နှစ်ပေါင်း ၁၃၀ ကြာသောအခါ (၂)...
Vol. 45 Ch. 669
လုရီက ပြုံး၍ ဆိုသည်။
“ဦးလေး ထျန်းဖုန်း၊ ယွီမိသားစုက ကျွန်တော့်အပေါ် ဒီလောက် ကောင်းခဲ့တာပဲ၊ ကျွန်တော် တစ်နည်းနည်းနဲ့တော့ ကျေးဇူးပြန်ဆပ်ရမှာပေါ့”
ထိုစကားကို ကြားသောအခါ ယွီထျန်းဖုန်းမှာ စိတ်နှစ်ခွ ဖြစ်သွားပြီး စိုးရိမ်သော မျက်နှာဖြင့် မေးလိုက်၏။
“ဒါက မင်းရဲ့ကျင့်ကြံခြင်းကို ထိခိုက်မှာ
မဟုတ်ဘူးမလား”
“စိတ်မပူပါနဲ့ ဦးလေးထျန်းဖုန်း၊ ဘာအကျိုးသက်ရောက်မှုမှ ရှိမှာမဟုတ်ပါဘူး”
“ကောင်းပြီလေ၊ မင်းက သဘောတူတယ်ဆိုတော့လည်း မင်း ပြောတဲ့အတိုင်း လုပ်ကြတာပေါ့။ ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံခြင်းကိုတော့ ထိခိုက်လို့ မဖြစ်ဘူးနော်၊ မဟုတ်ရင် ငါတို့
ဘိုးဘေးက ငါ့ကို သတ်လိမ့်မယ်”
ယွီထျန်းဖုန်းက မျက်နှာရှုံ့မဲ့ကာ ပြောလိုက်သည်။
အကြီးအကဲသာ သိသွားခဲ့လျှင် ဖြစ်လာမည့် အကျိုးဆက်များကို သူ မတွေးရဲပေ။
“ဟားဟားဟား၊ စိတ်မပူပါနဲ့ ဦးလေးထျန်းဖုန်း၊ ကျွန်တော် သတိထားပါ့မယ်”
ကိစ္စရပ်မှာ ပြေလည်သွားသည်ကို မြင်သောအခါ ယွီမင်နှင့် အခြားသူများအားလုံး၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့်အတူ ပျော်ရွှင်သောအပြုံးများ ပေါ်လာကြသည်။
“သခင်လေးလုရီ... ကျေးဇူးတင်ပါတယ်”
သူတို့ကဲ့သို့သော အခင်းအကျင်းပညာရှင်များနှင့် လက်နက်သန့်စင်သူများအတွက် ကြယ်တာရာတံခါးတစ်ခု တည်ဆောက်ခြင်းသည် လေ့ကျင့်ရန် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါ၏။
အခင်းအကျင်းတာအိုနှင့် လက်နက်သန့်စင်ခြင်းလမ်းစဉ်တို့တွင် သူတို့၏ ကျွမ်းကျင်မှုကို တိုးတက်စေရန် များစွာ အထောက်အကူပြုလိမ့်မည် မဟုတ်ပါလော
ကြယ်တာရာ တံခါးများ တည်ဆောက်ရေး တာဝန်ယူထားသည့် အဖွဲ့ ဖြစ်သည့်အလျောက် ကောင်းကင် ကြယ်တာရာ နယ်မြေတွင် ကြယ်တာရာ တံခါး အရေအတွက်မှာ အလွန်နည်းပါးနေပြီး နေရာများစွာတွင် သွားလာရေး အဆင်မပြေဖြစ်နေသည်ကိုလည်း သူတို့ ကောင်းစွာသတိပြုမိကြလေသည်။
သို့သော်လည်း မတတ်နိုင်ပေ၊ သဘာဝအတိုင်း ဖြစ်တည်နေသော နေရာလပ် ဆက်သွယ်မှတ်များက မည်မျှ များပြားနိုင်မည်နည်း။
လူတို့ ဖန်တီးသော နေရာလပ်ဆက်သွယ်မှတ်များမှာမူ ကုန်ကျစရိတ်မှာ အလွန်ကြီးမားလှသည်။
ယခု လုရီ ရှိနေပြီ ဖြစ်သောကြောင့် အနာဂတ်တွင် ကြယ်တာရာတံခါး မရှိသော အရေးကြီးဒေသများစွာ၌ တဖြည်းဖြည်း ပေါ်ပေါက်လာတော့မည် ဖြစ်သည်။
ဤသည်မှာ ကောင်းကင်ကြယ်တာရာ နယ်မြေတစ်ခုလုံးအတွက် ကြီးမားလှသော ကောင်းချီးမင်္ဂလာတစ်ခု ဖြစ်လာပေတော့မည်။
