ဆရာအဖြစ်မှတ်ယူခြင်း
Vol. 149 Ch. 2114
လူအများသည် ရှေးဟောင်းသစ်ပင်၏ ရှေ့၌ စုစည်းနေကြပြီး သော်ယွီက နိုးထခြင်းကို ဖြတ်သန်းကာ နတ်ဘုရားနည်းစနစ်အား ဆက်ခံနေသည်ကို စောင့်ကြည့်နေခဲ့၏။ ရွာသားများထံ၌ ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေကြသည်။ သော်ယွီသည် ရွာမှ မိဘမဲ့ကလေးတစ်ယောက်သာလျှင် ဖြစ်၏။ သူက လေးမျက်နှာကျေးရွာ၏ အပြောင်းအလဲမတိုင်ခင် ကျင့်ကြံနိုင်စွမ်း မရှိချေ။ သူက နောက်ဆုံးနည်းစနစ်ကို ဆက်ခံနိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်ခဲ့မည်နည်း။
အပြင်လူများသည်လည်း လေးမျက်နှာကျေးရွာ၏ မှော်ဆန်မှုကြောင့် အံ့အားသင့်နေခဲ့ကြသည်။ သော်ယွီသည် နတ်ဘုရားနည်းစနစ်ကို အမှန်တကယ် ဆက်ခံနိုင်ခဲ့ပေသည်။ အရာအားလုံးက ကြိုတင်စီမံထားသည့် ကံကြမ္မာကဲ့သို့ ခံစားရပေသည်။
အရေးကြီးဆုံးမှာ သူတို့က နတ်ဘုရားနည်းစနစ်အကြောင်းကိုသာ စိတ်ဝင်စားကြသည်။ သော်ယွီက လေးမျက်နှာကျေးရွာ၏ ယခင်ပျောက်ဆုံးနေသော နည်းစနစ်ကို ဆက်ခံနိုင်ခဲ့ပေသည်။ ၎င်းသည် ပစ်မှတ်ကို သေဆုံးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း အဆုံးမဲ့ သံသရာစက်ဝန်းထဲ၌ ပိတ်လှောင်ထားနိုင်သော ပုံရိပ်ယောင် နတ်ဘုရားနည်းစနစ်ဖြစ်သည့် သံသရာမျက်ဝန်းပင် ဖြစ်လေသည်။ ပစ်မှတ်သည် သံသရာစက်ဝန်းထဲမှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း မရှိဘဲ သူ၏ ဝိညာဥ်က ဖျက်ဆီးခံရကာ တဖြေးဖြေး သေဆုံးရပေလိမ့်မည်။
ထိုအချိန်တွင် ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသည့် မျက်ဝန်းတစ်စုံသည် သော်ယွီ၏ အထက်ကောင်းကင်တွင် ထွက်ပေါ်လာခဲ့သည်။ တူညီသော မြင်ကွင်းက သူ့နောက်ကျောတွင်လည်း ပေါ်ပေါက်လာ၏။ ဤသည်မှာ သူ နိုးထလာသော သက်စောင့်ဝိညာဥ် ဖြစ်လေသည်။
ထိုအချိန်တွင် ထူးခြားဆန်းကြယ်သော အဖြစ်အပျက်တစ်ခုက အပြင်လူများ၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာအကြာက အခြားထူးချွန်ထက်မြက်သော ကျင့်ကြံသူ တစ်ယောက်က သံသရာမျက်ဝန်းကို ကျင့်ကြံနိုင်ခဲ့ပြီး လေးမျက်နှာကျေးရွာမှ ထွက်ခွာသွားခဲ့သည်။ သို့သော် သူက ရှန်ချင်းနယ်မြေ၌ ကျော်ကြားလာပြီး မကြာခင်၌ပင် ဝမ်းနည်းစရာ အဆုံးသတ်ခဲ့ရပေသည်။
