ထူးဆန်းသော ကြယ်နီဂြိုဟ် (၂)...
Vol. 46 Ch. 676
လိပ်ပြာနီသည် အမှန်စင်စစ် အလွန်တည်ငြိမ်သူတစ်ဦး ဖြစ်ပါ၏။ သူမ၏ စိတ်ခံစားမှု ပေါက်ကွဲထွက်သွားခြင်းသည် အသက်ရှူချိန် အနည်းငယ်မျှသာ ကြာမြင့်ခဲ့ပြီးနောက် သူမသည် စိတ်ကိုပြန်လည်ထိန်းချုပ်ကာ အပြုံးတစ်ပွင့်ကို ပြန်လည်ပြသနိုင်ခဲ့သည်။
ထို့နောက် သူမက "အဖေ၊ ဒါ အဖေ့အမှား မဟုတ်ပါဘူး။ ပြီးတော့ သမီး အခု ပြန်ရောက်လာပြီပဲ မဟုတ်လား။ ဒါတွေ အားလုံးက အထက်မှာရှိနေတဲ့ သခင့်ကျေးဇူးကြောင့်ပါ" ဟု ရှင်းပြလိုက်သည်။
ယခင် ဆက်သွယ်မှုအတွင်း လိပ်ပြာနီသည် လုရီနှင့်ပတ်သက်သော အချက်အလက်များကို ကြယ်နီဘုရင်အား ရှင်းလင်းစွာ ဖလှယ်ထားပြီးဖြစ်လေသည်။
ကြယ်နီဘုရင်သည် လုရီဘက်သို့ ဦးခေါင်းလှည့်လိုက်ရာ သူ၏တည်ကြည်ခန့်ညားသော မျက်နှာပေါ်တွင် နူးညံ့သော အသွင်တစ်ခု ပေါ်ပေါက်လာပြီး၊ အနီရောင် မျိုးနွယ်၏ အရေးအကြီးဆုံးသော အရိုအသေပေးသည့်အမူအရာဖြင့် ဦးညွှတ်ပြီးနောက် လေးနက်သောလေသံဖြင့် ဆိုလေသည်။
"ကြီးမြတ်ပြီး အစွမ်းထက်လှတဲ့ ပုဂ္ဂိုလ်၊ ဖခင်တစ်ယောက်အနေနဲ့ ကျွန်တော့်သမီးကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အချုပ်အခြာ အကြီးအကဲတစ်ယောက်အနေနဲ့ ကျွန်တော်တို့ အနီရောင်မျိုးနွယ်ကို ကယ်တင်ပေးခဲ့တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်"
လုရီက ပြုံး၍ တုံ့ပြန်လိုက်သည်။
"ကြယ်နီဘုရင်၊ အရမ်း အားနာနေစရာ မလိုပါဘူး။ လိပ်ပြာနီက ကျွန်တော့်နောက်ကို လိုက်နေပြီဖြစ်တဲ့အတွက် သူက သဘာဝကျကျ
ကျွန်တော့်လူ ဖြစ်သွားပါပြီ။ သူ့အတွက် ကျွန်တော် ရပ်တည်ပေးခဲ့တာက လုပ်သင့်
လုပ်ထိုက်တဲ့ အရာ တစ်ခုပါ"
အရှင်… အရှင့်လူ ဟုတ်လား။
လိပ်ပြာနီ၏ အသားအရေမှာ အနည်းငယ် ရဲသွားပြီး သူမ၏ အကြည့်များမှာ ဘေးသို့ ရှောင်လွှဲသွားတော့သည်။
လျိုနင်ရွှမ်းနှင့် အခြားသူများမှာ လိပ်ပြာနီ၏ အမူအရာကို မြင်သောအခါ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး နားမလည်နိုင်ဟန် ဖြစ်သွားကြ၏။
ဒီလူ တစ်ခုခု အဓိပ္ပာယ်လွဲနေပြီလား။
လျိုနင်ရွှမ်းနှင့် အခြားသူများ၏ လုရီအပေါ် နားလည်မှုအရ 'သူ့လူ' နှင့် 'သူ့လူ' ဆိုသည်မှာ လုံးဝ ကွဲပြား ခြားနားသော အဓိပ္ပာယ်များ ဖြစ်ပေသည်။
ကြယ်နီဘုရင်မှာ လိပ်ပြာနီ၏ အမူအရာကို သတိမပြုမိလိုက်ပေ။