ယွီထျန်းဖုန်းက နှာခေါင်း တစ်ချက်ရှုံ့လိုက်ပြီး ယွီမင်နှင့် အခြားသူများကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
“ကြယ်တာရာတံခါးကို စတင် တည်ဆောက်ကြ”
“ဟုတ်ကဲ့ပါ”
အခင်းအကျင်း ပညာရှင်များနှင့် လက်နက်သန့်စင်ပညာရှင်များ အလုပ်ရှုပ်နေကြသည်ကို ကြည့်ရင်း လုရီက တစ်စုံတစ်ခုကို သတိရသွားကာ ယွီထျန်းဖုန်းဘက်သို့ လှည့်၍ ပြောလိုက်သည်။
“ဒါနဲ့ ဦးလေးထျန်းဖုန်း၊ ကျွန်တော် နောက်ကျကြာရင် ကျန်းအန်း စစ်မြေပြင်ကို သွားဖို့ စီစဉ်ထားပါတယ်”
ထိုအခါ...ယွီထျန်းဖုန်းမှာ အံ့အားသင့်သွားပြီး လုရီကို အံ့ဩတကြီး ကြည့်လိုက်၏။
“ကျန်းအန်းစစ်မြေပြင်ကို သွားမယ် ဟုတ်လား။ ဘာလို့လဲ။ ကျိုယိုမိစ္ဆာတွေက မင်းကို အရမ်းစိတ်ဝင်စားနေတယ်ဆိုတာ မင်းလည်းသိသားနဲ့။ မင်းလိုလူတစ်ယောက်အတွက် ကျိုယိုစစ်မြေပြင်ကို သွားတာက သာမန်လူတွေထက်တောင် ပိုအန္တရာယ်များနိုင်တယ်”
လုရီက အသာအယာ ပြုံးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး၊ ကျွန်တော် မကြာသေးခင်က ကျင့်ကြံခြင်းမှာ ဉာဏ်အလင်းတချို့ ရလိုက်လို့ အတွေ့အကြုံ နည်းနည်း သွားရှာချင်လို့ပါ”
ထိုစကားကို ကြားသော် ယွီထျန်းဖုန်းက နားလည်ကြောင်း ပြလိုက်သည်။
ကျင့်ကြံသူတစ်ဦးအတွက် အတွေ့အကြုံ ရှာဖွေခြင်းသည်လည်း အညီအမျှ အရေးကြီးသည် မဟုတ်ပါလား။
မိမိ၏ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ရန် တံခါးပိတ်ကျင့်ကြံခြင်းက အကျိုးရှိနိုင်သော်လည်း အချို့သော ဉာဏ်အလင်းများမှာ ထိုသို့သော အတွေ့အကြုံများမှ ပေါက်ဖွားလာတတ်သည်။
သး၏အမြင်တွင် လုရီကဲ့သို့သော
ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ပင် ခြွင်းချက် မရှိပေ။
ယွီထျန်းဖုန်းက ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည်။
“ဒါဆိုရင် အချိန်တန်တဲ့အခါ ငါ မင်းနဲ့ အဖော်လိုက်ခဲ့ပေးမယ်”
လုရီ၏ နှုတ်ခမ်းများမှာ တွန့်ကွေးသွား၏။
“… ရွှေအင်မော်တယ် တစ်ယောက် ဖြစ်တဲ့ ဦးလေးကိုယ်တိုင် ကျွန်တော်နဲ့အတူ ကျန်းအန်းစစ်မြေပြင်ကို လိုက်လာရင် ကျွန်တော် ဘယ်လိုလေ့ကျင့်မှုမျိုးများ ရနိုင်တော့မှာလဲ”
“ဒါပေမဲ့ မင်းရဲ့ လုံခြုံရေးက အရေးကြီးဆုံးပဲ”
ယွီထျန်းဖုန်းက မျက်မှောင်ကြုတ်ကာ ဆိုသည်။
“စိတ်ချပါ ဦးလေးထျန်းဖုန်း၊ ကျွန်တော့် အစွမ်းကို ဦးလေး မသိတာ ကျနေတာပဲ။ ကျွန်တော်က နေရာလပ် အမျိုးအစား ရွှေအင်မော်တယ်သိုင်းစွမ်းရည်တွေကို ကျွမ်းကျင်ပြီးသား၊ ပြီးတော့ နေရာလပ် နိယာမရဲ့ နက်နဲတဲ့ အသိပညာနဲ့ ပေါင်းစပ်လိုက်ရင် ကျန်းအန်း စစ်မြေပြင်မှာ ကျွန်တော့်ကို ထိန်းထားနိုင်မယ့် ကျိုယိုမိစ္ဆာတွေ ရှိမယ် မထင်ဘူး”