ရှန်ချင်းနယ်မြေ၏ ထိပ်တန်းအင်အားစုတစ်ခုဖြစ်သော ပုံရိပ်ယောင်နတ်ဘုရားနန်းတော်မှ အလွန် အစွမ်းထက်သည့် တန်ခိုးရှင်တစ်ယောက်က သံသရာမျက်ဝန်း၏ နောက်ဆုံး ဆက်ခံသူ မျက်လုံးများကို ဖောက်ထုတ်ခဲ့သည်။ သူသည် သံသရာမျက်ဝန်းကို ခိုးယူကာ သူ၏ ကိုယ်ပိုင် မျက်လုံးများနှင့် ပေါင်းစပ်ခဲ့သည်။ ထို့ကြောင့် လေးမျက်နှာကျေးရွာ၏ နတ်ဘုရားနည်းစနစ်ခုနစ်ခုထဲမှ တစ်ခုဖြစ်သော သံသရာမျက်ဝန်းက ပြင်ပဘုံများတွင် ပျောက်ဆုံးသွားခဲ့သည်။
လေးမျက်နှာကျေးရွာကို ကာကွယ်ရန် အမိန့်အရ ဆရာသခင်သည် ရွာသားများကို ပြင်ပဘုံနှင့် ပတ်သတ်ခြင်းမှ တားမြစ်ခဲ့သည်။ အင်အားစုများနှင့် ရှန်ချင်းနယ်မြေအတွင်း အဖွဲ့အစည်းများသည် လေးမျက်နှာကျေးရွာ၏ အဖိုးထိုက်တန်သော နတ်ဘုရားနည်းစနစ်များကို အာသာငမ်းငမ်း လိုချင်တပ်မက်နေကြသည်။ ယခင်နေ့ရက်များတွင် မျက်မမြင်ထျယ်သည်လည်း ထိုသို့ ခပ်ဆင်ဆင်အဖြစ်မျိုးကို ခံစားခဲ့ရ၏။
သူနှင့် သံသရာမျက်ဝန်းဆက်ခံသူ နှစ်ယောက်လုံးက ရင်နင့်ဖွယ်အဖြစ်မျိုး ကြုံတွေ့ခဲ့ရပေသည်။ သို့သော် မတူညီသည့်အရာတစ်ခုရှိသည်။ သံသရာမျက်ဝန်း ဆက်ခံသူအား တိုက်ခိုက်ခဲ့သူက သံသရာမျက်ဝန်းကို သူ့ကိုယ်ပိုင်အဖြစ် လက်လွှဲယူနိုင်ခဲ့သည်။ အခြားတစ်ဖက်တွင် မျက်မမြင်ထျယ်က သူ၏ မျက်လုံးနှင့် နတ်ဘုရားနည်းစနစ်တစ်စိတ်တစ်ပိုင်းကိုသာ ဆုံးရှုံးခဲ့ရခြင်း ဖြစ်ပေသည်။
ထို့ကြောင့် နည်းလမ်းတကျ ပြောရလျှင် လေးမျက်နှာကျေးရွာ၏ နတ်ဘုရားနည်းစနစ်ဖြစ်သော သံသရာမျက်ဝန်း နည်းစနစ်တစ်ခုလုံးအပါအဝင် စောင့်ရှောက်သူ၏ နတ်ဘုရားတူနည်းစနစ်မှ တစ်ခုနှင့် တစ်ဝက်က ပြင်ပဘုံ၌ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ပေသည်။
ဆယ်စုနှစ်များစွာကြာပြီးနောက် ယခု သော်ယွီက သံသရာမျက်ဝန်းကို ဆက်ခံနိုင်ခဲ့ပေသည်။ လူအများသည် သော်ယွီက ထိုမျက်လုံး ဖောက်ထုတ်ခံလိုက်ရသော တန်ခိုးရှင်၏ မျိုးဆက်ဖြစ်နိုင်သည်ဟု ခန့်မှန်းနေကြပေသည်။
