ရွာ၏ ခေါင်းဆောင်ကို ရွေးချယ်ခြင်း
Vol. 149 Ch. 2115
"အဘိုးမာ ပြောတာမှန်တယ်။ ဆရာသခင်ပြောခဲ့တာ နတ်ဘုရားနည်းစနစ်ခုနှစ်ပါးရဲ့ ဆက်ခံသူတွေက လေးမျက်နှာကျေးရွာရဲ့ ဆန္ဒကို ကိုယ်စားပြုနိုင်တယ်တဲ့။ အခု ရွာက အပြောင်းအလဲကြီးတွေနဲ့ ကြုံတွေ့နေရပြီး စည်းမျဥ်းတွေကိုလဲ ပြန်လည်ချမှတ်သင့်တယ်။ ဆွေးနွေးပွဲလုပ်ဖို့ ရွာသားတွေကိုခေါ်ချင်တဲ့ အဘိုးမာရဲ့ အကြုံပြုချက်ကို ကျုပ်သဘောတူတယ်။"
ဖန်းမိသားစု၏ ခေါင်းဆောင်ဖန်းကိုင့်က အဘိုးမာ၏ စကားကို သဘောတူလိုက်သည်။
"သဘောတူတယ်။" မျက်မမြင်ထျယ်ကလည်း ခေါင်းညိတ်လိုက်သည်။ သူတို့၏ မျိုးဆက်များဖြစ်သော ရှောင်လင်း၊ ဖန်းချွင့်နှင့် ထျယ်ထိုတို့က နတ်ဘုရားနည်းစနစ် ဆက်ခံသူများ ဖြစ်နေသည့်အတွက် သူတို့၏ အမြင်များက ကြီးမားသောအလေးချိန်ကို သယ်ဆောင်ထားပေသည်။
သူတို့က ရွာသားများအားလုံးနှင့် ဆွေးနွေးပွဲပြုလုပ်ရန် အကြံဉာဏ်ပြုခဲ့ကြသည်။ ဤက လေးမျက်နှာကျေးရွာ၏ စည်းမျဥ်း စည်းကမ်းများကို အသစ်ချမှတ်တော့မည် ဖြစ်ကြောင်း သိသာစေသည်။
"ဒီလိုဆိုမှတော့ ဆွေးနွေးပွဲ ကျင်းပကြတာပေါ့။" မုယွင်လုံက တုံ့ပြန်လိုက်သည်။
"ဒီဆွေးနွေးပွဲကို ကျောင်းရဲ့အပြင်ဘက်မှာလုပ်ပြီး ဆရာသခင်ကို ကြားဝင်စေ့စပ်သူလုပ်ပေးမလားလို့ မေးကြည့်ရအောင်။" အဘိုးမာက ထပ်ပြောလိုက်သည်။ လူအုပ်ကြီးကသဘောတူညီစွာနှင့် ခေါင်းညိတ်လိုက်ကြ၏။ ဆရာသခင်သည် သိသာစွာ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
"ရွာထဲက လူတိုင်းကို သတင်းသွားပေးကြရအောင်... သွားကြမယ်။"
အဘိုးမာ၊ ဖန်းကိုင့်၊ မျက်မမြင်ထျယ်နှင့် သူတို့၏ ဆက်ခံသူများသည် သီးသန့် ကျောင်းဘက်သို့ လျှောက်သွားခဲ့ကြသည်။ ရွာသားများသည်လည်း ချက်ချင်း သူတို့နောက်မှ လိုက်ပါသွားကြ၏။
အခြားတစ်ဖက်တွင် အပြင်လူများက သူတို့နှင့် မလိုက်လာခဲ့ပေ။ သူတို့သည် အဝေးမှာနေ၍ ထိုလူအုပ်ကြီးကို စောင့်ကြည့်နေပြီး သူတို့ခေါင်းထဲတွင် အစီအစဥ် အမျိုးမျိုး ချမှတ်နေခဲ့သည်။
လေးမျက်နှာကျေးရွာက ၎င်းတို့၏ သီးခြားခွဲနေသည့် ပုံစံကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ပြီး ပြင်ပလောကနှင့် ဆက်သွယ်မှုများ တည်ဆောက်လိုသည့်အတွက် ကျိန်းသေအပြောင်းအလဲ တချို့ ပြုလုပ်လိမ့်မည် ဖြစ်သည်။ အပြင်လူများက မည်သို့သော အပြောင်းအလဲမျိုး ဖြစ်လာမည်ကို မခန့်မှန်းနိုင်ကြပေ။