သူက ဆက်လက်၍ "ဒီလို ဆိုရင်တောင်မှ ကျွန်တော် ကျေးဇူးတင်ရမှာပါပဲ။ လာပါ၊ ကြယ်နီဂြိုဟ်ကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ မျိုးနွယ်ရဲ့ နယ်မြေထဲကို ဝင်ရောက်ပါ" ဟု ဖိတ်ခေါ်လိုက် လိုက်လေသည်။
လုရီက ခေါင်းညိတ်လိုက်ပြီး ကြယ်နီဘုရင်နှင့် သူ၏ အဖွဲ့သားများနောက်သို့ လိုက်ပါကာ
ကွဲထွက်နေသော ချော်ရည် ပင်လယ်တစ်လျှောက် အနီရောင် ကျောက်သလင်းများဖြင့် တည်ဆောက်ထားသော နန်းတော်အဆောက်အအုံစုဆီသို့ လျှောက်လှမ်းသွားလေသည်။
သူတို့ နန်းတော် အဆောက်အအုံစုထဲသို့ ဝင်ရောက်သွားသည်နှင့် ချော်ရည် ပင်လယ်သည် ဖြည်းညင်းစွာ ပြန်လည်ပိတ်သွားပြီး၊ နန်းတော်အပြင်ဘက်တွင် အနီရောင် အလင်းတန်းများ
စီးဆင်းကာ ချော်ရည်များကို အပြင်ဘက်တွင် ထိန်းထား၏။ ဤနန်းတော်နီ အတွင်းသို့ ချော်ရည် တစ်စက်မျှပင် စိမ့်ဝင်ခြင်း မရှိပေ။
အဖွဲ့သားများ နန်းတော်ထဲသို့ ဝင်ရောက်သွားသောအခါ လုရီသည် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း စိတ်ထဲတွင် လှုပ်ရှားသွားသည်။
ဤနန်းတော်များ အားလုံးကို ထူးခြားသော အနီရောင် ကျောက်သလင်းများဖြင့် တည်ဆောက်ထားပြီး၊ လုရီသည် အလွန် သိမ်မွေ့ပြီး မထင်ရှားလှသော ဖိအားတစ်ခုကို ခံစားလိုက်ရ၏။
ဤဖိအားသည် အလွန်အမင်း အားနည်းလှ၏။ လုရီက လျိုနင်ရွှမ်းနှင့် အခြားသူများကို
တစ်ချက် ကြည့်လိုက်ရာ သူတို့တွင် တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိသည်ကို တွေ့လိုက်ရသောကြောင့် သူမတို့ ဘာမှ မခံစားရကြောင်း သူနားလည်လိုက်သည်။
သူ၏ အာရုံခံစားနိုင်စွမ်းသည် အားလုံးထဲတွင် အပြင်းထန်ဆုံး ဖြစ်ပြီး သူပင်လျှင် အရိပ်အယောင်မျှကိုသာ ခံစားရသည် ဖြစ်ရာ အခြားသူများမှာ ပြောစရာပင် မရှိတော့ပေ။
ဒီနေရာက ဒေသခံတွေ ဖြစ်တဲ့ အနီရောင်
မျိုးနွယ်ကရော ဒါကို ခံစားမိနိုင်ပါ့မလား။
လုရီမှာ အတွေးနက်သွားသည်။
နောက်မှ လိပ်ပြာနီထံမှ လိပ်ပြာနီ မျိုးနွယ်၏ ဇာစ်မြစ် အကြောင်းကို မေးမြန်းကြည့်နိုင်ပေမည်။
အနီရောင် မျိုးနွယ်နှင့် ပတ်သက်၍ ထူးခြားသောအရာ တစ်ခုခု ရှိနေသည်ဟု သူ အမြဲ ခံစားနေရပါသည်။
အဖွဲ့သည် မကြာမီမှာပင် နန်းတော်များ၏ ရှေ့မှ ဗဟို နေရာသို့ ရောက်ရှိသွားပြီး အခမ်းနားဆုံးသော ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်သွားကြသည်။
ခန်းမဆောင်ကြီးအတွင်း၌ လုံးဝ အနီရောင်