ထိုစကားကို ကြားသောအခါ ယွီထျန်းဖုန်းက
ပြန်စဉ်းစားကြည့်ရင်း လုရီ ပြောသည်မှာလည်း ဟုတ်သည်ဟု ဝန်ခံရတော့သည်။
သူ၏ ကျင့်ကြံမှု အဆင့်နှင့် အစွမ်းအရ၊ နက်ရှိုင်းခြင်း အင်မော်တယ် အဆင့် ကျိုယို မိစ္ဆာများသာရှိသော စစ်မြေပြင်တွင် သူ့အား အနိုင်ယူနိုင်မည့် သဘာဝရန်သူဟူ၍ အမှန်တကယ်ပင် မရှိသလောက်ပင်။
ထိုသို့ တွေးမိသဖြင့် ယွီထျန်းဖုန်းက ဆက်လက်၍ အတင်း မတိုက်တွန်းတော့ပေ။
“မင်း ဆုံးဖြတ်ပြီးမှတော့ ငါလည်း ဘာမှထပ်
မပြောတော့ဘူး။ ဒါပေမဲ့ တစ်ခုခုဖြစ်ခဲ့ရင်တော့ အသက်ရှင်ဖို့ကိုသာ ဦးစားပေးနော်”
“စိတ်မပူပါနဲ့ ဦးလေးထျန်းဖုန်း၊ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်”
…
ယွီထျန်းဖုန်းကို နှုတ်ဆက်ပြီးနောက် လုရီသည် လင်းလောင်တောင်ထိပ်သို့ ပြန်လာခဲ့သည်။
လုရီက ကျိုယိုစစ်မြေပြင်သို့ သွားရန် စီစဉ်ရခြင်း၏ အကြောင်းရင်း တစ်စိတ်တစ်ပိုင်းမှာ သူ၏ ကျင့်ကြံခြင်း အရင်းအမြစ်များ ကုန်ခါနီးနေသောကြောင့် ဖြစ်သည်။
ထို့အပြင် နောက်ထပ် ကိစ္စ တစ်ခုလည်း ရှိသေး၏။ ၎င်းမှာ လိပ်ပြာနီ၏ ဇာတိဂြိုဟ်သို့ သွားရောက် လည်ပတ်ရန် ဖြစ်သည်။
သူမ၏ လူမျိုးများကို ကာကွယ်ပေးမည်ဟု လိပ်ပြာနီအား သူက ကတိပေးထားပြီး ဖြစ်ပါသည်။
ယခင်က သူသည် ဖရိုဖရဲ နတ်ဘုရားကျောက်သလင်းကို စုပ်ယူခြင်းနှင့် နေရာလပ်ဆက်သွယ်မှတ်များ တည်ဆောက်ခြင်းတို့ဖြင့် အလုပ်များနေခဲ့သောကြောင့် အချိန် မပေးနိုင်ခဲ့ပေ။
ယခု သူ၏ အလုပ်များ ပြီးစီးသွားပြီ ဖြစ်၍ လုရီသည် သူ၏ကတိကို ဖြည့်ဆည်းရန် သဘာဝ
ကျကျ စီစဉ်လိုက်လေသည်။
သူသည် လိပ်ပြာနီ၏ ဂူစံအိမ်သို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့၏။
လုရီနောက်သို့ လိုက်ပါလာကတည်းက လိပ်ပြာနီမျိုးနွယ်ကို သူ အလွန် တန်ဖိုးထားကြောင်း လူတိုင်းသိမြင်ခဲ့ကြပြီး လိပ်ပြာနီ အပါအဝင် အဖွဲ့သားများအားလုံးကို လင်းလောင်တောင်ထိပ်တွင် ဂူစံအိမ်များ ချီးမြှင့်ထားခဲ့သည်။
လိပ်ပြာနီ၏ ဂူစံအိမ်မှာ သူ၏နေအိမ်နှင့် မနီးမဝေး၊ အကြီးအကဲများ ဧရိယာတွင်ပင် တည်ရှိနေ၏။
တံခါးပိတ် ကျင့်ကြံနေသော လိပ်ပြာနီသည် လုရီလာရောက်သည်ဟု ကြားသည်နှင့် ချက်ချင်းထွက်လာခဲ့သည်။
ဂူစံအိမ်တံခါး ပွင့်လာသောအခါ ပန်းရောင်ဖျော့ဖျော့အသားအရေနှင့် ဆံပင်နီများဖြင့် ပြိုင်ဘက်ကင်းလောက်အောင် ချောမောလှပသော မိန်းမပျိုက လုရီ ချဉ်းကပ်လာသည်ကို မြင်လျှင် လျင်မြန်စွာ ဒူးတစ်ဖက်ထောက်ကာ အရိုအသေပြုလိုက်သည်။