သီးသန့်ကျောင်း၏ အပြင်ဘက်တွင် ရွာသားများစွာ စုရုံးနေကြသည်။ ရွာထဲရှိ လူတိုင်းနီးပါး ထိုနေရာသို့ ရောက်ရှိနေကြ၏။ သီးသန့်ကျောင်း၏ အပြင်ဘက်နံရံကို မျက်နှာချင်းဆိုင်ရင်း အဘိုးမာက ဦးညွှတ်ကာ ပြောလိုက်သည်။ "အနှောက်အယှက်ပေးရလို့ အားနာပါတယ် ဆရာသခင်။"
လူအများက ဆရာသခင်အပေါ်သူတို့၏ လေးစားမှုကို ပြသရန် အရိုအသေ ပြုလိုက်ကြသည်။ ရွာသားများသည် သူတို့၏ နှလုံးသားအောက်ခြေမှပင် ဆရာသခင်အပေါ် မြင့်မားသော လေးစားကြည်ညိုမှု ရှိကြပေသည်။
လူအများကြီးက ဆရာသခင်၏ တိတ်ဆိတ်နေမှုကို စောင့်ဆိုင်းနေကြသည်။ အချို့သော ရွာသားများသည် မိသားစုခုနှစ်ခုအတွက် ထိုင်ခုံများခုနှစ်ခုကို ပြင်ပေးထားကြသည်။ ရီဖူရှင်းက သူတို့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး ရွာသားများက ရိုးရှင်းစွာကာ အပြစ်ကင်းလှသည်ဟု တွေးလိုက်မိသည်။ သူတို့က ဤ ဆွေးနွေးပွဲသည်လေးမျက်နှာကျေးရွာ၏ အနာဂတ် အဆုံးအဖြတ် ဖြစ်လိမ့်မည်ဟု သတိမပြုမိသည်လည်း ဖြစ်နိုင်ပေသည်။
"ကျေးဇူးပြုပြီး။" မုယွင်လုံက တွေဝေမနေခဲ့ပေ။ သူက အလယ်တွင် ထိုင်ချလိုက်ပြီး မုယွင်လန်နှင့် မုယွင်ရှုက သူ့နောက်တွင် ရပ်နေခဲ့သည်။ အဘိုးမာက သူတို့ကို တစ်ချက်ကြည့်လိုက်ပြီး ရှောင်လင်းနှင့်အတူ ဘေးမှ ခုံတွင် ထိုင်ချလိုက်သည်။ ထို့နောက်တွင် မျက်မမြင်ထျယ်က ထျယ်ထိုနှင့် အတူထိုင်ပြီး ဖန်းကိုင့်က ဖန်းချွင့် နှင့်အတူ ထိုင်သည်။
"သော်ယွီ မင်းလည်းထိုင်သင့်တယ်။" ဖန်းကိုင့်က သူ့ဘေးမှ လွတ်နေသည့် ခုံကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
သော်ယွီက ရီဖူရှင်းအား လှည့်ကြည့်လိုက်သည်။ ရီဖူရှင်း သူ့ကို ခေါင်းညိတ်ပြလိုက်ပြီးနောက် သူက တွေဝေစွာနှင့် ထိုင်ခုံဆီ လျှောက်သွားပြီး ထိုင်ချလိုက်၏။ သို့ဆိုလျှင်ပင် သူက ထိုနေရာနှင့် မသက်ဆိုင်သကဲ့သို့ ဖြစ်နေပေသည်။
သော်ယွီက ယခု ကျင့်ကြံနိုင်ပြီ ဖြစ်သော်လည်း သူက မိမိကိုယ်ကိုယ် ယုံကြည်ချက်လုံလောက်အောင် ရှိမနေပေ။ မုယွင်ရှု၊ ဖန်းချွင့်တို့နှင့် မတူပဲ သူ့တွင် ယုံကြည်ချက် အနည်းငယ်သာ ရှိပေသည်။