မည်သို့ပင်ဖြစ်စေ လေးမျက်နှာကျေးရွာက နတ်ဘုရားနည်းစနစ်ခုနစ်ခုလုံး ပြန်လည်ရရှိလာသည့် သတင်းမှာ ကမ္ဘာတုန်လှုပ်ဖွယ် သတင်းဖြစ်ပြီး ရွာသားများအတွက် ပျော်ရွှင်စရာပင် ဖြစ်ပေသည်။
အချိန်တစ်ခုကြာပြီးနောက် သော်ယွီက မျက်လုံးများကို ဖွင့်လိုက်လျှင် ထူးခြားဆန်းကြယ်သော သဘာဝဖြစ်စဥ်က ပျောက်ကွယ်သွားခဲ့၏။ အံ့အားသင့်ဖွယ် ကောင်းစွာပင် သူက အံ့သြခြင်းမရှိဘဲ တွေဝေစွာ ထိုင်နေဆဲ ဖြစ်သည်။
"သော်ယွီ"
"သော်ယွီ တော်တယ်။"
"သော်ယွီ.. မင်း နောက်ပိုင်း အောင်မြင်တဲ့ ကျင့်ကြံသူဖြစ်လာရင် မင်း အဒေါ်ကို မမေ့နဲ့နော်။" ကျယ်လောင်သော အသံများက အဘက်ဘက်မှ ထွက်ပေါ်လာ၏။ လေးမျက်နှာကျေးရွာထဲမှ လူတိုင်းသည် လူငယ်လေးအား ဂုဏ်ပြုစကားများ ကမ်းလှမ်းနေကြသည်။
သော်ယွီက ရင်းနှီးနေသော မျက်နှာများကို ကြည့်ပြီး သူ့မျက်နှာထက်တွင် တုံးအသော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူက မတ်တပ်ရပ်လိုက်ပြီး လူအုပ်ထဲမှ တစ်စုံတစ်ယောက်ကို ရှာဖွေနေခဲ့၏။
"ဆရာရီက ရှောင်လင်းရဲ့ အိမ်မှာ။" ဖန်းချွင့်က လျှောက်လာပြီး သော်ယွီအား ပြောလိုက်သည်။
သော်ယွီက ချက်ချင်း ပြေးထွက်သွား၏။ လူအများသည် သူ၏ နောက်ကျောကို စောင့်ကြည့်နေပြီး အပြောင်းအလဲအား သတိပြုမိလိုက်ကြသည်။ သူက နိုးထလာပြီးနောက် ပိုမိုလျင်မြန်စွာ ပြေးနိုင်လာပေသည်။
"သူက အရာအားလုံးအတွက် ဆရာရီကို ကျေးဇူးတင်ဖို့လိုတယ်။"
"ဟုတ်တယ်။ သော်ယွီက အခု သူ့နာမည်ကို ပြောင်းလို့ရပြီ။"
လူများစွာက ရယ်မောကာ စနောက်နေကြသည်။ သော်ယွီသည် အဘိုးမာအိမ်သို့ အလျင်အမြန် ပြေးသွားခဲ့ပြီး ခြံဝန်းထဲမှ ရီဖူရှင်းထွက်လာသည်ကို မြင်လိုက်ရသည်။
သော်ယွီက ရပ်တန့်ရန် ကြိုးစားလိုက်သော်လည်း သူ့ခန္ဓာကိုယ်က ရှေ့သို့ ဆက်လက်ရွေ့လျားနေခဲ့သည်။ သူ့ခြေထောက်များက လမ်းမထက် ရွေ့လျားနေပြီး ဖိနပ်များက ပွတ်တိုက်မှုကြောင့် မီးထတောက်တော့မလိုပင်။
နောက်ဆုံး သူ ရပ်တန့်လိုက်သည့်အခါ သော်ယွီက ခေါင်းကို မော့၍ သူ့ရှေ့မှ လူကို ကြည့်လိုက်သည်။ သူက မည်သို့ ပြောရမည်ကို မသိပေ။ ထို့ကြောင့် သူက ခေါင်းကုတ်ရင်း ရီဖူရှင်းအား တုံးအစွာ ပြုံးပြလိုက်သည်။
