ဖရိုဖရဲ ကြယ်တာရာနယ်မြေ၊ ကြက်သွေးရောင် မိခင်ဂြိုဟ်...
Vol. 45 Ch. 671
"သခင်၊ ကျွန်မရဲ့မှတ်ဉာဏ်ထဲမှာတော့ ဒီဘက်အရပ်မှာ ဖြစ်သင့်ပါတယ်၊ အရင်က စီနီယာငွေလမင်းနဲ့ ဆွေးနွေးခဲ့ဖူးလို့ ကျွန်မတို့ရဲ့ မိခင်ဂြိုဟ်တည်ရှိရာ အရပ်ကို ယေဘုယျအားဖြင့် သိရှိခဲ့တာပါ"
မှိန်ပျပျ ကြယ်တာရာကောင်းကင်ယံတစ်ခုအတွင်း၌ လိပ်ပြာနီသည် ပတ်ဝန်းကျင်မှ ကြယ်များကို ကြည့်ရင်း သူ၏လေသံမှာ မသေမချာဖြစ်နေလျက် ဆိုလိုက်သည်။
အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရသောကြောင့် လိပ်ပြာနီသည် သူမ၏ မိခင်ဂြိုဟ်မှ တစ်ခါမျှ ထွက်ခွာဖူးခြင်းမရှိဘဲ တည်နေရာကိုသာ ယေဘုယျအားဖြင့် သိရှိထားပါသည်။
ထိုအသိပညာများမှာလည်း အတူတကွ ဖမ်းဆီးခံခဲ့ရသော အခြားကျွန်များထံမှ ရရှိခဲ့ခြင်း ဖြစ်၏။
လုရီနှင့် အဖွဲ့သားများ ထျန်းမင်ကြယ်မှ ထွက်ခွာလာခဲ့သည်မှာ နှစ်လကျော် ကြာမြင့်ခဲ့လေပြီ။
လိပ်ပြာနီ မျိုးနွယ်၏ မိခင်ဂြိုဟ်သည် အဓိကကုန်သွယ်ရေး လမ်းကြောင်းများပေါ်တွင် မရှိသည့်အပြင် အနီးအနားတွင် ကြယ်တာရာ တံခါးများလည်း မရှိသောကြောင့် သူတို့သည်
နေရာလပ် ကူးပြောင်းရေး မဟာအခင်းအကျင်းကို အဆက်မပြတ် အသုံးပြုကာ နောက်ဆုံးတွင် ဤကြယ်တာရာ နယ်မြေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်。
ကံကောင်းသည်မှာ နေနီလှေပျံသည် ထိပ်တန်းအဆင့် အင်မော်တယ် လက်နက် တစ်ခု
ဖြစ်သောကြောင့် ၎င်း၏ အတွင်းပိုင်းရှိ နေရာလပ်ကူးပြောင်းရေး မဟာ အခင်းအကျင်းမှာ
မယုံနိုင်လောက်အောင် အစွမ်းထက်လှ၏။
သို့မဟုတ်ပါက ဤခရီးသည် ယခုထက်ပင် ပိုမိုကြာမြင့်ပေလိမ့်မည်။
သို့သော်လည်း ဤကြယ်တာရာနယ်မြေသို့ ရောက်သောအခါ လိပ်ပြာနီသည် သူတို့၏မိခင်ဂြိုဟ်၏ တိကျသောတည်နေရာကို မသေချာတော့ပေ။
ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် လိပ်ပြာနီသည် သူမ၏လှောင်အိမ်ထဲမှ တစ်ခါမျှ မထွက်ခဲ့ရသည့်အပြင် သူမ၏ မူလဝိညာဉ်ကိုလည်း ဖိနှိပ်ခံထားရသောကြောင့် တိကျသောတည်နေရာကို သဘာဝကျကျ မဆုံးဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သုန်းကုန်းမင်ယွဲ့သည် ကျယ်ပြောလှသော ကြယ်တာရာနယ်မြေကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
“ဒီလောက်ကျယ်တဲ့ ကြယ်တာရာနယ်မြေကြီးကို ဖြတ်သန်းသွားရုံသက်သက်နဲ့တော့ မပြီးဘူး၊ ငါတို့ ဒီလို အဆက်မပြတ် နေရာလပ်ကူးပြောင်းနေလို့မရဘူးလေဟယ်၊ တစ်လုံးချင်းစီ လိုက်ရှာရမယ်ဆိုရင် ဘယ်တော့မှ ပြီးမှာလဲ”