သော်ယွီက ထိုင်လိုက်ပြီးလျှင်ပင် သူ့ကို ကြည့်ရသည်မှာ စိုးရိမ်ပူပန်၍ စိတ်လှုပ်ရှားနေပုံ ရလေသည်။ သူ၏ မျက်လုံးများက ရီဖူရှင်းကိုသာ ကြည့်နေ၏။ အခြား ဆက်ခံသူများတွင် မိသားစုဝင်များရှိနေပြီး ယခင်က ဆရာသခင်၏ သင်ကြားပြသပေးမှုကို ခံယူခဲ့ရသည်။ အခြားတစ်ဖက်တွင် သော်ယွီက ဆရာသခင်နှင့် မည်သည့်အခါကမှ ဆုံတွေ့ခဲ့ဖူးခြင်း မရှိပေ။ ရီဖူရှင်းသည်သာ သူ၏ ယုံကြည်ချက်ကို မြှင့်တင်ပေးနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်ပေသည်။
"စိတ်မပူနဲ့။ အခုမင်းက ကျင့်ကြံခြင်း ခရီးစဥ်ကို စတင်ခဲ့ပြီ။ မင်းက အခုက စပြီး လူကြီးတစ်ယောက်ဖြစ်လာပြီလေ။" ရီဖူရှင်းက သော်ယွီထံသို့ သူ၏ အသံကို ပို့လွှတ်လိုက်သည်။ သူ့ စကားလုံးများက သော်ယွီအား ပို၍ တည်ငြိမ်သွားစေခဲ့သည်။ သော်ယွီက ခေါင်းညိတ်ကာ ငြိမ်သက်စွာထိုင်လိုက်၏။
ပို၍ များပြားသော လူများက ရောက်ရှိလာကြသည်။ ရွာသားများအားလုံးက စုရုံးရောက်ရှိလာပြီး စာသင်ကျောင်း၏ အပြင်ဘက်၌ တိတ်ဆိတ်စွာ ရပ်နေကြသည်။ မုယွင်လုံက သူ၏ လက်ကို့ ဝေ့ယမ်းကာ လူအုပ်ကြီးကို ပြောလိုက်သည်။ "ဒီနေ့က လေးမျက်နှာကျေးရွာအတွက် နေ့ထူးနေ့မြတ် တစ်ရက်ပဲ။ ကျုပ်တို့ ဘိုးဘေးတွေရဲ့ ကောင်းချီးပေးမှုကြောင့် နတ်ဘုရားနည်းစနစ်ခုနှစ်ခုလုံးက ဆက်ခံသူတွေ ရှာတွေ့သွားတာ ကျေးဇူးတင်ရမယ်။ အခုကစပြီး ရွာက လူငယ်လေးအားလုံး ကျင့်ကြံနိုင်ကြပြီ ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ ဆရာသခင်က ရွာသားတွေကို ပြင်ပဘုံနဲ့ အဆက်အသွယ် ပြုလုပ်ပြီး အသွားအပြန် လုပ်လို့ရပြီလို့ ခွင့်ပြုလိုက်တယ်။ ကျုပ်တို့ လေးမျက်နှာကျေးရွာက အမြဲတမ်း ပြောင်းလဲသွားတော့မှာ ဖြစ်တယ်။ ဒါကြောင့် ကျုပ်တို့က ဒီမှာ ရှိတဲ့ လူတိုင်းကို ကျေးရွာရဲ့အနာဂတ်အကြောင်း အတူတကွ ဆွေးနွေးဖို့ ဖိတ်ခေါ်ချင်တယ်။"
မုယွင်လုံက လေးမျက်နှာကျေးရွာ၏ အကြီးအကဲတစ်ယောက် ဖြစ်နေသကဲ့သို့ ဦးဆောင်၍ စကားပြောလိုက်သည်။ သူ၏ လွှမ်းမိုးနိုင်ပြီး မောက်မာသော သဘောထားက ပြောင်းလဲသွားခြင်း မရှိပေ။