သူသည် ရီဖူရှင်း သူ့အား ရှေးဟောင်းသစ်ပင်သို့ ခေါ်မလာခင်၌ ကျင့်ကြံခြင်းအကြောင်းကို အိပ်မက်ပင် မမက်ခဲ့ဖူးပေ။ တန်ခိုးရှင်တစ်ယောက် ဖြစ်လာရန်မှာ သူ့အတွက် ရူးသွပ်သော ဆန္ဒတစ်ခုထက် မပိုချေ။ ဆရာသခင်က အနာဂတ်၌ ရွာရှိ လူတိုင်း ကျင့်ကြံနိုင်ပြီဟု ကြေငြာခဲ့လျှင်ပင် သော်ယွီသည် သူလည်း ပါဝင်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
သူသည် ရွာတစ်ခွင်လုံး၌ အသုံးမဝင်သည့် လူတစ်ယောက်ထက် မပိုသောသူ ဖြစ်လေသည်။
နတ်ဘုရားနည်းစနစ်အား ဆက်ခံနိုင်ခြင်းမှာ သူ မက်နိုင်သော အိပ်မက်ထက် ကျော်လွန်နေ၏။
အမှန်တကယ်ပင် ယခုဖြစ်ပျက်နေသော အရာအားလုံးက သူ့အတွက် အိပ်မက်တစ်ခုလို ခံစားမိစေပေသည်။ သူသည် ယခု ကျင့်ကြံနိုင်ရုံမျှမက ဘိုးဘေးများက လက်ဆင့်ကမ်းခဲ့သော နတ်ဘုရားနည်းစနစ် ခုနစ်ခုထဲမှ တစ်ခုကို ဆက်ခံနိုင်ခဲ့သည်။
"ဆရာရီ။"
သော်ယွီက သူ့ကိုယ်သူ မြေပြင်၌ ဝပ်တွားကာ ခေါင်းကို ညွှတ်ရင်း ရီဖူရှင်းကို သူ၏ ကျေးဇူးတင်ရှိမှုအား ပြသလိုက်သည်။
သူသည် သူ၏ ခံစားချက်များကို အခြားမည်သည့်နည်းလမ်းဖြင့် ဖော်ပြရမည်ကို မသိရှိပါချေ။
ရီဖူရှင်းက သော်ယွီ၏ စုတ်ပြတ်သော အဝတ်အစားများနှင့် သေးသွယ်သော ခန္ဓာကိုယ်အား ကြည့်လိုက်သည်။ သူက သော်ယွီအား မတားဆီးခဲ့ပေ။ ဤစကားနည်းလှသော လူငယ်လေးက သူ၏ ခံစားချက်များကို အချိန်ကြာမြင့်စွာ မြိုသိပ်ထားခဲ့သည်။ ဤနည်းလမ်းဖြင့် ထုတ်ဖော်လိုက်ခြင်းကလည်း သူ့အတွက် ကောင်းမွန်ပေသည်။
ဖန်းချွင့်က သော်ယွီ၏ အနောက်မှ ပြေးလိုက်လာသည်။ သို့သော် သူသည် ရီဖူရှင်းရှေ့၌ အရိုအသေပေးနေသော သော်ယွီအား မြင်လိုက်ရသည့်အခါ ရပ်တန့်လိုက်ပေသည်။ ထို့အစား သူက သူတို့ကို အဝေးမှ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။
ရီဖူရှင်းက သော်ယွီထံ လျှောက်လာပြီး မုဆိုးဒူးထောက် ထိုင်ချလိုက်၏။ သူက သော်ယွီ၏ ခေါင်းလေးကို ပုတ်ကာ ပြောလိုက်သည်။ "ဘာလို့ ငိုနေတာလဲ။ မင်းက အခု ကျင့်ကြံနိုင်ပြီး လူကြီးတစ်ယောက် ဖြစ်လာပြီ။ အနာဂတ်မှာ ရွာကို ကာကွယ်ဖို့အတွက် မင်းမှာလည်း တာဝန်ရှိလာလိမ့်မယ်။"
