖြစ် ကျင့်ကြံပြီးနေပြီ… အဲဒီလိုပုဂ္ဂိုလ်တစ်ယောက်က ရုတ်တရက် ရှေးဟောင်းနတ်ဘုရား ၃၀ ကျော်အဖြစ် ပြောင်းလဲသွားပြီး မင်းရဲ့တပ်ဖွဲ့တွေကို သတ်ဖြတ်လိုက်မယ်ဆိုရင် မင်း ဘယ်လိုရင်ဆိုင်မှာလဲ”

ကောင်းကင်နတ်အရှင်ယွင်က အဖြူရောင်နယ်ရုပ်များကို တစ်ခုချင်းစီ ကောက်ယူလိုက်ပြီးနောက် ချင်မူ့စစ်တုရင်ခုံပေါ်တွင် နယ်ရုပ် ၃၀ ကို နေရာချထားလိုက်သည်။ “ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်နီးပါး စွမ်းဆောင်ရည်တွေကို ပိုင်ဆိုင်ထားတဲ့ ပုဂ္ဂိုလ်အယောက်သုံးဆယ်… သူတို့တစ်ယောက်ချင်းစီ စစ်မြေပြင်မှာ ပေါ်လာတာနဲ့ အခြေအနေက ချက်ချင်း ပြောင်းပြန်ဖြစ်သွားနိုင်တယ်… စစ်တပ်တစ်တပ်စီထဲက ဘယ်တပ်မှူးတွေက သူတို့ကို ခုခံနိုင်မှာလဲ”

ချင်မူက မျက်မှောင်ကြုတ်လျက် စစ်တုရင်ခုံအား ကြည့်နေသည်။

လင်းကွမ်ခန်းမသခင်၏ ကျင့်စဉ်မှာ အလွန်တရာ ထူးဆန်းသည်ကို သူလည်း သတိထားမိပြီး ဖြစ်သည်။ သူနှင့် ရှန့်ကျွင်း ခန်းမသခင်ကို သတ်ဖြတ်ခဲ့တုန်းက သူ၏ ရုပ်ခန္ဓာအစိတ်အပိုင်းတစ်ခုစီတိုင်းသည် ရှန့်ကျွင်း၏ ခုတ်ပိုင်းခြင်းခံခဲ့ရသည့်တိုင် အသက်ရှင်နေသည့် ရှေးဟောင်းနတ်ဘုရားတစ်ပါးအလား သီးခြားစီ လှုပ်ရှားနိုင်ကြသေးသည်။

ရှန့်ကျွင်းနှင့် သူ အတူတကွ ပူးပေါင်းတိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် တာအိုသစ်ပင်ကိုသာ ဖျက်ဆီးနိုင်ခဲ့ပြီး ဤစကြ၀ဠာ၌ တာအိုမရနိုင်အောင်သာ တားဆီးနိုင်ခဲ့သည်။

နောက်ဆုံးတွင် ချင်မူ အစီအစဉ်ချခဲ့သည်။ အထွတ်အထိပ်ဓားကွက်များကို အသုံးပြု၍ တာအိုသစ်သီးတစ်လုံးကို ဖျက်ဆီးကာ ခေါင်းပါ ဖြတ်ပစ်ခဲ့၏။

ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း လင်းကွမ်ခန်းမသခင်သည် ကျန်ရှိသော တာအိုဒဏ်ရာများကို ကုသ၍ ခေါင်းပြန်ပေါက်လာနိုင်ပြီလားကိုတော့ သူ မသိချေ။ သူ တာအိုဒဏ်ရာများကို ကုသနိုင်လျှင်တောင်မှ သူ၏ဦးခေါင်းကို ယခင်တုန်းကအတိုင်း အင်အားကြီးမားသော အခြေအနေဖြင့် ပြန်ပေါက်စေနိုင်မည်မဟုတ်ပေ။

“လင်းကွမ်ခန်းမသခင်မှာ တာအိုသစ်သီးနှစ်လုံးနဲ့ တာအိုပန်းပွင့်တစ်ပွင့် ရှိနေသေးတယ်… အဲဒ့ါက တာအိုသိုင်းပညာရှင်သုံးယောက်နဲ့ ညီမျှတယ်… တာအိုသိုင်းပညာရှင်သုံးယောက်က ရှေးဟောင်းနတ်ဘုရား ၃၀ နဲ့ ယှဉ်နိုင်တယ်”

ချင်မူ ကောင်းကင်နတ်အရှင်ယွင်၏ စစ်တုရင်ခုံကို ကြည့်နေသည်။ သူတို့ ကစားနေကြသည့် စစ်တုရင်ခုံများ၌ မျဉ်းကြောင်းများမရှိပေ၊ လေလယ်တွင်သာ နေရာချထားခြင်းဖြစ်၏။ ပို၍ပင် ထူးဆန်းသည်က ဤကစားပွဲတွင် မည်သည့်စည်းမျဉ်းမှ ရှိပုံမပေါ်ဘဲ အလိုရှိသည့် နယ်ရုပ်ပမာဏကို နေရာချထားနိုင်သည်။