ဖြစ်သော ရုပ်တုကြီး တစ်ခုက တင်ပျဉ်ခွေထိုင်နေ၏။
"ဒါ ကျွန်တော်တို့ လိပ်ပြာနီ မျိုးနွယ်ရဲ့ မျိုးဆက်၊ ချော်ရည် ပင်လယ်အတွင်းမှာ ပထမဆုံးမွေးဖွားခဲ့တဲ့ အနီရောင် မျိုးနွယ်ဝင်ပဲ ဖြစ်ပါတယ်"
ကြယ်နီဘုရင်က ရှင်းပြလိုက်သည်။
လုရီက အသာအယာ ခေါင်းညိတ်ပြလိုက်၏။
ထို့နောက် အဖွဲ့သားများသည် ခန်းမဆောင်ထဲတွင် နေရာယူထိုင်လိုက်ကြပြီး ကြယ်နီဘုရင်က လုရီဘက်သို့ ကြည့်ကာ စကားစလိုက်သည်။
“ကြီးမြတ်ပြီး တန်ခိုးကြီးလှတဲ့ ပုဂ္ဂိုလ်၊ လိပ်ပြာနီဆီကနေ သူ့ကို ကယ်တင်ခဲ့ပြီး ကျင့်ကြံခြင်းနည်းစနစ်တစ်ခု သင်ကြားပေးခဲ့တဲ့အကြောင်း ကျွန်တော်ကြားသိခဲ့ရပါတယ်။ နောက်တစ်ကြိမ် ထပ်မံပြီး လေးလေးနက်နက် ကျေးဇူးတင်ရှိပါတယ်”
ကြယ်နီဘုရင်သည် ဦးညွှတ်လိုက်ပြီးနောက် တိတ်ဆိတ်သွားကာ ချီတုံချတုံဖြစ်နေပုံရသော်လည်း မကြာမီ သူ၏မျက်နှာအမူအရာမှာ ကြည်လင်သွားပြီး
"အခု ဒီကိုလာရောက်လည်ပတ်တဲ့ ခင်ဗျားရဲ့ရည်ရွယ်ချက်က ကျွန်တော်တို့ အနီရောင် မျိုးနွယ်ကို လက်အောက်ခံအဖြစ် သိမ်းသွင်းပြီး ခင်ဗျားနောက်ကို လိုက်စေဖို့လား" ဟု တည့်တည့်မေးလိုက်သည်။
ထိုအခါ လုရီက ပြုံး၍ ပွင့်ပွင့်လင်းလင်း ခေါင်းညိတ်ပြလိုက်သည်။
“ခင်ဗျားတို့ အနီရောင် မျိုးနွယ်က မီးတာအိုမှာ တော်တော်လေး ကောင်းမွန်တဲ့ ပါရမီတွေရှိကြတယ်၊ ကျွန်တော့်မှာ ဒီလိုစိတ်ကူး အမှန်တကယ်ပဲ ရှိခဲ့ပါတယ်”
ကြယ်နီဘုရင်က ခပ်ယဲ့ယဲ့ပြုံးကာ ဝန်ခံလိုက် လေသည်။
"ဒီတစ်ကြိမ်သာ ခင်ဗျား မရှိခဲ့ရင် ကျွန်တော်တို့က ဟိုကျိန်စာသင့် ဓားပြတွေရဲ့ ခြံခတ်ခံထားရတဲ့ သားကောင်တွေ ဖြစ်နေလောက်ပါပြီ။ လိပ်ပြာနီ ပြန်မလာနိုင်တာကို ထားဦး၊ ကျွန်တော်တို့ အနီရောင် မျိုးနွယ်တစ်ခုလုံး ကုန်ပစ္စည်းသက်သက်အဖြစ် ရောင်းစားခံရနိုင်ပါတယ်။ အဖြစ်မှန်က သက်သေပြခဲ့တာကတော့ ဒီကြယ်တာရာ ကောင်းကင်ကြီးက သိပ်ပြီးလုံခြုံတဲ့ ပုခက်တစ်ခု မဟုတ်ဘူးဆိုတာပါပဲ။ အစွမ်းမရှိရင် ဒီလိုအခြေအနေမျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်"
ဘေးမှ စတုတ္ထသခင်နှင့် အစစ်အမှန်အင်မော်တယ်နှစ်ဦးမှာ ထိုစကားများကို ကြားသောအခါ အနည်းငယ် မျက်နှာပူသွားကြသည်။
ဟုတ်ပေသည်။ သူတို့သည် ထိုကျိန်စာသင့်ဓားပြများ ဖြစ်ကြသည် မဟုတ်ပါလား။
"လိပ်ပြာနီက ခင်ဗျားဟာ အလွန် ကြင်နာပြီး ရက်ရောတဲ့ အုပ်စိုးရှင် တစ်ယောက် ဖြစ်သလို