သော်ယွီက ခေါင်းကို မော့လိုက်သည့်အခါ ရီဖူရှင်း၏ မျက်နှာထက်မှ အပြုံးကို မြင်တွေ့လိုက်ရသည်။ သူက အင်္ကျီလက်ကို သုံးကာ မျက်လုံးကို သုတ်လိုက်သော်လည်း သူ့ပါးပြင်ထက် ကျဆင်းလာသည့် မျက်ရည်များကို မရပ်တန့်နိုင်ခဲ့ပေ။
"ဆရာရီ ကျွန်တော် ဆရာ့ဆီက ကျင့်ကြံခြင်းကို သင်ယူလို့ရနိုင်မလား။" သော်ယွီက ငိုရင်း မေးလိုက်သည်။ သူက တောက်ပကာ မျှော်လင့်ချက်များ ပြည့်နေသည့် မျက်ဝန်းအစုံနှင့် ရီဖူရှင်းကို ကြည့်လိုက်သည်။
ရီဖူရှင်းက သော်ယွီအား ငြင်းပယ်ရန် နှလုံးသားမရှိခဲ့ပေ။ သူက ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "ဒါပေါ့။"
"ဒါဆို ဆရာရီက အခု ကျွန်တော့ ဆရာ ဖြစ်သွားပြီပေါ့။" သော်ယွီက ပြောလိုက်သည်။ "ရွာသားတွေက မကြာခဏ ပြောဖူးတယ်။ 'တစ်ရက်တာအတွက် ဆရာက တစ်သက်တာအတွက် အဖေပဲတဲဲ့။' အခု ဆရာက ကျွန်တော့ ဆရာဆိုတော့ ကျွန်တော့မှာ မိသားစုရှိလာပြီလို့ ဆိုလိုတာလား။"
ရီဖူရှင်းက အံ့အားသင့်သွားသည်။ သူက လက်များကို ဆန့်ထုတ်ကာ သော်ယွီအား ဖက်၍ ပြောလိုက်သည်။ "သော်ယွီ.. ရွာထဲက လူတိုင်း မင်းရဲ့ မိသားစုပါပဲ။ မင်းက အမြဲတမ်း ရွာသားတစ်ယောက် ဖြစ်နေပြီး မင်းဘေးမှာ မိသားစုတွေက အမြဲ ရှိနေမှာပါ။"
"ဟုတ်ကဲ့။" သော်ယွီက တည်ငြိမ်စွာ ခေါင်းညိတ်ကာ တောက်တောက်ပပ ပြုံးလိုက်သော်လည်း သူ့မျက်နှာထက်တွင် မျက်ရည်တို့ ရှိနေသေးပေသည်။
သူတို့၏ ဘေး၌ ရပ်နေသော အဘိုးမာက ထိုမြင်ကွင်းကြောင့် ရင်ထဲထိသွားခဲ့၏။ ရှောင်လင်းက သူမ၏ မိဘများကို ဆုံးရှုံးသွားသော်လည်း သူ့ကို စောင့်ရှောက်ပေးမည့် အဘိုးမာ ရှိခဲ့သည်။ အခြားတစ်ဖက်တွင် သော်ယွီက လူတိုင်း၏ လျစ်လျူရှု စွန့်ပစ်ခြင်း ခံခဲ့ရသော မိဘမဲ့လေးတစ်ယောက် ဖြစ်သည်။ သူသည် မည်သည့်အခါမှ သူ၏ ခံစားချက်ကို မပြသရဲခဲ့ဘဲ သူ့မျက်နှာထက်တွင် ရူးကြောင်ကြောင် အပြုံးတစ်ခုသာ အမြဲ ဆင်မြန်းထား၏။ မည်သူကမှ သူ့ကို အာရုံမစိုက်သလို သူ့ကောင်းမွန်စွာ နေနိုင်ရေးကိုလည်း ဂရုမထားခဲ့ကြပေ။