ဥပမာအနေဖြင့် ကောင်းကင်နတ်အရှင်ယွင်သည် လင်းကွမ်ခန်းမသခင်မှ ကောင်းကင်နတ်အရှင် ၃၀ အဖြစ် အသွင်ပြောင်းနိုင်သည်ဟု ပြောခဲ့ပြီး နယ်ရုပ် ၃၀ ကို ချင်မူ့စစ်တုရင်ခုံခြမ်းရှိ နဂါးများအရှေ့တွင် ချ၍ နဂါးများကို ခေါင်းဖြတ်ရန် ပြင်နေသည်။

“ရှေးဟောင်းနတ်ဘုရား နတ်မင်းလေးပါးမှာ ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး… ရွှင်ပျော်ပျော်ကျေးရွာရဲ့ ကောင်းကင်ဆရာသခင်လေးပါးလည်း ခေါင်းဖြတ်ခံရလိမ့်မယ်… သားရဲကမ္ဘာရဲ့ အရှင်သခင်အသစ်လုံပိ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့၊ အဆုံးမဲ့တိမ်တိုက်ဧကရာဇ် ဝေစွေ့ဖုန်း၊ ဧကရာဇ်ယန်ဖုန်း၊ ကုန်းစွန်းယန်၊ ပထမလူသားဧကရာဇ်၊ ချိမင်ဧကရာဇ်၊ ကောင်းကင်ယင်နတ်ဘုရားမ၊ ချင်ဖုန်းကျင့်၊ ကောင်းကင်နယ်စားမင်းနဲ့ အားချိုတို့အကုန်လုံး လင်းကွမ်ခန်းမသခင် စစ်မြေပြင်ထဲ ရောက်လာတဲ့အခါကျရင် ချေမှုန်းသတ်ဖြတ်ခံရလိမ့်မယ်”

ကောင်းကင်နတ်အရှင်ယွင်က နောက်ထပ်နယ်ရုပ်တစ်ခု နေရာချထားပြီး ပြောလိုက်ပြန်သည်။ “ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာက ခွန်အားတချို့ ကျန်သေးတယ်… ဆိုတော့ ဘိုးဘေးနန်းတော် လောကသစ်ပင်ဘေးကို ဆင်းသက်လာပြီး ရှုရှန်းဟွာကို သတ်နိုင်တယ်… ရှုရှန်းဟွာ သေသွားခဲ့ရင် အတိတ်စကြ၀ဠာက တာအိုသိုင်းပညာရှင်တွေ ကျူးကျော်လာမှာကို တားဆီးလို့ မရနိုင်တော့ဘူး”

ချင်မူ ခေါင်းခါရမ်းလိုက်သည်။ “ကောင်းကင်နတ်ဧကရာဇ်ဟောင်က အဲဒီလိုလုပ်မှာ မဟုတ်ဘူး”

“ဒါပေမဲ့ လင်းကွမ်ခန်းမသခင်ကတော့ လုပ်မှာပဲလေ”

ကောင်းကင်နတ်အရှင်ယွင်က ပြန်လည်ချေပသည်။ “လင်းကွမ်ခန်းမသခင်က ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ရဲ့ ခန်းမသခင်တစ်ယောက်ပဲ…. သူက ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ကျောက်စိမ်းမြို့တော်အတွက် ကူညီပေးနေတာ… ကျောက်စိမ်းမြို့တော်ရဲ့ တာအိုသိုင်းပညာရှင်တွေ ဆင်းသက်လာဖို့ အခွင့်ကောင်းပဲလေ… ကျောက်စိမ်းမြို့တော် တာအိုသိုင်းပညာရှင်တွေသာ မဆင်းသက်လာနိုင်ခဲ့ရင် အနက်ရောင်တောင်တန်း လောကသစ်ပင်က လမ်းကို ဖွင့်လိုက်တာက အတိတ်စကြ၀ဠာကနေ ခိုးဝင်လာတဲ့သူတွေ ရောက်လာနိုင်ပြီး သူ့ရဲ့ ရည်ရွယ်ချက် အောင်မြင်လိမ့်မယ်”

ချင်မူ ပြောမိသည်။ “လောကသစ်ပင်အမြစ်ကနေ ခိုးဝင်လာနေတဲ့သူတွေနဲ့ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်ရဲ့ ပုဂ္ဂိုလ်တွေက ရပ်တည်ချက်မတူကြဘူး … သူတို့တွေကြားမှာ ရန်ငြိုးတွေတောင် ရှိနိုင်တယ်”