လိပ်ပြာနီ၏ မျက်နှာမှာ ညှိုးငယ်သွားပြီး ခေါင်းကို အနည်းငယ်ငုံ့ကာ ဆိုလိုက်သည်။
“သခင်မလေး ပြောတာမှန်ပါတယ်၊ ဒါ လိပ်ပြာနီရဲ့ ပေါ့ဆမှုပါ”
လျိုနင်ရွှမ်းက မျက်မှောင်ကြုတ်ကာ လုရီဘက်သို့ လှည့်လိုက်၏။
“ဂျူနီယာမောင်လေး၊ ငါတို့ ဘယ်လိုလုပ်ကြမလဲ”
ထိုအခါ လုရီက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခပ်ရေးရေးပြုံးလိုက်သည်။
“စိုးရိမ်မနေကြနဲ့၊ ဒီအကြောင်းကို ကျွန်တော် ကြိုစဉ်းစားထားပြီးသားပါ၊ ခင်ဗျားတို့ကို ခေါ်ထုတ်လာခဲ့မှတော့ ကျွန်တော့်မှာ နည်းလမ်းရှိတာပေါ့”
လိပ်ပြာနီ၏ မျက်လုံးများမှာ အရောင်တောက်လာပြီး လုရီကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
“သခင်၊ သခင့်မှာ ဘယ်လို ဖြေရှင်းနည်းများ ရှိလို့ပါလဲ”
လုရီက ပြုံး၍ ဆိုသည်။
“ငါက ယွီမိသားစုမှာ ကံကြမ္မာနည်းစနစ်ကို ကျင့်ကြံခဲ့တယ်လေ၊ အဲဒါကို သုံးပြီး လူရှာရတာ
မခက်ခဲပါဘူး”
ထိုစကားကို ကြားသောအခါ ကျန်းရူယွီကဲ့သို့သော မိန်းကလေးများမှာ ရုတ်တရက် ဉာဏ်အလင်းရသွားကြသည်။
သူတို့ ယွီမိသားစုတွင် ရှိနေစဉ်က ဤလျှို့ဝှက်နည်းစနစ်အကြောင်းကို ကြားဖူးခဲ့ကြ၏။
၎င်းသည် ချောက်နက် အပျက်အစီးများမှ ထွက်ပေါ်လာသည်ဟု ဆိုကြသည်။
ထိုသို့သော လျှို့ဝှက်နည်းစနစ်မျိုးသည် ယွီမိသားစုကဲ့သို့သော အင်မော်တယ် အရှင်သခင် မျိုးနွယ်စုတွင်ပင် အလွန်ထူးကဲသည်ဟု သတ်မှတ်ခံရသည် မဟုတ်ပါလား။
သို့သော် လုရီနှင့်မတူဘဲ သူမတို့သည် ယွီမိသားစုတွင် အထူးအခွင့်အရေးများ ရရှိခဲ့သော်လည်း ဤမျှတန်ဖိုးကြီးသော လျှို့ဝှက်နည်းစနစ်ကို သင်ကြားခွင့်မရခဲ့ကြပေ။
အမှန်စင်စစ် သူတို့၏ ကောင်းကင်ဘုံအင်မော်တယ်အဆင့်သာမရှိသေးသော ကျင့်ကြံမှုအဆင့်ဖြင့် ဤလျှို့ဝှက်နည်းစနစ်ကို ကျင့်ကြံခွင့်ရလျှင်ပင် အောင်မြင်အောင် ကျင့်ကြံနိုင်မည်မဟုတ်ပေ။
အစစ်အမှန်အင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်သော ယခင် လင်းလောင်တောင်ထိပ်သခင်မသည်ပင်လျှင် အခြေခံ၏ အရိပ်အယောင်မျှကိုသာ ဆုပ်ကိုင်နိုင်ခဲ့သည်။
လင်းလောင်တောင်ထိပ်သခင်မ၏ ပါရမီသည် သူမတို့လေးယောက်ထက် များစွာ သာလွန်နေခဲ့၏။
“ပုံမှန်မဟုတ်တဲ့ ငါတို့ဂျူနီယာမောင်လေးက အဲဒီလျှို့ဝှက်နည်းစနစ်ကို အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့တာလား။ ဒါဆိုရင်တော့ ပြဿနာမရှိလောက်တော့ဘူး”