မဟုတ်လျှင် သူ၏ ခံစားချက်များက ထိုမျှ ရုတ်တရက်ကြီး ပေါက်ကွဲထွက်လာမည် မဟုတ်သလို ရီဖူရှင်းအားလည်း သူ၏ အရင်းနှီးဆုံး မိသားစုဝင်အဖြစ် သတ်မှတ်မည် မဟုတ်ပေ။
ရိုးရိုးသားသားပြောရလျှင် ရီဖူရှင်းက သော်ယွီနှင့် အဆက်အသွယ် များများစားစား မရှိခဲ့ဘဲ သူ့ကို မြစ်ကမ်းဘေးမှနေ၍ ကျင့်ကြံရန် ရှေးဟောင်းသစ်ပင်သို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပေသည်။
"တပည့် ဖန်းချွင့်က ဆရာ့ကို နှုတ်ဆက်ပါတယ်။" အသံတစ်ခုက ပြောလိုက်သည်။ ရီဖူရှင်းက လှည့်ကြည့်လိုက်လျှင် မြေပြင်၌ အရိုအသေပေးနေသော ဖန်းချွင့်အား မြင်လိုက်ရသည်။ သူသည်လည်း ရီဖူရှင်း၏ တပည့် ဖြစ်လိုပေသည်။
“…”
ရီဖူရှင်းက မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်ပြီး ဤကောင်လေးကို ရိုက်ပစ်ရန် စိတ်မထိန်းနိုင်လုနီးပါးပင်။
"ဆရာ့အနေနဲ့ ကျွန်တော့ကိုလည်း တပည့်အဖြစ် လက်ခံမယ်လို့ ထင်ပါတယ်။ ကျွန်တော် ဆရာ့နောက်လိုက်ပြီး ကြိုးကြိုးစားစား ကျင့်ကြံမယ်လို့ ကတိပေးပါတယ်။" ဖန်းချွင့်က နဖူးအား မြေပြင်နှင့် အဆက်မပြတ်ထိနေရင်း ပြောလိုက်သည်။ ရီဖူရှင်းက စိတ်ပျက်လက်ပျက်နှင့် သူ့အား စိုက်ကြည့်ကာ ပြောလိုက်သည်။ "မင်းက သိပ်ပါးနပ်တာပဲ။"
"ဟီးဟီး။" ဖန်းချွင့်က မိုက်မဲစွာ ပြုံးလိုက်သည်။ "ချီးကျူးလို့ ကျေးဇူးတင်ပါတယ် ဆရာ။"
ရီဖူရှင်း ဆွံ့အသွားရသည်။
"ဦးလေးရီ.. သမီးလည်း တပည့်ဖြစ်ချင်တယ်။" ရှောင်လင်းက အဝေးမှ ပြေးလာသည်။
"ကျွန်တော်ရောပဲ။" ထျယ်ထိုက အော်လိုက်၏။ သူတို့နှစ်ယောက်လုံးက ဖန်းချွင့်နှင့်အတူ ဒူးထောက်ရင်း ပြောလိုက်သည်။ "တပည့် ရှောင်လင်းနဲ့ တပည့် ထျယ်ထိုက ဆရာ့ကို ဂါရဝပြုပါတယ်။"
ရှောင်လင်းနှင့် ထျယ်ထိုက သူတို့ မည်သည့်ကိစ္စကို လုပ်နေသည်အား သေချာနားမလည်နိုင်သေးသော ဖြူစင်သည့် ကလေးများ ဖြစ်နေဆဲပင်။ သို့ဆိုလျှင်ပင် သူတို့က ဖန်းချွင့်အား တုပကာ နူးညံ့သော အသံနှင့် ထိုစကားလုံးများကို ထပ်ပြောလာသည်။ သူတို့က ရိုးရှင်းစွာပင် ရီဖူရှင်းအား သူတို့၏ ဆရာဖြစ်စေချင်ကြသည်။