ရွာသားများက အချင်းချင်းတီးတိုး ပြောဆိုနေကြသည်။ မုယွင်လုံက သူ၏ လက်ကို တဖန် ဝှေ့ယမ်းကာ ပြောလိုက်သည်။ "ဒီနေရာမှာ ပထမဆုံး ပြောင်းလဲရမယ့် ကိစ္စတစ်ခု ရှိတယ်။ နှစ်ပေါင်းများစွာအတွင်း အပြင်လောကရဲ့ ကျင့်ကြံသူတွေက ဒီနေရာကို ကျင့်ကြံခြင်းအခွင့်အလမ်းတွေ ရှာဖွေဖို့ ရောက်လာကြတယ်။ ဒါပေမယ့် လေးမျက်နှာကျေးရွာက အမြဲတမ်း ကျုပ်တို့ ဘိုးဘေးတွေရဲ့ ကာကွယ်ထားခြင်းကို ခံရတယ်။ အခု ရွာက အကြီးအကျယ် ပြောင်းလဲမှု ဖြစ်သွားခဲ့ပြီးတော့ ကန့်သတ်ချက်တွေကလည်း ပျက်ပြယ်သွားတယ်။ ဆိုလိုတာက ကျုပ်တို့ အနာဂတ်မှာ အန္တရာယ်တွေနဲ့ အတားအဆီးတွေ ကြုံတွေ့ရကောင်း ကြုံတွေ့ရနိုင်တယ်။ ကျုပ်တို့အနေနဲ့ အပြင်ဘက်လောကကို ထွက်ပြီး ပြင်ပဘုံတွေကို သွားဖို့ စီစဥ်နေတဲ့အချိန်မှာပဲ ရွာရဲ့ လုံခြုံရေးကိုလည်း အာမခံချက်ရှိအောင် ပြုလုပ်သင့်တယ်။ ဒါကြောင့်မို့လို့ ကျုပ်တို့ လေးမျက်နှာကျေးရွာရဲ့ အင်အားကို ခိုင်မာတောင့်တင်းလာအောင် ပြင်ပဘုံက အချို့သော အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ အကြံပြုချင်တယ်။ ဘယ်လိုထင်ကြလဲ။"
"ကျုပ် သဘောမတူဘူး။" မျက်မမြင်ထျယ်က ထိုအကြံပြုချက်ကို ချက်ချင်း ငြင်းပယ်လိုက်သည်။ သူက လူအုပ်ကြီးကို မျက်နှာချင်းဆိုင်ကာပြောလိုက်၏။ "ခင်ဗျားက နန်ဟိုင်မိသားစုနဲ့ မဟာမိတ် ဆက်ဆံရေးတည်ဆောက်ချင်နေတာမလား။ ကျုပ်တို့ ရွာရဲ့ နတ်ဘုရားနည်းစနစ်က ဘယ်လို အခိုးခံရပြီး ကျုပ်ရဲ့ အမြင်အာရုံက ဘယ်လို ဆုံးရှုံးသွားတယ်ဆိုတာနဲ့ သံသရာမျက်လုံးရဲ့ မှုလ ဆက်ခံသူ ဘယ်လို ဖြစ်သွားလဲ ဆိုတာကို မမေ့နဲ့။ မုယွင်မိသားစုက ပြင်ပလောက က လူတွေ ဘယ်လို စက်ဆုပ်ဖွယ် ရည်ရွယ်ချက်ရှိလဲဆိုတာ ကောင်းကောင်းကြီး သိမယ်လို့ ထင်ပါတယ်။"
"နန်ဟိုင်မိသားစုက ရွှေရောင်နတ်ငှက်ကောင်းကင်ခွင်းပညာရပ်ကို ကျွမ်းကျင်နေပြီမလား။" မျက်မမြင်ထျယ်က မုယွင်လုံကို မေးခွန်းထုတ်လိုက်သည်။ သူက ပြင်ပဘုံမှလူများကို မယုံကြည်မှုတို့နှင့် ပြည့်နေခဲ့သည်။
"ကျုပ် သဘောတူတယ်။" အဘိုးမာက ပြောလိုက်သည်။ "ပြင်ပဘုံမှာ ရှိနေတဲ့ လူတွေက မနှစ်မြို့ဖွယ်ကောင်းတဲ့ ရည်ရွယ်ချက်တွေရှိတယ်ဆိုတာ လူတိုင်း သိကြတယ်။ သူတို့က ကျုပ်တို့ကျေးရွာရဲ့ နတ်ဘုရားနည်းစနစ်တွေကို ခိုးယူချင်နေကြတာ။ မုယွင်လုံ အဲ့ဒီ ယုံကြည်ရတယ်ဆိုတဲ့ အကူအညီတွေက အသုံးဝင်မှုကုန်သွားတဲ့အခါမှာ ရှင်းလင်းဖယ်ရှားပစ်ခံရနိုင်တဲ့အကြောင်းကို မင်း သေချာသိမယ်လို့ ကျုပ်ယုံကြည်တယ်။ ပြောရရင် နန်ဟိုင်မိသားစုက လေးမျက်နှာကျေးရွာကို လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်သလိုပဲ သူတို့ကလည်း ကျုပ်တို့ရွာသားတွေကို သူတို့ရဲ့ လျှို့ဝှက်နယ်မြေကို လွတ်လပ်စွာ ဝင်ရောက်ခွင့်ပြုပြီး သူတို့ရဲ့ အဓိက ပညာရပ်တွေကို လေ့ကျင့်ခွင့် မပြုဘူးဆိုရင် ဒါက မျှတတဲ့ မဟာမိတ်ဖွဲ့ခြင်း ဖြစ်လာမှာ မဟုတ်ဘူး။"
"မုယွင်လန်က အခုလက်ရှိ နန်ဟိုင်မိသားစုမှာ ကျင့်ကြံနေတာကို လူတိုင်းသိကြတယ်။ မင်းကို သံသယဖြစ်စေမယ့် အရေးကို မရှောင်ရှားသင့်ဘူးလား။" ဖန်းကိုင့်က ပြောလိုက်သည်။ မုယွင်လန်က အတော်လေး ရှက်ရွံ့သွားပုံရလေသည်။ သူ ထင်ထားသလိုပင် အဘိုးမာ မျက်မမြင်ထျယ်နှင့် ဖန်းကိုင့်တို့က ပူးပေါင်းကာ သူ့ကို ဆန့်ကျင်နေကြသည်။
"ရှန်ချင်းနယ်မြေရဲ့ ထိပ်တန်းအင်အားစုအားလုံးကို ဆန့်ကျင်ပြီးတော့ ပြင်ပဘုံမှ ရွာသားတွေ လုံခြုံနိုင်မယ်လို့ ထင်နေတာလား။ လေးမျက်နှာကျေးရွာက ဘယ်သူနဲ့မှ မဟာမိတ်ဖွဲ့စရာမလိုဘူးလို့ထင်ရင် ကျုပ်ရဲ့ အကြံပြုချက်ကို လျစ်လျူရှုနိုင်တယ်။ စည်းမျဥ်းတွေကို ပြန်လည်ချမှတ်လိုက်ပြီ ဆိုကတည်းက ပြင်ပဘုံက တန်ခိုးရှင်တွေ ရွာထဲမှာ တိုက်ခိုက်နိုင်တယ်ဆိုတာကို မမေ့ဖို့ မျှော်လင့်တယ်။ ကျုပ်အကြံပေးတာက ကျုပ်ရဲ့ ကိုယ်ပိုင်ကောင်းကျိုးအတွက်ပဲလို့ ယုံကြည်နေတယ်ဆိုရင် နောက်ပိုင်းဖြစ်လာမယ် ပြသာနာတွေကို ဖြေရှင်းဖို့ မင်းတို့ဘာသာမင်းတို့ နည်းလမ်းရှာမယ်လို့ မျှော်လင့်ပါတယ်။" မုယွင်လုံက အေးစက်စွာ တုံ့ပြန်လိုက်သည်။
ရွာသားများက အချင်းချင်းတီးတိုး ပြောဆိုနေကြသည်။ သူတို့ အားလုံး၏ စိတ်ထဲတွင် မတူညီသော အတွေးများ ရှိပေသည်။ သာမန်လူများက သူတို့၏ လုံခြုံမှုကို အာရုံစိုက်သည်မှာ သဘာဝပင် ဖြစ်သည်။ ရွာထဲ၌ အပြင်လူများက စစ်ပွဲစတင်ခဲ့လျှင် သူတို့အတွက် ဆိုးဝါးသော အန္တရာယ် ဖြစ်လာပေလိမ့်မည်။
"ဆရာသခင် ဒီမှာရှိနေတာကို ဥပဒေတွေမရှိရင်တောင် ရွာထဲမှာ ဘယ်သူက ပြသာနာရှာရဲမှာလဲ။" မျက်မမြင်ထျယ်က အေးစက်စွာ ပြောလိုက်သည်။ ရွာသားများသည် သူတို့၏ မျက်လုံးများကို ကျောင်းရှိရာသို့ တဖန် ရွေ့လိုက်ကြသည်။ မျက်မမြင်ထျယ် ပြောသည်မှာ မှန်ပေသည်။ ဆရာသခင်ရှိနေလျက်နှင့် ဤနေရာ၌ မည်သူက ပြဿနာ ဖြစ်စေရဲလိမ့်မည်နည်း။