သို့သော် လိပ်ပြာနီမှာမူ လုံးဝပင် နားမလည်နိုင်အောင် ဖြစ်နေလေသည်။
ကံကြမ္မာ... ထိုသို့သော အကောင်အထည်မရှိ၊ ဆုပ်ကိုင်၍မရနိုင်သော အရာတစ်ခုကို ကျင့်ကြံနိုင်ပါသလော။
လိပ်ပြာနီမှာ အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားပြီး နားလည်နိုင်စွမ်း မရှိတော့ပေ။
လုရီက ပြုံးလိုက်၏။ သူ၏ မျက်လုံးများထဲတွင် နားလည်ရခက်သော တာအိုအင်းကွက်များဖြင့် လင်းလက် တောက်ပလာပြီး နောက်တစ်ခဏတွင် သူသည် ကံကြမ္မာ နည်းစနစ်ကို ထုတ်သုံးလိုက်သည်။
မကြာမီမှာပင် လုရီသည် လိပ်ပြာနီပေါ်မှ ကံကြမ္မာ မျဉ်းကြောင်း တစ်ခုက ကြယ်တာရာကောင်းကင်ယံ၏ အရပ်မျက်နှာ တစ်ခုဆီသို့ ဦးတည်ကာ အမှောင်ထု ဟင်းလင်းပြင်ထဲသို့ နက်ရှိုင်းစွာ သွယ်တန်းသွားသည်ကို မြင်လိုက်ရသည်။
“အရပ်မျက်နှာကို သိပြီဆိုတော့ သွားကြစို့”
လုရီက ပြုံး၍ ဆိုကာ နေနီလှေပျံကို ကံကြမ္မာမျဉ်းကြောင်းက ညွှန်ပြသော အရပ်သို့ မောင်းနှင်သွားသည်။
ကူးပြောင်းသွားလာနိုင်သည့် အကွာအဝေးကို ထိန်းချုပ်ရင်း နေနီလှေပျံသည် အကြိမ်အနည်းငယ် ကူးပြောင်းပြီးနောက် ကြီးမားလှသော ကြယ်တာရာ စနစ်ကြီး တစ်ခုသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
ဤကြယ်တာရာစနစ်တွင် အနီရောင်ဧရာမကြယ်ကြီးသုံးလုံးပါဝင်ပြီး ၎င်းတို့သည် တည်ငြိမ်သော ကြယ်သုံးလုံးဖွဲ့စည်းပုံကို ဖြစ်ပေါ်စေကာ ဂြိုဟ် ဒါဇင်ပေါင်းများစွာက ဝန်းရံထားသည်။
ထိုဒါဇင်ပေါင်းများစွာသော ဂြိုဟ်များသည် ဧရာမကြယ်ကြီးသုံးလုံး၏ ဆွဲငင်အားကြောင့် နေ့စဉ်နှင့်အမျှ လှည့်ပတ်နေကြပြီး ထိုလည်ပတ်မှုသည် ကြယ်များ၏ သက်တမ်းကုန်ဆုံးသည်အထိ ဆက်လက်ဖြစ်ပေါ်နေမည်ဟု ခန့်မှန်းရသည်
အင်မော်တယ်များ ဖြစ်သည့်အလျောက် လုရီနှင့် သူ့အဖော်များ၏ အမြင်အာရုံသည် သာမန်နက္ခတ်ကြည့်မှန်ပြောင်းများထက်ပင် သာလွန်နေ၏။
သူတို့၏ မျက်စိဖြင့်ပင် ပတ်ဝန်းကျင်ရှိ ဂြိုဟ်များ၏ ပြီးပြည့်စုံသော မြင်ကွင်းကို ရှင်းလင်းစွာ မြင်နိုင်သည်။
ကြယ်ကြီးသုံးလုံးနှင့် အနီးဆုံးနေရာတွင် ထူးဆန်းသော အနီရောင်ဂြိုဟ်တစ်လုံး တည်ရှိနေသည်။
၎င်းသည် ကြယ်ကြီးသုံးလုံးနှင့် အလွန်နီးကပ်သောကြောင့် ၎င်း၏မြေလွှာသည် အနီရောင်ချော်ရည်ပင်လယ်အဖြစ်သို့ အရည်ပျော်လုနီးပါးဖြစ်နေသည်။
ထိုချော်ရည်များသည် ဂြိုဟ်၏ လည်ပတ်မှုအတွင်း ဒီရေကဲ့သို့ တက်လိုက်ကျလိုက်ဖြစ်နေပြီး မီတာထောင်ချီ မြင့်သော ချော်ရည်လှိုင်းလုံးများအဖြစ် ပေါက်ကွဲထွက်နေသည်။