ထူးကဲတဲ့ ပါရမီရှင် တစ်ဦးလည်း ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ခင်ဗျားလို ပုဂ္ဂိုလ်တစ်ဦးနောက်ကို လိုက်ရခြင်းဟာ ကျွန်တော်တို့ အနီရောင် မျိုးနွယ်အတွက် ဂုဏ်ယူစရာ တစ်ခုပါ"
ကြယ်နီဘုရင်က ရိုသေစွာ ဆိုလေသည်။
အကယ်၍ လုရီသာ ကြယ်လေပင်လယ်ဓားပြများ မရောက်လာမီ ကြယ်နီဂြိုဟ်သို့ ရောက်လာပြီး အနီရောင်မျိုးနွယ်ကို သူ့နောက်လိုက်ရန် ဆန္ဒရှိခဲ့ပါက ကြယ်နီ ဘုရင်သည် ဤမျှလွယ်ကူပြတ်သားစွာ သဘောတူမည်မှာ သေချာပေါက်မဟုတ်ပေ။
သို့သော် ကြယ်လေ ပင်လယ်ဓားပြများနှင့် ဖြစ်ပွားခဲ့သော အဖြစ်အပျက် ပြီးနောက် ကြယ်နီဘုရင်သည် ဤသို့သော အန္တရာယ်များလှသည့် စကြဝဠာထဲတွင် အစွမ်းမရှိ၊ နောက်ခံ မရှိပါက သူတို့သည် သားသတ်သမားကို စောင့်နေရသော သိုးငယ်များပမာ ဖြစ်နေသည်ကို နားလည်သွားခဲ့သည်။
သူတို့ ယခင်က အမဲလိုက်မခံခဲ့ရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ ရှာဖွေ မတွေ့ရှိသေးသောကြောင့်သာ ဖြစ်ပေမည်။
ပြီးလျှင် လိပ်ပြာနီကလည်း သူမ၏ ယခင်ဆက်သွယ်မှုတွင် လုရီ၏ အမျိုးမျိုးသော နောက်ခံအထောက်အထားများနှင့် လုပ်ဆောင်ခဲ့သော အံ့ဖွယ်အမှုများကို ပြောပြခဲ့ပြီး ဖြစ်သည်။
ကြယ်တာရာ ကောင်းကင်တစ်ခုလုံးတွင် လေးစားခံရပြီး ကြီးမားသော ပါရမီနှင့် အစွမ်းရှိသော ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးနောက်သို့ လိုက်ပါရခြင်းသည် သူတို့ အနီရောင် မျိုးနွယ်အတွက် မကောင်းသော အရာတစ်ခု မဟုတ်ပေ။
အထူးသဖြင့် ဤပုဂ္ဂိုလ်ကြီးသည် လိပ်ပြာနီအား အလွန် တန်ဖိုးကြီးသော ကျင့်ကြံခြင်း နည်းစနစ်တစ်ခုကိုပင် ပေါ့ပေါ့ပါးပါး ပေးအပ်ခဲ့သည်မှာ သူသည် သူတို့၏ အနီရောင် မျိုးနွယ်ကို အလွန်တန်ဖိုးထားကြောင်း ညွှန်ပြနေသည်—အနည်းဆုံးတော့ သူသည် လိပ်ပြာနီကို တန်ဖိုးထားပေသည်။
ထိုသို့သော အချက်များကို စဉ်းစားမိသဖြင့် ကြယ်နီဘုရင်တွင် ချီတုံချတုံဖြစ်စရာ အကြောင်းမရှိတော့ပေ။
ကြယ်နီဘုရင်၏ ပွင့်လင်းပြတ်သားသော သဘောထားသည် လုရီအတွက် အနည်းငယ် မျှော်လင့်မထားသော အရာဖြစ်ခဲ့သည်။
သူသည် အတော်လေး ဆွဲဆောင်ရမည်ဟု ထင်မှတ်ထားခဲ့သည်။
မည်သူက ဤမျှ လွယ်ကူလိမ့်မည်ဟု မျှော်လင့်ထားမည်နည်း။
သို့သော်လည်း လွယ်ကူခြင်းသည် ကောင်းသောအရာပင် ဖြစ်၏။ သူ လုရီသည်လည်း ဒုက္ခရှုပ်ထွေးခြင်းကို မကြိုက်ပေ။
လုရီက ပြုံး၍ ..