ဆရာသခင်သည် ရွာအတွင်း၌ နတ်ဘုရားကဲ့သို့ လူမျိုးဖြစ်သည်။ လူတိုင်းက ဆရာသခင်၌ အကြွင်းမဲ့အာဏာရှိသည်ဟု ယုံကြည်ကြပေသည်။ သူ မလုပ်ဆောင်နိုင်သည့်အရာ မည်သည့်အရာမှ မရှိပေ။
"မင်းက ရှန်ချင်းနယ်မြေတစ်ခုလုံးကို ရန်သူအဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် ဆရာသခင်ဆိုရင်တောင်မှ ဖိအားအများကြီး ခံစားရလိမ့်မယ်။ ဆရာသခင်က ရွာကို ကာကွယ်နိုင်ရင်တောင်မှပဲ ပြင်ပဘုံမှ သွားလာနေတဲ့ လူတွေ ကြတော့ရော။" မုယွင်လုံက မေးလိုက်သည်။
"ကျုပ်တို့က ဘာလို့ ရှန်ချင်းနယ်မြေတစ်ခုလုံးကို ဆန့်ကျင်ရမှာလဲ။" ရီဖူရှင်းက ထိုအခိုက်တွင် ဝင်ရောက်ပြောဆိုလိုက်သည်။ "ပြင်ပဘုံတွေနဲ့ ဆက်သွယ်တည်ဆောက်ဖို့အတွက် လေးမျက်နှာကျေးရွာက ပြင်ပဘုံရဲ့ တခြားအင်အားစုတွေလိုမျိုးပဲ သီးသန့်အဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်လိမ့်မယ်။ ရှန်ချင်းနယ်မြေရဲ့ အဆင့်မြင့်ကောင်းကင်ကိုးလွှာမှာရှိတဲ့ အင်အားစုတွေ အားလုံးက ဘယ်လိုသာမန်လူကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုမှာတဲ့လဲ။ ဘယ်ထိပ်သီးအင်အားစုမှာ ကျင့်ကြံခြင်းအခွင့်အလမ်းတွေ မရှိလို့လဲ။"
"ပြီးတော့ တခြားအင်အားစုတွေက ဒီစီစဥ်မှုကို မကျေနပ်ရင် ကျုပ်တို့က အရင်ကလိုမျိုး ကန့်သတ်ထားတဲ့ ဖြတ်သန်းခွင့်တွေ ပေးလို့ရနိုင်သေးတယ်။ သူတို့က ရွာသားတွေရဲ့ ခွင့်ပြုသဘောတူမှုကိုရသရွေ့ ရွာမှာကျင့်ကြံနိုင်တယ်။ အဲ့ဒီလိုဆိုရင် အနည်းဆုံးအချင်းချင်း ရင်းနှီးလာကြမှာပဲ။ ဘာလို့ သူတို့က ရန်သူတွေအဖြစ် ပြောင်းလဲသွားရမှာလဲ။" ရီဖူရှင်းက မေးလိုက်သည်။ ရွာသားအများစုက သူ့ကြောင့် အယုံသွင်းခံလိုက်ရပေသည်။
သို့သော်လည်း ကြေကွဲစရာအဖြစ်များမှာ တစ်စုံတစ်ယောက် ပိုင်ဆိုင်ထားသည့် ရတနာများနှင့် မနာလိုမှုတို့ကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပေသည်။ လေးမျက်နှာကျေးရွာက ထူးခြားသော နေရာတစ်ခုဖြစ်နေသည့်အတွက် သူတို့က မည်သည့်အရာမှ မလုပ်လျှင်ပင် ပြင်ပဘုံရှိ ထိပ်သီး အင်အားစုများအား အလိုလို ဆန့်ကျင်မိခြင်းလည်း ဖြစ်နိုင်ပေသည်။