ဤဂြိုဟ်အနီးသို့ ချဉ်းကပ်စဉ် လုရီသည် ဧရာမ ကောင်းကင်ယာဉ်ပျံသင်္ဘောကြီး နှစ်စင်းကို မြင်လိုက်ရသည်။
ထိုကောင်းကင်ယာဉ်ပျံသင်္ဘောနှစ်စင်း၏ ဒီဇိုင်းမှာ သူ ယခင်က ကြုံတွေ့ခဲ့ဖူးသော ကြယ်လေပင်လယ်ဓားပြလှေများနှင့် တစ်ထပ်တည်းကျနေလေ၏။
ထင်ရှားစွာပင် ၎င်းတို့သည် ဤဒေသတွင် တပ်စွဲထားသော ကြယ်လေ ပင်လယ်ဓားပြများ ဖြစ်ကြသည်။
“ဒါ ဇာတိဂြိုဟ်ပဲ”
အနီရောင်ဂြိုဟ်ကို မြင်သောအခါ လိပ်ပြာနီ၏ မျက်လုံးများမှာ အရောင်တောက်လာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
အနီးသို့ ချဉ်းကပ်သွားရင်း သူမသည် ရင်ဘတ်ပေါ်သို့ လက်တစ်ဖက် တင်ကာ လုရီနှင့် အခြားသူများ နားမလည်သော ဒေသန္တရစကားဖြင့် တစ်စုံတစ်ခုကို တိုးတိုးလေး ရေရွတ်နေသည်။ ၎င်းမှာ သူတို့ဂြိုဟ်၏ ဒေသသုံး ဘာသာစကား ဖြစ်ရမည်။
မည်သို့ပင်ဖြစ်စေ လုရီသည် လိပ်ပြာနီ၏ ဝိညာဉ်အသိစိတ်မှ တဆင့် ထိုစကားလုံးများသည် နတ်ဘုရားကို ကျေးဇူးတင်ခြင်းနှင့် ဆင်တူကြောင်းကို ယေဘုယျအားဖြင့် နားလည်နိုင်ခဲ့သည်။
ထို့နောက်တွင် လိပ်ပြာနီသည် လုရီဘက်သို့ ကြည့်လိုက်၏။ သူမ၏ မျက်လုံးများမှာ အနည်းငယ် နီရဲနေပြီး ဒူးတစ်ဖက်ထောက်ကာ ဆိုလိုက်သည်။
“သခင်၊ သခင်ရဲ့ ကြီးမားလှတဲ့ကျေးဇူးတရားအတွက် လိပ်ပြာနီက တစ်ဘဝလုံး ပေးဆပ်ပြီး ကျေးဇူးဆပ်ပါ့မယ်”
လုရီက ပြုံးလိုက်သည်။
“ထတော့၊ အရင်ဆုံး ဟို ကြယ်လေ ပင်လယ်ဓားပြတွေကို ရှင်းလိုက်ကြရအောင်”
လျိုနင်ရွှမ်းနှင့် အခြားသုံးယောက်ကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသည်။
လုရီသည် နေနီလှေပျံကို အနီရောင်ဂြိုဟ်ဆီသို့ မောင်းနှင်သွားလေသည်။
......
ကြယ်လေ ပင်လယ်ဓားပြတို့၏ ကောင်းကင်ယာဉ်ပျံသင်္ဘောပေါ်တွင်…
ထိန်းချုပ်ခန်းအတွင်း၌ ကြယ်လေပင်လယ်ဓားပြ ကျင့်ကြံသူအချို့သည် နံရံကို ပျင်းရိစွာ မှီရင်း အေးအေးလူလူ စကားစမြည် ပြောနေကြသည်။
ထိန်းချုပ်ခန်းကို စောင့်ကြပ်ရန် လိုအပ်သော်လည်း သူတို့၏ ရဲဘော်အများစုမှာ ကျင့်ကြံရန် ထွက်သွားကြသောကြောင့် အဆင့်နိမ့်သော သူတို့မှာ ဤအလုပ်ကို သဘာဝကျကျ တာဝန်ယူရခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်ဝယ် လူသား ကျင့်ကြံသူတစ်ဦးက သမ်းဝေလိုက်ပြီး ညည်းညူလိုက်လေသည်။
“ဝါး....ဒီလိုနေ့တွေ ဘယ်တော့မှ ဆုံးမှာလဲ၊
သခင်ကြီးက ငါတို့ကို လာခေါ်ဖို့ ဘယ်တော့ ပြန်လာမလဲ မသိဘူး”