“ဒီလိုဆိုမှတော့ အခုချိန်ကစပြီး အနီရောင်
မျိုးနွယ်က ကျွန်တော့် အကာအကွယ်အောက်မှာ ရှိနေပါပြီ။ ခင်ဗျားတို့ ကြယ်နီဂြိုဟ်မှာပဲ နေဖို့ ရွေးချယ်နိုင်သလို၊ ကျွန်တော့်နောက်ကို လိုက်ပြီး ကျွန်တော် နေထိုင်တဲ့ ဂြိုဟ်ကို ထွက်ခွာဖို့လည်း ရွေးချယ်နိုင်ပါတယ်”
ကြယ်နီဘုရင်က ခဏမျှ ချီတုံချတုံဖြစ်ပြီးနောက်
“ကျွန်တော်တို့လို အသက်ကြီးတဲ့သူတွေက အိမ်မှာပဲ တွယ်တာတတ်ကြတော့ ဒီမှာပဲ နေခဲ့ပါ့မယ်။ ဒါပေမဲ့ အရှင်က အနီရောင် မျိုးနွယ်ရဲ့ လူငယ်လေးတချို့ကိုတော့ သူတို့ ဗဟုသုတ ပိုမိုမြင်တွေ့နိုင်ဖို့အတွက် အတူ ခေါ်ဆောင်သွားပေးဖို့ မျှော်လင့်ပါတယ်” ဟု တောင်းဆိုလိုက်သည်။
“ဒါကတော့ သဘာဝကျကျ ပြဿနာ မရှိပါဘူး”
လုရီက ပြုံး၍ သဘောတူလိုက်သည်။
ဤသည်မှာ မွေးရာပါ မီးဝိညာဉ်ခန္ဓာများဖြင့် ပါရမီရှင် တစ်စုကြီးကို ရရှိခြင်းနှင့် ညီမျှပေသည်။ သူတို့ကို ခေါ်ထုတ်သွားခြင်းသည် ကျိန်းသေပေါက် တန်ဖိုးရှိပေလိမ့်မည်။
အမှန်တကယ်တွင် အဖိုးတန်သော မီးဓာတ်
အင်မော်တယ် ရတနာအချို့ ပံ့ပိုးပေးနိုင်ပါက
မီးအင်မော်တယ် ခန္ဓာများဖြင့် ပါရမီရှင်တစ်စုကိုပင် ပျိုးထောင်နိုင်ဖွယ် ရှိသည်။
လုရီက ခေတ္တ ရပ်တန့်ပြီးနောက် “ကျွန်တော်တို့ ဒီမှာ ရက်အနည်းငယ်နေပါ့မယ်၊ ပြီးတော့ လိပ်ပြာနီကို သူ ကျင့်ကြံတဲ့ ကျင့်ကြံခြင်းနည်းစနစ်ကို ခင်ဗျားတို့ကို သင်ကြားပေးခိုင်းပါ့မယ်။ ခင်ဗျားတို့ မျိုးနွယ်ရဲ့ နည်းစနစ်တွေက အရမ်းရှေးကျလွန်းတယ်၊ အင်မော်တယ်ကျမ်းနဲ့ဆိုရင် ခင်ဗျားတို့ မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်မှာပါ၊ အထူးသဖြင့် ခင်ဗျားတို့ထဲက တချို့… တက်လှမ်းနိုင်ဖို့ သိပ်မကြာသင့်တော့ဘူး” ဟု ကြေညာလိုက်သည်။
လုရီက ကြယ်နီဘုရင်နှင့် သူ၏နောက်မှ တိတ်ဆိတ်စွာရပ်နေသော အနီရောင် မျိုးနွယ် အကြီးအကဲအချို့ကို တစ်ချက် အကဲခတ်လိုက်သည်။
ထိုသူတို့၏ ကျင့်ကြံမှု အဆင့်များသည်
ကပ်ဘေး ဖြတ်ကျော် အဆင့်နှောင်းပိုင်း သို့မဟုတ် အထွတ်အထိပ်သို့ပင် ရောက်ရှိနေကြပြီ ဖြစ်သည်။
