အဓိပ္ပာယ် မရှိသော အဖြေ_၃...
Vol. 45 Ch. 661
နောက်ဆုံးတွင် ယွီထျန်းဖုန်းက ဟားတိုက်ရယ်မောလိုက်ပြီး ဆိုလေ၏။
"မင်းကတော့ကွာ၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့် တက်သွားတာလေးနဲ့ကို ဒီလောက်တောင် အုတ်အော်သောင်းနင်းဖြစ်အောင် လုပ်ရသလား။ ဘိုးဘေးအထိတောင် သတင်းကြားသွားခဲ့တယ်လေ။ တာအိုရဲ့ ရွေးချယ်ခံရသူ ပီသပါပေတယ်၊ အဆင့် ချိုးဖြတ်ရုံနဲ့ကို 'တာအိုဒီရေလှိုင်း'ကို ဖြစ်ပေါ်စေနိုင်ခဲ့တာပဲ။ အဲ့ဒီအချိန်တုန်းက သူသာ ရှိနေခဲ့ရင် အကျိုးကျေးဇူးတွေ အများကြီးရမှာကိုဆိုပြီး ဘိုးဘေးကတော့ တော်တော်လေး
နှမြောတသဖြစ်နေလေရဲ့။"
ထိုစကားကို ကြားသောအခါ လုရီလည်း ထိုကိစ္စကို ပြန်တွေးမိသွားသည်။
သူ၏ ယခင် အဆင့် ချိုးဖြတ်ချိန်တုန်းကတော့ သိပ်ပြီး ဂရုမပြုမိခဲ့ပေ။ အကယ်၍သာ ယွီ
မျိုးနွယ်ဘိုးဘေးသာ 'တာအိုဒီရေလှိုင်း'အောက်တွင် ရှိနေခဲ့ပါက၊ သူသည် တာအို တရားကို ပိုမိုနားလည်သဘောပေါက်သွားနိုင်ပြီး အင်မော်တယ်ဘုရင် ဖြစ်လာရန် ပို၍ပင် နီးစပ်သွားနိုင်လောက်၏။
ယွီမျိုးနွယ် ဘိုးဘေးသာ အင်မော်တယ် ဘုရင် ဖြစ်လာနိုင်ခဲ့လျှင် ကျိုယို စစ်မြေပြင်မှ ခြိမ်းခြောက်မှုကို ယာယီဖြေလျှော့နိုင်ပေလိမ့်မည်။
အနည်းဆုံးတော့ အင်မော်တယ် အရှင်သခင် အဆင့်ရှိ ယွီမျိုးနွယ် ဘိုးဘေး အနည်းငယ်သည် ကျိုယို စစ်မြေပြင် ခုနစ်ခုလုံးကို ဖိနှိပ်ထားနိုင်ပါ၏။ အကယ်၍ အင်မော်တယ် ဘုရင် တစ်ပါး ပေါ်ထွက်လာခဲ့လျှင် ဖိအားများ အလွန်အမင်း လျော့ကျသွားမည်မှာ သေချာသည်။
သူ အစောတည်းက ဒီအကြောင်းကို သေသေချာချာ မစဉ်းစားမိခဲ့တာ တကယ်ကို
နှမြောစရာပါပင်။
စဉ်းစားရင်း လုရီက ရယ်မောရင်း ပြောလိုက်သည်။
"ကျွန်တော့်ရဲ့ အဆင့်ချိုးဖြတ်မှုက ဒီလောက်တောင် လှုပ်ခတ်သွားစေမယ်လို့ မထင်ထားမိဘူးဗျ။ နောက်တစ်ခါ ကျွန်တော် အဆင့် ချိုးဖြတ်ရင်တော့ ကျောက်စိမ်းကြယ်တာရာ နယ်မြေကို
သွားလိုက်ပါ့မယ်။ အဲ့ဒီအခါကျရင်တော့
ဘိုးဘေးလည်း အကျိုးကျေးဇူး ခံစားရလောက်မှာပါ။"
"ဟားဟားဟား၊ မင်းမှာ ဒီလို စေတနာရှိတာ ကောင်းတာပေါ့ကွာ။ ဘိုးဘေးကြားရင် သေချာပေါက် ဝမ်းသာမှာပဲ" ဟု ယွီထျန်းဖုန်းက ရယ်လျက် ဆို၏။
"မင်းရဲ့ နယ်ပယ် ချိုးဖြတ်မှုကြောင့် ဖြစ်လာတဲ့ လှုပ်ခတ်မှုက တချို့ အရာတွေကို ဆွဲဆောင်လာနိုင်တယ်။ ငါ ဒီမှာ ငါးနှစ်လောက် စောင့်ပြီး
ကာကွယ်ပေးထားမယ်။ ငါးနှစ် ကြာသွားရင်တော့ ဘာခြိမ်းခြောက်မှုမှ ရှိတော့မှာ မဟုတ်ဘူး။"
လုရီက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်သည်။
"ဒါဆိုရင်တော့ ဦးလေး ထျန်းဖုန်းကို ကျေးဇူးအများကြီးတင်ပါတယ်"
"ဘာတွေများ ယဉ်ကျေးနေစရာ လိုလို့လဲကွာ"
ယွီထျန်းဖုန်းက လုရီ၏ ပခုံးကို ပုတ်လိုက်ပြီး မျက်စိတစ်ဖက် မှိတ်ပြကာ
"ငါကိုယ်တိုင်လည်း 'တာအိုအငွေ့အသက်'ကို ခံစားကြည့်ချင်သေးတာကွ။ အရင် တစ်ခေါက် မင်း ယွီမျိုးနွယ်မှာ ကျင့်ကြံတုန်းက ငါက အလုပ်များနေလို့ အချိန်ကောင်းကို လွဲသွားခဲ့ရတယ်။ အခုတော့ ကြည့်ပါဦး၊ အဲ့ဒီလူတွေ အကုန်လုံး အကျိုးကျေးဇူး ကိုယ်စီနဲ့ တော်တော်လေး တိုးတက်သွားကြပြီး ငါကတော့ နည်းနည်းလေးပဲ ရလိုက်တယ်" ဟု ဆိုလေသည်။