ကောင်းကင်နတ်အရှင်ယွင်က ပြန်ပြောသည်။ “ဒါပေမဲ့ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်အတွက် အဲဒီခိုးဝင်နေတဲ့သူတွေက အသုံးချလို့ ရနိုင်တယ်… အဲဒီလူတွေ ပေါ်လာတာက ဘိုးဘေးနန်းတော်က တာအိုသိုင်းပညာရှင်တွေ ဆင်းသက်မှုကို မြန်လာစေနိုင်တယ်… ကောင်းကင်နတ်ဧကရာဇ်ဟောင်ကတော့ စစ်မြေပြင်ကို ဖြန့်ကျက်ပြီး ရန်သူတော်တွေအားလုံးကို ထုတ်ဖော်မှာ ... မင်းဘက်က စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ရှင်းလင်းဖို့ စောင့်နေတာ… လင်းကွမ်ခန်းမသခင်က ဒီတိုက်ကွက်ကို သေချာပေါက် ထုတ်သုံးလာမှာပဲ… သူ ထုတ်သုံးလာတဲ့အချိန်ကျ မင်းကို အငိုက်မိသွားစေနိုင်တဲ့ လျှပ်စီးတစ်လက် ဖြစ်လာလိမ့်မယ်”

ချင်မူ စစ်တုရင်ခုံကို ကြည့်နေသည်။ ခုံတွင် ရွှင်ပျော်ပျော်ကျေးရွာ၊ တောင်ပင်လယ်၊ အနောက်ကမ္ဘာ၊ မြောက်နယ်စပ်၊ သားရဲကမ္ဘာနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာတို့ကို နေရာချထား၏။ နဂါးကြီးများ၏ နဂါးဦးခေါင်းများမှာ ဖိနှိပ်ခံထားရသောကြောင့် လွတ်မြောက်နိုင်ရန် နည်းလမ်းမရှိပေ။

ရှန့်ကျွင်းသည် သန်မာအားကောင်းသော်လည်း တပ်မှူးများကို ကာကွယ်ရန် ကောင်းကင်နတ်အရှင်အဆင့် ပုဂ္ဂိုလ်သုံးဆယ်အဖြစ် ပြောင်းလဲနိုင်ရန် ခက်ပေလိမ့်မည်။

ချင်မူပင်လျှင် ထိုသို့လုပ်နိုင်စွမ်း မရှိပေ။

ကောင်းကင်နတ်ဧကရာဇ်ဟောင်သာ ကောင်းကင်နတ်အရှင်ယွင် ပြောသည့်အတိုင်း ကြံစည်နေပါက ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ချင်မူ၊ ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ရုံ၊ လန်ဝူနှင့် တခြားသူများသာ ကျန်ရစ်ခဲ့ပေလိမ့်မည်။ သူတို့အနေဖြင့် ကောင်းကင်နတ်ဘုံနှင့် နောက်ဆုံးတိုက်ပွဲအား ရင်ဆိုင်နိုင်ရန် ခွန်အားရှိလိမ့်မည် မဟုတ်ပေ။

အခြေအနေကို မည်သို့ဖောက်ထွက်ရမည်လဲ ဆိုသည်က သူ၏အကြီးမားဆုံး ပြဿနာ ဖြစ်လာခဲ့ချေပြီ။

“ကျွန်တော့်ရဲ့စစ်ကြောင်းတွေက ပြန့်ကြဲလွန်းနေတယ်… အနောက်ကမ္ဘာမြေ၊ မြောက်ဘက်နယ်စပ်၊ အရှေ့ပင်လယ်၊ တောင်ပင်လယ်၊ ရွှင်ပျော်ပျော်ကျေးရွာနဲ့ ဘိုးဘေးနန်းတော်ရဲ့ လောကသစ်ပင်တွေအားလုံးက ရှည်လျားလွန်းတယ်…. အဲ့ဒီစစ်ကြောင်းတွေကိုသာ နီးကပ်စေလိုက်ပြီး ရန်သူတွေကို ရှင်းလင်းနိုင်မယ်ဆိုရင် ပြန်ဆုတ်လာပြီးတော့ ရွှင်ပျော်ပျော်ကျေးရွာပေါ်မှာပဲ အာရုံစိုက်နိုင်လိမ့်မယ်”

ချင်မူက စစ်တုရင်ခုံကို ရွှေ့လိုက်သည်။ “လင်းကွမ်ခန်းမသခင် ရှေးဟောင်းနတ်ဘုရားတွေအဖြစ် ပြောင်းလဲသွားပြီး စစ်တပ်ခေါင်းဆောင်တွေကို တိုက်ခိုက်လာမယ်ဆိုရင် အချိန်မရွေး ကျွန်တော်တို့ ကူညီပေးလို့ ရနိုင်တယ်… လင်းကွမ်ခန်းမသခင်ကို သတ်ဖို့ ထောင်ချောက်ဆင်လို့တောင် ရနိုင်တယ်… ဒါဆိုရင် ဒီအခြေအနေကို ပြေလည်စေပြီလား”

ကောင်းကင်နတ်အရှင်ယွင်က ခေါင်းခါရမ်းသည်။ “ရှေးဟောင်းနတ်ဘုရား နတ်မင်းလေးပါး ထွက်လာပြီးပြီလေ… တောင်နတ်မင်းကျုချွဲ၊ မြောက်နတ်မင်းရွှမ်းဝူ၊ အရှေ့နတ်မင်းချင်းလုံ၊ အနောက်နတ်မင်းကျားဖြူတို့အားလုံး ပေါ်လာကြပြီးပြီ… လုံရှောင်ကလည်း မြေအောက်ဘုံအရှင်သခင်လေးကြောင့် အသတ်ခံလိုက်ရပြီး လုံပိက နန်းတက်ခဲ့တယ်… ကောင်းကင်နတ်ဧကရာဇ်ဟောင်အတွက်တော့ ရန်သူတွေအားလုံး ထွက်လာပြီးပြီ… သူ့အနေနဲ့ ပိုက်ကွန် ဖြန့်လိုက်ဖို့ အချိန်ကောင်းပဲ..”