သူတို့ မတက်လှမ်းနိုင်သေးသည့် အကြောင်းရင်းမှာ သူတို့၏ ကျင့်ကြံခြင်း နည်းစနစ်များ၏ ကန့်သတ်ချက်များကြောင့် ဖြစ်တန်ရာသည်။
မွေးရာပါ မီးဝိညာဉ်ခန္ဓာများဖြင့် ပုဂ္ဂိုလ်များသာ ရုန်းကန်ရမည်မဟုတ်၊ အင်မော်တယ်ခန္ဓာများဖြင့်ပင်လျှင် ထိုသို့သော ကျင့်ကြံခြင်းနည်းစနစ်များဖြင့် တက်လှမ်းရန်မှာ အလွန်အမင်း ခက်ခဲပေလိမ့်မည်။
ထိုစကားများကို ကြားသောအခါ ကြယ်နီဘုရင်နှင့် သူ၏နောက်မှ အကြီးအကဲများအားလုံးမှာ မျက်နှာများ ဝင်းပလာပြီး အံ့အားသင့်ဝမ်းမြောက်သောအမူအရာများ ပေါ်ထွက်လာကြ၏။
ကြယ်နီဘုရင်နှင့် အကြီးအကဲများသည် လျင်မြန်စွာ မတ်တပ်ရပ်ကာ နောက်တစ်ကြိမ် ဦးညွှတ်လိုက်ကြသည်။
“အရှင့်ကို ကျေးဇူးတင်ပါတယ်”
လုရီ အနောက်သို့ လိုက်ခဲ့ခြင်းသည် မှန်ကန်သော ရွေးချယ်မှု ဖြစ်ခဲ့ကြောင်း သူတို့ ယခင်ကထက် ပိုမို၍ ယုံကြည်စိတ်ချသွားကြသည်။
လုရီက လက်ကို ဝှေ့ယမ်းပြလိုက်ပြီး “ခင်ဗျားတို့ ကျွန်တော့်နောက်ကို လိုက်ဖို့ ဆုံးဖြတ်ပြီးမှတော့ ကျွန်တော် ခင်ဗျားတို့ကို နစ်နာအောင် မလုပ်ပါဘူး” ဟု အာမခံလိုက်၏။
“ဒါနဲ့ ကျွန်တော် မထွက်ခွာခင်မှာ ကြယ်နီဂြိုဟ်အတွက် ကာကွယ်ရေး အခင်းအကျင်းတစ်ခု တပ်ဆင်ပေးခဲ့ပါ့မယ်၊ ဒါက ခင်ဗျားတို့ဂြိုဟ်ကို ဖုံးကွယ်ထားနိုင်ပြီး ရွှေအင်မော်တယ် နယ်ပယ် အဆင့် အစောပိုင်းရဲ့ တိုက်ခိုက်မှုကိုလည်း ခံနိုင်ရည်ရှိပါလိမ့်မယ်။ ဒီလိုဆိုရင် ကြယ်နီဂြိုဟ်က အနည်းငယ် ပိုပြီးလုံခြုံသွားမှာပါ”
ကြယ်နီဘုရင်နှင့် အခြားသူများမှာ ရွှေ
အင်မော်တယ် နယ်ပယ် အဆင့်အစောပိုင်းက မည်သို့မည်ပုံ ဖြစ်သည်ကို မသိကြသော်လည်း၊ သူတို့ဘေးမှ စတုတ္ထသခင်နှင့် အစစ်အမှန်
အင်မော်တယ် နှစ်ဦးမှာမူ ထိတ်လန့်တုန်လှုပ်၍
မူးနောက်နောက် ဖြစ်သွားကြသည်။
ဘုရားရေ ။
ငါ အခု ဘာကြားလိုက်ရတာလဲ ။
ငါတို့သခင်က ရွှေအင်မော်တယ်အဆင့်
အစောပိုင်းကို ခုခံနိုင်တဲ့ အခင်းအကျင်း တစ်ခုကို တပ်ဆင်ပေးနိုင်တယ် ဟုတ်လား ။
ဒါပေမဲ့ ငါတို့ သခင်က အစစ်အမှန်