"ဆရာရီ ပြောတာမှန်တယ်။ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့အတွက် တခြားလူတွေကို မှီခိုနေရမယ်ဆိုရင် လောကကြီးနဲ့ အဆက်ဖြတ်ပြီး သီးသန့် နေလိုက်တာက ပိုကောင်းဦးမယ်။ ဘာလို့ ပြင်ပဘုံက အင်အားစုတွေနဲ့ ပတ်သတ်မှု တည်ဆောက်သင့်တာလဲ။ ပြင်ပဘုံက အပြင်လူတွေ ဒီလို စိတ်ရှိတိုင်း လုပ်ဆောင်နေမယ်ဆိုရင် လေးမျက်နှာကျေးရွာရဲ့ သဘာဝက ဘယ်လိုလုပ် ကျန်ရှိနေဦးမှာလဲ။" အဘိုးမာက ထပ်ပြောလိုက်သည်။ "နောက်တစ်ခုရှိသေးတယ်။ မုယွင်လန်က ရွာမှာပဲ မွေးပြီးတော့ အရွယ်ရောက်လာခဲ့တာ၊ သူကအခု နန်ဟိုင်မိသားစုနဲ့ တစ်လှေတည်း စီးဖြစ်နေခဲ့ပြီ။ မုယွင်လုံ ပြောတဲ့ စကားအရဆိုရင် နန်ဟိုင်မိသားစုက သူတို့ကို ရွာကို လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာခွင့်ပေးပြီး မဟာမိတ်ဖွဲ့ဖို့ သဘောမတူရင် မိတ်ဆွေထက် ရန်သူဖြစ်သွားလိမ့်မယ်။ မုယွင်လုံက နတ်ဘုရားနည်းစနစ်ဆက်ခံသူ ခုနှစ်ယောက်ထဲက တစ်ယောက်ဖြစ်နေတယ်ဆိုတော့ ကျုပ်တို့က သူဘယ်လိုထင်လဲလို့ မေးကြည့်သင့်တယ်။"
"ခင်ဗျားတို့ ကျုပ်ရဲ့ အကြံပြုချက်ကိုသဘောမတူရင်လဲ ရတယ်။ ဒါပေမယ့် ဘာဖြစ်လို့ မုယွင်မိသားစုတစ်ခုလုံးကိုတိုက်ခိုက်ရတာလဲ။ အဘိုးမာ ခင်ဗျားမှာရော ကိုယ်ကျိုးအတွက် ဆန္ဒမရှိဘူးလို့ ဘယ်လိုပြောနိုင်မှာလဲ။" မုယွင်လုံက မကျေမနပ်နှင့် သရော်လိုက်သည်။ "အဲဒီလိုဆိုရင် ခင်ဗျားအပြင်လူတွေကို ကိုယ်တိုင် နှင်ထုတ်နိုင်တယ်။"
အဘိုးမာက မုယွင်လုံကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။ "နတ်ဘုရားနည်းစနစ်ခုနှစ်ခုမှာ အခုဆက်ခံသူတွေကိုယ်စီရှိသွားခဲ့ပြီ။ ဒါပေမယ့် ကျုပ်က ကျုပ်တို့ကို ဦးဆောင်ဖို့အတွက် ခေါင်းဆောင်တစ်ယောက်လိုနေတုန်းပဲလို့ ထင်မိတယ်။ အဲဒီလူက ရွာနဲ့ပတ်သတ်တဲ့ ကိစ္စတွေကို ဦးဆောင်ပြီး ဆက်ခံသူ ခုနှစ်ယောက်ရဲ့ အကြံဉာဏ်တွေနဲ့အတူ သူတို့ ဆုံးဖြတ်ကြလိမ့်မယ်။ ခင်ဗျားတို့ ဘယ်လိုထင်ကြလဲ။"
"ကျုပ်သဘောတူတယ်။" မျက်မမြင်ထျယ်က ကန့်ကွက်ခြင်းမရှိ ထောက်ခံခဲ့သည်။
"ကျုပ်ရောပဲ။" ဖန်းကိုင့်က ပြောလိုက်သည်။
"သော်ယွီ မင်းရောဘယ်လိုလဲ။" ဖန်းကိုင့်က မေးလိုက်သည်။
"ကျွန်တော်လဲ သဘောတူတယ်။" သော်ယွီက ခေါင်းညိတ်လိုက်သည်။ သူသည် အဘိုးမာက ရီဖူရှင်းနှင့်အတူ အလုပ်လုပ်နေသည်ကို သိထား၏။ သူလုပ်ရန် လိုအပ်သည်အားလုံးက သူတို့၏ ခေါင်းဆောင်မှုနောက်သို့ လိုက်ရန်သာ ဖြစ်သည်။