ချင်မူ့ နဖူးနှင့် လည်ဂုတ်တွင် ချွေးများ စို့လာသည်။ သူက ရုတ်တရက် ပြုံးလိုက်၏။ “ကောင်းကင်နတ်ဧကရာဇ်ဟောင်က ဒီလောက်တော့ ဉာဏ်မကောင်းလောက်ပါဘူးဗျာ”

“ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဘယ်တော့မှ အထင်မသေးသင့်ဘူး”

ကောင်းကင်နတ်အရှင်ယွင်၏ မျက်နှာအမူအရာမှာ တည်ငြိမ်အေးဆေးနေသည်။ “အရင်တုန်းက ငါလည်း ကောင်းကင်နတ်ဧကရာဇ်ဟောင်က ဉာဏ်မကောင်းဘူးလို့ ထင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရတယ်… သူ့ရဲ့ အိမ်ရှေ့စံမင်းသား ရှဲ့ဝူကျိကို အထင်သေးခဲ့မိပြီး မရှုမလှ သေခဲ့ရတယ်… ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ကို အထင်သေးခဲ့လို့လည်း သေခဲ့ရတယ်… အထင်သေးခဲ့မိတဲ့ ငါကိုယ်တိုင် မရှုမလှ သေခဲ့ရတာ”

ချင်မူက တဟားဟား ရယ်လိုက်သော်လည်း ချွေးများ ပို၍ စီးကျလာသည်။

“ကောင်းကင်နတ်ဧကရာဇ်ဟောင်ရဲ့ ဒီစစ်တုရင်ကစားပွဲကို ချိုးဖျက်နိုင်ဖို့ ငါ့မှာ အစီအစဉ်ရှိတယ်”

ကောင်းကင်နတ်အရှင်ယွင်သည် သူ့အား ကြည့်လိုက်၏။ “မင်း ဒုတိယသခင်လေးကို တားဆီးဖို့ ငါ ကူညီပေးနိုင်တယ်… ကောင်းကင်နတ်အရှင်ရုံက ကောင်းကင်နတ်အရှင်ရှု၊ ကောင်းကင်နတ်အရှင်ယွဲ့က ရှေးဟောင်းနတ်ဘုရားဘုရင်၊ ထိုက်ရှီက ထိုက်ကျိရှေးဟောင်းနတ်ဘုရား၊ လန်ဝူက ထိုက်ချူတို့ကို အသီးသီး တားဆီးပြီး ရှန့်ကျွင်းက သခင်မယွမ်မုကို သတ်ရမယ်…. အဲဒါဆိုရင် ကောင်းကင်နတ်ဧကရာဇ်ဟောင်ဘက်မှာ တာအိုသိုင်းပညာရှင်တစ်ယောက်မှ ကျန်တော့မှာ မဟုတ်ဘူး…. မင်း ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို သတ်လိုက်ရင် အခြေအနေက ပြီးပြီပဲ”

ချင်မူ သူ့ကို ကြည့်ပြီးနောက် ဩရှရှ လေသံဖြင့် ပြောလိုက်သည်။ “အဲဒီအချိန်ကျ ကောင်းကင်နတ်ဧကရာဇ်ဟောင် သေသွားမှာတော့ မှန်ပါတယ်… ဒါပေမဲ့ ရှေးဟောင်းနတ်ဘုရားနတ်မင်းလေးပါး၊ ဧကရာဇ်ရိယွဲ့၊ တျန်းရှု၊ လီရုံလန်၊ အဘိုးချင်းဟွမ်၊ တန်ခိုးရှင်သစ်ခုတ်သမား၊ လယ်သမား၊ စာပေသမား၊ တံငါသည်၊ လုံပိ၊ ကျန်းပိုင်ကွေ့၊ ဝေစွေ့ဖုန်း၊ ဧကရာဇ်ယန်ဖုန်း၊ ကုန်းစွန်းယန်၊ ပထမလူသားဧကရာဇ်၊ ချိမင်ဧကရာဇ်၊ ကောင်းကင်ယင်နတ်ဘုရားမ၊ ချင်ဖုန်းကျင့်၊ ကောင်းကင်နယ်စားမင်းနဲ့ အားချို… သူတို့အကုန်လုံး သေကုန်ကြမှာလေ…”