အင်မော်တယ် အဆင့် အစောပိုင်းမှာပဲ ရှိသေးတာလေ ။
ဒါ ဘယ်လို ပါရမီရှင်မျိုးလဲ ။
စတုတ္ထသခင်သည် လုရီမှာ အင်မော်တယ်
အင်ပါယာ တစ်ပါး ပြန်လည်ဝင်စားသူဖြစ်ကြောင်း တိုး၍ပင် ယုံကြည်လာတော့သည်။
အင်မော်တယ် အင်ပါယာ တစ်ပါး ပြန်လည်ဝင်စားသူမှလွဲ၍ ဤသို့သော အရာကို ပြီးမြောက်နိုင်မည့် အခြား မည်သူ့ကိုမျှ သူ မစဉ်းစားနိုင်တော့ပေ။
“ ကျေးဇူးတင်ပါတယ်၊ အရှင်”
ကြယ်နီဘုရင်သည် ရွှေအင်မော်တယ် အဆင့်အစောပိုင်း၏ အစွမ်းကို မသိသော်လည်း ဓားပြအနည်းငယ်၏ မျက်နှာ အမူအရာများမှတစ်ဆင့် ၎င်းသည် မလွဲဧကန် အလွန် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအား တစ်ခု ဖြစ်ကြောင်း ပြောပြနိုင်ခဲ့သည်။
ကြယ်နီဘုရင်နှင့် အနီရောင် မျိုးနွယ်အကြီးအကဲများမှာ အလွန်အမင်း ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေကြသည်။
လုရီက လက်ဖြင့် အမူအရာပြလိုက်ပြီး “ကဲပါ၊ အခု ခင်ဗျား သမီးနဲ့ ပြန်ဆုံပြီဆိုတော့ လွမ်းသမျှတွေ ပြောကြဦးပေါ့” ဟု ဆိုလိုက်သည်။
“ဟုတ်ကဲ့ပါ အရှင်။ ကျွန်တော် အရှင့်အတွက် တည်းခိုဖို့နေရာ အရင်စီစဉ်ပေးပါ့မယ်” ကြယ်နီဘုရင်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
ထို့နောက် ကြယ်နီဘုရင်သည် လုရီနှင့် သူ့အဖွဲ့ကို နန်းတော်ခန်းမဆောင်မှ ခေါ်ထုတ်သွားပြီး နန်းတော်အတွင်း၌ သူတို့အတွက် တည်းခိုရန်နေရာများ စီစဉ်ပေးခဲ့သည်။
ထို့နောက်တွင် ကြယ်နီ ဘုရင်သည် လိပ်ပြာနီကို ခေါ်ဆောင်ကာ ထွက်ခွာသွားလေ၏။
လျိုနင်ရွှမ်းနှင့် အခြားသူများမှာ ကျင့်ကြံရန် သွားကြသော်လည်း လုရီမှာမူ မဟာအခင်းအကျင်းကို စတင် ရေးဆွဲထုဆစ်နေလေတော့သည်။
အနီရောင် မျိုးနွယ်တွင် အစွမ်းထက်သော ပါရမီများရှိပြီး လုရီသည် သူတို့ကို အလွန်တန်ဖိုးထား၏။ ကောင်းမွန်စွာ ပျိုးထောင်ပေးပါက အနာဂတ်တွင် သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ခု ဖြစ်လာနိုင်သောကြောင့် သူသည် သူတို့ကို အထူးဂရုစိုက်ရန် ရည်ရွယ်ထားပေသည်။