ဦးလေးရီက သူတို့အား အလွန်ကောင်းမွန်စွာ ဆက်ဆံပေသည်။
ရီဖူရှင်းသည် သူက ဤကလေးတစ်သိုက်၏ 'အတင်းအကျပ်' လုပ်ခိုင်းခံနေရသလို ခံစားလိုက်ရပေသည်။ ယခု သူသည် ဤခက်ခဲသော အခြေအနေမှ ရုန်းမထွက်နိုင်ဘဲ ရွေးချယ်စရာမရှိ သူတို့ကို တပည့်အဖြစ် လက်ခံရရုံသာ ရှိတော့ပေသည်။
"ကလေးတွေက နှလုံးသားတစ်ခုလုံးနဲ့ သူတို့ရဲ့ ရိုသေလေးစားမှုကို ပြသခဲ့တာ။ လက်ခံလိုက်ပါ။" အဘိုးမာက ပြောလိုက်သည်။ မျက်မမြင်ထျယ်ကလည်း အနီးတွင် စောင့်ဆိုင်းနေခဲ့၏။
လူများစွာသည်လည်း အဝေးမှနေ၍ သူတို့ကို ရှုပ်ထွေးသော ခံစားချက်များနှင့် ကြည့်နေခဲ့ကြသည်။ ထိုကလေး လေးယောက်လုံးက နတ်ဘုရားနည်းစနစ် တစ်ခုစီကို ဆက်ခံထားကြပေသည်။ ရီဖူရှင်းက သူတို့၏ ဆရာဖြစ်လာသောအခါ ရွာအတွင်း၌ မည်သို့သော အဆင့်အတန်းသို့ မြင့်တက်သွားလိမ့်မည်နည်း။
အပြင်လူတစ်ယောက်က ထိုမျှမြင့်မားသော အဆင့်အတန်းမျိုး ရရှိလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။ ရီဖူရှင်း ရောက်မလာခင်က ဆရာသခင်သည်သာ ထိုမျှ မြင့်မားသော ဂုဏ်သိက္ခာနှင့် အဆင့်အတန်း ရှိပေသည်။
ရီဖူရှင်းက မည်သို့သောလူများဖြစ်သောကြောင့် ထိုအဆင့်မျိုး ရရှိနိုင်ရသနည်း။
ထိုအချိန်တွင် လူတိုင်းသည် ထိုကလေး လေးယောက်လုံးက ရီဖူရှင်း ရွာသို့ ရောက်ပြီးနောက်မှသာ သူတို့၏ ကျင့်ကြံခြင်းအရည်အချင်းများ စတင် ပြသလာကြောင်း ဝန်ခံရပေလိမ့်မည်။
"တခြားကလေးသုံးယောက်က နှလုံးသားတစ်ခုလုံးနဲ့ ရိုသေလေးစားတယ်ဆိုတာကို ယုံပါတယ်။ ဒါပေမယ့် ဖန်းချွင့်ကတော့ မဟုတ်ဘူး။" ရီဖူရှင်းက ပြောလိုက်သည်။ ဖန်းချွင့်က အလွန် ပါးနပ်ကာ ကိုင်တွယ်ရ မလွယ်ကူသည့် သူမျိုး ဖြစ်သည်။
"ဆရာ.. ကျွန်တော့ကို အဲဒီလို ဆန့်ကျင်အကဲဖြတ်လိုက်လို့ မရဘူးလေ။ ကျွန်တော် ဘယ်လောက် ရိုးသားလဲဆိုတာ ကောင်းကင်ကြီးတောင် သိပါတယ်။" ဖန်းချွင့်က တည်ငြိမ်စွာ ကျိန်ဆို တိုင်တည်လိုက်သော်လည်း ရီဖူရှင်းက စိတ်ထဲ မထည့်ပေ။