သူ၏ လေသံက ပိုပို၍ မြန်လာပြီး နောက်ဆုံးတွင် သူက အေးစက်စွာ ပြောလိုက်သည်။ “လန်ဝူ ထိုက်ချူကို သွားသတ်ရင် သူလည်း သေရမှာပဲ… လန်ဝူရဲ့ အသိစိတ်အလျဉ်က ခင်ဗျားပြီးရင် ဒီလောကမှာ စွမ်းအားအကြီးဆုံးပဲ… ထိုက်ချူ သူ့ကို သတ်ပြီး သူ့ရဲ့ အသိစိတ်အလျဉ်ကို ရသွားရင် ထိုက်ချူတာအိုကို အောင်မြင်သွားနိုင်လိမ့်မယ်…. သူက သေချာပေါက် အောင်မြင်ပြီး လန်ဝူလည်း ကျိန်းသေ သေရမှာပဲ… ခင်ဗျားလည်း သေရမှာ… အောင်မြင်မှုက ဘာသုံးစားလို့ ရတော့မှာလဲ”

“အလုပ်ဖြစ်တယ်လေ”

ကောင်းကင်နတ်အရှင်ယွင်က ထရပ်လိုက်သည်။ “ကောင်းကင်နတ်ဧကရာဇ်ဟောင် သေသွားတာနဲ့ သူတို့မှာ ခေါင်းဆောင် မရှိတော့ဘူး… ကောင်းကင်နတ်အရှင်ရှုနဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ကောင်းကင်နတ်ဘုံရဲ့ များပြားလှတဲ့ အင်အားတွေကို ထိန်းချုပ်နိုင်တဲ့ အစွမ်း မရှိဘူး… ကောင်းကင်နတ်ဘုံကလည်း လင်းကွမ်ခန်းမသခင်ဆီမှာ အညံ့ခံမှာ မဟုတ်ဘူး…အဲဒီအချိန်ကျရင် မင်းရဲ့ ဘေးမှာ ကောင်းကင်နတ်အရှင်ရုံနဲ့ ကောင်းကင်နတ်အရှင်ယွဲ့ ရှိနေလိမ့်ဦးမယ်… ကောင်းကင်နတ်အရှင်လန်ယွီတျန်းလည်း ရှိနေမှာ… ကောင်းကင်နတ်အရှင်ရှုကျွင်းရောပဲ… ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို သတ်ဖြတ်နိုင်ခဲ့တဲ့အတွက် မင်းရဲ့ ဂုဏ်သတင်းကလည်း ကျော်ကြားနေလိမ့်မယ်…. အဲဒီအချိန် ကောင်းကင်နတ်ဘုံက မင်းလက်ထဲ ရောက်လာမှာပဲ”

သူသည် နယ်ရုပ်များကို ရွှေ့လိုက်ရင်း ရှေ့သို့ ခြေတစ်လှမ်း တက်လာ၏။ “ကောင်းကင်နတ်အရှင်မူက ကျင့်စဉ်တွေ လွှဲပြောင်းပေးခဲ့တဲ့ ကောင်းကင်နတ်အရှင်တစ်ပါးပဲ… မင်းရဲ့ ဂုဏ်သတင်းက ကောင်းကင်နတ်အရှင်လန်ယွီတျန်းထက်တောင် ကျော်ကြားသေးတယ်…အချုပ်အနှောင်တွေအားလုံးက‌နေ လွတ်မြောက်နိုင်ခဲ့တဲ့ ကောင်းကင်နတ်အရှင်မူ ဆိုပြီး ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာလိမ့်မယ်…. လင်းကွမ်ခန်းမသခင်၊ ကောင်းကင်နတ်အရှင်ရှုနဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်တို့ကို သတ်ပြီး စကြ၀ဠာတစ်ခုလုံးမှာ ယှဉ်ပြိုင်နိုင်တဲ့သူ ရှိမှာမဟုတ်တော့ဘူး… အပျက်အစီးတွေကနေ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြန်လည်တည်ဆောက်ပြီး ဒီကမ္ဘာလောကကို မင်း စိတ်ကူးမျှော်မှန်းခဲ့တဲ့အတိုင်း ပုံသွင်းလို့ ရနိုင်ပြီ”

ချင်မူက စိတ်ပျက်စွာ ထိုင်ကာ ခေါင်းရမ်းလိုက်သည်။ “အဲဒီအချိန်ကျ ကျွန်တော်တစ်ယောက်တည်း ဖြစ်နေမှာပေါ့…”

ကောင်းကင်နတ်အရှင်ယွင်သည် ပြုံး၏။ “ဟုတ်တယ်… မင်း ငါတို့ကို အသက်ပြန်မသွင်းနိုင်ဘဲ တစ်ယောက်တည်း ဖြစ်သွားမှာဆိုပေမယ့် ပေးဆပ်ရတာတွေက ထိုက်တန်ပါတယ်… နှစ်သန်းပေါင်းများစွာ ကြာတဲ့အထိ ငါတို့တွေဟာ စစ်မှန်တဲ့ တော်လှန်ရေး၊ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုကို မျှော်လင့်တောင့်တခဲ့ရတာ… ငါတို့ရဲ့ ရည်မှန်းချက်တွေ၊ ဆန္ဒတွေကို ဖြည့်ဆည်းအောင်မြင်နိုင်ဖို့အတွက် မျှော်လင့်ခဲ့ကြရတယ်မလား…”