“လိပ်ပြာနီက သခင်ကို ဂါရဝပြုပါတယ်”
လုရီက နားထင်ကို လက်ဖြင့်ပွတ်သပ်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ဆိုသည်။
“ထတော့၊ ငါ အရင်ကတည်းက ပြောထားတယ်လေ၊ ဒီလိုအမြဲတမ်း ဒူးထောက်နေစရာမလိုပါဘူးလို့”
ဤကိစ္စကို လုရီက အကြိမ်ပေါင်းများစွာ ပြောဆိုခဲ့ပြီးဖြစ်သော်လည်း လိပ်ပြာနီမှာမူ ခေါင်းမာစွာဖြင့် ဆက်လက်လုပ်ဆောင်ဆဲဖြစ်သည်။
“သခင်က လိပ်ပြာနီနဲ့ ကျွန်မတို့လူမျိုးတွေရဲ့ အသက်ကို ကယ်တင်ခဲ့ပြီး ဒီလောက်တန်ဖိုးကြီးတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကို ချီးမြှင့်ခဲ့တာ၊ လိပ်ပြာနီက သခင်ကို ဘယ်လိုလုပ် အရိုအသေမပေးဘဲ နေနိုင်မှာလဲ” လိပ်ပြာနီက လေးနက်တည်ကြည်စွာ ဆိုသည်။
လုရီမှာ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိ၏။ သူ့ထံမှ မီးဓာတ်အင်မော်တယ်ကျမ်းကို ရရှိပြီးနောက် သူမ၏ပါရမီများကို အပြည့်အဝ ထုတ်ဖော်နိုင်ခဲ့သော လိပ်ပြာနီကို သူတစ်ချက် ကြည့်လိုက်သည်။
နှစ်တစ်ရာကျော်အတွင်းမှာပင် သူမသည် မဟာယာနအဆင့်မှ ကပ်ဘေးဖြတ်ကျော်ခြင်း တတိယအလွှာသို့ တစ်ဟုန်ထိုး တက်လှမ်းနိုင်ခဲ့လေသည်။
ဤသို့ဖြစ်ရခြင်း၏ အစိတ်အပိုင်းကြီးတစ်ခုမှာ လိပ်ပြာနီ၏ မွေးရာပါပါရမီကြောင့်ဖြစ်သော်လည်း လင်းလောင်တောင်ထိပ်၏ ကြွယ်ဝသော အင်မော်တယ်ဝိညာဉ်ချီမှာလည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ထို့အပြင် လုရီက သူမအား ရံဖန်ရံခါ ပေးအပ်သော အပိုအကူအညီများကို ထည့်မပြောရသေးပေ။
အမှန်တကယ်တွင် လိပ်ပြာနီ၌ အစွမ်းထက်သော ပါရမီရှိပြီး လုရီကလည်း သူမအပေါ် မျှော်လင့်ချက်ကြီးစွာထားကာ အထူးဂရုစိုက်မှု ပေးခဲ့သည်။
လိပ်ပြာနီကလည်း သူ၏မျှော်လင့်ချက်များကို အလဟဿမဖြစ်စေခဲ့ပေ။ သူမ၏ ကျင့်ကြံမှုအရှိန်မှာ ဟိုယခင်က သူ၏စီနီယာအစ်မများနှင့်ပင် နှိုင်းယှဉ်နိုင်လောက်သည်။
“ထားလိုက်တော့”
ဤကိစ္စနှင့်ပတ်သက်၍ လိပ်ပြာနီတွင် သူ့အမြင်နှင့်သူ ရှိနေသောကြောင့် လုရီက ဆက်လက်၍ အတင်းမပြောတော့ပေ။
သူက ခေါင်းခါလိုက်ပြီးနောက် အသိပေးလိုက်သည်။
“ပြင်ဆင်ထားတော့၊ ငါ မင်းကို မင်းရဲ့ဇာတိဂြိုဟ်ဆီ ပြန်ခေါ်သွားမလို့”
ထိုစကားများကို ကြားသောအခါ လိပ်ပြာနီမှာ မှင်တက်သွားပြီးနောက် သူမ၏မျက်နှာထက်တွင် ပျော်ရွှင်သော အပြုံးတစ်ပွင့် ဖူးပွင့်လာကာ လုရီကို အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရင်း မေးလိုက်လေသည်။
“သခင်… သခင်… တကယ်ပြောနေတာလားရှင့်”