သူတို့ထံသို့ မုယွင်မိသားစုမှ တန်ခိုးရှင်များအပါအဝင် လူတစ်စု လျှောက်လာနေကြသည်။ မုယွင်လန်က ပြောလိုက်၏။ "ဆရာဆိုတာ ရွာထဲမှာ ဆရာသခင်တစ်ယောက်ပဲ ရှိတယ်။ သူက မင်းတို့ကို တိုက်ရိုက်တပည့်အဖြစ် မသတ်မှတ်ရင်တောင် မင်းတို့ စတင်ကျင့်ကြံရကတည်းက သူ့ကိုပဲ မင်းတို့ရဲ့ ဆရာအဖြစ် ဆက်ဆံပြီး လေးစားသင့်တယ်။ ဘာလို့ မင်းတို့အားလုံးက ရီဖူရှင်းရဲ့ တပည့်ဖြစ်လာလို့ တောင်းပန်နေကြတာလဲ။ မင်းတို့မှာ ဆရာသခင်အပေါ် ဘာလေးစားမှုမှ မရှိဘူးလား။"
"ဆရာသခင်က ကျုပ်တို့ကို ဟိုးအရင်ကတည်းက ပြောခဲ့ပြီးသား။ သူက ကျုပ်တို့ကို အရေးအဖတ်၊ ကျင့်ကြံခြင်းနဲ့ လမ်းစဥ်ရှာဖွေခြင်းတွေကို သင်ပေးပေမယ့် တရားဝင် တပည့်အဖြစ် သတ်မှတ်မှာ မဟုတ်ဘူး။ အခု ကျုပ်တို့က နောက်ထပ် ကျုပ်တို့ကို သင်ကြားပေမယ့် ဆရာတစ်ယောက်နဲ့ တွေ့ဆုံရတာ ဆရာသခင်က စိတ်ထဲထားမှာ မဟုတ်ဘူး။" ဖန်းချွင့်က ပြန်ပြောလိုက်သည်။
"ဖန်းချွင့်က မင်းက အရမ်း နုံချာတာပဲ။ သူ့လို ဘာမဟုတ်တဲ့ လူကတောင် မင်းရဲ့ ဆရာဖြစ်လာနိုင်တယ်။" မုယွင်ရှုက သရော်လိုက်သည်။ "သူက အဲဒီလောက်တောင် ကောင်းလို့လား။"
"ရိုးသားတဲ့ ကလေးတွေက ရီဖူရှင်းကို သူတို့ရဲ့ ဆရာအဖြစ် အသိအမှတ် ပြုချင်ကြတယ်။ ဒါက မုယွင်မိသားစုနဲ့ ဘာမှမဆိုင်ဘူး။ ဘာလို့ မင်းတို့က ကိုယ့်ကိစ္စကိုယ်ပဲ အာရုံမစိုက်ကြတာလဲ။" အဘိုးမာက သူတို့ကို မော့ကြည့်ကာ ပြောလိုက်သည်။
"ဒါနဲ့ အခု ဖြေရှင်းစရာလိုတဲ့ နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်နော်။ နတ်ဘုရားနည်းစနစ် ခုနစ်ပါးလုံးက ထွက်ပေါ်လာပြီ။ ဆက်ခံသူတွေကို ကျုပ်တို့ရဲ့ ဘိုးဘေးတွေက ရွေးချယ်ခဲ့တာမို့ သူတို့က ကျုပ်တို့ လေးမျက်နှာကျေးရွာရဲ့ ဆန္ဒကို ကိုယ်စားပြုနိုင်တယ်။ ကျုပ်တို့ အခုပဲ ရွာသားတွေကို ခေါ်ပြီး မတင်မကျဖြစ်နေသေးတဲ့ ကိစ္စကို မဖြေရှင်းလိုက်သင့်ဘူးလား။"
မုယွင်မိသားစုမှ တန်ခိုးရှင်များက မကျေမနပ်ဖြစ်သွားခဲ့သည်။ အဘိုးမာက အမှန်တကယ်ပင် မုယွင်မိသားစုကို ဖယ်ထုတ်ချင်နေသည်လား။
သူတို့သည် လေးမျက်နှာကျေးရွာ၏ အရေးကိစ္စများကို နတ်ဘုရားနည်းစနစ် ခုနစ်ပါး၏ ဆက်ခံသူများ ထွက်ပေါ်လာပြီးနောက် အတူတကွ ဆုံးဖြတ်ရန် သဘောတူခဲ့ကြပေသည်။
***