သူက ပို၍စိတ်လှုပ်ရှားလာပြီး ချင်မူ့အား ပတ်လျှောက်နေသည်။ “အဲဒါတွေအားလုံးကို မင်းက အောင်မြင်အောင် လုပ်ပေးလိမ့်မယ် … ဒါကြောင့် ပေးဆပ်ရတာတွေက တန်တယ်… ကောင်းကင်နတ်အရှင်မူ၊ ငါတို့ ဒီတစ်ပွဲကို နိုင်နိုင်သေးတယ်… မင်း ငါတို့တွေကို ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုအတွက် စတေးရမှာလို့ သတ်မှတ်လိုက်တာနဲ့ ငါတို့အော င်မြင်နိုင်ပြီ”

“မင်း တုံ့ဆိုင်းနေရင် ရှုံးသွားလိမ့်မယ်… ကောင်းကင်နတ်ဧကရာဇ်ဟောင်က မင်းကို တုံ့ဆိုင်းနေဖို့ အခွင့်အရေးပေးမှာ မဟုတ်ဘူး”

သူက ချင်မူ့ပခုံးကို ဆုပ်ကိုင်လိုက်သော်လည်း ချင်မူမှာ ထိုနေရာတွင်သာ မလှုပ်မယှက် ထိုင်နေသည်။ သူ၏ စိတ်လှုပ်ရှားနေသော အသံက ချင်မူ့နားထဲတွင် ပဲ့တင်ထပ်နေ၏။ “နှစ်တစ်သန်းကြာ မက်ခဲ့ရတဲ့ အိပ်မက်က လက်တစ်ကမ်းအလိုမှာ ရှိနေပြီ … တုံ့ဆိုင်းမနေပါနဲ့တော့ ကောင်းကင်နတ်အရှင်မူ… ဒီစစ်ပွဲမှာ မင်း အောင်မြင်ဖို့အတွက် ငါတို့တတွေ စတေးပေးဖို့ ဆန္ဒရှိပါတယ်”

ချင်မူက တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။

“အနောက်နတ်မင်းကျားဖြူ၊ မြောက်နတ်မင်းရွှမ်းဝူတို့က သူတို့ရဲ့ ဘိုးဘေးနယ်မြေတွေနဲ့အတူ ဆင်းသက်လာတော့မယ်… အဲဒီအချိန်က ကောင်းကင်နတ်ဧကရာဇ်ဟောင် လှုပ်ရှားမယ့်အချိန်ပဲ”

ကောင်းကင်နတ်အရှင်ယွင်က သူ၏ ပခုံးကို ကိုင်လှုပ်နေသည်။ “ညီတော်မူ၊ ငါ ကောင်းကင်နတ်ဧကရာဇ်ဟောင်အကြောင်း ကောင်းကောင်း သိတယ်… သူ သေချာပေါက် လှုပ်ရှားလာမှာပဲ.. မင်း တုံ့ဆိုင်းနေရင် အရာအားလုံး ဆုံးရှုံးသွားရလိမ့်မယ်… ဆက်ပြီး တုံ့ဆိုင်းမနေပါနဲ့တော့… လှုပ်ရှားဖို့ အမိန့်ပေးလိုက်ပါ”

ချင်မူသည် လက်သီးဆုပ်လျက် သူ၏ စိတ်လှုပ်ရှားနေသော မျက်နှာကို ကြည့်နေ၏။ မျက်ရည်များက သူ၏ပါးပြင်ပေါ်သို့ စီးကျလာပြီး ဖြူစွတ်နေသော နားထင်ကို စိုစွတ်သွားစေသည်။ သူက အက်ကွဲနေသော လေသံဖြင့် ပြောလေသည်။ “ကောင်းကင်နတ်အရှင်ယွင်၊ ခင်ဗျားက ကျွန်တော့်ကို ခင်ဗျားနောက်တစ်ယောက် ဖြစ်လာအောင် လုပ်နေတာပဲ… နောက်ထပ် ကောင်းကင်နတ်အရှင်ယွင်တစ်ယောက်… နောက်ထပ် ကောင်းကင်နတ်ဧကရာဇ်ယွင်တစ်ယောက်… အဲဒါက ကျွန်တော်မဟုတ်ဘူး… ကျွန်တော် မဟုတ်ဘူးလို့…”

“ဒါပေမဲ့ ငါတို့နိုင်မှာလေကွာ” ကောင်းကင်နတ်အရှင်ယွင်၏ မျက်လုံးများက စူးရှတောက်ပနေသည်။ “ဒီအခြေအနေကို ဖြိုခွင်းဖို့ တခြားနည်းလမ်းများ ရှိသေးလို့လား… လင်းကွမ်ခန်းမသခင်ကို တားဆီးဖို့ မင်းမှာ တခြားနည်းလမ်း ရှိလား… ကောင်းကင်နတ်အရှင်မူ၊ မြန်မြန်ဆုံးဖြတ်ပါ… အချိန်က စောင့်နေမှာ မဟုတ်ဘူး”