ရွာသားများကလည်း ခေါင်းညိတ်ကာ သဘောတူကြသည်။ အကြံအစည်က ကောင်းမွန်၏။ သို့ဆိုလျှင် သူတို့၏ ရွာက ခေါင်းဆောင်မရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်တော့မည် မဟုတ်ပေ။
"ရွာရဲ့ခေါင်းဆောင်ဖြစ်ဖို့အတွက် ဆရာသခင်က အသင့်တော်ဆုံးလို့ ကျုပ်ထင်မိတယ်။ ဆရာသခင်ရောဘယ်လိုထင်လဲ။" အဘိုးမာက ကျောင်း၏ အပြင်ဘက်နံရံကို မျက်နှာမူကာ ပြောလိုက်သည်။
"အဲဒီနေရာကို ကျုပ်ယူမှာမဟုတ်ဘူး။" ဆရာသခင်က ပြန်ဖြေလိုက်သည်။
ရွာသားများက အနည်းငယ် စိတ်ပျက်သွားခဲ့၏။ ဆရာသခင်က ကျောင်းကိစ္စအပြင် အခြားအရေးကိစ္စများကို ဝင်စွက်ဖက်ခြင်း မရှိပေ။ သူက ရွာ၏ ခေါင်းဆောင်နေရာ၌ အပြီးပြည့်စုံဆုံးသော ရွေးချယ်မှုတစ်ခု ဖြစ်ပေသည်။
"ဆရာသခင်က အဲဒီနေရာကို ယူဖို့ ဆန္ဒမရှိဘူးဆိုမှတော့ ကျုပ်တို့တခြားတစ်ယောက်ကို ရှာကြတာပေါ့။" အဘိုးမာက ပြောလိုက်သည်။ "ကျုပ်အနေနဲ့ လေးမျက်နှာကျေးရွာအတွက် ဘယ်လို ရယူလိုတဲ့ စိတ်ဆန္ဒမှ မရှိပဲ အများကြီးလုပ်ပေးခဲ့တဲ့ နောက်တစ်ယောက်ကို အကြံပြုချင်တယ်။ သူက ရွာခေါင်းဆောင်နေရာနဲ့ သင့်တော်လိမ့်မယ်။"
လူအများ၏ မျက်နှာထက်တွင် ထူးဆန်းသော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ အချို့လူများက အဘိုးမာ ရည်ညွှန်းနေသည်ကို သိရှိပြီး ဖြစ်ပေသည်။ သူတို့အားလုံးက ရီဖူရှင်းဘက်သို့ ကြည့်လိုက်ကြသည်။
အဘိုးမာကလည်း သူ့ခေါင်းကိုလှည့်ကာ ရီဖူရှင်းအား အပြုံးနှင့် ပြောလိုက်သည်။ "ဆရာရီက ကြီးမားတဲ့ ကံအခွင့်အလမ်းနဲ့ ပါရမီတွေကို ပိုင်ဆိုင်ထားပြီး ထူးချွန်ထက်မြက်တဲ့ တန်ခိုးရှင်တစ်ယောက်ဖြစ်တယ်။ လေးမျက်နှာကျေးရွာက သူရောက်ရှိလာပြီးနောက် အပြောင်းအလဲကောင်းတွေ စတင်ခဲ့တယ်။ ပြီးတော့ သူက လက်ရှိ ရွာထဲက လူငယ်လူရွယ်လေးတွေကို ကျင့်ကြံဖို့ လမ်းပြပေးနိုင်တယ်။ ဆရာရီက ခေါင်းဆောင်ဖြစ်ဖို့အတွက် အသင့်တော်ဆုံး ရွေးချယ်ခံတစ်ယောက်ဖြစ်မယ်လို့ ကျုပ် ယုံကြည်တယ်။"
ရီဖူရှင်းပင်လျှင် အံသြသွားခဲ့သည်။ အဘိုးမာက သူနှင့် အရင်တိုင်ပင်ခြင်းမရှိဘဲ သူ့ကို ရွေးချယ်ချင်ခဲ့နေခဲ့သည်။
ရွာသားအများစုက အဘိုးမာ၏ အကြံပြုချက်ကြောင့် အံ့သြမှင်တက်သွားခဲ့ကြပေသည်။
***