ယွီထျန်းဖုန်းသည် သူ့နှင့် ကျင့်ကြံခြင်းအဆင့် တူညီသော ယွီမျိုးနွယ်မှ ရွှေအင်မော်တယ်များ ယခုအခါ အသီးသီး တိုးတက်နေကြသည်ကို တွေးမိသောအခါ ရင်ထဲတွင် မနာလိုသလိုလိုပင် ခံစားလိုက်ရသည်။
ယခု ထျန်းမင်သို့ လာရသည့်အတွက် သူကတော့ အလွန်ပင် ဆန္ဒ ရှိနေပါ၏။
ထိုစကားကို ကြားတော့ လုရီက ချက်ချင်းပင် ပြုံးလိုက်ပြီး
"ဦးလေး ထျန်းဖုန်းက ဒီလို ပြောမှတော့ ကျွန်တော်လည်း တာအို စွမ်းအင်ကို မကြာခဏ ထုတ်ဖော်ပေးရမှာပေါ့။ လင်းလောင်တောင်ထိပ်မှာသာ နေမယ်ဆိုရင် ဦးလေးလည်း သဘာဝအတိုင်း ခံစားနိုင်မှာပါ"
"ဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့ကွာ!"
ယွီထျန်းဖုန်းက ပျော်ရွှင်စွာ ရယ်မောလိုက်တော့သည်။
ထိုအခိုက်တွင် သူ၏ မျက်ခုံးများ ပင့်တက်သွားပြီး နေရာ တစ်ခုသို့ လှမ်းကြည့်ကာ မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း
"ဘိုလော့စ် ကုန်သည်ကြီးများ အသင်းက ကျင့်ကြံသူတွေလည်း ဆင်းလာကြပြီပဲ။ ကြည့်ရတာ သူတို့ ပြန်ဖို့ အစီအစဉ် မရှိလောက်ဘူး"
လုရီက အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
"သူတို့ နောက်က လိုက်လာကြတာလား"
ယွီထျန်းဖုန်းက ခေါင်းခါပြပြီး
"အတိအကျတော့ မဟုတ်ဘူး။ သူတို့ တခြားနေရာတွေကို သွားနေကြတာ။ ဘာကြံစည်နေလဲတော့ မသိဘူး၊ တာအို စွမ်းအင်ကြောင့်
ဆွဲဆောင်ခံရပြီး လိုက်လာတာလည်း ဖြစ်နိုင်တယ်"
ထိုစကားကို ကြားသောအခါ လုရီ၏ စိတ်တို့ တည်ငြိမ်သွားပြီး ရယ်မောလိုက်ရင်း
"ဒီလိုဆိုရင်တော့ သူတို့ကို ဂရုစိုက်နေစရာ မလိုပါဘူး။ ကျွန်တော် နောက်ခဏနေရင် တာအိုတရားဟောဖို့ စီစဉ်ထားတာ ဆိုတော့ အဲ့ဒီအခါကျရင် သူတို့လည်း သဘောပေါက်သွားကြမှာပါ" ဟု ပြောလိုက်သည်။
အမှန်အတိုင်း ဆိုရလျှင် ဘိုလော့စ် ကုန်သည်ကြီးများအသင်းမှ လူများ၏ အပြုအမူသည် ယခင်က လက်ခံနိုင်သော အခြေအနေတွင် ရှိခဲ့ပြီး လုရီမှာ သူတို့ကို သတ်ဖြတ်လိုစိတ် မရှိခဲ့ပေ။
အကြောင်းမှာ သူသည် သတ်ဖြတ်ခြင်း၌ မွေ့လျော်သောသူတစ်ယောက် မဟုတ်သောကြောင့်ပင်။
ထိုလူများကသာ အသေခံချင်နေကြလျှင်
ဦးလေး ယွီထျန်းဖုန်း ဝင်ပါစရာ မလိုဘဲ သူတစ်ယောက်တည်းပင် သူတို့ အားလုံးကို သတ်ဖြတ်နိုင်စွမ်း ရှိပါ၏။
မည်သို့ပင်ဆိုစေ သူတို့ထဲတွင် အင်အား
အကြီးဆုံးမှာ နက်ရှိုင်းခြင်း အင်မော်တယ် အဆင့် နှောင်းပိုင်းမျှသာ ဖြစ်ရာ သူ့ကို စိန်ခေါ်ရန်
မလုံလောက်သေးပေ။
"မင်းက တာအိုတရားဟောမလို့လား။ ဒါဆို ကွက်တိပဲ၊ ငါလည်း နားထောင်မယ်လေ"
ယွီထျန်းဖုန်း၏ မျက်လုံးများက အရောင်တောက်သွားပြီး မျှော်လင့်တကြီး ပြုံးလိုက်သည်။
"ဟားဟားဟား၊ ကောင်းတာပေါ့။ ဦးလေး
ထျန်းဖုန်းက စိတ်ဝင်စားမှတော့ ကျွန်တော်လည်း အခုပဲ တာအိုတရား စဟောလိုက်တော့မယ်"
လုရီက ရယ်မောရင်း ကောင်းကင်ယံသို့ ပျံတက်သွားလေတော့၏။