ချင်မူက မြေပြင်တွင် ပြန့်ကျဲနေသည့် စစ်တုရင်နယ်ရုပ်များကို စိုက်ကြည့်နေသည်။

လူကောင်းတစ်ယောက်သည် လူဆိုးတစ်ယောက်ကို အနိုင်ယူလိုပါက ထိုလူဆိုးထက် ပိုမိုဆိုးရွားကောက်ကျစ်သော နည်းလမ်းများကို အသုံးပြုရပေလိမ့်မည်။ သို့သော် ထိုအချိန်၌ ထိုလူကောင်းကို လူကောင်းတစ်ယောက်ဟု သတ်မှတ်၍ ရပါသေးသည်လော။

သူ ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့် ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို အနိုင်ယူနိုင်ခဲ့လိမ့်မည်။ ထိုအချိန်တွင် ကောင်းကင်နတ်ဧကရာဇ်ပလ္လင်အပေါ်တွင် ထိုင်နေမည့် အထီးကျန်သော လူသားတစ်ယောက်ထက် မပိုတော့ပေ။ သူနှင့် ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ခြားနားပါဦးမည်လော။

သူ လက်သီးများ ဆုပ်လိုက်မိသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ အဓိပ္ပာယ်က အဘယ်နည်း။

နဂါးဟန်ခေတ်၏ တော်လှန်ရေး၊ ချိမင်ခေတ်တော်လှန်ရေး၊ ချုံဧကရာဇ်ခေတ်တော်လှန်ရေးနှင့် ခိုင်ဧကရာဇ်ပြုပြင်ပြောင်းလဲမှုတို့ကရော။

သူက နယ်ရုပ်များကို ကြည့်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ နဂါးအကြေးခွံများဖြင့် ဖုံးအုပ်ခံထားရသည်ကို တွေ့လိုက်ရသည်။ ချွန်ထားသော လက်သည်းစွယ်များနှင့် သွားတို့က သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ၏မျက်နှာသည် ခက်ထန်ကြမ်းတမ်းနေ၏။

ချင်မူက ထရပ်၍ ရွှင်ပျော်ပျော်ကျေးရွာ ကောင်းကင်ဘုံ ၃၃ ဘုံအစွန်းသို့ လျှောက်သွားသည်။ ကောင်းကင်နတ်ဘုံ မဟာစစ်တပ်ကြီးသည် ရွေ့လျားနေပြီး ကောင်းကင်နတ်ဘုံကား ရွှင်ပျော်ပျော်ကျေးရွာနှင့် နောက်ဆုံးစစ်ပွဲ ဆင်နွှဲရန် အဆင်သင့်ဖြစ်နေလေပြီ။

ချင်မူ့အနောက်တွင် ကောင်းကင်နတ်အရှင်ယွင်က လျှောက်လာပြီး ခပ်ဩဩလေသံဖြင့် တိုက်တွန်းသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ဆုံးဖြတ်ပြီးပြီလား…. လင်းကွမ်ခန်းမသခင်က အခုအချိန်ဆို ထွက်လာနေလောက်ပြီ”

ချင်မူက ခပ်တိုးတိုး မေးသည်။ “နောင်တော်ယွင်၊ ကောင်းကင်နတ်ဧကရာဇ်ဟောင်က သခင်လေးနှစ်ဆီက ခွဲထွက်မယ်ထင်သလား”

ကောင်းကင်နတ်အရှင်ယွင် ကြောင်သွားလေသည်။

ကောင်းကင်နတ်ဘုံစစ်စခန်းတွင် ကောင်းကင်နတ်ဧကရာဇ်ဟောင် မော့ကြည့်လိုက်သည့်အခါတွင် အနောက်နက်မင်းကျားဖြူနှင့် မြောက်နတ်မင်းရွှမ်းဝူတို့ ဆင်းသက်လာမှုကြောင့် ထွက်ပေါ်လာသည့် ထူးဆန်းသည့် ဖြစ်ရပ်များကို မြင်လိုက်ရသည်။ သူက ခပ်မဲ့မဲ့ ပြုံးလိုက်၏။

သူ့အနောက်တွင် လင်းကွမ်ခန်းမသခင်က ခပ်တိုးတိုး ဟိန်းဟောက်လိုက်ရာ သူ၏ရုပ်ခန္ဓာသည် ရုတ်တရက် အပိုင်းပိုင်း ကွဲထွက်သွား၏။ သူ မြေပေါ် ဆင်းသက်လာသည့်အချိန်တွင် အမျိုးမျိုးသော အရှိန်အဝါများ ပိုင်ဆိုင်ထားပြီး အရွယ်အစားမျိုးစုံရှိသည့် ရှေးဟောင်းနတ်ဘုရားများအဖြစ် ပြောင်းလဲသွားသည်။

“ခန်းမအရှင်၊ ကျုပ် စိတ်ချလိုက်ပါမယ်” ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးလျက် ပြောလေသည်။

ရှေးဟောင်းနတ်ဘုရားများက အလင်းတန်းများအဖြစ် ပြောင်းလဲ၍ အရပ်လေးမျက်နှာသို့ ထွက်ခွာသွားကြသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ တောင်ပင်လယ်မျက်နှာပြင်နှင့် ဆက်သွယ်ထားသော နေရာတွင် ကျောက်စိမ်းတောင်စွန်းတစ်ခု ရှိသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လူသားများသည် ဤနေရာ၌ ကျောက်စိမ်းကမ်းပါးတံခါးဝကို တည်ဆောက်ခဲ့ကြ၏။

ကျောက်စိမ်းကမ်းပါးတံခါးဝသည် အလွန်တရာ နက်စောက်ပြီး ချောမွေ့သော တောင်စွန်းတစ်ခုနှင့် တူကာ ပြင်းထန်လှသော ပင်လယ်လှိုင်းများကို ကာကွယ်ပေး၏။

ပထမလူသားဧကရာဇ်ချင်ဝူက လူသားဧကရာဇ်များ ဦးဆောင်သည့် ထာဝရငြိမ်းချမ်းရေးအင်ပါယာစစ်တပ်ကို ဦးဆောင်ကာ ကျောက်စိမ်းကမ်းပါးတံခါးဝတွင် နေရာယူထားသည်။

ကြယ်တာရာအပိုင်းအစများက ကျောက်စိမ်းကမ်းပါးတံခါးဝအရှေ့ ပင်လယ်ပြင်သို့ ကျဆင်းကာ ကောင်းကင်ထိ မြင့်တက်သွားသော လှိုင်းလုံးကြီးများ ထွက်ပေါ်လာစေသည်။ လှိုင်းလုံးများက ကျောက်စိမ်းကမ်းပါးတံခါးဝဆီသို့ ဦးတည်သွားကြ၏။

လှိုင်းလုံးများ၏ အနောက်တွင်တော့ ကောင်းကင်နတ်ဘုံ၏ စစ်တပ် ၃၉ တပ်မှ ကျန်ရှိသောစစ်တပ်များ ပါလာသည်။ သူတို့က တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များအလား ပင်လယ်ပြင်ပေါ် ရှိ လှိုင်းများအနောက်မှ လိုက်ပါလာကြရင်း ကျောက်စိမ်းကမ်းပါးတံခါးဝဆီ ဦးတည်ပြေးဝင်လာကြသည်။

ကောင်းကင်တွင် မီးတောက်များ လောင်ကျွမ်းလာပြန်၏။ မရေမတွက်နိုင်သော မီးကြယ်တံခွန်များက မိုးစက်များကဲ့သို့ ကျဆင်းလာပြီး မီးခိုးတန်းကြီးများနှင့်အတူ ကျောက်စိမ်းကမ်းပါးတံခါးဝဆီ ဦးတည်လာကြသည်။

“လောကကြီးကို လည့်ပတ်စေဖို့ မလွယ်ကူဘူး*

ပထမလူသားဧကရာဇ်က ကျောက်စိမ်းကမ်းပါးတံခါးဝတွင် ရပ်နေသည်။ သူက လက်နှစ်ဖက်ကို ယှက်၍ ဖြည်းဖြည်းချင်း လှုပ်ရှားလိုက်ရာ ကောင်းကင်နတ်သိုင်းများ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလို မီးကြယ်တံခွန်များနှင့် ပြည့်နှက်နေသည့် ကောင်းကင်နှင့် လှိုင်းလုံးကြီးများက ပုံပျက်နေသော နေရာဟင်းလင်းပြင်ထဲတွင် လည်သွားကြသည်။ ၎င်းတို့က နောက်သို့ ပြန်ဆုတ်၍ တောင်ကောင်းကင်၏ စစ်ရှုံးစစ်တပ်ဆီသို့ ဦးတည်သွားတော့၏။

စစ်ရှုံးစစ်တပ်မှာ တောင်နတ်မင်းကျုချွဲ၊ ဇာမဏီနတ်မင်းချီရှားယွီနှင့် အခြားသူများကြောင့် အနိုင်ယူခံခဲ့ရသော်လည်း ၀င်္ကပါက ဖရိုဖရဲ ဖြစ်မနေပေ။ စစ်တပ်အမျိုးမျိုးရှိ တပ်မှူးများသည် ကျင့်ကြံခြင်းအခြေခံ အလွန်မြင့်မားကြသည့်အလျောက် ၀င်္ကပါသည်လည်း တင်းကြပ်စေ့စပ်သည်။ သူတို့က ချက်ချင်းပင် အမိန့်များပေးလိုက်ရာ ၀င်္ကပါ အသက်ဝင်လာပြီး လှိုင်းလုံးကြီးများ နှစ်ခြမ်းကွဲကာ ကောင်းကင်ရှိ မီးကြယ်တံခွန်များ ငြိမ်းသေသွားကြသည်။

စစ်ရှုံးစစ်တပ် ၃၉ တပ်မှ တပ်မှူးများက လှိုင်းလုံးကြီးများထဲမှ ထွက်လာကာ မေးလိုက်သည်။ “မင်းက ဘယ်သူလဲ”

“ခိုင်ဧကရာဇ် ချင်မျိုးနွယ်၊ ကျောက်စိမ်းလင်းရောင်နန်းဆောင်က လူသားဧကရာဇ်ချင်ဝူပဲ”

All Chapters